← Chapters

နဂါးနှင့်မြှား

Vol. 116 Ch. 1614

နဂါးနှင့်မြှား

Vol. 116 Ch. 1614

မြူများ ရှင်းလင်းလာသည်နှင့် အမျှ ရွှယ်ရီဖေး၏ ရုပ်သွင်ကို မြင်နိုင်လာခဲ့၏။ သူမ၏ ဝတ်ရုံများက အညစ်အကြေး ကင်းစင်နေသော်လည်း ပတ်ဝန်းကျင်ကတော့ သွေးများနှင့် ညစ်ညမ်းနေသည်။ မိန်းကလေး၏ မျက်နှာ အမူအရာထက်တွင်တော့ ကျေနပ်သည့် အပြုံးတစ်ခု ရှိနေခဲ့၏။

အဝါ‌ရောင် မြေကြီး လျှို့ဝှက် အကာအကွယ် အတွင်းရှိ ကြမ်းပြင်ထက်တွင်တော့ အရိုးများ ကျိုးကြေနေသည့် ခေါင်းမပါသော အလောင်းတစ်လောင် ရှိနေခဲ့သည်။ လည်ပင်းတစ်ခုလုံး တစ်ရာ့ရှစ်ဆယ် ဒီဂရီလိမ်နေကာ မျက်လုံးများ ပြူးကျယ်စွာ သေဆုံးနေသည့် မိန်းကလေးတစ်ယောက်လည်း ရှိနေခဲ့သည်။ အလားတူပင်... ပိန်ချုံးကာ ပြုံးနေသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်းလည်း ရှိနေခဲ့၏။ သို့သော်လည်း... သူ၏ အပြုံးမှာ ယခင်ကထက် အနည်းငယ် ပိုမို၍ တောက်ပလာသယောင် ထင်ရသည်။

ရွှယ်ရီဖေး ခေါင်းကို လှည့်ရင်း ချန်ယင်ကျဲ၏ အလောင်းကို တစ်ချက် ကြည့်လိုက်သည်။ အဝါရောင် လျှို့ဝှက် အကာအကွယ်မှာ ဖြည်းညင်းစွာပင် မှေးမှိန်လာခဲ့၏။ သူက သူမကို လွတ်လပ်စွာ ထွက်ခွာခွင့် ပြုလိုက်ပုံ ရသည်။ မိန်းကလေးက သက်ပြင်းတစ်ချက် ချကာ ထိုနေရာမှ ထွက်ခွာသွားဖို့ ဟန်ပြင်လိုက်၏။

ထိုအခိုက်တွင်ပင် အသံ တစ်ခုမှာ သူမ၏ နားစည်အတွင်း ပဲ့တင်ထပ် ဝင်ရောက်လာခဲ့သည်။

“ရဲရင့်တဲ့ အနစ်နာခံမှုရဲ့ အဆုံးစွန်ပေးဆပ်ထားတဲ့ ချစ်ခြင်းမေတ္တာကို မလေးစားတာက ခွင့်လွှတ်လို့ မရနိုင်ဘူး... မင်းလုပ်ခဲ့တဲ့ လုပ်ရပ်က ဆုချဖို့ ထိုက်တန်တယ်... ကောင်းကင်က မျက်လုံးမှိတ် နေနိုင်ပေမဲ့ ငါကတော့ မနေနိုင်ဘူး”

ရွှယ်ရီဖေး တစ်ယောက် အံ့ဩသွားခဲ့၏။ သူမ၏ မျက်ဝန်းများကတော့ တဖျပ်ဖျပ် တောက်ပလာခဲ့သည်။

စကားပြောနေသူက ဝေ့ဝူယင်ဟု သူမ ခဏတာမျှ ထင်သွားခဲ့သေးသည်။ သို့သော်လည်း ဝေ့ဝူယင် မဟုတ်ပါချေ။

ဝှစ်...

