ကျိန်စာနိဂုံး
Vol. 27 Ch. 349
"သွေးကျိန်စာ ဖျက်ဆီးခံလိုက်ရပြီ။ ဘာတွေ ဖြစ်သွားတာလဲ"
တိတ်ဆိတ်မှောင်မိုက်သော ခန်းမအတွင်း ကျင့်ကြံသူများသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြပြီး လုပ်ကြံခြင်းတွင် မအောင်မြင်ခဲ့သောကြောင့် နတ်ဆိုးဖြူမှာ ယွမ်ရှောင်အပေါ် မုန်းတီးနေရပေလိမ့်မည်။ သို့သော် ငရဲကိုးထပ်၏ အကြံအစည်ကို သူမက ဖျက်ဆီးပစ်လိုက်ပြီး ပေးဆပ်ခဲ့ရသော အဖိုးတန် သွေးအဆီအနှစ်များ ကြမ်းပေါ်တွင် ခါးသီးစွာ ပြန့်ကြဲနေ၏။ ထိုကျင့်ကြံသူများသည် အချိန်အတန်ကြာအောင် လက်မခံနိုင်ဖြစ်သွားကြပြီး မီးမိစ္ဆာနှင့် အဆောင်ဧကရာဇ်ပင် ဒေါသတကြီး အော်ဟစ်လိုက်မိသည်။
"မင်း ရူးနေတာလား။ ဘာလုပ်လိုက်တယ်ဆိုတာကိုရော သိရဲ့လား"
နတ်ဆိုးဖြူကမူ သူတို့ကို ခံစားချက်မဲ့သော မျက်နှာဖြင့် လှည့်ကြည့်၍ နှုတ်ဆိတ်နေရာ အဆောင်ဧကရာဇ်သည် တမလွန်ချောက်နက်နှင့် ဖိအားပေးရန် ကြိုးစားလိုက်သည်။
"မင်းရဲ့ လုပ်ရပ်က တမလွန်နတ်ဆိုးမျိုးနွယ်ကို ကိုယ်စားပြုတာလား"
"မဟုတ်ဘူး။ မင်း ဖြေရှင်းချက်ပေးစမ်း"
တမလွန်နတ်ဆိုးလေးဆယ်ကျော်သည် သူမကို ဝိုင်းထားပြီး တစ်ကိုယ်လုံး အနီရောင် မျက်လုံးများ ဖုံးလွှမ်းနေသော ဒေါသမျက်လုံးဆိုသူက အမိန့်ပေးလိုက်သည်။ သူသည် တမလွန်ချောက်နက်၏ ဘုရင်ဟောင်းဖြစ်ကာ နတ်ဆိုးဖြူ၏ သန်မာမှုကြောင့် ရာထူးမှ သူ့စိတ်နှင့်သူ ဖယ်ပေးခဲ့ကာ ယနေ့ထက်တိုင် တမလွန်ချောက်နက်၏ အကျိုးစီးပွားနှင့် ပတ်သက်လျှင် ဂုဏ်သိက္ခာရှိရှိ ကိုယ်စားပြုနိုင်၏။ သွေးအဆီအနှစ် ထုတ်ပေးခဲ့သော ငယ်သားနတ်ဆိုးများသည်လည်း ထောက်ခံလိုက်ကြပြီး အစွမ်းထက်ကျိန်စာ ဖျက်ဆီးခံလိုက်ရသောအခါ ရေသူနတ်ဆိုးများ၊ ယင်မိစ္ဆာများနှင့် ကုန်းနတ်ဆိုးများမှအပ အားလုံး ဒေါသထွက်ကုန်သည်။
အစွမ်းထက်ကျင့်ကြံသူ ရာချီနှင့် ရင်ဆိုင်နေရသော်လည်း တိတ်ဆိတ်နေသော နတ်ဆိုးဖြူက ရုတ်တရက် လှုပ်ရှားလိုက်ပြီး ဘုန်းခနဲ အသံ မြည်ဟီးကာ ကိုယ်တွင်းမှ အဆုံးမရှိ ရေလှိုင်းများ ပြန့်ထွက်လာခဲ့သည်။ ခန်းမတစ်ခုလုံး ပင်လယ်အသွင်ပြောင်းသွားကာ ချီစွမ်းအား ကြီးမားသဖြင့် တုန်ခါသွား၍ ကောင်းကင်ခန်းဆောင်နယ်ပယ် ကျင့်ကြံသူများပင် မျောပါသွားကြ၏။ တမဟုတ်ချင်း ငရဲပင်လယ်အဖြစ် ပြောင်းလဲသွားသော