← Chapters

တစ်မိသားစုလုံး သုတ်သင်ခံရပြီ

Vol. 27 Ch. 344

တစ်မိသားစုလုံး သုတ်သင်ခံရပြီ

Vol. 27 Ch. 344

ဧရာမ မီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ချော်ရည်ပူများကဲ့သို့ ကျင့်ကြံသူများက တဟုန်ထိုး ချီတက်လာကြသောအခါ ဓားကျင့်ကြံသူများသည် ယွမ်ရှောင်ထံ စိုးရိမ်တကြီး လှည့်ကြည့်လိုက်မိသည်။ ထိုအချိန်တွင် ဓားအစောင့်အရှောက်ပင် ရင်ခုန်မြန်နေပြီး တစ်ခုခုသာ မှားယွင်းသွားလျှင် ဓားကျင့်ကြံသူများ မျိုးတုံးသွားနိုင်သကဲ့သို့ သူကိုယ်တိုင်လည်း သမိုင်းတရားခံ ဖြစ်သွားပေလိမ့်မည်။ ယွမ်ရှောင်၏ အကြည့်က ရန်သူများမှတဆင့် စင်မြင့်အထက်တွင် ရပ်နေသော နားခိုရာဂိုဏ်းသား လေးယောက်ထံ အကြည့်ရောက်သွားပြီး သန့်ရှင်းရေးသမား အဘိုးကြီးလည်း ပါဝင်နေသည်။

"ထပ်ပြီး ဖုံးကွယ်ထားလို့ မရတော့ပါဘူး"

သူက အတွေးထဲမှ ရေရွတ်နေပြီး ရန်သူများ တိုက်ခိုက်ရေး စင်မြင့်ကို ဖြတ်သန်းလာနေစဥ် အိပ်မက်နတ်ဆိုးနှင့် ခွန်ကျန်းသည် အစီအရင်တစ်ခုကို အသက်သွင်းလိုက်ပြီး ထိုက်ကျိကားချပ်တစ်ခု ဖြစ်တည်လာ၏။

"ဘုန်း"

ဝင်ပေါက်ရှစ်ခုသည် ဖြည်းဖြည်းချင်း ကျယ်ပြန့်လာပြီး ဧရာမထိုက်ကျိအစီအရင် ဖြစ်တည်လာကာ အပိုင်းရှစ်ခု ခွဲခြား၍ အလယ်တည့်တည့်တွက် ထိုက်ကျိစက်ဝိုင်းတစ်ခု လည်ပတ်စေသည်။ ထို့နောက် ကြီးမားသော နံရံများ ရုတ်တရက် မြင့်တက်လာကာ တိုက်ခိုက်ရန် ချီတက်လာသော ကျင့်ကြံသူများကို လမ်းပိတ်လိုက်သည်။ အရှိန်မထိန်းနိုင်သူများမှာ နံရံများထံ ဝင်တိုးမိလိုက်ကြပြီး သွေးအန်၍ နောက်ပြန်လွင့်ထွက်သွားရုံသာမက အဖြူအနက် မီးတောက်များ လောင်ကျွမ်းခံနေရ၏။

"အား"