ရွှယ်ရီဖေး၏ အရှေ့ ၌ အလင်းရောင် တစ်ချက် တောက်ပလာကာ သံချေးတက်နေသည့် ရှေး‌ဟောင်း ကြေးဝါ သံလိုက်အိမ်မြှောင် တစ်ခု အာကာသကို ခွဲဖျက်၍ ပေါ်လာခဲ့သည်။ မိန်းကလေး၏ မျက်ဝန်းများမှာ စူးစမ်းလိုစိတ်များနှင့် ပြည့်နှက် သွားခဲ့၏။

“ယူလိုက်”

ယခုတစ်ကြိမ် ထွက်ပေါ်လာသည့် အသံကတော့ မည်သူ့ အသံဖြစ်ကြောင်း ရွှယ်ရီဖေး ရှင်းရှင်းလင်းလင်း မှတ်မိပေသည်။

ဝေ့ဝူယင်...

သူမ မတုန့်ဆိုင်းတော့ပဲ လက်ကို ဆန့်ထုတ်လိုက်၏။ သံလိုက်အိမ်မြှောင်၏ သံချေးတက်နေသည့် မျက်နှာပြင်ပေါ် လက်ချောင်းများ ကျရောက်သွားသော အခိုက်၌ ဝိညာဉ်ကျောက်စိမ်း တစ်ခုကို ဖတ်ရှု နေရသကဲ့သို့ များစွာသော အချက်အလက်များက သူမ စိတ်အတွင်း စီးဝင်လာခဲ့သည်။

“…”

မိန်းကလေး၏ နှလုံးသားမှာ တုန်ယင်သွားခဲ့၏။ ဤသည်က...

...

ဝေ့ဝူယင်မှာ ထိုအရာ အားလုံးကို စောင့်ကြည့်နေကာ ကျေနပ်စွာ ပြုံးလိုက်သည်။

“အလွှာအပြင်က ကြီးကြပ်ကို ကြည့်ရတာ ဆိုးရွားတဲ့ အတိတ်တွေ ကြုံတွေ့ခဲ့ရတဲ့ပုံပဲ...”

သူ မှတ်ချက်ပြုလိုက်၏။

“ဒါမှမဟုတ် တရားမျှတပြီး ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူဖြစ်ရမယ်...”

ဝမ်မင်ယာက ထပ်မံ ဖြည့်စွက်လိုက်သည်။ ထိုအခိုက်၌ သူမမှာ အာရုံ စူးစိုက်မှု၏ ၉၇ ရာခိုင်နှုန်းခန့်ကို ကျင့်ကြံရာ၌ မြှုပ်နှံထားကာ ကျန် ၃ ရာခိုင်နှုန်းမျှကိုသာ အပြင်ဘက်သို့ လွှဲပြောင်းထားခြင်း ဖြစ်သည်။

ဝေ့ဝူယင်၏ အပြုံးက ပိုမို၍ တောက်ပလာ၏။

“ကံကောင်းခြင်းတွေက ပုံစံမျိုးစုံနဲ့ လာနိုင်တယ်... အရာရာတိုင်းက ကောင်းကင်တာအို ဖန်တီးတဲ့ ရလဒ် ဖြစ်စရာ မလိုဘူး”

ရွှယ်ရီဖေး၏ လုပ်ရပ်များမှာ ဤသို့သော တုံ့ပြန်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ဝမ်မင်ယာက ခေါင်းညိတ်လိုက်၏။

“ကျွန်မ ဘယ်လို ကံကောင်းခြင်း တစ်ခုကိုမှ မတွေ့ခဲ့သလို ဘယ်လို ပတ်သက်မှုမျိုးကိုမှလည်း မစီစဉ်ခဲ့ဘူး... နဂါး နတ်မိမယ်ရဲ့ အာရုံစူးစိုက်မှုကို နည်းနည်းလေးပဲ တွန်းပို့လိုက်တာ... အဲဒီနောက် ဖြစ်လာတဲ့ အရာတွေက လုံးဝ ခန့်မှန်းလို့ မရခဲ့ဘူး”

ဝေ့ဝူယင် ဝမ်မင်ယာ မလိမ်ကြောင်း သိပေသည်။ အရာအားလုံးကို တိကျစွာ စီစဉ်ရန် သူမထံတွင် အချိန် အလုံအလောက် မရှိပါချေ။ အထူးသဖြင့် ကျင့်ကြံမှုတွင် အာရုံစိုက်နေရလေရာ ပိုမို၍ပင် မဖြစ်နိုင်သေးသည်။ ၎င်းမှာ ရွှယ်ရီဖေးနှင့် ကြီးကြပ်သူတို့၏ ဆန္ဒမှ ဖြစ်ပေါ်လာခဲ့သည့် ကံကောင်ခြင်း တစ်ခုသာ ဖြစ်သည်။

...