အခြေအနေကြောင့် အော်သံများ ဆူညံနေစဥ် စစ်မင်းသမီးသည် တိုင်လုံးတစ်ခုအပေါ် ဖက်တက်၍ ကျာပွတ်ဖြင့် ကုပ်တွယ်ထားသည်။ ပင်လယ်အတွင်း သွေးအဆီအနှစ်များစွာ မျောပါနေစဥ် သူမ၏ နှလုံးသားအတွင်းမှ ကပ်ဘေးသွေး ပေါက်ကွဲထွက်လာကာ ဝဲတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ လူသား၊ နတ်ဆိုးများနှင့် မိစ္ဆာများ၏ သွေးများမှာ တရကြမ်း စုပ်ယူခံလိုက်ရပြီး ဗြောင်းဆန်နေသော အရှုပ်အထွေးကြောင့် ထိုဖြစ်ရပ်အား မည်သူမှ သတိမထားမိခဲ့ပေ။
"ကောင်းကင်ခန်းဆောင်နယ်ပယ် အယောက်တစ်ရာကျော်ရဲ့ သွေးအဆီအနှစ်။ ဒါက နည်းနည်းနောနော ပမာဏ မဟုတ်ဘူး"
စစ်မင်းသမီးက အံ့သြတကြီး ရေရွတ်လိုက်ပြီး စွမ်းအားများ တိုးတက်လာကာ မကျရှုံးနိုင်ဟု ယူဆထားသော မီးမိစ္ဆာ၏ သွေးကျိန်စာလုပ်ကြံမှုသည် ယွမ်ရှောင်အတွက် အားဖြည့်ဆေးပမာ ဖြစ်သွားရသည်။
"ထူးဆန်းတယ်။ နတ်ဆိုးဖြူက သူ့ကို ဘာကြောင့် ကူညီပေးနေရတာလဲ"
သူမက တစ်ဖက်လူ၏ လုပ်ရပ်ကြောင့် စိတ်ရှုပ်ထွေးနေပြီး လနတ်သားနှင့် ပူးပေါင်းတိုက်ခိုက်လျှင်ပင် သွေးကျိန်စာကို ဖျက်ဆီးနိုင်မည်ဟု မသေချာပေ။
"ဒီကောင်က မိန်းမတွေနဲ့ ပတ်သက်ရင် အတော်ကံကောင်းတာပဲ။ ငါ့ကိုရော ထူးထူးဆန်းဆန်းတွေ လုပ်နေရင် ဘယ်လိုလုပ်မလဲ။ သတိထားရမယ်"
ဤသို့ဖြင့် သူမသည် အဆင့်ငယ်နှစ်ဆင့် မြင့်တက်သွားကာ နောက်ပိုင်းအဆင့် ကောင်းကင်ခန်းဆောင်နယ်ပယ်သို့ ရောက်ရှိသွား၏။ သူမက မြင်းရိုင်းတစ်ကောင်အပေါ် တက်စီးနေသကဲ့သို့ ခံစားလိုက်ရသော်လည်း တိုးတက်လာသည်မှာ ကိုယ်ပိုင်စွမ်းအားဖြစ်၍ ကံကောင်းမှုပင်။
ပင်လယ်ရေများ ဖြည်းဖြည်းချင်း စီးထွက်သွားသောအခါ ခန်းမတစ်ခုလုံး ပျက်စီးသွားပြီး ရေသူနတ်ဆိုးများနှင့် နတ်ဆိုးဖြူမှာ ပျောက်ကွယ်နေ၍ ယန်မိစ္ဆာများ၊ ရုန်းကျင့်ကြံသူများနှင့် တမလွန်နတ်ဆိုးများ၏ မှုန်ကုပ်ကုပ် မျက်နှာထားကြောင့် သွေးကျိန်စာ လုံးဝ ချေဖျက်ခံလိုက်ရကြောင်း သေချာနေသည်။
"အဆောင်ဧကရာဇ် မီးမိစ္ဆာ ဒီကောင်မရဲ့ ရည်ရွယ်ချက်ကို ငါတို့ လုံးဝ မသိခဲ့ဘူး။ ဒီဖြစ်ရပ်က လုံးဝ မျှော်လင့်ထားတာမျိုး မဟုတ်ဘူး။ စိတ်ချပါ တမလွန်ပင်လယ်က လူသားတစ်ယောက်နဲ့ ပူးပေါင်းမှာ မဟုတ်ဘူး"
ဒေါသမျက်လုံးနှင့် တမလွန်နတ်ဆိုးများသည် သူတို့၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်သည်။