ထိုမီးတောက်သည် ဝိညာဥ်ရော ရုပ်ခန္ဓာပါ လောင်ကျွမ်းပစ်လိုက်ပြီး နတ်ဆိုးဖြစ်စေ မိစ္ဆာဖြစ်စေ လူသားဖြစ်စေ ခဏအတွင်း တစ်ကိုယ်လုံး မည်းနက်သွား​စေသည်။ အနည်းဆုံး ကျင့်ကြံသူတစ်ထောင်ကျော် အသတ်ခံလိုက်ရသောကြောင့် ပတ်ဝန်းကျင်မှာ ငြိမ်သက်သွားပြီး ရုန်းကျင့်ကြံသူများမှာ အရေအတွက် လေးရာကျော် သေဆုံးသွားသဖြင့် ဆုံးရှုံးမှုအကြီးမားဆုံးပင်။ ထို့နောက် အလောင်းများမှာ ကြမ်းပြင်တွင် ရှိနေသော မြောင်းများတလျှောက် အရည်ပျော်စီးဆင်းသွားကာ မည်သည့်နေရာသို့ ရောက်ရှိသွားကြောင်း မသိနိုင်ပေ။ အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာမှာ နေရာ၌ ကြက်သေသေနေစဥ် မိုကျန်းကျီနှင့် ရှန်ရှောင်ချန်းသည် အစီအရင်ဗဟိုရှိ ထိုက်ကျိစက်ဝိုင်းသို့ ဆင်းသက်လာကာ အဖြူဘက်တွင် တစ်ယောက်၊ အနက်ဘက်တွင် တစ်ယောက် နေရာယူလိုက်ကြသည်။

"ငရဲရှစ်ထပ်က ရန်ကြွေးရှိရင် ပြိုင်ပွဲပြီးမှ လက်စားချေကြ။ နားခိုရာဂိုဏ်းထဲမှာ သောင်းကျန်းချင်ရင်တော့ အကျိုးဆက်ကို မြင်ပြီလား။ အင်မော်တယ်ကျောက်စိမ်း သန်းရာချီကတော့ နှမြောစရာပဲ"

ရှန်ရှောင်ချန်းက အေးစက်စက် ရေရွတ်လိုက်ပြီး ထိုက်ကျိအစီအရင်သည် ပျက်သုဥ်းရေးဓားအစီအရင်ထက် ပို၍ အစွမ်းထက်သောကြောင့် အင်မော်တယ်ကျောက်စိမ်း အသုံးပြုနှုန်းမှာ များပြားလှသည်။

"နားခိုရာဂိုဏ်းက ငရဲကိုးထပ်မှာ ငြိမ်းချမ်းရေးကို နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့တယ်။ ငါတို့ကို ဒိုင်လူကြီးသက်သက်လို့ ထင်နေတာလား"

မိုကျန်းကျီ၏ စူးရှသော အကြည့်က တိုက်ခိုက်ရန် ချီတက်နေသူများထံ ကျရောက်သွားကာ အလျင်စလို လှုပ်ရှားသူအချို့သည် အလယ်ဗဟို၌ နားခိုရာဂိုဏ်းသား နှစ်ယောက်နှင့်အတူ ပိတ်မိနေသည်။ မူလဝိညာဥ်နယ်ပယ် ရေနဂါးဘုရင်နှင့် ဖုလုလီလည်း ပါဝင်ပြီး မူလက မကြောက်သော်လည်း ကံပင်လယ်နယ်ပယ် တစ်ထောင်ကျော် ချက်ချင်း အသတ်ခံလိုက်ရသဖြင့် ကျောစိမ့်သွားကြ၏။

"နားခိုရာဂိုဏ်းမှာ ဒီလိုအစီအရင်ရှိတာ မသိခဲ့ဘူး"

"ငါတို့လည်း အရင်က ဒီလိုသောင်းကျန်းဖူးတာမှ မဟုတ်တာ"

ရေနဂါးဘုရင်နှင့် ဖုလုလီသည် အံကြိတ်၍ တွက်ချက်နေကြပြီး ကုချင်ကန် သေဆုံးပြီးနောက် ဖုလုလီမှာ ကြိတ်၍ ပျော်ရွှင်နေသော်လည်း ကံပင်လယ်နယ်ပယ် လေးရာကျော် သေဆုံးမှုသည် ခေါင်းကိုက်စရာဖြစ်၏။

"ရှန်ရှောင်ချန်း ကပ်ဘေးတံဆိပ်ငရဲက နင့်ကို ပြုစုပျိုးထောင်ပေးခဲ့တာ မဟုတ်ဘူးလား။ ကျေးဇူးတရားကို လူသတ်ပြီး ဆပ်လိုက်တာပေါ့။ ပြစရာ မျက်နှာ ရှိသေးသလား"

