← Chapters

သစ္စာခံ

Vol. 27 Ch. 350

သစ္စာခံ

Vol. 27 Ch. 350

အလင်းနန်းတော်၏ ခေါင်မိုးအထက်တွင် ယွမ်ရှောင်သည် တင်ပျဥ်ခွေထိုင်နေပြီး အဖြူရောင်အလင်းဖျော့ဖျော့ တောက်ပ​ကာ သားရဲလေးက ပေါင်ပေါ်တွင် ထိုင်၍ အင်မော်တယ်ကျောက်စိမ်းများကို အဆက်မပြတ် ဝါးစားနေသည်။

"ငွေတစ်ဝက်က ပြည့်တန်ဆာကြေး၊ တစ်ဝက်က ငွေညှစ်ထားတာ အတော်ထူးခြားတဲ့ကောင်"

ကြယ်ပြာက မျက်လုံးလှန်ကြည့်၍ ရေရွတ်လိုက်သည်။

"ငါ့လို လူကောင်းတစ်ယောက်က ငွေကြေးကို ရိုးသားစွာ ရှာဖွေတတ်တယ်"

ယွမ်ရှောင်က ထိုမှတ်ချက်ကို ချက်ချင်း ပယ်ချလိုက်သည်။

"ဟိုနတ်ဆိုးမလေးသာ မရှိရင် သွေးကျိန်စာလို အရာမျိုးက တကယ့်ပြဿနာ ဖြစ်လာမှာပဲ"

"ဒီကောင်တွေက ငါ့ကို လုပ်ကြံဖို့ တားမြစ်တဲ့ သွေးကျိန်စာကိုတောင် ထုတ်သုံးနေပြီ။ အပြစ်မဲ့သူတွေနဲ့ပါ အကြပ်ကိုင်ချင်သေးတယ်"

ယွမ်ရှောင်သည် ရုန်းကျင့်ကြံသူများရှိရာ နန်းတော်ထံ စိုက်ကြည့်ပြီး ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေသည်။ သူ၏ ဒေါသက အထွတ်အထိပ်သို့ ရောက်နေပြီး ငရဲကိုးထပ်သို့ ရောက်ချိန်မှစတင်၍ အချိန်တိုင် စိန်ခေါ်နေကာ ပွဲတိုင်း အနိုင်ရခဲ့သော်လည်း ပိုမို ဆိုးရွားအောက်တန်းကျလာသည်။

"နောက်ထပ်တိုက်ပွဲမှာ ဒီရန်ကြွေးတွေ အားလုံး ရှင်းပစ်ဖို့ စည်းမျဥ်းတွေ ခွင့်ပြုပေးရင် ကောင်းမယ်"

သူ၏ အသံက အေးစက်သွားပြီး ကျင့်ကြံရန် ပြင်ဆင်နေစဥ် ကြယ်ပြာ၏ အချက်ပြမှုကြောင့် လှည့်ကြည့်လိုက်သောအခါ ခြေဗလာဖြင့် ရပ်နေသော အသားအရေ ဖြူဖျော့ဖျော့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမ၏ အလှက ဝမ်းနည်းဖွယ်ကောင်းပြီး ဆွဲဆောင်နိုင်စွမ်း ရှိသော်လည်း သင်္ချိုင်းဂူအတွင်းမှ ထွက်လာသကဲ့သို့ အလောင်းနံ့ စွဲကပ်နေသဖြင့် သေဆုံးပြီးဖြစ်ကြောင်း ငြင်းမရနိုင်ပေ။

"သခင်လေးယွမ်"

"ရှေ့တိုးလာခဲ့"

"ဟုတ်"

သူမက လေအဝှေ့တွင် ရွေ့လျားသွားကာ ယွမ်ရှောင်ရှေ့သို့ ရောက်ရှိလာပြီး နက်ရှိုင်းသော ပင်လယ်အတွင်းမှ ထူးခြားပြီး မနှစ်မြို့ဖွယ် အနံ့မျိုး ထွက်ပေါ်နေသည်။

