← Chapters

ကံကြမ္မာ ပြောင်းလဲခြင်း (၂)

Vol. 116 Ch. 1613

ကံကြမ္မာ ပြောင်းလဲခြင်း (၂)

Vol. 116 Ch. 1613

တစ်ချိန်တည်း၌...

“ဘယ်လောက်တောင် ညစ်ပတ်လိုက်တဲ့ အတွဲလဲ...”

အပြာရောင် ဦးချို တစ်ချောင်းပါ နဂါးလေးကို ပွေ့ချီလာသည့် ဟေဇယ် မျက်လုံးများ ပိုင်ရှင် မိန်းမငယ်လေး တစ်ယောက်မှာ အဝါရောင် လျှို့ဝှက် မြေကြီး အကာအကွယ်နားသို့ ရောက်ရှိလာခဲ့သည်။

“မင်း ဗိုက်ဆာနေလား...”

မိန်းကလေးက သူမ၏ လက်မောင်းများထဲရှိ အပြာရောင် နဂါးလေးကို မေးလိုက်သည်။ နဂါးလေးမှာ အလွန် ချစ်စရာကောင်းသည့် ချစ်စဖွယ် အော်ဟစ်သံလေးကို ထုတ်လွှတ်ကာ မှေးမှိန်စပြုနေသည့် အဝါရောင် မြေကြီး လျှို့ဝှက် အကာအကွယ်ကို နီနီရဲရဲ လျှာကလေးနှင့် လျက်လိုက်လေသည်။

မိန်းကလေးက လှပစွာ ပြုံးလိုက်ရင်း နဂါးလေး၏ ဦးခေါင်ကို ပွတ်သပ်ပေးလိုက်၏။

သူမကတော့ အခြားလူ မဟုတ်...။ နဂါး နတ်မိမယ် တစ်ဖြစ်လည်း ဝေ့ဝူယင်၏ တစ်ဦးတည်းသော ကိုယ်လုပ်တော် ဖြစ်သည့် ရွှယ်ရီဖေးပင် ဖြစ်လေသည်။

မိန်းကလေးမှာ ထိုအတွဲအပေါ် စက်ဆုပ်ရွံရှာမှုကို မနည်း ဖုံးကွယ်ထားရ၏။ သို့သော်လည်း... ထိုမျက်လုံးများ အတွင်းတွင် သနားကြင်နာမှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုတို့လည်း ရှိနေသည်။ ကျေနပ်နှစ်သိမ့်နေသည့် အပြုံးမျက်နှာကလေးနှင့် သေဆုံးနေသည့် ပိန်ချုံးခြောက်ကပ်နေသော အလောင်းထံကို သူမ လှမ်းကြည့်လိုက်၏။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း၌ ရွှယ်ရီဖေးမှာ အခွင့်အရေးများနှင့် အစိတ်အပိုင်း တစ်ခုကို ရှာဖွေရင်း အပြောကျယ်လှသည့် ကုန်းမြေများ တစ်လျှောက် တိတ်တဆိတ် ခရီးနှင် နေခဲ့သည်။ ထိုအတောအတွင်း သူမမှာ အာကာသ အလွှာ သုံးခုနှင့် ပတ်ဝန်းကျင် ပေါင်းစည်းခြင်းများကို ထူးခြားစွာ မြင်နိုင်စွမ်း ရှိသည့် အမြင်အာရုံကို ရုတ်တရက် အသုံးချလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့် အတိအကျမှာပင် ကျင့်ကြံသူ တစ်ဦးမှာ ပုံသေ အာကာသကို ဖြတ်ကျော်ကာ တစ်နေရာသို့ လျင်မြန်စွာ ခရီးသွားနေသည်ကို တွေ့ရှိခဲ့ရသည်။

တစ်ခုထူးခြားသည်က ထိုပုဂ္ဂိုလ်မှာ ထွက်ပြေးနေခြင်း မဟုတ်ပဲ နောက်မှ လိုက်နေခြင်း ဖြစ်သည်။ လှုပ်ရှားမှုကို ဖုံးကွယ်ရန် အတွက် လျှို့ဝှက်စွမ်းအင်များစွာအား အသုံးပြု နေရစဉ်တွင် တစ်စုံတစ်ဦး၏ နောက်မှ လိုက်နေခြင်းမှာ ထူးဆန်းပေသည်။ သူမ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာကာ နောက်မှ လိုက်လာခဲ့သည်။ ထို့နောက် သူမ အရာအားလုံးကို မြင်တွေ့ခဲ့ရသည်။