ဖုလုလီ၏ မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့နေကာ အပြစ်တင် ပြောဆိုလိုက်သည်ါ

"ဖုလုလီ အပြစ်ပေးတာက မပြီးသေးဘူးနော်"

ရှန်ရှောင်ချန်း၏ အသံက ရေခဲပမာ အေးစက်နေပြီး မျက်ဝန်းအတွင်းရှိ မျက်ဆံများ ပျောက်ကွယ်၍ အဖြူသက်သက် ဖြစ်သွားကာ ပိုမို ကြောက်စရာကောင်းလာခဲ့သည်။ ထို့အပြင် နဖူးအလယ်မှ အနက်ရောင် အသက်တံဆိပ်တစ်ခု ထွက်ပေါ်လာပြီး ဧရာမချောက်နက်ကြီး အသွင်​ပြောင်းကာ အဖြူရောင်ရုန်းများ ရှိနေသောကြောင့် အစွယ်အဖွေးသားနှင့် သားရဲပါးစပ်ကြီးအလား ထင်မှတ်ရသည်။ ရုန်းအရေအတွက်က အဆောင်ဧကရာဇ်ထက်ပင် ပမာဏသုံးထောင် ပိုများနေသဖြင့် ယွမ်ရှောင်ကို မျက်မှောင်ကြုတ်သွားစေ၏။ ကပ်ဘေးတံဆိပ်ငရဲမှ ထုတ်ပယ်ခံလိုက်ရသော ကျင့်ကြံသူတစ်ယောက်သည် အဆောင်ဧကရာဇ်ထက် ပို၍ အစွမ်းထက်နေသောကြောင့် ရုန်းကျင့်ကြံသူများလည်း တအံ့တသြဖြစ်ကုန်သည်။

"ဟင်"

ဖုလုလီသည်လည်း အေးခဲသွားကာ မျက်လုံးများ ပြူးကျယ်နေစဥ် အနက်ရောင် အသက်တံဆိပ်က ချက်ချင်း ဝါးမျိုလာခဲ့သည်။

"ဂျွတ် ဂျွတ် ဂျွတ်"

၎င်းက သားရဲကြီးတစ်ကောင်ပမာ ပစ်မှတ်ကို မျိုချ၍ တဂျွတ်ဂျွတ် ဝါးစားနေရာ အရိုးများ ကျိုးကြေ၍ မီးခိုးများပင် ထွက်ပေါ်လာခဲ့၏။ နောက်ဆုံးတွင် ဖုလုလီမှာ နေရာတွင် အရှင်လတ်လတ် ဝါးစားခံလိုက်ရပြီး ရုပ်ပျက်ဆင်းပျက် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

"အစွမ်းထက်လှချည်လား"

ကြယ်ပြာက နားခိုရာဂိုဏ်းသား လေးယောက် အစွမ်းထက်ကြောင်း သတိပေးထားသော်လည်း ဤမျှသန်မာနေမည်ဟု ယွမ်ရှောင်အနေဖြင့် မျှော်လင့်မထားပေ။ မူလဝိညာဥ်နယ်ပယ် ကျင့်ကြံသူတစ်​ယောက်မှာ ရှန်ရှောင်ချန်း လက်ချက်ဖြင့် မျက်စိတစ်မှိတ်အတွင်း ဝိညာဥ်ရော ရုပ်ခန္ဓာပါ အသတ်ခံလိုက်ရ၏။

"ငါတို့....မှား...မှားသွားပါတယ်။ ရေနဂါးပင်လယ်က စည်းကမ်းချိုးဖောက်မိလို့ လက်ဆောင်ပဏ္ဏာတွေနဲ့ တောင်းပန်ပါမယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ရေနဂါးဘုရင်မှာ ကြောက်လန့်တကြားဖြစ်သွားကာ ထစ်ထစ်အအနှင့် ချက်ချင်း တောင်းပန်လိုက်သော်လည်း မိုကျန်းကျီက လက်မခံဘဲ အဖြူရောင် ဓားဝိညာဥ်ကို ထုတ်ဖော်လာခဲ့သည်။