"ဘာလို့ ငါ့ကို ကူညီရတာလဲ"

သူက နက်ရှိုင်းပြီး ဗလာဖြစ်နေသော မျက်ဝန်းများကို အကြည့်ချင်းဆုံကာ လေးနက်စွာ မေးလိုက်၏။

"နင်က ငါ့အတွက် ဒီမှောင်မိုက်နေတဲ့ လောကကြီးထဲမှာ အလင်းရောင်တစ်ခုပဲ။ ပျောက်ကွယ်သွားခွင့် မပေးနိုင်ဘူး"

သူမ၏ စကားက အဖြေရှာရန် ပဟေဠိတစ်ခုပမာ။

"ကိုယ့်ကိုကိုယ် နတ်ဆိုးတစ်ကောင်လို့ သတ်မှတ်မထားဘူးမလား"

"ငါက လူသားပါ"

သူက တစ်ချက်ပြုံး၍ မေးလိုက်သောအခါ အတွင်းစိတ်ထဲတွင် လွန်ဆွဲနေသော လေသံဖြင့် အဖြေမျိုး ရရှိလိုက်သည်။

"မင်းက လူသားဆိုပေမယ့် လူသားကမ္ဘာကို မုန်းတယ်မလား"

"ဟုတ်ပါတယ်"

"မင်းက နက်ရှိုင်းတဲ့ ပင်လယ်ကို ဂရုမစိုက်သလို နတ်ဆိုးတွေနဲ့ အပေါင်းအသင်းလုပ်ဖို့ စိတ်မဝင်စားဘူး။ မုန်းတီးမှုတွေ ပြည့်နှက်နေပြီး ဖြစ်ပေါ်လာတဲ့ ရန်ငြှိုးကြောင့် ကိုယ့်ကိုကိုယ် ဆုံးရှုံးသွားအောင် တွန်းအားပေးခံလိုက်ရပြီး မကျေနပ်မှု နတ်ဆိုးအလောင်းကောင်အဖြစ် ပြောင်းလဲသွားစေတယ် "

ယွမ်ရှောင်က သူမ၏ နာကျင်မှုကို ထုတ်ပြောလိုက်သောအခါ မျက်ဝန်းလေးများတွင် မည်သူမျှ မမြင်ဖူးသော မျက်ရည်များ ဝဲနေသည်။ ကမ္ဘာကြီးသည် သူမကို နတ်ဆိုးတစ်ကောင်အဖြစ် ရှုမြင်ကြသော်လည်း သူ့အတွက် စတေးခံလိုက်ရသော လူသားမိန်းကလေးငယ် တစ်ယောက်ပင်။

"မင်းကြောက်နေတာက လူသားစိတ်ဝိညာဥ် တဖြည်းဖြည်း ပျောက်ကွယ်လာနေတာကိုပေါ့။.ဘယ်အချိန်မှာ မင်းက ရန်ငြှိုးတစ်ခုသာ သိတဲ့ နတ်ဆိုးအဖြစ် ပြောင်းလဲသွားမလဲဆိုတာ မသိနိုင်ဘူး"

"သခင်လေးယွမ် ကျေးဇူးပြုပြီး ငါ့ကို ကယ်တင်ပေးပါ"

စကားအဆုံးတွင် သူမ​က ဒူးထောက်၍ တောင်းဆိုလိုက်ပြီး မျက်ရည်များ တသွင်သွင် စီးကျနေသည်။

"ဒါဆိုရင် ငါက မင်းကို ကယ်နိုင်မယ်လို့ ယုံကြည်ထားတာလား"

"ငါ မသိဘူး။ ဒါပေမယ့် အမြဲတမ်း မြင်နေရတဲ့ အမှောင်ထုအတွင်းမှာ ရှင်က တောက်ပနေတယ်"

