လက်မလျှော့ကြသူများ
Vol. 27 Ch. 346
အဆုံးမဲ့ငရဲပြည်၏ အနားယူရာ နန်းဆောင်အတွင်း ခန်းမတစ်ခုတွင် စစ်မင်းသမီး၊ ယင်မိစ္ဆာဘုရင်နှင့် ဦးရီးတော်များ စုဝေးနေကာ အင်မော်တယ်ကျောက်စိမ်း သန်းတစ်ရာ အတောင်းခံလိုက်ရသောကြောင့် လက်ဖက်ရည်ကို အရသာခံသောက်နေသည့် ဖခင်မှာ ချက်ချင်း နင်သွားခဲ့သည်။
‘ချောင်းဆိုးလို့ ပြီးရင် ထုတ်ပေးပါ အဖေ’
သူမက လက်ဝါးဖြန့်၍ တောင်းဆိုလိုက်သည်။
‘ဒါက အစ်ကိုတော်ရဲ့ လုပ်ကိုင်နိုင်စွမ်းထက် ကျော်လွန်နေတယ်။ သူ့ကို ဖိအား မပေးပါနဲ့။ သူ အများဆုံး ထုတ်ပေးနိုင်မှာက သန်းသုံးဆယ်လောက်ပဲ ရှိတယ်’
‘ကလေးတစ်ယောက်က ဒီလောက်အများကြီး ဘာလုပ်မလို့လဲ။ နားခိုရာဂိုဏ်းမှာ ဈေးဝယ်ထွက်စရာ နေရာလည်း မရှိပါဘူး’
ဦးလေးနှစ်က ကြားဝင် ဖြောင်းဖျလိုက်သကဲ့သို့ ချန်ရှီကလည်း ဆူပူနေသည်။
‘အဖေက သန်းသုံးဆယ်ထုတ်ပေးနိုင်ရင် ဦးလေးတစ်ယောက်ချင်းစီက ဆယ်သန်းထုတ်ပေး’
သို့သော် စစ်မင်းသမီးက အကွက်ကောင်း တွေ့သွားသကဲ့သို့ ဦးလေးခြောက်ယောက်ကို တစ်ချက်ဝေ့ကြည့်ကာ ပူဆာလိုက်သဖြင့် မျက်နှာများ မည်းနက်သွားကာ ရှုံ့မဲ့ကုန်သည်။
‘နောက်ထပ် ဈေးဆစ်နေရင် ကိုယ့်ဘာသာ လာယူမှာနော်’
သူမ၏ ခြိမ်းခြောက်မှုကြောင့် ညီနောင်ခုနစ်ယောက်မှာ အကြည့်ချင်းဖလှယ်၍ မေးခွန်းထုတ်လိုက်သည်။
‘ကလေးဆိုးလေး အနည်းဆုံးတော့ ဒီငွေကို ဘာကြောင့် လိုအပ်တာလဲ ပြောပြဦး’
‘မပြောပါဘူး။ မသိချင်နဲ့’
ဖခင်ဖြစ်သူမှာ တိတ်ဆိတ်သွားသောကြောင့် စစ်မင်းသမီးသည် မကျေမနပ် ခြေဆောင့်လိုက်သောအခါ နန်းတော်တစ်ခုလုံး တုန်ခါသွားသဖြင့် ဦးလေးများထက် ပို၍ သန်မာနေကြောင်း သိသာ၏။
‘ကောင်းပြီ။ ပေးမယ်’
‘ငါက မိန်းမတောင် မယူရသေးဘူး’
‘ငွေမပေးရသေးရင် အခန်းထဲက ထွက်ပြေးဖို့ မစဉ်းစားနဲ့’
ယင်မိစ္ဆာဘုရင်က သဘောတူလိုက်သော်လည်း ညည်းညူနေသော ချန်ရှီသည် ထွက်ပြေးရန် ပြတင်းပေါက်ထံ အကြည့်ရောက်နေသောကြောင့် သူမက ခန္ဓာကိုယ်ဖြင့် ကြိုတင်ပိတ်ဆို့ထားလိုက်သည်။ ဤသို့ဖြင့် ညီနောင်ခုနစ်ယောက်မှာ အင်မော်တယ်ကျောက်စိမ်း သန်းတစ်ရာ ပြည့်အောင် စုပေါင်း၍ ထုတ်ပေးခိုက်ရပြီး ဦးလေးများ ထွက်ခွာသွားသောအခါ မျက်နှာကြီး မည်းမှောင်နေသည့် ချန်ရှီက အပြောကောင်းသော ယောက်ျားလေးများ ကပ်စားသည်ဆိုလျှင် မပေးရန် တင်းတင်းကြပ်ကြပ် သတိပေးသွားခဲ့သည်။ ထိုစကားက အမှန်တရား ဖြစ်နေသောကြောင့် သူမသည် ချောင်းဟန့်ရင်း မသိချင်ယောင်ဆောင်လိုက်၏။
‘သမီးသွားတော့မယ်’
‘သခင်လေးယွမ်ကို သွားပေးဖို့ ဒီလောက် အလျင်လိုနေတာလား။ သူက မင်းကို ကောင်းကောင်းဆက်ဆံရဲ့လား’
စစ်မင်းသမီးက လှည့်ထွက်ရန် ပြင်လိုက်သော်လည်း ဖခင်၏ စကားကြောင့် တုံ့ခနဲ ရပ်သွားကာ ရင်ခုန်မြန်၍ နောက်ပြန်လှည့်ကြည့်လာခဲ့သည်။
‘ဘယ်လိုလုပ်….’