"နောက်ကျသွားပြီ။ သင်ခန်းစာတိုင်းအတွက် ဥပမာ ပေးရမယ်။ မင်းက ဥပမာဖြစ်နေတာ စိတ်မကောင်းပါဘူး"

ထိုဓားဝိညာဉ်သည် ဓားအော်ရာ နှစ်သောင်းကျော်ပိုင်ဆိုင်ထားသဖြင့် ဓားကျင့်ကြံသူ အားလုံး မျက်လုံးပြူးကုန်သည်။ ရေနဂါးဘုရင်သည် အိပ်မက်ဆိုးများ၌ပင် နားခိုရာဂိုဏ်းသားတစ်ယောက်မှာ ဓားအစောင့်အရှောက်ထက် ပို၍ အစွမ်းထက်နေမည်ဟု မျှော်လင့်မထားသည့်အပြင် အစီအရင်အတွင်း ပိတ်မိနေရာ ပြေးစရာမြေ မရှိတော့ပေ။ သူက နောက်လိုက်များကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်စဥ်မှာပင် ရှန်ရှောင်ချန်း၏ အသက်တံဆိပ်သည် လက်ကျန် ရုန်းကျင့်ကြံသူများနှင့် ရေနဂါးများကို ဝါးမျိုသတ်ဖြတ်လိုက်သည်။ မိုကျန်းကျီက ဓားဆွဲကာ ပြေးထွက်လာသောကြောင့် သူက ဧရာမ နဂါးအသွင်ပြောင်းကာ ရေချီများ မှုတ်ထုတ်လိုက်သဖြင့် အမြင်အာရုံကို ဖုံးကွယ်နိုင်သည့် မြူခိုးများ ပင်လယ်ပမာ ထွက်ပေါ်လာ၏။

မိုကျန်းကျီသည် မြူခိုးများအတွင်း ဝင်ရောက်သွားကာ အဖြူရောင်ဓား ရောက်သည့်နေရာတိုင်း ရေချီများ အငွေ့ပျံကုန်သည်။ ကျင့်ကြံသူများမှာ နတ်ဆိုးနဂါးနှင့် ဓားကျင့်ကြံသူ၏ တိုက်ပွဲကို မြူခိုးများကြောင့် ဝေဝေဝါးဝါးသာ မြင်နိုင်ပြီး အချိန်တစ်ခုကြာသောအခါ ရေနဂါးဘုရင်၏ အော်သံများ ထွက်ပေါ်လာခဲ့သည်။ ရေချီများမှာ အနီရောင် သွေးပင်လယ် ဖြစ်သွားပြီး မြူခိုးများ အငွေ့ပျံသွားသောအခါ ရှန်ရှောင်ချန်းနှင့် ရေနဂါးဘုရင်၏ အမြုတေကို ဓားဝိညာဥ်ဖြင့် စုပ်ယူနေသော မိုကျန်းကျီသာ မြင်ကွင်းအတွင်း ရောက်ရှိလာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားကာ အကြည့်ချင်းဖလှယ်၍ ကြောက်စိတ်များ ဖြစ်ပေါ်လာပြီး နားခိုရာဂိုဏ်းသားနှစ်ယောက်သည် နဂါးအစောင့်အရှောက်နှင့် ရုန်းအစောင့်အရှောက်ကို သာမန်ကာလျှံကာ သတ်ပြခဲ့သဖြင့် အဆောင်ဧကရာဇ်နှင့် တန်းတူပင် အစွမ်းထက်နေကြ၏။