နတ်ဆိုးဖြူမှာ ဝေခွဲမရနိုင်သော်လည်း သူ့ကို ယုံကြည်ထား၏။

"မတ်တပ်ရပ်ပါ"

သူမသည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး မျက်ဝန်းများတွင် စိုးရိမ်မှုများ ထင်ဟပ်နေကာ ယွမ်ရှောင် မျက်ရည်သုတ်ပေးရန် လက်လှမ်းလာသောအခါ ကြောက်လန့်နေသော ယုန်သူငယ်လေးပမာ နောက်ဆုတ်သွားမိ၏။

"ပင်လယ်ထဲကို ပစ်ချခံရတဲ့ အချိန်မှာ ဘယ်လိုခံစားခဲ့ရလဲ"

သူက လက်ကို ပြန်ရုတ်ပြီး ညှင်သာစွာ မေးလိုက်သည်။

"အဆုံးမရှိတဲ့ ကြောက်စိတ်"

"ဒီကြောက်စိတ်က မင်းရဲ့ ဝိညာဥ်ထဲကို ရောက်ရှိသွားတာပဲ။ အားကြီးသူသာ အသက်ရှင်နိုင်တဲ့ ဒီလောကကြီးမှာ ငါတို့အထက် ကျင့်ကြံသူတွေ ရှိနေသမျှ ကာလပတ်လုံး အားလုံးဟာ ပုရွက်ဆိတ်တွေပဲ။ မင်း အများကြီး ခံစားခဲ့ရတယ်။ ဒီကြောက်စိတ်ကို ကျော်ပြီး မြင်နိုင်အောင် ကြိုးစားရမယ်။ အနည်းဆုံးတော့ မင်းက လူသားစိတ် ပျောက်ကွယ်သွားတဲ့ အလောင်းကောင်တွေနဲ့ မတူညီလို့ အရာရာကို မြင်နိုင်စွမ်း ရှိသေးတယ်"

ယွမ်ရှောင်သည် နတ်ဆိုးဖြူကို အနားသို့ ဆွဲခေါ်ကာ နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်၍ အားပေးစကားဆိုလိုက်သည်။

"ဟုတ်ကဲ့"

သူမက ချက်ချင်း နောက်ဆုတ်သွားသော်လည်း တစ်ဖက်လူမှ အတင်းအကြပ် မလုပ်သောကြောင့် တင်းမာမှု လျော့နည်းသွားသည်။

"မင်းက တော်တော် ထူးခြားတယ်။ ရန်ငြှိုးကြောင့် လူသားစိတ် ဆုံးရှုံးသွားပြီး လ​က်စားချေဖို့ နတ်ဆိုးတစ်ကောင် ဖြစ်လာနိုင်ပေမယ့် အပြည့်အဝ မဖြစ်ခဲ့ဘူး။ ကိုယ့်ကိုကိုယ် ထိန်းသိမ်းထားနိုင်တာနဲ့တင် မျှော်လင့်ချက် ကျန်နေပြီး ဒါက မင်းကို ထူးခြားစေတယ်"

သူက နွေးထွေးစွာ ပြုံး၍ မှတ်ချက်ပေးလိုက်ပြီး အကြည့်များ ပြင်းထန်လာကာ စကားသံ လေးနက်စပြုလာသည်။

"မင်းအတွက် ငါက တောက်ပနေတယ်ဆိုရင် ဒီဘဝမှာ မင်းရဲ့ လမ်းကို ထွန်းလင်းပေးပါရစေ"

သူမက ထိုစကား၏ အဓိပ္ပါယ်ကို နားမလည်နိုင်ခင်မှာပင် ထောင်စောင့်နဂါး အသက်တံဆိပ် ထွက်ပေါ်လာကာ နဂါးခေါင်းကိုးလုံး၏ အကြည့်အောက်တွင် တစ်ကိုယ်လုံး အသားအရေပြာနှမ်း၍ မီးခိုးငွေ့များ ထွက်ပေါ်လာသည်။