‘အဖေတစ်ယောက်က သမီးအကြောင်း သိတာ မဆန်းပါဘူး။ ကောင်းကင်မြေက ပြန်ရောက်လာကတည်းက မင်း ပြောင်းလဲသွားတယ်။ သခင်လေးယွမ်ကလည်း အတူတူ မဟုတ်လား။ သူက ကိုးဆင့်သွေးမျိုးဆက် နိုးထလာဖို့ ကူညီပေးခဲ့တာလား’
မိစ္ဆာဘုရင်က တစ်ချက်ပြုံး၍ စုံစမ်းလိုက်၏။
‘အဲ့ဒီထက် ပိုပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။ ဘာဖြစ်ဖြစ် သမီးက အသက် ၁၈မှာ သေရမယ်ဆိုပေမယ့် အခု အသက်ရှင်နေတော့ မကောင်းဘူးလား’
သူမက စိတ်လှုပ်ရှားနေသော်လည်း ဝန်ခံလိုက်၏။
‘ငါ နားလည်ပြီ။ စိတ်ကြိုက်သာလုပ်ပါ၊ အဖေက မင်းကို ထောက်ခံတယ်’
ဖခင်၏ အပြုံးက နွေးထွေးပြီး စိတ်ချယုံကြည်ဖွယ်ပင်။
‘သမီးကြောင့် အဆုံးမဲ့ငရဲပြည် နိမ့်ကျပျက်စီးသွားမှာကို မစိုးရိမ်ဘူးလား’
သူမက အံကြိတ်၍ အကြီးမားဆုံး အကြောက်တရားကို ထုတ်ပြောလာသည်။
‘ငါ ဘုရင်တစ်ယောက်အနေနဲ့ စိုးရိမ်မိပါတယ်။ အဖေတစ်ယောက်အနေနဲ့ကတော့ သမီးကို ယုံကြည်တယ်။ လုပ်စရာရှိတာ လုပ်ပါ’
သူက သမီးဖြစ်သူကို အပြည့်အဝ ယုံကြည်ထားပြီး မိဘအများစုသည် သားသမီးများအပေါ် တင်းတင်းကြပ်ကြပ် ချုပ်ကိုင်တတ်ကြသော်လည်း ယင်မိစ္ဆာဘုရင်တော့ မပါဝင်ချေ။
‘ဒီငွေက ရင်းနှီးမြုပ်နှံတယ်လို့ သဘောထားလိုက်ပါ။ အနာဂတ်မှာ ဆယ်ဆမက ပြန်ပေးပါမယ်’
သူမက ရဲရဲကြီး အာမခံ၍ နန်းတော်အပြင်သို့ ထွက်ခွာသွားကာ ဖခင်၏ ထောက်ခံမှုကြောင့် ခြေလှမ်းများ တက်ကြွနေသည်။
‘လခွမ်းထဲမှ သမီးတစ်ယောက်ကို ထိန်းသိမ်းရတာ မလွယ်လှပါလား။ ငါ့အဖိုးတန်လေးကတော့ ဦးလေးတွေကိုရော ငါ့ကိုပါ ခေါင်းကိုက်အောင် လုပ်နေပြီ’
မိစ္ဆာဘုရင်သည် ထွက်ခွာသွားသော သမီးဖြစ်သူကို ငေးကြည့်ရင်း သက်ပြင်းချ၍ ကျိန်ဆဲလိုက်မိသည်။
မျက်တောင်တစ်ခတ်အတွင်း အချိန်သုံးရက် ကုန်ဆုံးသွားကာ ကံပင်လယ်နယ်ပယ် ကျင့်ကြံသူများသည် သက်ဆိုင်ရာ နန်းတော်များသို့ ပြန်သွားကာ အဆင့်တစ်တွင် ကပ်ဘေးတံဆိပ်ငရဲ၊ အဆင့်နှစ် တမလွန်ချောက်နက်၊ အဆင့်သုံး ယန်မိစ္ဆာငရဲ အသီးသီးပိုင်ဆိုင်ထား၍ ထာဝရဓားအကျဉ်းထောင်က နောက်ဆုံးဖြစ်၏။ သို့ရာတွင် နားခိုရာဂိုဏ်းသည် အစွယ်ထုတ်ပြလာြပီဖြစ်သောကြောင့် ငရဲကိုးထပ်ဘုရင်ခံဆိုသည်မှာ နာမည်ခံသဘောြဖစ်သည့်အပြင် ယွမ်ရှောင်က အထိအခိုက်မရှိ ရပ်တည်နေသောကြောင့် စိုးရိမ်စိတ်များ ပိုမို ကြီးထွားလာခဲ့သည်။