ရေနဂါးပင်လယ်မှာ ခေါင်းဆောင်ကင်းမဲ့သွားပြီး နဂါးတစ်ကောင်ချင်းစီမှာ ကြောက်လန့်တကြားဖြင့် အမြှီးကုပ်၍ လှုပ်ပင်မလှုပ်ရဲတော့ပေ။ ရုန်းကျင့်ကြံသူများက ပို၍ အထိနာပြီး အဆောင်ဧကရာဇ်မှာ မိခင်၊ ဇနီး၊ ညီမနှင့် သားသမီးများ မိသားစုတစ်ခုလုံး သုတ်သင်ခံလိုက်ရပြီဖြစ်ကာ ယွမ်ရှောင်နှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်နေခဲ့သည်။ ကျင့်ကြံသူတိုင်းမှာ သူ့ကို စိုက်ကြည့်နေပြီး သွေးကြောများပင် ထင်ဟပ်လောက်အောင် မျက်လုံးများ ရဲရဲနီနေသဖြင့် အပြင်းအထန် ခံစားနေရကြောင်း သိနိုင်သည်။ အရာအားလုံးက ယွမ်ရှောင်ကို ဆန့်ကျင်ရန် ဆုံးဖြတ်ချက်မှ စတင်ခဲ့ပြီး ရုန်းကျင့်ကြံသူများဖြစ်စေ ယန်မိစ္ဆာများဖြစ်စေ နောက်ဆုတ်သွားကြသည်။ ရှေးဟောင်းနတ်ဆိုးငရဲမှ ကုန်းနတ်ဆိုးများသည်လည်း မသိမသာ ဆုတ်ခွာသွားကာ ယင်မိစ္ဆာများနှင့် ရေသူနတ်ဆိုးများမှာ အစမှအဆုံးတိုင် ဝင်မစွက်ဖက်ခဲ့ကြပေ။

နားခိုရာဂိုဏ်း တစ်ခုလုံး တိတ်ဆိတ်နေပြီး နောက်ဆုံးတွင် မိုကျန်းကျီသည် ရေနဂါးဘုရင်၏ အမြုတေကို အလုံးစုံ ဝါးမျိုပြီးနောက် စကားပြောလာခဲ့သည်။

"မင်းတို့ကို သတိပေးထားလိုက်မယ်။ နားခိုရာဂိုဏ်းက ငရဲကိူးထပ်ကို မအုပ်ချုပ်တာဟာ ပိုအရေးကြီးတဲ့ တာဝန်ကြောင့် ဖြစ်တယ်။ မင်းတို့နဲ့ တိုက်ခိုက်နေဖို့ အချိန်မရှိဘူး။ ပြောရရင် ငါတို့က သခင်တွေပဲ။ ဒိုင်လူကြီး မဟုတ်ဘူး။ ကန့်ကွက်စရာ မရှိတော့ရင် ပြိုင်ပွဲကို ဆက်လက် ကျင်းပမယ်"

ကျင့်ကြံသူများမှာ နှစ်ပေါင်းများစွာ အကြာမှ ခါးသီးသော အမှန်တရားတစ်ခုကို လက်ခံလိုက်ရသည်။ ထိုက်ကျိအစီအရင်မှာ ပြန်လည် ပျောက်ကွယ်သွားပြီး ကံပင်လယ်နယ်ပယ် ကျင့်ကြံသူများသည် သက်ဆိုင်ရာနံပတ်များအလိုက် စင်ပေါ်တက်လာကာ ဓားကျင့်ကြံသူများသည်လည်း ဆက်လက်အရှုံးပေးခဲ့ကြသည်။

"ဒီလိုမှပေါ့"

မိုကျန်းကျီက အေးစက်စက် မှတ်ချက်ပေးလိုက်ပြီး ယွမ်ရှောင်ထံ စိုက်ကြည့်ကာ ထူးထူးဆန်းဆန်း ပြုံးပြလိုက်လေသည်။

All Chapters