← Chapters

ချင်ယန်ကျဲ

Vol. 116 Ch. 1611

ချင်ယန်ကျဲ

Vol. 116 Ch. 1611

မိန်းကလေးမှာ အထက် ကောင်းကင်တွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲကို အာရုံခံမိလိုက်လေရာ ခေါင်းကို မော့ကြည့်ရင်း အဖြူရောင်ဝတ် လူငယ်၏ အရိုးစုလက်ထဲမှ ထွက်ခွာလာခဲ့သည်။ တိုက်ပွဲဝင်နေသည့် ကျင့်ကြံသူများမှာ သေမျိုးတစ်ပိုင်း အရှင်အဆင့်များ ဖြစ်ကြောင်း သတိထားမိသော အခိုက်၌ သူမ၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့သည်။

ဘုန်း... ဘုန်း...

တိုက်ပွဲထံမှ ထွက်ပေါ်လာသည့် ဖျက်ဆီးရေး စွမ်းအင်လှိုင်းများမှာ သူမထံကို ရောက်ရှိလာခဲ့၏။ သို့သော်လည်း မှေးမှိန်သည့် အဝါရောင် မြေကြီး လျှို့ဝှက် အကာအကွယ် တစ်ခု ဖြစ်ပေါ်လာကာ အားလုံးကို ပိတ်ဆို့လိုက်သည်။ မိန်းကလေး၏ ရှေ့ရှိ အရိုးစု လူယ်မှာ ကျန်ရှိနေသည့် လျှို့ဝှက် စွမ်းအင်များကို သုံးကာ မိန်းကလေးကို ကာကွယ်ဖို့ ကြိုးစားနေခြင်း ဖြစ်ပေသည်။

ကံမကောင်းစွာပင် ဤနေရာမှာ သူ သူမကို ခေါ်ဆောင်သွားနိုင်သည့် အဝေးဆုံး အကွာအဝေး ဖြစ်ပေသည်။

အရိုးစု လူငယ်မှာ သူ့လက်မောင်းများထဲမှ မိန်းကလေး ထွက်ခွာသွားကြောင်း မှေးမှိန်စွာ ခံစားလိုက်မိသည်။ သက်ပြင်းချသံ တစ်ချက် ထွက်ပေါ်လာကာ ဒူးများမှာ မြေပြင်ပေါ် ပြုတ်ကျသွားခဲ့၏။ သူ၏ လက်မောင်းများမှာလည်း ဘေးဖက်သို့ အားမရှိအောင်ပင် တွဲကျသွားခဲ့သည်။ သူက နောက်ဆုံး ကျန်ရစ်သည့် ဝိညာဉ်စွမ်းအင်ကို အသုံးချကာ ခေါ်လိုက်၏။

“ကျိုးမေလင်း…”

ကျိုးမေလင်းမှာ မကောင်းဆိုးရွား စောင့်ကြပ်သူ နောက်မှ လိုက်လာခြင်း ရှိ၊ မရှိ စစ်ဆေးနေခဲ့၏။ လိုက်မလာကြောင်း သေချာသွားသော အခါ သူမ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ နောက်ထပ် ဆက်လုပ်ရမည့် အစီအစဉ်များကို သူမ စိတ်ထဲမှ တွေးတောလိုက်သည်။ သို့သော်လည်း... အရိုးစု လူငယ်၏ ခေါ်သံက သူမ၏ အာရုံများကို ပြောင်းလဲ သွားစေခဲ့၏။

သူမက ခေါင်းကို လှည့်ကြည့်လိုက်သည်။ အေးစက်စက် မျက်ဝန်းများကတော့ ပုံမှန်အတိုင်း အပြောင်းအလဲ မရှိပါချေ။

“ကျေးဇူးတင်ပါတယ်... ချင်ယင်ကျဲ”

သို့သော်လည်း မိန်းကလေး၏ စကားလုံးများကတော့ ရိုးသားပေသည်။ ထို့အပြင် ချင်ယင်ကျဲ၏ အခြေအနေကို သူမ ရှင်းလင်းစွာပင် ခံစားနိုင်သည်။ လူငယ်မှာ လျှို့ဝှက် ဝိညာဉ်ကို လောင်ကျွမ်းကာ မြေကြီးရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံကို အတင်းအကြပ် ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ သူက ဆက်လက်၍ အသက်ရှင်နိုင်လျှင်ပင် ကျင့်ကြံခြင်း ခရီးလမ်းကို ရှေ့ဆက်လျှောက်ရန် အရည်အချင်းများ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း... သူ၏ လက်ရှိ အခြေအနေမှာ သေဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ့ကို ကယ်တင်နိုင်စရာ အကြောင်း မရှိပါတော့ချေ။ နတ်ဘုရား တစ်ပါးသာ ရောက်မလာပါက သူက ဤနေရာတွင် အဆုံးသတ်တော့မည် ဖြစ်သည်။ ကျိုးမေလင်းမှာ ချင်ယင်ကျဲ၏ အသက်အား ဆွဲဆန့်ရန် အတွက် ဆေးဝါးများ သုံးစွဲဖို့ပင် မကြိုးစားခဲ့ချေ။ သူက အများဆုံး စက္ကန့် အနည်းငယ်သာ ရှင်သန်နိုင်တော့မည် ဖြစ်သည်။