အကြောင်းအရာအပြည့်အစုံကို မသိရှိခဲ့သော်လည်း အရိုးစု လူငယ်၏ နောက်ဆုံးသော စကားလုံးများထဲတွင် သူ၏ နှလုံးသားထဲမှ အစစ်မှန်ဆုံးသော ချစ်ခြင်း မေတ္တာများ ပါဝင်နေကြောင်း ရွှယ်ရီဖေး ခံစားနိုင်ပေသည်။ ရွံရှာ စက်ဆုပ်ဖွယ် အတွဲ ပြောနေသည့် စကားလုံးများကို နားထောင်ပြီး နောက်တွင်တော့ သူမ အရာအားလုံးကို ရှင်းလင်း သွားခဲ့သည်။ ချန်ယင်ကျဲမှာ ကျိုးမေလင်း၏ အသက်ကို ကယ်တင်ရန် အတွက် သူ့ အသက်ကိုပင် စေတေးခဲ့ကြောင်း ကောင်းစွာ နားလည် သွားခဲ့သည်။

ထိုမြင်ကွင်းအား တွေ့မြင်လိုက်ရသည့် မည်သူမဆို ဒေါသမထွက်ဖို့ အလွန် ခက်ခဲပေသည်။ အလွန့် အလွန်ကို ခက်ခဲလှသည်။ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ တုန့်ပြန်ခြင်း မပြုနိုင်သည့် အခြေအနေမျိုးကို ရွှယ်ရီဖေး နားလည် သဘောပေါက်ပေသည်။ ဘယ်တော့မှ ပြန်မပေးနိုင်သည့် တုန့်ပြန်မှု တစ်ခုကို မျှော်လင့်နေခြင်းက မည်မျှ စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းကြောင်းကိုလည်းသူမ သိသည်။

မိန်းကလေး အနေဖြင့် ချစ်ခြင်းမေတ္တာအား အသုံးချ၍ အရိုးစု လူငယ်အား ခိုင်းစေခြင်းကို သူမ လက်ခံ နိုင်ပေသည်။ သို့သော်လည်း ၎င်းအား တစ်ဖက်သတ် ရယူသည့် အပြင် မလေးမစား လုပ်ခဲ့သည်ကတော့ သည်းခံနိုင်သည့် အရာထက် များစွာ ကျော်လွန်နေပေသည်။

“...”

ရွှယ်ရီဖေး ငြိမ်သက်စွာ စဉ်းလိုက်၏။

ဘုန်း... ဘုန်း...

ထိုအခိုက်တွင်ပင် ပြင်းထန်သည့် ပေါက်ကွဲသံများ အဝေးဆီ ထွက်ပေါ်လာသည်ကို သူမ ကြားလိုက်ရသည်။ ပြင်းထန်သည့် လေမုန်တိုင်းအား အောက်တွင် သူမ၏ ဝတ်ရုံများမှာ တဖျပ်ဖျပ် လွင့်စဉ် သွားခဲ့၏။

သူမ အဝါရောင် မြေကြီး လျှို့ဝှက် အကာအကွယ်ကို ကြည့်လိုက်သည်။ ၎င်းမှာ အနည်းငယ်မျှပင် ယိုင်နဲ့ခြင်း မရှိပဲ ဆက်လက် တည်တံ့နေဆဲ ဖြစ်သည်။ ၎င်းအား မည်ကဲ့သို့ ကိုင်တွယ်ရန် ရွှယ်ရီဖေး တွေးတောနေစဉ်မှာပင် အဝေးဆီမှ တိုက်ပွဲမှာ ရှောင်လွှဲ၍ မရသည့် အဆုံးသတ် တစ်ခုကို ချဉ်းကပ်လာနေခဲ့လေသည်။ သူမ ညင်သာစွာ သက်ပြင်းချလိုက်၏။

“သူ့ကို အစောကြီး ထွက်မသွားစေနဲ့...”