"မလုပ်ပါနဲ့"

သူမက ကြောက်လန့်သွားကာ ရုန်းကန်ထွက်ပြေးချင်သော်လည်း တစ်ဖက်လူသည် အသက်တံဆိပ်နှင့် နဖူးကို လျင်မြန်စွာ ထိကပ်ပေးလိုကိသည်။ ပြင်းထန်စွာ တုန်ယင်သွားပြီး အော်ဟစ်လိုက်သော်လည်း အသံထွက်မလာသကဲ့သို့ မျက်လုံးအပြူးသားနှင့် အလန့်တကြား လဲကျသွား၏။ ယွမ်ရှောင်က ကလေးမလေးကို ဖမ်းထိန်းပေးလိုက်သောအခါ ရေနစ်နေသူတစ်ယောက်အလား အားကိုးတကြီးဖြင့် ဖက်တွယ်နေခဲ့သည်။ သူမက ရှိုက်ကြီးတငင် ငိုကြွေးနေကာ မျက်ရည်များ ကျဆင်းနေစဥ် မုန်းတီးခြင်း၏ နတ်ဆိုးချီများ လွင့်ပါးပျောက်ကွယ်သွားသည်။

"ပြီးသွားပါပြီ"

သူက သူမ၏ ဆံပင်ကို ညှင်သာစွာ ပွတ်သပ်ရင်း စိတ်သက်သာရာရစေ၍ ကရုဏာလေသံမျိုးဖြင့် နှစ်သိမ့်နေရ၏။ သူမသည် ဝမ်းနည်းဖွယ်အတိတ်နှင့် ညီမလေးတစ်ယောက်အလား တူညီကာ မြင်ရသူတိုင်းအတွက် သနားစရာပင်။ အားပေးနှစ်သိမ့်မှုကြောင့် ကြောက်စိတ်များ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၍ မော့ကြည့်လာသောအခါ မျက်ရည်ဝဲနေသော မျက်ဝန်းများ၌ ယွမ်ရှောင်အပေါ် လေးစားစိတ်များ ပြည့်နှက်နေသည်။ တစ်ဖက်လူသည် အမှောင်ထုကြီးအတွင်း သူမအတွက် တစ်ခုတည်းသော အလင်းရောင်ပင်။

"ဘယ်လိုခံစားရလဲ"

သူက အသက်တံဆိပ်ကို ပြန်လည်သိမ်းဆည်း၍ မေးလိုက်ခြင်း ဖြစ်သည်။

"အမုန်းတရားနဲ့ ကြောက်စိတ်အားလုံး ပျောက်ကွယ်သွားသလိုပဲ။ အရမ်းပေါ့ပါးနေပြီး ပင်လယ်ထဲ နစ်မြုပ်နေရတဲ့ ခံစားချက်မျိုး မရှိတော့ဘူး"

နတ်ဆိုးဖြူက အံ့သြတကြီး ဖြေလိုက်၏။

"မင်းအတွက် ရန်ငြှိုးနဲ့ ဝိညာဥ်တွေရဲ့ မကျေနပ်မှုကို သန့်စင်ပေးလိုက်ပြီ။ အခု ကိုယ့်ကိိုကိုယ် အပြည့်အဝ ပိုင်ဆိုင်နိုင်ပြီး သက်ရှိတစ်ယောက်နဲ့ မခြားတော့ပါဘူး"

"ဒါဆိုရင် လူသား ပြန်ဖြစ်သွားတာလား"

"မဟုတ်ဘူး။ မင်းရဲ့ ခန္ဓာကိုယ်က အလောင်းနတ်ဆိုး ဖြစ်နေတုန်းပဲ။ စွမ်းအားက လျော့ကျမသွားဘဲ ဆက်လက်တိုးတက်လာတာနဲ့အမျှ ရန်ငြှိုးတွေ တစ်ဖန် စုဝေးလာလိမ့်မယ်"