ကျိုးမေလင်း၏ မျက်လုံးများမှာ ချင်ယင်ကျဲ၏ ညာဘက် လက်ညိုးရှိ ရှန့်ထို လက်စွပ်ထံ ကျရောက်သွား၏။ ဝိညာဉ်အာရုံနှင့် အတူ ထိုအတွင်းပိုင်း၌ အဆင့်နိမ့် အဆောင်တစ်ချို့၊ ဆေးတောင့်များ၊ ဆေးရည်များနှင့် ရတနာများ ရှိနေသည်ကို တွေ့လိုက်ရသည်။ အချို့သော ရွေးချယ်ခံများမှာ မကြာခဏ ဆိုသလို သူတို့ ရရှိထားသည့် ဆုလာဒ်များကို အပြင်သို့ ပေးပို့နိုင်သည့် နည်းလမ်းများအား အသုံးပြုကြသည်။ များသောအားဖြင့် အဆောင်များကို သုံးခြင်း ဖြစ်သည်။

ချင်ယန်ကျဲမှာ လျှို့ဝှက်ဝိညာဉ်ကို လောင်ကြွမ်းခြင်း မပြုခင်ကတည်းက သူ၏ အဆင့်မြင့် အရင်းအမြစ်များ အားလုံးကို အပြင်ဘက်သို့ ပြန်လည် ပေးပို့ထားခဲ့ခြင်း ဖြစ်သည်။

သူ၏ မိသားစုများမှာ အပြင်လောက၌ ရှိနေသည်။ သူ သူတို့အတွက် ကောင်းမွန်သည့် ပစ္စည်းတစ်ချို့ကို ချန်ထားခဲ့လို့သည်။ ရွေးချယ်ခံတိုင်းမှာ မိသားစုကြီးများမှ လာကြသူများ မဟုတ်ကြချေ။ လာကြလျှင်ပင် အရင်းအမြစ်များ အတွက် ပြိုင်ဆိုင်မှုများမှာ အလွန်ပင် ပြင်းထန်လှသည်။

ချင်ယန်ကျဲထံတွင် သူ ချစ်ရသည့် ညီလေး တစ်ဦး ရှိသည်။ ရရှိထားသမျှ အဆင့်မြင့် အရင်းအမြစ်များအား ပြန်လည် ပေးပို့ခဲ့ခြင်းကို ထောက်ချင့်ရပါက ချင်ယန်ကျဲမှာ သူ၏ အခြေအနေကို လုံးဝ နားလည်နေကြောင်း ဖော်ပြနေသည်။ သူ၏ ခရီးလမ်းမှာ ဤနေရာတွင် အဆုံးသတ်မည် ဖြစ်ပေသည်။

ကျိုးမေလင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ပိရမစ်အား မဖွင့်ခင် သူတို့မှာ ဇစ်ပူဇော်ခံ ရွေးချယ်ခံ လေးဦး၏ အရင်းအမြစ်များကို ခွဲဝေခဲ့ကြသည်။ ယင်ယန်ကျဲနှင့် သူမတို့မှာ ပိုမို နက်ရှိုင်းစွာ ပါဝင် အားထုတ်ခဲ့မှုများကြောင့် အမြတ်အများဆုံးကို ရရှိခဲ့သည်။ ကျိုးမေလင်း မချင့်မရဲ ဖြစ်သွားခဲ့၏။ သူက အဘယ်ကြောင့် အပြင်ဘက်ကို ပို့လိုက်ရသနည်း။

“ငါ...”

