ထိန်းချုပ်မရသော အခြေအနေ
Vol. 27 Ch. 343
ရေခဲပမာ အေးစက်သော မျက်နှာထားပိုင်ရှင် ကုချင်ကန်မှာ မကြာခဲ့သော အချိန်တွင် အဆောင်ဧကရာဇ်၏ ညာလက်ရုံးပမာ အကြံထုတ်ပေးခဲ့သော်လည်း လက်ရှိတွင် ခေါင်းပြတ်တစ်ခုသာ ကျန်ရစ်သောကြောင့် လူတိုင်း၏ အာရုံသည် ယွမ်ရှောင်ထံ ကျရောက်လာခဲ့သည်။ ငရဲကိုးထပ်၏ ထိပ်တန်းကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသားဖြစ်နေပြီး ပတ်ဝန်းကျင်လေထုမှာ မြင့်တက်လာ၍ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာသည် တစ်ဖက်လူကို လုပ်ကြံခဲ့သော်လည်း ခြစ်ရာမထင်အောင် လွတ်မြောက်လာခဲ့ရုံသာမက အဆောင်ဧကရာဇ်၏ မိဖုရားကိုပင် သတ်ဖြတ်ပြခဲ့၏။ ကျင့်ကြံသူအများစုမှာ ခဏတာ တွေဝေငေးငိုင်နေကြပြီး ပိုမိုကြီးမားသော ဖြစ်ရပ်တစ်ခု ချဥ်းကပ်လာကြောင်း ခံစားနေရသည်။
"ယွမ်ရှောင်"
ထို့နောက် ရုန်းကျင့်ကြံသူများထံမှ ဒေါသတကြီး အော်သံများ ဟိန်းထွက်လာကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အသက်တံဆိပ်ကိုယ်စီ ထုတ်ဖော်လိုက်ကြသည်။
"ဘာဓားအင်မော်တယ်လဲ။ ဒီကောင်က စည်းကမ်းမရှိ သောင်းကျန်းနေတဲ့ လူဆိုးလူမိုက်ပဲ။ ကျန်ငရဲခုနစ်ထပ်က ရပ်ကြည့်နေမှာလား"
ရုန်းကျင့်ကြံသူများ၏ အလယ်တွင် ရပ်နေသော အဘွားအိုတစ်ယောက်က မေးခွန်းထုတ်လိုက်၏။ သူမသည် ယခင်အဆောင်ဧကရီဖြစ်ကာ အဆောင်ဧကရာဇ်၏ မိခင်လည်းဖြစ်သောကြောင့် စကားတစ်ခွန်းတည်းဖြင့် ယန်မိစ္ဆာနှင့် တမလွန်နတ်ဆိုးများပါ ရှေ့ထွက်လာစေခဲ့သည်။ အဆောင်ဧကရာဇ်က ပါရမီထူးချွန်သောကြောင့် နန်းတက်ခဲ့ခြင်းဖြစ်သော်လည်း မူလဝိညာဥ်နယ်ပယ် ဤအဘွားကြီးကို အားနည်းသည်ဟု အထင်သေးမရချေ။
"ဒီကောင်က မောက်မာရမ်းကားလွန်းတယ်။ နားခိုရာဂိုဏ်း ဘေးထွက်နေပါ။ ကျုပ်တို့ကိုယ်တိုင် ပြဿနာကောင်ကို ရှင်းပစ်ပြီးရင် ပြိုင်ပွဲ ဆက်လက်ကျင်းပမယ်"
အပြာရောင်ဆံပင်နှင့် ဦးချိုနှစ်ချောင်း ပိုင်ဆိုင်ထားသော ရေနဂါးဘုရင်က ကြေညာလိုက်ပြီး အဆောင်ဧကရာဇ်၏ လုပ်ကြံရေးအစီအစဥ်တွင်မူ မပါဝင်ခဲ့ပေ။