‘သခင်လေးယွမ်က တကယ့်ပါရမီရှင်ဖြစ်လို့ တိုးတက်ခွင့် ပေးလိုက်ရင် ဘယ်သူမှ တားနိုင်မှာ မဟုတ်တော့ဘူး’
‘အဆောင်ဧကရာဇ်က ဒီလောက်နဲ့ လက်လျှော့လိုက်ပြီလား’
သို့ရာတွင် နန်းတော်များနှင့် တိုက်ပွဲစင်မြင့်ကို သေချာစူးစမ်းကြည့်လိုက်လျှင် ကောင်းကင်ခန်းဆောင်နယ်ပယ် ကျင့်ကြံသူများ ပျောက်ကွယ်နေသည်ကို မြင်နိုင်ပေလိမ့်မည်။
ရုန်းကျင့်ကြံသူများ နေထိုင်ရာ နန်းတော်၏ ခန်းမတစ်ခုတွင် အုပ်စုခုနစ်ခု ရောက်ရှိနေပြီး ငရဲတစ်ထပ်စီကို ကိုယ်စားပြုနိုင်သော သက်ဆိုင်ရာ ထိပ်တန်းကျင့်ကြံသူများချည်း ဖြစ်သည်။ ကောင်းကင်ခန်းဆောင် နယ်ပယ် အယောက် ၂၀၀ ကျော် ရှိနေပြီး ထာဝရအကျဉ်းထောင်တွင် ကုမျိုးနွယ်ကို ထည့်တွက်ပါမှ ဤအဆင့်မျိုး အယောက်သုံးဆယ်သာ ပိုင်ဆိုင်ထား၏။ ၎င်းတို့မှလွဲ၍ ကောင်းကင်ခန်းဆောင် နယ်ပယ် ကျင့်ကြံသူအားလုံး ဤနေရာသို့ ရောက်ရှိနေပြီး ကပ်ဘေးတံဆိပ်ငရဲ၊ တမလွန်ချောက်နက်၊ နေမင်းငရဲ စသည်တို့က အယောက်လေးဆယ် ပတ်ဝန်းကျင်၊ ရှေးဟောင်းနတ်ဆိုးငရဲက ၃၄ ယောက်နှင့် အခြားငရဲများသည် ၂၀မှ ၃၀ ကြား ခေါ်ဆောင်လာကြသည်။ အုပ်စိုးသူများလည်း ရောက်နေကြပြီး ရေနဂါးပင်လယ်သည် နဂါးဘုရင်၏ ညီမ အောင်းယွမ်ကို အုပ်စိုးသူအသစ်အဖြစ် တင်မြှောက်ထားကြ၏။ အဆောင်ဧကရာဇ်သည် ထောင့်တစ်နေရာတွင် ရပ်နေ၍ ခေါင်းငိုက်စိုက်ကျကာ မိသားစု ဆုံးရှုံးလိုက်ရသောကြောင့် မည်သည့် စကားတစ်ခွန်းမှ မဆိုသော်လည်း ရင်ထဲတွင် ဒေါသမီး တဝုန်းဝုန်း တောက်လောင်နေသည်။
‘မိတ်ဆွေတို့ ဒီနေ့ စုဝေးရတာက နားခိုရာဂိုဏ်း ဝင်မတားနိုင်ခင် ယွမ်ရှောင်ကို သတ်ဖို့ အကြံတစ်ခု ရထားလို့ပဲ။ အားလုံးရဲ့ စုစုပေါင်းစွမ်းအားကို ငါက လက်ခံပြီး ငရဲကိုးထပ် ငြိမ်းချမ်းဖို့ ရန်သူကို သတ်ပစ်ရမယ်’
မီးမိစ္ဆာက အလယ်တွင် နေရာယူလိုက်ပြီး အားလုံးကို ဝေ့ကြည့်ကာ တင်ပြလိုက်သည်။
‘စုစုပေါင်းစွမ်းအားဆိုတာ ဘာကို ဆိုလိုတာလဲ’
ဖီးနစ်ဧကရီက မေးလိုက်ခြင်းဖြစ်၏။
‘လူတိုင်းရဲ့ သွေးအဆီအနှစ် ဆယ်ပုံတစ်ပုံ’
သူ၏ အကြည့်က သူမထံ ကျရောက်သွားကာ တစ်လုံးချင်း လေးနက်စွာ ပြောလိုက်လေသည်။