"ကောင်းပြီ။ နတ်ဆိုးဖြူက ကိုယ့်သေတွင်းကိုယ် တူးသွားတာပဲ။ အခွင့်အရေးရရင် ဒီသစ္စာဖောက်ကို သတ်ပစ်ပြီး မင်းကို နန်းပြန်တင်ပေးမယ်"
မီးမိစ္ဆာက ဒေါသတကြီး အော်ဟစ်နေသောကြောင့် တမလွန်နတ်ဆိုးများ တိတ်ဆိတ်နေကြသည်။
"ယွမ်ရှောင်က ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး နတ်ဆိုးတွေကို မုန်းတီးတယ်။ သူသာ ကြီးစိုးနိုင်ရင် ငါတို့ အနိုင်ကျင့်ခံရမှာ သေချာတယ်။ မျိုးဆက်သစ်တွေအတွက် နောက်ဆုတ်ဖို့ မဖြစ်နိုင်ဘူး"
ဒေါသမျက်လုံးက အခြားနတ်ဆိုးများကို တည်ငြိမ်စွာ ပြောလိုက်ပြီး ရန်ငြှိုးနှင့် အမုန်းတရား နက်ရှိုင်းပုံပေါ်သည်။
"မှန်တယ်။ နတ်ဆိုးဖြူက တမလွန်ပင်လယ်ရဲ့ အရင်းအမြစ်တွေကို အသုံးချပြီး သစ္စာဖောက်သွားတာပဲ။ ငါတို့က နတ်ဆိုးအားလုံးကို ကိုယ်စားပြုပြီး ယွမ်ရှောင် မသေမချင်း ရပ်တန့်သွားမှာ မဟုတ်ဘူး"
ဖီးနစ်ဧကရီက အေးစက်စက် လေသံနှင့် ဖြည့်စွက်ပေးလိုက်သည်။
"စိတ်ပူစရာမရှိဘူး။ ငါတို့ မဟာမိတ်က အစွမ်းထက်တယ်"
အောင်းယွမ်က အားလုံးကို နှစ်သိမ့်ပေးနေပြီး ယင်မိစ္ဆာများမှာမူ တိတ်တဆိတ် ရပ်နေကြ၏။
"အခု သွေးကျိန်စာ မရှိတော့ဘူးဆိုမှတော့ နောက်လာမယ့် တိုက်ပွဲက တစ်ခုတည်းသော အခွင့်အရေးပဲ။ သူ့ကို သတ်နိုင်မသတ်နိုင်ဆိုတာ နားခိုရာဂိုဏ်းရဲ့ စည်းမျဥ်းအပေါ် မူတည်တယ်။ ဒီတစ်ကြိမ်ပြိုင်ပွဲမှာရော.ဘယ်လိုစည်းမျဥ်းတွေ ရှိလာဦးမှာလဲ"
ဖီးနစ်ဧကရီက တွေးတွေးဆဆနှင့် ပြောလိုက်၏။
"စောင့်ကြည့်ရတာပေါ့"
မီးမိစ္ဆာနှင့် အဆောင်ဧကရာဇ်သည် အကြည့်ချင်းဖလှယ်၍ လမ်းပိတ်တစ်ခုသို့ ရောက်နေပြီး လှည့်ထွက်စရာနေရာ မရှိတော့ကြောင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် နောက်ပြိုင်ပွဲ၏ စည်းမျဥ်းများက ယွမ်ရှောင်ကို သတ်ခွင့်မပေးထားလျှင် ငရဲတစ်ခုချင်းစီမှ စစ်သည်တစ်သန်း ထုတ်ပေးကာ ထာဝရဓားအကျဥ်းထောင်ကို စစ်ချီရန် ဆုံးဖြတ်လိုက်ကြပြီး ဖီးနစ်ဧကရီ၊ အောင်းယွမ်၊ ယင်မိစ္ဆာဘုရင်နှင့် ဒေါသမျက်လုံးထံ စိုက်ကြည့်လိုက်သည်။
"ဓားအပျက်အစီးနယ်မြေတစ်ခုတည်းကို တိုက်ခိုက်ဖို့ စစ်သည်ခြောက်သန်းတောင်လား"
ဖီးနစ်ဧကရီက မျက်ခုံးပင့်လိုက်သည်။
