နောက်ဆုံးတိုက်ပွဲ
Vol. 27 Ch. 351
မျက်စိတစ်မှိတ်အတွင်း ကိုးရက် ကုန်ဆုံးသွားကာ ကံပင်လယ်နယ်ပယ် တိုက်ပွဲ ပြီးဆုံးကာနီး ဖြစ်သောကြောင့် အနားယူနေသော ကျင့်ကြံသူများ အဆုံးသတ်ကို မြင်တွေ့လိုသောကြောင့် ပြန်လည်ရောက်ရှိလာကြသည်။ တိုက်ပွဲကွင်းကို ကျင့်ကြံသူထောင်ပေါင်းများစွာ ဝန်းရံထားပြီး အများစုမှာ ပါဝင်ခဲ့ပြီးဖြစ်သောကြောင့် ဆုံးရှုံးကိုယ်စီရှိနေကြသည်။ သွေးကျိန်စာကိစ္စအပြီးတွင် ရေသူပင်လယ်နှင့် ထာဝရဓားအကျဥ်းထောင် နုတ်ထွက်သွားသောကြောင့် လက်ကျန်ငရဲခြောက်ခုသည် ဘုရင်ခံနေရာအတွက် အပြင်းအထန် ယှဥ်ပြိုင်ကြပြီး သေကြေပျက်စီးမှုများ ကြုံခဲ့ရ၏။ တိုက်ပွဲကိုးရာအပြီးတွင် ကျင့်ကြံသူ တစ်ထောင်ကျော် သေဆုံးသွားကာ သုံးထောင်မှာ ဒဏ်ရာပြင်းထန်သဖြင့် ယွမ်ရှောင်ကဲ့သို့ ဘုံရန်သူ ရှိနေခြင်းကပင် ငရဲအချင်းချင်း ပြိုင်ဆိုင်မှုကို လျော့ကျမသွားစေခဲ့ပေ။
"အဆောင်ဧကရာဇ်နဲ့ မီးမိစ္ဆာက နှစ်ကြိမ်တောင် ကျရှုံးခဲ့ပြီး ရေသူပင်လယ်နဲ့ နတ်ဆိုးဖြူက ရန်သူတွေ ဖြစ်သွားကြတယ်။ ယွမ်ရှောင်ကို သတ်နိုင်မသတ်နိုင်ဆိုတာ နောက်လာမယ့် တိုက်ပွဲအပေါ် မူတည်နေပြီ"
"ကြားပြီးပြီလား။ ဒီတစ်ခါ သူ မသေရင် စစ်ပွဲအကြီးအကျယ် ဖြစ်လာလိမ့်မယ်"
"တကယ် အဲ့လောက် အရေးကြီးလို့လား။ ယွမ်ရှောင် တိုက်ပွဲထဲ ဝင်ရောက်လာအောင် ဖိအားပေးတာ ဖြစ်လိမ့်မယ်"
"ဒါပေမယ့် အဆောင်ဧကရာဇ်နဲ့ မီးမိစ္ဆာရဲ့ ရန်ငြှိုးကို ထည့်တွက်ရင် စစ်သည်သန်းချီ စေလွှတ်မယ်ဆိုတာ ထူးဆန်းတာ မဟုတ်ဘူး"
ကံပင်လယ် နယ်ပယ် တိုက်ပွဲ အပြီးတွင် ကျင့်ကြံသူများအကြား တီးတိုးစကားများနှင့် ကောလဟာလများ ပျံ့နှံ့လာသည်။ လူတိုင်းက အုပ်စိုးသူများ နေရာယူထားသည်ကို လေးနက်စွာ စိုက်ကြည့်နေပြီး အေးစက်စက် သတ်ဖြတ်လိုစိတ်မှာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းနေ၏။ သို့ရာတွင် ယွမ်ရှောင် ရောက်မလာသောကြောင့် စောင့်ဆိုင်းနေရုံသာ တတ်နိုင်ပြီး တိုက်ပွဲအပြီးတွင် ကပ်ဘေးတံဆိပ်ငရဲ ဦးဆောင်နေ၍ တမလွန်ချောက်နက်၊ နေမင်းငရဲနှင့် ရှေးဟောင်းနတ်ဆိုးငရဲက အနီးကပ်လိုက်နေပြီး ရမှတ်နှစ်ဆယ်အတွင်းသာ ကွာခြားချက် ရှိသည်။ ရေနဂါးပင်လယ်နှင့် အဆုံးမဲ့ငရဲပြည်ကမူ နောက်ကျန်နေခဲ့ပြီး အနိုင်ရရန် အခွင့်အလမ်း မရှိသလောက်ပင်။ သို့ရာတွင် နောက်ဆုံးတိုက်ပွဲ၏ စည်းမျဥ်းက အပြောင်းအလဲတစ်ခု ယူဆောင်လာနိုင်ချေရှိသည်။ ကျင့်ကြံသူများ၏ မျက်လုံးများသည် စင်မြင့်ပေါ်ရှိ နားခိုရာဂိုဏ်းသား လေးယောက်ထံ စုပြုံ ကျရောက်လာပြီး ဖုလုလီနှင့် ရေနဂါးဘုရင်ကို သတ်ဖြတ်ခဲ့သော မြင်ကွင်းမှာ လတ်လတ်ဆတ်ဆတ် ရှိသေးသဖြင့် အရိပ်မိုးထားနိုင်သည်။
"အများစု ရောက်နေပြီဆိုတော့ စည်းမျဥ်းတွေကို ကြေညာဖို့ အချိန်တန်ပြီ"
မိုကျန်းကျီက ရှေ့တက်လာပြီး တည်ငြိမ်စွာ ပြောလိုက်သောအခါ တိတ်ဆိတ်သွားပြီး အားလုံး နားစွင့်နေကြသည်။ အဆောင်ဧကရာဇ်ကိုယ်တိုင်ပင် နားခိုရာဂိုဏ်းကို မေးခွန်းမထုတ်ရဲသောအခါ မည်သူမျှ ကလန်ကဆန် မလုပ်ရဲတော့ပေ။
"နောက်ဆုံးတိုက်ပွဲမှာ ကောင်းကင်ခန်းဆောင်နဲ့ အထက်အဆင့် ကျင့်ကြံသူ အကုန်ပါဝင်ရမယ်။ ဘယ်အဆင့်ဖြစ်ဖြစ် ဆန္ဒရှိရင် ပါဝင်နိုင်တယ်။ ပါဝင်သူအားလုံး ကွင်းထဲကို တပြိုင်နက် ဝင်ရောက်ပြီး အချိန်ပြည့်တိုက်ခိုက်ရမယ်။ တံဆိပ်ရှစ်ခု စုဆောင်းနိုင်ရင် ရမှတ်တစ်ခု ရမယ်"
ဤစကားက ကျင့်ကြံသူများကို အုံကြွသွားစေပြီး နားခိုရာဂိုဏ်းသည် ထိပ်တန်းကျင့်ကြံသူအားလုံးကို တိုက်ပွဲတစ်ခုအတွင်း ပစ်ထည့်လိုနေခဲ့သည်။
"ဒီလောက် ရက်စက်တဲ့ စည်းမျဥ်းမျိုး မရှိဖူးဘူး။ နားခိုရာဂိုဏ်းက တဖြည်းဖြည်း ထူးဆန်းလာနေတယ်"
သို့ရာတွင် မည်သူမှ ပေါ်တင် မကန့်ကွက်ရဲသောကြောင့် တီးတိုး ပြောဆိုနေကြသည်။
"တိုက်ပွဲအချိန်က ခနလေးဆိုရင်တောင် ရက်စက်မှုက ပထမတိုက်ပွဲထက် ကျော်လွန်နေပြီ"
"ယှဥ်ပြိုင်သူအများကြီးနဲ့ဆိုရင် ရှုပ်ထွေးပြီး သေကြေကုန်မှာပဲ"
"ကံပင်လယ်နယ်ပယ်.တိုက်ပွဲမှာ အရှုံးပေးခဲ့ရင်တောင် ဒီနေရာမှာ အောင်ပွဲ ပြန်ယူနိုင်တယ်"