ချင်ယန်ကျဲ၏ အသက်ရှူသံက တိုးညှင်းစွာ ထွက်ပေါ်လာခဲ့၏။ အပြင်ဘက်၌ ပြင်းထန်သော ပေါက်ကွဲသံများ ဖြစ်ပေါ်နေလေရာ နားစိုက်ထောင်မှသာ ကြားနိုင်ပေလိမ့်မည်။

“ဖြစ်ပျက်... ခဲ့သမျှက... ခြားနားရင် ကောင်း... ကောင်းမှာပဲ”

သူ၏ မျက်လုံးများမှာ အစစ်အမှန်ဆုံးသော ခံစားချက်တို့နှင့် ပြည့်နှက် နေခဲ့၏။ ကျိုးမေလင်းက ချင်ယန်ကျဲကို ခံစားချက် ကင်းမဲ့စွာပင် ကြည့်လိုက်သည်။ ထို့နောက် သူမက ခေါင်းခါလိုက်၏။

“နင် ငါ့ကို အချိန် အကြာကြီး လိုက်ခဲ့တာ... ဒါပေမဲ့ စတွေ့တဲ့ အချိန်တည်းက စလို့ နင့်ရဲ့ အကြည့်တွေက ငါ့အတွက် စိတ်ပျက်စရာချည်းပဲ... နောက်ပြီး နင့်ရဲ့ ဖားယား စကားပြောတဲ့ ပုံစံက ကျင့်ကြံသူ တစ်ယောက် ဖြစ်ဖို့ မသင့်တော်ဘူး... ဘာပဲ ဖြစ်ဖြစ် အနည်းဆုံးတော့ နင်က အသုံးတော့ ဝင်ပါသေးတယ်လေ”

သူမက နှလုံးသားထဲမှ အတွေးများကို အရိုးသားဆုံး‌ ပြောလိုက်သည်။

“နင်တို့လို နွားကျတဲ့ ယောက်ျားတွေကို ငါ နားမလည်ဘူး... ကိုယ့်အတွက် မထိုက်တန်တဲ့ မိန်းမတွေ အတွက်လည်း သေရဲကြတာပဲ... နင် သိလား... ငါနဲ့ လျူကျိယွမ်တို့က အစတည်းက အတူတူ အိပ်နေခဲ့ကြတာ”

ဖွင့်ဟဝန်ခံလိုက်ပြီးနောက် ကျိုးမေလင်းမှာ စိတ်သက်သာရာရသည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ လျူကျိယွမ်မှာ သူမကို စွန့်ခွာ သွားခဲ့သည့်တိုင် သူက ကိုယ့်အခြေအနေကို နားလည်သည့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

အကယ်၍ သူသာ ချင်ယန်ကျဲ ကဲ့သို့ ကိုယ့်ကိုယ်ကို ထိခိုက်စေသည့် နည်းလမ်း တစ်ခုကို အသုံးပြုခဲ့မည် ဆိုပါက (ဆက်လက် အသက်ရှင်သန်နိုင်လျှင်ပင် သူ၏ ကျင့်ကြံခြင်း လမ်းကြောင်းက ပျက်စီး သွားမည် ဖြစ်လေရာ) သူမ သူ့ကို လေးစားတော့မည် မဟုတ်သလို ဆက်လက်၍လည်း အတူတူ ရှိနေနိုင်တော့မည် မဟုတ်ချေ။

ထိုအရာက သစ္စာဖောက်ခြင်း မဟုတ်ချေ။ လက်တွေ့ကျခြင်းသာ ဖြစ်သည်။ သူတို့ အတွက် ဆက်လက် အသက်ရှင်သန်ရန် နှစ်ပေါင်း သောင်းချီ ကျန်ရှိနေပေသေးသည်။ အဆင့်အတန်း၊ ခွန်အားနှင့် အနာဂတ် မရှိသည့် လူတစ်ဦးနှင့် သူမ မည်ကဲ့သို့ အတူတူ ရှိနေနိုင်မည်နည်း။

သို့သော်လည်း ချင်ယန်ကျဲက တိုးလျစွာပင် ပြန်လည် ပြောလိုက်၏။

“ငါ… သိ… တယ်”

“…”

ကျိုးမေလင်း တစ်ယောက် ပထမဆုံး အကြိမ် အဖြစ် တုန်လှုပ် သွားခဲ့၏။

“ငါ အမြဲသိခဲ့တယ်... ဒါပေမဲ့ အဲဒီနေ့ လရောင်ရင်ပြင်ပေါ်မှာ မင်းကို ငါ တွေ့လိုက်ရတဲ့အခိုက်အတန့်... အဲဒီတည်းက ငါ မင်းကို ချစ်မိသွားခဲ့တယ်... ငါ့ နှလုံးသားက ဘာကို လိုချင်ခဲ့တယ် ဆိုတာကို ငါ သိတယ်”

အံ့ဩစရာ ကောင်းစွာပင် ဤတစ်ကြိမ်တွင်တော့ သူ၏ စကားလုံးများက ချောမွေ့စွာ စီးဆင်း သွားခဲ့သည်။

ဘုန်း...