ရွှယ်ရီဖေး ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အပြာရောင် နဂါးလေးမှာ သူမ လက်မောင်းများထဲမှ ခုန်ထွက်လာခဲ့သည်။ ထို့နောက်တွင်တော့ အာကာသ အတွင်း တိုးဝင်ကာ မှေးမှိန်သည့် အသံတစ်ခုနှင့် အတူ ပျောက်ကွယ်သွားခဲ့သည်။

ရွှယ်ရီဖေးက ချန်ယင်ကျဲ၏ နောက်ဆုံးသော ဆန္ဒနှင့် အတူ အသက်ဝင်နေဆဲ ဖြစ်သည့် အဝါရောင် မြေကြီး လျှို့ဝှက် အကာအကွယ်ကို ပြန်လည် ကြည့်လိုက်သည်။ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် သူမမှာ ၎င်း၏ ရှေ့သို့ ရောက်ရှိသွားခဲ့၏။

အရှက်ကင်းမဲ့သည့် မောင်နှံမှာ သူတို့၏ အနီအနားတွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ထင်ရှားလာသည်ကို တွေ့မြင်လိုက်ရလေသည်။ ရုတ်တရက်ပင် သက်ဝင် လှုပ်ရှားနေသည့် အသံများမှာ အဆုံးသတ် သွားကာ တိုက်ခိုက်ရန် အဆင်သင့် ပြင်လိုက်လေ၏။

ရွှယ်ရီဖေးက သူမ၏ လက်ကောက်ဝတ်ကို ထိလိုက်သည်။ ဟင်းလင်းပြင် ပုံဆောင်ခဲများမှ ဖန်တီးထား သကဲ့သို့ အလင်းရောင် တောက်ပနေသည့် လက်ပတ်တစ်ခု ပေါ်လာခဲ့၏။ သူမက ၎င်းကို လက်ညိုး၊ လက်ခလည်တို့ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်လေရာ မှေးမှိန်သည့် မီးခိုးရောင် အလင်းများ ထွက်ပေါ်လာ၏။ ၎င်းတို့က ပတ်ဝန်းကျင်ရှိ အာကာသ အလွှာ သုံးခုလုံးကို ပိတ်ဆို့ လိုက်လေသည်။

“တကယ် အဆင်ပြေတယ်... နင်တို့ မလေးမစား ပြုမူခဲ့တဲ့ အလုံခြုံဆုံး နေရာက နင်တို့ရဲ့ အုတ်ဂူ ဖြစ်လာလိမ့်မယ်...”

ရွှယ်ရီဖေး၏ စကားလုံးများက ပေါ့ပါးသော်လည်း ၎င်း၏ အောက်ခြေတွင် မီးတောင်တစ်လုံး ပေါက်ကွဲ သကဲ့သို့ ဒေါသများက ကိန်းအောင်းနေသည်။ မိန်းကလေး၏ မျက်ဆံများက ခရမ်းရောင် အဖြစ် ပြောင်းလဲ သွားကာ ကောင်းကင်များကိုပင် ဖျက်ဆီးပစ်နိုင်သည့် နတ်ဆိုး အရှိန်အဝါကို ထုတ်လွှတ်လာခဲ့၏။

ရွှယ်ရီဖေးမှာ အဝါရောင် မြေကြီး လျှို့ဝှက် အကာအကွယ် အတွင်းသို့ တိုက်ရိုက် လမ်းလျှောက် ဝင်သွားခဲ့၏။ ၎င်း၏ မြေကြီး ရှန့်ထိုအဆင့် စွမ်းအင်များက သူမကို မထိခိုက်နိုင်ပုံ ရလေသည်။

“မင်း ဘယ်သူလဲ...”

မြူများ အတွင်းမှ သတိထားမှု၊ ဒေါသတို့နှင့် ရောနှောနေသည့် အေးစက်စက် အသံတစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့၏။

“လမ်းသွားလမ်းလာတစ်ယောက်...”