ကျင့်ကြံသူတိုင်း စည်းမျဥ်းအကြောင်း ပြောနေစဥ် ဝင်ရောက်ယှဥ်ပြိုင်ရမည့် ထိပ်တန်းအကြီးအကဲများမှာ စိုးရိမ်ပူပန်နေကြသည်။
"ငါတို့ မျှော်လင့်ထားသလို အန္တရာယ်ကြီးလာပြီ"
မီးမိစ္ဆာက အဆောင်ဧကရာဇ်ဘက် လှည့်ကာ စကားဆိုလိုက်သည်။
"နားခိုရာဂိုဏ်းက ငါတို့အချင်းချင်း ပဋိပက္ခ ပိုကြီးလာအောင် လုပ်ရုံတင် မဟုတ်ဘဲ ယွမ်ရှောင်ကို ဖယ်ရှားဖို့ အခွင့်အရေးပေးလိုက်တယ်"
အဆောင်ဧကရာဇ်က မိုကျန်းကျီကို အေးစက်စက် ကြည့်နေရင်း ပြန်ပြောလိုက်သည်။
"ဓားကျင့်ကြံသူတွေနဲ့ ရေသူပင်လယ်က ခြောက်ဖွဲ့ နှစ်ဖွဲ့ တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။ ငါတို့ဘက်က အရေအတွက် ငါးဆကျော် ပိုများတယ်။ ဒီစည်းမျဥ်းက ကြမ်းတမ်းပေမယ့် အကျိုးရှိတယ်။ ယွမ်ရှောင်ကို အရင်သတ်ပြီးမှ ဘုရင်ခံနေရာအတွက် ဆက်လက်ယှဥ်ပြိုင်မယ်"
မီးမိစ္ဆာက အကြံပြုလိုက်သည်။
"ထာဝရဓားအကျဥ်းထောင် နုတ်ထွက်မှာကို စိုးရိမ်နေတာလား။ ပြောလို့တော့ မရဘူး။ ဒီကောင်တွေက ငကြောက်တွေသက်သက်ပဲ"
အဆောင်ဧကရာဇ်က ဓားအစောင့်အရှောက်ကို မနှစ်မြို့ဟန်ဖြင့် ကဲ့ရဲ့သည်။
"တိုက်ပွဲမှာ ငရဲရှစ်ထပ်လုံး ပါဝင်ရမယ်။ မဟုတ်ရင် အကုန်လုံး ပူးပေါင်းတိုက်ခိုက်တာကို ခံရမယ်"
မိုကျန်းကျီက ထပ်မံကြေညာလိုက်သောအခါ ဓားကျင့်ကြံသူများနှင့် ရေသူနတ်ဆိုးများ အေးခဲသွားကာ အခြားငရဲများ၏ ကျင့်ကြံသူများကမူ ဟားတိုက်ရယ်မောနေကြသည်။
"နားခိုရာဂိုဏ်းက ဒီကောင်တွေကို သေတွင်းထဲ ပို့လိုက်ပြီ။ နှစ်ဖွဲ့လုံးက ကောင်းကင်ခန်းဆောင် နယ်ပယ်တွေ သေကုန်ရင် ငရဲကိုးထပ်က ခုနစ်ထပ် အဖြစ် ပြောင်းလဲသွားမှာပဲ"
"နားခိုရာဂိုဏ်းရဲ့ စည်းမျဥ်းတွေက အကျိုးရှိတာပဲ။.အနည်းဆုံးတော့ ငကြောက်တွေ ထွက်ပြေးလို့ မရတော့ဘူး"
ယန်မိစ္ဆာများ၊ ရုန်းကျင့်ကြံသူများ၊ ရေနဂါးများနှင့် အလောင်း(တမလွန်)နတ်ဆိုးများ ကျေနပ်စွာ ပြုံး၍ လှောင်ပြောင်သံနှင့် ရယ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