"ဒီကောင်က ငါတို့ကို ပေါ်တင်ရန်စမှတော့ အသတ်ခံရမှာ သေချာတယ်။ တော်တော်မိုက်မဲတာပဲ။ ကုချင်ကန် ခွေးမကတော့ ထိုက်တန်တာ ရသွားပြီ"
ရိုးရိုးသားသားပြောရရင် လုလီဆိုသော အဘွားကြီးနှင့် ကုချင်ကန်မှာ အစေးမကပ်သောကြောင့် စိတ်ထဲတွင် ကြိတ်၍ ကျေနပ်နေသော်လည်း ယွမ်ရှောင်ကို သတ်ရန် အခွင့်အရေးကို အကောင်းဆုံး အသုံးချနေ၏။
"ရှောင်ချန်း ကုချင်ကန်သေပြီဆိုတော့ မင်းလည်း မိဖုရား ဖြစ်နိုင်ပြီ"
တိုက်ပွဲဖြစ်ကာနီးတွင် ရုန်းကျင့်ကြံသူများ ရှေ့မှောက်သို့ ရှန်ရှောင်ချန်း ရုတ်တရက် ရောက်ရှိလာသောကြောင့် လုလီက အချက်ပြလိုက်သည်။ သူမ၏ အမြင်တွင် ရှန်ရှောင်ချန်းသည် လက်ခံမည်ဟု ထင်ထားသော်လည်း မျှော်လင့်မထားသော စကားဖြင့် တုံ့ပြန်ခံလိုက်ရ၏။
"ငရဲကိုးထပ်တိုက်ပွဲမှာ ပုဂ္ဂိုလ်ရေးရန်ငြှိုးတွေကို ဘေးဖယ်ထားစမ်း။ မဟုတ်ရင် ပြိုင်ပွဲကနေ ထုတ်ပယ်ခံရမယ်။ အလင်းနန်းတော်မှာ စည်းကမ်းချိုးဖောက်ပြီး လုပ်ကြံမှု ကြံစည်ခဲ့တာက ရုန်းကျင့်ကြံသူတွေပဲ။ ကုချင်ကန်တစ်ယောက်တည်း ပေးဆပ်လိုက်ရတာ မဆိုးပါဘူး။ နောက်တစ်ကြိမ် ထပ်ဖြစ်ရင် ပြစ်ဒဏ် နှစ်ဆပဲ"
"ရှန်ရှောင်ချန်း မင်းကို ကပ်ဘေးတံဆိပ်ငရဲက ထုတ်ပယ်ခဲ့လို့ လက်စားချေနေတာလား။ နင့်လို ဂုဏ်သိက္ခာမရှိတဲ့ မိန်းမတစ်ယောက်က နားခိုရာဂိုဏ်းကို ကိုယ်စားပြုနိုင်လို့လား"
လုလီက စားမတတ်ဝါးမတတ်အကြည့်မျိုးဖြင့် စိုက်ကြည့်ကာ စွပ်စွဲအပြစ်တင်နေသည်။
"အကြီးအကဲလု ပြောတာ မှန်တယ်။ နားခိုရာဂိုဏ်းက ဒိုင်လူကြီးသက်သက်ပဲ။ အာဏာအစစ်အမှန် မရှိဘူး။ ဘာကိစ္စ ဝင်ရှုပ်ချင်နေတာလဲ"
"နားခိုရာဂိုဏ်း အပြင်ဘက်မှာ ဘာဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ဘူး။ ဒီနေရာမှာတော့ နားခိုရာဂိုဏ်းရဲ့ အမိန့်က စည်းမျဥ်းစည်းကမ်းဖြစ်တယ်"
ရေနဂါးဘုရင်က ချက်ချင်း ထောက်ခံလိုက်သော်လည်း ရှန်ရှောင်ချန်းသည် အားလုံးကို ဝေ့ကြည့်၍ အေးစက်စက် ပြောလိုက်သည်။ ထိုအချိန်တွင် လုပ်ကြံရန် ထွက်ခွာသွားသော အဆောင်ဧကရာဇ်တို့ အုပ်စု ရောက်ရှိလာကြပြီး ကုချင်ကန်၏ ခေါင်းပြတ်ကို ချက်ချင်း မြင်တွေ့နိုင်ခဲ့သည်။ ယွမ်ရှောင်ကမူ မုတလုံကို မုကျန်းတန်းလက်အတွင်း အပ်ကာ ကုသပေးရန် ညွှန်ကြားလိုက်သည်။