"မဟုတ်ဘူး။ ထာဝရဓားအကျဥ်းထောင်တစ်ခုလုံးကို တိုက်ခိုက်ပြီး ယွမ်ရှောင် ထွက်မလာမချင်း ဓားကျင့်ကြံသူတွေကို မျိုးဖြုတ်မယ်"
မီးမိစ္ဆာက ရက်စက်စွာ ကြုံးဝါးလိုက်သဖြင့် ပတ်ဝန်းကျင် တိတ်ဆိတ်သွားခဲ့သည်။
"ငရဲကိုးထပ်မှာ အပြစ်မရှိသူတွေ ထိခိုက်စေမယ့် စစ်ပွဲမျိုး မရှိတာ ကြာပြီ"
ယင်မိစ္ဆာက လက်မခံလိုဟန်ဖြင့် စကားစလိုက်သည်။
"ဒါဆိုရင် ယွမ်ရှောင်ကို အပြစ်တင်ရမယ်။ သူက သမိုင်းထဲမှာ တရားခံ ဖြစ်လာလိမ့်မယ်"
"ကျင့်ကြံရေးလမ်းကြောင်းမှာ အားနည်းသူတွေကို ဖိနှိပ်တာနဲ့ အပြစ်ကင်းသူတွေကို စတေးတာက ကောင်းကင်ကို ဆန့်ကျင်ပြီး ဟန်ချက်ကို ဖျက်ဆီးလိုက်တာပဲ"
ဖြောင့်မတ်မှန်ကန်သော ယင်မိစ္ဆာဘုရင်အနေဖြင့် မီးမိစ္ဆာ၏ ဆိုးယုတ်သော အကြံကို လက်မခံနိုင်ပေ။
"ဒါဆိုရင် မင်းတို့လည်း ရေသူပင်လယ်လို ဘေးထွက်နေလိုက်။ ဓားကျင့်ကြံသူတွေနဲ့ စစ်ပွဲမှာ မင်းက သူတော်စင် လုပ်ချင်နေတာလား"
မီးမိစ္ဆာက ကဲ့ရဲ့အပြစ်တင်သည်။
"ဓားကျင့်ကြံသူတွေနဲ့ ငါတို့ရဲ့ ရန်ကြွေးက ဖြေရှင်းရမှာပါပဲ။ သွေးထွက်သံယို မဖြစ်စေချင်ပေမယ့် ယွမ်ရှောင်ကို ချောင်ပိတ်ပြီး သတ်လိုက်ရင် ဒီသွေးတွေဟာ သူ့အပေါ် စွန်းထင်းသွားရလိမ့်မယ်"
အချိန်ကောင်းမဟုတ်ကြောင်း နားလည်သွားသဖြင့် ယင်မိစ္ဆာဘုရင်က တစ်ချက်ပြုံးကာ စောဒကတက်မနေတော့ပေ။
"ဒါမှ မင်းက မဟာမိတ်ရဲ့ ညီအစ်ကိုကောင်းပဲ"
မီးမိစ္ဆာနှင့် အောင်းယွမ်က ပြိုင်တူ ချီးကျူးလိုက်သည်။
"ဒါဆိုရင် ပြင်ဆင်ထားကြ။ နောက်ဆုံးစစ်ပွဲရဲ့ စည်းမျဥ်းကသာ အဆင်ပြေရင်တော့ ဒီခွေးကောင်ကို ချက်ချင်း သတ်ပစ်နိုင်တယ်"
အဆောင်ဧကရာဇ်က ဖြတ်ပြောလိုက်ပြီး ငရဲခြောက်ထပ် မဟာမိတ်သည် စစ်ပွဲအတွက် စဥ်းစားရင်း အသံကောင်းဟစ်ကာ ခန်းမအတွင်းမှ ပြန်လည် ထွက်ခွာသွားကြ၏။
"ငရဲကိုးထပ် ငြိမ်းချမ်းရေးအတွက် ငါတို့ကို သမိုင်းက အမှတ်ရနေလိမ့်မယ်"
စစ်မင်းသမီးသည် ထွက်ခွာသွားရာ လမ်းတစ်နေရာတွင် သိုလှောင်အိတ်တစ်ခု ပစ်ချလိုက်ပြီး ကျင့်ကြံရေးအရင်းအမြစ်များ ပါဝင်သည်။ သိပ်မကြာခင်မှာပင် လနတ်သား ရောက်ရှိလာကာ လျှို့ဝှက်သိမ်းဆည်း၍ ပြန်လည်ထွက်ခွာသွား၏။
"ငါ့အနားမှာ ကပ်နေ။ ဟိုဟိုဒီဒီ လျှောက်သွားမနေနဲ့"
ဖီးနစ်ဧကရီက မျက်စောင်းတစ်ချက်ထိုး၍ ဆူပူငေါက်ငမ်းလိုက်သဖြင့် သူ့အနေဖြင့် ခါးသက်သက်ပြုံးကာ ခေါင်းညိတ်ပြလိုက်ရလေသည်။