"နားခိုရာဂိုဏ်း တစ်ခုလောက် မေးချင်ပါတယ်။ နောက်ဆုံးတိုက်ပွဲက ရမှတ်စုစုပေါင်းရဲ့ ခြောက်ဆယ်ရာခိုင်နှုန်း ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ကောင်းကင်ခန်းဆောင် နယ်ပယ် ကျင့်ကြံသူအရေအတွက် နှစ်ရာလောက်နဲ့ ဘယ်လိုလုပ် ရမှတ်များများ ရနိုင်မှာလဲ"
အဆောင်ဧကရာဇ်က အသံကို မြှင့်၍ ရုတ်တရက် မေးခွန်းထုတ်လိုက်ပြီး ငရဲကိုးထပ်အနက် ရေသူပင်လယ်တွင် ထိုအဆင့်ကျင့်ကြံသူ နှစ်ဆယ့်တစ်ယောက်သာ ရှိသောကြောင့် တံဆိပ်ရှစ်ခု စုဆောင်းရလျှင် အများဆုံးရနိုင်သည်မှာ ၂၁မှတ်သာ ဖြစ်၏။
"နောက်ဆုံးတိုက်ပွဲရဲ့ ရမှတ်တစ်ခုက ပုံမှန်ရမှတ်လေးဆယ်နဲ့ ညီမျှတယ်"
မိုကျန်းကျီ၏ စကားအရ တံဆိပ်အားလုံး လုယူနိုင်လျှင် အမှတ်ရှစ်ရာကျော် ရနိုင်ပြီး လက်ရှိ ဦးဆောင်နေသော ကပ်ဘေးတံဆိပ်ငရဲပင် အမှတ်နှစ်ရာသာ ပိုင်ဆိုင်ထားသည်။ နောက်ဆုံးတိုက်ပွဲ၏ စည်းမျဥ်းအရ အမြင့်ဆုံး တက်နိုင်သော အခွင့်အလမ်း များပြားသော်လည်း ကောင်းကင်ခန်းဆောင်နှင့် အထက် ကျင့်ကြံသူများ တိုက်ခိုက်မည်ဖြစ်သောကြောင့် မည်သည့်အရာမဆို ဖြစ်သွားနိုင်၏။ ဤသို့ဖြင့် ပထမတိုက်ပွဲကို အရှုံးပေးခဲ့သော ထာဝရဓားအကျဥ်းထောင်ပင် ထိပ်ဆုံးနေရာသို့ တက်လှမ်းရန် အခွင့်အရေး ရှိနေသည်။
"နားခိုရာဂိုဏ်းရဲ့ စည်းမျဥ်းက ငါးစာချလိုက်တာပဲ။.ဒီကောင် ဝင်လာပါ့မလား"
ကျင့်ကြံသူတိုင်း၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ရှိနေပြီး ကံပင်လယ်နယ်ပယ် တိုက်ပွဲ၌ ဝင်ရောက်ပြီးဖြစ်သောကြောင့် တိုက်ပွဲမှ နုတ်ထွက်နိုင်သည်။
"ယွမ်ရှောင် သေချာပေါက် ဝင်လာလိမ့်မယ်"
"မှန်တယ်။ မုကျန်းတန်းနဲ့ ကြီးကြပ်သူတွေ အသတ်ခံရမှာကို ထိုင်ကြည့်နေမှာ မဟုတ်ဘူး"
"စိတ်လှုပ်ရှားစရာ ကောင်းနေပြီ"
လက်ရှိတွင် ကံပင်လယ်နယ်ပယ် ကျင့်ကြံသူများက ပွဲကြည့်ပရိသတ်အဖြစ် ပြောင်းလဲသွားသည်။
"နားခိုရာဂိုဏ်းက ယွမ်ရှောင် မြင့်တက်လာမှာကို ကြောက်နေတာလား"
မီးမိစ္ဆာ၏ မျက်လုံးများတွင် အမုန်းတရားများ တောက်လောင်နေသည်။