"ဒါဆိုရင် ဘာလုပ်ရမလဲ"

"ရှင်းရှင်းလေးပါ။ လိုအပ်ရင် ငါက နောက်တစ်ကြိမ် သန့်စင်ပေးနိုင်တယ်"

"ဟုတ်ကဲ့"

လွတ်မြောက်မှုကို နှစ်သက်နေပုံရသော နတ်ဆိုးဖြူမှာ ပါးကို အညှစ်ခံလိုက်ရသဖြင့် ထိတ်လန့်သွားသော်လည်း နောက်ဆုတ်မသွားတော့ပေ။

"ဒါဆိုရင် သခင်လေးရဲ့ ဘေးမှာ ထာဝရနေနိုင်တယ်ပေါ့"

သူမက စိုးရိမ်တကြီး တောင်းဆိုလိုက်၏။

"ဒါက မင်းကို ပင်လယ်ထဲ ပြန်လည် နစ်မြုပ်သွားစေလိမ့်မယ်။ ငါက ကျင့်ကြံရေးလမ်းကြောင်း အထွတ်အထိပ်ကို တက်ရောက်ဖို့ စဥ်းစားထားတယ်။ အတူတူ လိုက်ဖို့ဆိုရင် မင်းလည်း တိုးတက်ဖို့ လိုအပ်တယ်။ တစ်ခုတည်းသော နည်းလမ်းက အလောင်းတွေနဲ့ မကျေနပ်မှုတွေကို ဝါးမျိုတာပဲ။ အလောင်းနတ်ဆိုးတစ်ကောင်က အလားအလာကောင်းပေမယ့် မင်းအနေနဲ့ မရေမတွက်နိုင်အောင် သတ်ဖြတ်ရလိမ့်မယ်"

ယွမ်ရှောင်က ခေါင်းယမ်းကာ ရှင်းပြလိုက်သည်။

"ကိစ္စမရှိပါဘူး"

သူမက တုံ့ဆိုင်းခြင်းမရှိ လက်ခံသည်။

"သေချာရဲ့လား"

ယွမ်ရှောင်အနေဖြင့် နတ်ဆိုးဖြူကို နက်ရှိုင်းသော ပင်လယ်နှင့် မကျေနပ်မှုများမှ လွတ်မြောက်စေလိုသော်လည်း ဤသို့ ဆုံးဖြတ်လိုက်မည်ဟု မျှော်လင့်မထားပေ။

"ပင်လယ်ထဲက အရာအားလုံးကို ကျင့်သားရပြီးသားပါ။ သခင်လေးနောက်ကို လိုက်နိုင်သရွေ့ စိတ်ဝိညာဥ် လုံးဝပျောက်ကွယ်သွားလည်း အဆင်ပြေပါတယ်"

နတ်ဆိုးဖြူက တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်ပြီး သူ၏ လက်မောင်းကို အားကိုးတကြီး ဖက်တွယ်လိုက်သည်။

"သခင်လေးယွမ် ဒီဘဝမှာ ရှင့်ကို ခစားပါမယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ"

သူမက ညှင်သာစွာ ဒူးထောက်လိုက်ပြီး မယိမ်းယိုင်သော ဆုံးဖြတ်ချက်ဖြင့် တောင်းဆိုလိုက်သည်။

"ကောင်းပြီ။ လောလောဆယ်တော့ ပထမဆုံး သန့်စင်ပေးခအနေနဲ့ အင်မော်တယ်ကျောက်စိမ်း သန်းတစ်ရာ ပေးပါ"

သနားစဖွယ် မိန်းကလေးကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေရာမှ ယွမ်ရှောင်သည် ပြုံးယောင်သန်းလာပြီး လက်ဝါးဖြန့်ပြလိုက်လေသည်။

All Chapters