ရွှယ်ရီဖေးက ရိုးရှင်းစွာသာ တုန့်ပြန်သည်။ မြူများ အတွင်း တိုးဝင် လျှောက်လှမ်းနေသည့် သူမ၏ ခြေလှမ်းများကတော့ အဟန့်အတား မရှိပါချေ။

ထို့နောက်တွင်တော့...

ဘုန်း.... ဘုန်း...

လျှို့ဝှက် အော်ရာနှင့် လျှို့ဝှက် စွမ်းအင် ပေါက်ကွဲမှုများမှာ အဝါရောင် မြေကြီး လျှို့ဝှက် အကာအကွယ်အတွင်း ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း ၎င်းတို့မှာ အသက်တစ်ရှိုက်စာမျှသာ ကြာမြင့်လိုက်ကာ လျှင်မြန်စွာ ပြန်လည် လျော့ကျသွားခဲ့၏။

“ရပ်လိုက်...”

ကျိုးမေလင်း၏ ထိတ်လန့် တုန်လှုပ်နေသည့် အော်ဟစ်သံမှာ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ ထို့နောက်တွင်တော့ စိတ်နှလုံး ကွဲကြေစရာ ကောင်းလှသည့် အသံနက်ကြီး တစ်ခု...။

“အား...”

အဝါရောင် မြေကြီး လျှို့ဝှက် အကာအကွယ်မှာ သွေးများဖြင့် ဆေးရောင်စုံခြယ် ခံလိုက်ရ၏။ သို့သော်လည်း ၎င်းမှာ အဆုံးသတ် မဟုတ်သေးချေ။ အရက်စက်ဆုံးလူများကိုပင် ထိတ်လန့် တုန်လှုပ်သွားစေနိုင်သည့် နှိပ်စက်သံများနှင့် စစ်ဆေး မေးမြန်းသံများ ထွက်ပေါ်လာခဲ့၏။

အဝါရောင် မြေကြီး လျှို့ဝှက် အကာအကွယ်မှာ တုန်ရီနေ၏။ ၎င်းမှာ ချန်ယင်ကျဲ၏ နောက်ဆုံး ဆန္ဒကို ကိုယ်စားပြုနေလေရာ အတွင်း၌ ဖြစ်ပေါ်နေသည့် အရာများကို မျက်မြင်တွေ့ရှိခဲ့ပြီးနောက် ပိုမို၍ ပြင်းထန်လာခဲ့သည်။ သွေးများကတော့ စီးကျနေဆဲ ဖြစ်၏။

လျှို့ဝှက် အကာအကွယ် အတွင်းရှိ မြူများမှာ တဖြည်းဖြည်း ခရမ်းရောင်အဖြစ် ပြောင်းလဲ လာခဲ့သည်။ ၎င်းတို့မှာ လျှို့ဝှက် အကာအကွယ် အတွင်းရှိ အရာအားလုံးကို ဖုံးအုပ်သွားသည်အထိ ပို၍ ထူလာသည်။

ဘုန်း...

မျက်ရည်များ ပြည့်လျှံကျနေသည့် သွေးစွန်းနေသော မျက်နှာကြီး တစ်ခုမှာ လျှို့ဝှက် အကာအကွယ်၏ မျက်နှာပြင်ဆီသို့ လွင့်ပျံလာကာ ရိုက်ခတ်သွားခဲ့သည်။

လျှို့ဝှက် အကာအကွယ်မှာ ကျိုးမေလင်းမှ လွဲ၍ အတွင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်ရန် ဦးတည် ဖန်တီးထားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းမှာ လျှို့ဝှက်စွမ်းအင်များကို ဦးခေါင်းအတွင်း အတင်းအကြပ် လောင်းထည့်လိုက်ရာ ဦးခေါင်းမှာ ပိုမို၍ ကြီးလာခဲ့သည်။

ဘုန်း...