"ပြောဖို့ခက်တယ်။ ဘာဖြစ်ဖြစ် အခွင့်အရေး ရောက်လာပြီ။ ဒီပွဲကို မဖြစ်မနေ တိုက်ခိုက်ရမယ်။ ရန်သူကို လျှော့မတွက်နဲ့။ ငရဲခြောက်ခုက ဓားကျင့်ကြံသူတွေနဲ့ ရေသူနတ်ဆိုးတွေကို အသေသတ်ဖို့ ဘယ်လိုနည်းလမ်းသုံးရသုံးရ သေချာအောင် လုပ်ရမယ်"
အဆောင်ဧကရာဇ်၏ မျက်နှာ အမူအရာက အေးစက်နေပြီး လုပ်ကြံမှု နှစ်ကြိမ် ကျဆုံးပြီးနောက် နေမင်းငရဲနှင့် ကပ်ဘေးတံဆိပ်ငရဲသည် ရန်ငြှိုးကြောင့် နောက်ဆုတ်စရာ မရှိတော့ပေ။ ရေနဂါးများနှင့် တမလွန်ပင်လယ်က စိတ်ချရသော မဟာမိတ်များ ဖြစ်ကြပြီး ဖီးနစ်ဧကရီမှာလည်း စိုးရိမ်စရာမရှိချေ။ လနတ်သားကြောင့် အနာဂတ်အကြောင်း ပူပန်နေသည့်တိုင်အောင် အာမခံချက်များ ပေးလိုက်လျှင် ပူးပေါင်းဆောင်ရွက်ပေလိမ့်မည်။
"ယင်မိစ္ဆာမျိုးနွယ်ကို ယုံလို့ မရဘူး။ သူတို့က မပူးပေါင်းရင် စိုးရိမ်စရာ မရှိပေမယ့် ဝင်ရှုပ်ရင်တော့ ပြဿနာဖြစ်စေနိုင်တယ်"
"ဒါဆိုရင် သူတို့ကို ထိန်းချုပ်ဖို့ ဓားစာခံ ရှာရမယ်"
အဆောင်ဧကရာဇ်က ထောက်ပြလိုက်ပြီး မီးမိစ္ဆာက အကြံပေးသည်။ ရေသူနတ်ဆိုးများ သစ္စာဖောက်သွားသောကြောင့် သူတို့က သတိကြီးနေပြီး ယန်နှင့် ယင် မိစ္ဆာမျိုးနွယ်၏ ရန်ကြွေးကြောင့် ယုံကြည်မှု မရှိပေ။ သူတို့၏ ပစ်မှတ်မှာ စစ်မင်းသမီး ဖြစ်လာပြီး သူမကို ဖမ်းချုပ်ထားလျှင် အဆုံးမဲ့ ငရဲပြည်ကို အကျပ်ကိုင်နိုင်ပေလိမ့်မည်။
"ဒီမိစ္ဆာမလေးကို ဖမ်းလိုက်ရင် ယင်မိစ္ဆာမျိုးနွယ်က လုံးဝ ကလန်ကဆန် လုပ်ရဲမှာ မဟုတ်ဘူး"
မီးမိစ္ဆာ၏ မျက်နှာက ရက်စက်ကြမ်းကြုတ်မှုများ ထင်ဟပ်နေသည်။ အဆောင်ဧကရာဇ်သည် ထာဝရဓားအကျဥ်းထောင်ကို သိမ်းပိုက်ရန် လောဘဇောတိုက်နေပြီး အလောင်းနတ်ဆိုးများနှင့် ရေနဂါးများက ရေသူပင်လယ်ကို မျက်စိကျနေသည်။ ထိုနည်းတူပင် ယန်မိစ္ဆာမျိုးနွယ်သည် အဆုံးမဲ့ငရဲပြည်ကို သိမ်းပိုက်ကာ ယင်မိစ္ဆာမများကို လိင်ကျွန်အဖြစ် စေခိုင်းရန် တဏှာမီးတောက်လောင်နေကြ၏။ ထို့ကြောင့် နောက်ဆုံး တိုက်ပွဲသည် အမှားအယွင်း ခံ၍ မရချေ။
"ငါ့တာဝန် ထားလိုက်"
မီးမိစ္ဆာက ရယ်မောလိုက်ပြီး အောက်တန်းကျသော အစီအစဥ်ကို အကောင်အထည်ဖော်ရန် အလျင်အမြန် ထွက်ခွာသွားလေသည်။