ပုံရိပ် တစ်ခုမှာ သူတို့နှင့် မီတာရာဂဏန်းခန့် အကွာသို့ ပြုတ်ကျလာခဲ့၏။ လျှို့ဝှက် စွမ်းအင်လှိုင်းများက ချင်ယန်ကျဲ ဖန်တီးထားသည့် အဝါရောင် လျှို့ဝှက် အကာအကွယ်ကို ရိုက်ခတ် သွားခဲ့သည်။ သူက ကောင်းကင် မျိုးနွယ်ဝင် ကျင့်ကြံသူ ဖြစ်ကာ ခန္ဓာကိုယ် တစ်ခုလုံး ပျော့ခွေ နေခဲ့ပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် သူက သေဆုံးသွားခဲ့လေပြီ။

“သရဖူ အပိုင်းအစ...”

ကျိုးမေလင်း၏ အာရုံ စူးစိုက်မှုက သေအံ့ဆဲဆဲ အဖြူရောင်ဝတ် လူငယ်ထံမှ ပြောင်းလဲ သွားကာ ကောင်းကင်မျိုးနွယ်ဝင် ရွေးချယ်ခံ ဆုပ်ကိုင်ထားသည့် လက်သီး အတွင်းမှ အစိတ်အပိုင်းထံသို့ ရောက်ရှိသွားခဲ့သည်။ အရောင်အရ ဆိုလျှင် ၎င်းမှာ ထိမ်းသိမ်းခြင်း အပိုင်းအစ ဖြစ်ပေသည်။ ချက်ချင်းပင် ကျိုးမေလင်း၏ မျက်လုံးများက တောက်ပလာကာ လောဘစိတ်က သူမ ဝိညာဉ်အတွင်း ခိုအောင်း လာခဲ့၏။

၎င်းမှာ ရက်အနည်းငယ်ကြာ ပိုင်ဆိုင်နိုင်လျှင်ပင် အံ့ဩဖွယ် ကောင်းကင်ဘုံ၏ အခွင့်အရေး တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

ဘုန်း...

အလွန်တရာ ကြီးမားလှသည့် ပုံရိပ်ကြီး တစ်ခုမှာ ထိုအနားသို့ ကျဆင်းလာ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ သွေးများဖြင့် လိမ်းကျံနေကာ ပြင်းထန်စွာ ဒဏ်ရာ ရရှိထားသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။ သို့သော်လည်း သူ၏ မျက်လုံးများကတော့ အံ့မခန်း တောက်ပနေခဲ့၏။

တိုက်တန်မျိုးနွယ်မှာ မြေကြီးရှန့်ထို အဆင့် စွမ်းအားများနှင့် ဖွဲ့စည်းထားသော အဝါရောင် လျှို့ဝှက် အကာအကွယ်ကို သတိထားလိုက်မိပေသည်။ သို့သော်လည်း သူက မတွန့်မဆုတ်ပင် လျစ်လျူကာ သရဖူ အပိုင်းအစကိုသာ လှမ်းယူလိုက်၏။

“ကျိုးမေလင်း… ငါ…”

ချင်ယန်ကျဲမှာ ကျန်ရှိနေသေးသည့် စကားလုံး အနည်းငယ်ကို ပြောဆိုဖို့ အတွက် ခံစားချက်များကို စုစည်းလိုက်သည်။ ဘဝ၏ နောက်ဆုံးသော အခိုက်အတန့်တွင် ကျိုးမေလင်း၏ နှလုံးသားပေါ်၌ အမှတ်အသား တစ်ခု ချန်ထားနိုင်ခဲ့ရန် သူ မျှော်လင့် နေခဲ့သည်။

သို့သော်လည်း ကျိုးမေလင်းက သူ့ကို လျစ်လျူထား၏။ သူမ၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေကာ တိုက်တန်၏ လှုပ်ရှားမှုများကိုသာ အာရုံစိုက် နေခဲ့သည်။ ထိုတိုက်တန်မှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်ကြောင်း သူမ သိရှိထားပေသည်။ သို့သော်လည်း... သူက ပြင်းထန်စွာ ဒဏ်ရာ ရရှိထားကာ သူမကတော့ စွမ်းအား အများစုကို ယခုအထိ မသုံးစွဲရသေးချေ။ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာပါက သူမထံတွင် အခွင့်အရေး ရှိပေသည်။

***

All Chapters