ထို့နောက်တွင်တော့ ၎င်းမှာ ကြေမွနေသည့် အရိုးနှင့် အသားများ အဖြစ် ပေါက်ကွဲ သွားခဲ့တော့၏။ လျှို့ဝှက် မြေကြီး အကာအကွယ်မှာ ကျိုးမေလင်းမှ လွဲ၍ ကျန်တည်ရှိမှုများအား ဖျက်ဆီးရန် အတွက် အရိုးစု လူငယ်၏ နောက်ဆုံး ဆန္ဒနှင့် အတူ ပြုမူခဲ့ပေသည်။ ပေါက်ကွဲသွားခဲ့သည့် ဦးခေါင်းကတော့ လျူကျိယွမ်၏ ဦးခေါင်းပင် ဖြစ်လေသည်။

ကျန်ရစ်သော ခန္ဓာကိုယ်ကတော့ အကာအကွယ် မျက်နှာပြင် တစ်လျှောက် အောက်သို့ လျှောကျသွားခဲ့၏။ အဝါရောင် မြေကြီး လျှို့ဝှက် အကာအကွယ်မှာ ၎င်း၏ အောင်မြင်မှုကို ဝံ့ကြွားနေသည့် အလား မှေးမှိန်သည့် အော်သံများကို ထုတ်လွှတ်လာခဲ့သည်။ အကယ်၍ အနီးကပ် နားထောင်မည် ဆိုပါက ကြည်နူးဖွယ်ရာ ရယ်သံ ဖျော့ဖျော့ကိုပင် ကြားနိုင်လိမ့်မည် ဖြစ်သည်။

“ဘာ… လို့… လဲ...”

နာကျင်မှု၊ မလိုလားမှုများနှင့် ပြည့်နှနေသည့် အလွန်အမင်း အားနည်းနေသော အသံတစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ကျိုးမေလင်း၏ အသံပင်ဖြစ်သည်။

သူမ၏ အမူအရာက ယခင်ကလို အေးစက်စက် မဟုတ်တော့ချေ။ ဘဝ၏ နောက်ဆုံးသော နေဝင်ချိန်တွင် တစ်ဘဝစာ မောက်မာခဲ့သည့် မာန်မာန ဝံ့ကြွားမှုများက ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။

“ဘာလို့လဲ... ဟုတ်လား... ထူးဆန်းတဲ့ မေးခွန်းပဲ...”

ရွှယ်ရီဖေး၏ အသံက ပေါ့ပါးကာ တည်ငြိမ်နေသည်။

“ဒါက ပြိုင်ပွဲတစ်ခုပဲလေ... လူသတ်ဖို့ အတွက် ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တွေ အများကြီး ပေးလို့ရတယ်... ဒါပေမဲ့ ငါကတော့ အမြဲတမ်း အမှန်အတိုင်းပဲ ပြောတတ်တယ်... မင်းတို့ နှစ်ယောက်က စက်ဆုပ်စရာ ကောင်းလို့၊ နောက်ပြီး ငါလုပ်ချင်လို့ လုပ်တာ”

ရွှယ်ရီဖေးမှာ ချန်ယင်ကျဲကို ပုဂ္ဂိုလ်ရေး အရ ဂရုမစိုက်ချေ။ ထို့အပြင် သူမမှာ အခြားလူများကို ကယ်တင်ရန်၊ လက်စားချေပေးရန် သဘောထား ကောင်းသူ တစ်ယောက် မဟုတ်ချေ။ လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း၌ သူမမှာ ဂြိုဟ်ပေါင်းများစွာကို သိမ်းပိုက်ကာ ရန်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ သူမ သူတော်စင်မ တစ်ဦး မဟုတ်ပါချေ။ အစစ်အမှန် နဂါး နတ်မိမယ် ဆိုသည့် ဘွဲ့နာမည်မှာ သွေးနှင့် တိုက်ပွဲများ ကြား၌ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

ရွှယ်ရီဖေးမှာ သူမ လုပ်ချင်တာကို လုပ်သည်။ လုပ်နိုင်အောင်လည်း ကိုယ့်ကိုယ်ကို အားကောင်းအောင် ကြိုးစား ကျင့်ကြံခဲ့သည်။

ထိုနှစ်ယောက်၏ လုပ်ရပ်များက စပ်ဆုပ်ဖွယ် ကောင်းသည်ဟု မြင်ခဲ့သည်။ ထို့ကြောင့် ဝင်ပါခဲ့သည်။ အကြောင်းပြချက်က ထိုမျှ ရိုးရှင်းသည်။ ထိုထက် ပို၍ ရှုပ်ထွေးစရာ အကြောင်း မရှိပါချေ။

***

All Chapters