"သူတို့ တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ"
ဓားအစောင့်အရှောက်က အခြေအနေကြောင့် စိုးရိမ်စိတ်များလာခဲ့သည်။
"စိတ်မပူနဲ့။ တစ်ယောက်ယောက် ဝင်စွက်ဖက်လိမ့်မယ်"
ယွမ်ရှောင်၏ စကားကြောင့် သူက စိတ်အေးသွားသော်လည်း ဓားကျင့်ကြံသူများသည် ဓားဝိညာဥ်ကိုယ်စီ ဆင့်ခေါ်၍ လိုအပ်လျှင် အသက်ပေးတိုက်ခိုက်ရန် အသင့်ပြင်ထားကြ၏။ အဆောင်ဧကရာဇ်မှာ စင်မြင့်အထက်ရှိ ခေါင်းပြတ်ကို ကောက်ယူလိုက်ပြီး တည်ငြိမ်ဟန်ဆောင်နေသော်လည်း တဆတ်ဆတ် တုန်ယင်နေသည့် လက်ချောင်းများမှာ သစ္စာဖောက်နေခဲ့သည်။ ကြောက်မက်ဖွယ် ပြူးထွက်နေသော မျက်လုံးများအရ အသေဆိုးဖြစ်ကြောင်း သိနိုင်ရာမှာ သူ၏ နှလုံးသား အက်ကွဲနာကျင်လာ၏။
"ငါ့ကို သတ်ဖို့ ရန်စတဲ့အတွက် ပေးလိုက်ရတဲ့ တန်ကြေးကို ကျေနပ်ရဲ့လား"
ယွမ်ရှောင်၏ အေးစက်စက် လှောင်ရယ်သံက သူ၏ နားအတွင်း သံရည်ပူများ လောင်းချလိုက်သကဲ့သို့ ပြင်းထန်ကာ ယန်မိစ္ဆာများ၊ ရုန်းကျင့်ကြံသူများနှင့် ရေနတ်ဆိုးများ ရှူးရှူးရှားရှား ဖြစ်ကုန်သည်။
"သတ်ကြစမ်း"
အထူးသဖြင့် ကုချင်ကန်အပေါ် ချစ်ခင်ရင်းစွဲဖြစ်သော အဆောင်ဧကရာဇ်မှာ ထိခိုက်ခံစားနေရာမှ ဒေါသသံဖြင့် အော်ဟစ်အမိန့်ပေးလိုက်သည်။ ထို့ကြောင့် ဓားကျင့်ကြံသူများအပေါ် ဖိအားတစ်ခု ကျရောက်လာကာ သေခြင်းကို မကြောက်သော်လည်း များပြားလှသော ရန်သူအရေအတွက်ကြောင့် အနည်းငယ် စိုးရွံ့နေကြသည်။
"ကျုပ်တို့ ဘာလုပ်ရမလဲ အရှင်မ"
ကုန်းနတ်ဆိုးတစ်ကောင်က ဖီးနစ်ဧကရီထံ အကြံတောင်းလိုက်ခြင်း ဖြစ်သည်။
"ဘာမှမလုပ်နဲ့။ လုပ်ကြံမှုကို ငါ့ဆီ အသိပေးခဲ့တာ မဟုတ်ဘူး။ ဘာကြောင့် ဝင်ရှုပ်နေမှာလဲ"
ဖီးနစ်ဧကရီက ငေါက်ငမ်းလိုက်ပြီး ဘေးထွက်နေရန် ဆုံးဖြတ်လိုက်သော်လည်း အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
"ရှေးဟောင်းနတ်ဆိုးငရဲက ညီအစ်ကိုတို့ ငါနဲ့အတူ ပူးပေါင်းပြီး ဓားကျင့်ကြံသူတွေကို သတ်ကြစို့"
ကြွေးကြော်လိုက်သူမှာ လနတ်သားဖြစ်သောကြောင့် သူမမှာ ခေါင်းကိုက်သွားရပြီး မတားမြစ်နိုင်ခင်မှာပင် နောက်ထပ်အော်သံ ထွက်ပေါ်လာပြန်သည်။
"ယွမ်ရှောင် မင်းက ငရဲရှစ်ထပ်ကို ရန်စခဲ့တယ်။ နားခိုရာဂိုဏ်းက ငါတို့ရဲ့ ဒေါသကို တားဆီးပေးနိုင်မယ်လို့ ထင်နေတာလား။ ဦးနှောက်မရှိတဲ့ အင်မော်တယ်အတု"
သူက နတ်ဆိုးများ၏ ရှေ့ဆုံးမှ ဦးဆောင်ကာ အဆက်မပြတ် အော်ဟစ်ရင်း ဒေါသမီးကို လှုံ့ဆော်ပေးနေခဲ့သည်။
"မှန်တယ်။ နားခိုရာဂိုဏ်းမှာ ကျင့်ကြံသူနည်းနည်းပဲ ရှိတယ်။ ငါတို့ကို မတားနိုင်ဘူး။ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း ပေးဆပ်ရမယ်"
"လနတ်သား ပြောတာ ကောင်းတယ်။ ယွမ်ရှောင်က ငတုံးကောင်ပဲ"
"ငါတို့အားလုံးရဲ့ ဒေါသကြောင့် ဒီကောင် သေချာပေါက် သေရမယ်"
ယွမ်ရှောင် သေသွားလျှင် လနတ်သား ထွန်းတောက်လာမည်ကို ယုံကြည်သော အစွမ်းထက် နတ်ဆိုးများက ချက်ချင်း ထောက်ခံလိုက်ကြ၏။
"ဒီကောင့်ကို အခုချိန် မသတ်ရင် ဘယ်အချိန်အထိ စောင့်နေရမှာလဲ"
သူက မြေခွေးအသွင်ပြောင်းကာ ဓားကျင့်ကြံသူများထံ တဟုန်ထိုး ပြေးထွက်သွားခဲ့ပြီး ဓားကျင့်ကြံသူများမှာလည်း ဓားမိုးရွာကာ ကြိုဆိုလိုက်ကြသည်။
"မင်းတို့က သတ္တိမရှိဘူးလား။ အမြှီးကုပ်မနေကြနဲ့"
လနတ်သားက မြေပြင်တွင် ရုပ်ပျက်ဆင်းပျက် လိမ့်ထွက်သွားကာ ဓားများကို ရှောင်တိမ်းရင်း ကပ်ဘေးတံဆိပ်ငရဲ၊ နေမင်းငရဲ၊ တမလွန်ချောက်နက်နှင့် ရေနဂါးပင်လယ်မှ ကျင့်ကြံသူများကို အဆက်မပြတ် တိုက်တွန်းနေသည်။ သူ၏ လုပ်ရပ်က အောင်မြင်ပြီး အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာ အမိန့်တစ်စုံတရာ မပေးရသေးခင်မှာပင် လက်အောက်ငယ်သားများ ဒေါကြီးမောကြီး ချီတက်လာကြပြီး ဒေါသကြောင့် အမြင်ကန်းကုန်သည်။
"ဘုန်း"
ကျင့်ကြံသူများစွာက ဓားကျင့်ကြံသူများထံ တိုးဝင်လာသောကြောင့် သတ်ဖြတ်လိုစိတ် တဟုန်းဟုန်း တောက်လောင်နေကာ မြင့်မြတ်ချီများကြောင့် လေဟာနယ် ပြိုကျသွားကာ နားခိုရာဂိုဏ်း၏ မြေပြင်တစ်ခုလုံးသည် တိုက်ပွဲမစခင်မှာ တုန်ဟီးနေခဲ့လေသည်။