ရွှယ်ရီဖေးမှာ ရှေးဟောင်း ကြေးဝါ သံလိုက်အိမ်မြှောင်ကို ရှန့်ထို လက်စွပ် အတွင်း ထည့်သွင်း သိမ်းဆည်းလိုက်သည်။ ထိုအခိုက်အတန့်တွင်ပင် အပြာရောင် နဂါးလေးမှာ သူမထံသို့ ပြန်လည် ရောက်ရှိလာကာ လက်မောင်းများ အတွင်း ခုန်ဝင်လိုက်၏။ သူမက နဂါးလေး၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

ထို့နောက် ရွှယ်ရီဖေး ခေါင်းကို စောင်းရင်း မျက်နှာဖုံးစွပ်ထားသည့် အသက်လတ် အရွယ် ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။ သူက သူမနှင့် မီတာ ရာဂဏန်းခန့် အကွာကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

“သူက သူ့သဘောနဲ့သူ စောင့်နေခဲ့တာ...”

နဂါးလေးက ဝိညာဉ်အာရုံဖြင့် ဆက်သွယ် ပြောဆိုလိုက်၏။

“ယောင်ဟုန်ရီ...”

ရွှယ်ရီဖေးက ညင်သာစွာ ရေရွတ်လိုက်သည်။

“အရှင်မ...”

ယောင်ဟုန်ရီက ပြန်လည် နှုတ်ဆက်လိုက်၏။ သူ၏ ညာဘက်လက် အတွင်းတွင်တော့ ရောင်စုံ အလင်းတန်းများကို ထုတ်လွှတ်နေသည့် သရဖူ အပိုင်းအစ တစ်ခု ရှိနေခဲ့လေသည်။

မူလ အာဏာရှင် တစ်ယောက်နှင့် ဗာကီရီ အဖွဲ့ဝင် တစ်ယောက်တို့မှာ ထိပ်တိုက် တွေ့ဆုံ နေကြပြီ ဖြစ်လေသည်။

ယောင်ဟုန်ရီ...

ယောင်ဟုန်ရီမှာ ထူးခြားသည့် ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထား၏။ သူ၏ မျက်နှာတစ်ခြမ်းကို အမျိုးမျိုးသော သင်္ကေတများ ပါဝင်သည့် မျက်နှာဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ သူ့ခန္ဓာကိုယ်ထက်တွင်တော့ မီးခိုးရောင် အနားသတ်များ ပါသည့် အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။

သူက မီးခိုးရောင် မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများကို သေသပ်စွာ ညှပ်ထားကာ မီးခိုးရောင် ဆံပင်ရှည်များကိုတော့ ကျောလည်ဘက်တွင် စုစည်းထားသည်။ သူက ခန္ဓာကိုယ် ပိန်သွယ်ရာ အရပ်ကတော့ ပျမ်းမျှထက် နည်းနည်း ပိုမြင့်၏။ မျက်လုံးများကို မမြင်ရသော်လည်း သူက သေမျိုးများထဲ၌ ချောမော ခန့်ညားသည်ဟု သတ်မှတ်နိုင်သည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားကြောင်း ပြောနိုင်ပေသည်။

အခြားတစ်ဖက်၌ ရွှယ်ရီဖေးကတော့ အလွန်ပင် လှပ တင့်တယ်သည်။ သူမမှာ နဂါးကနုတ်များဖြင့် အလှဆင်ထားသည့် အင်္ကျီကို ဝတ်ဆင်ထားကာ ၎င်းအပေါ်၌ နေ၌ တိုက်ပွဲသုံး ဝတ်ရုံကို ထပ်၍ ခြုံထားသည်။ ဝတ်ရုံရှည်မှာ သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများကို ဖုံးကွယ်ထားသော်လည်း ကျိုးနွံမှု၊ သူရဲကောင်းဆန်မှုနှင့် ကြီးမြတ်မှုတို့ကိုတော့ ပိုမို၍ ထင်ရှားစေသည်။ ဝတ်ရုံ၏ နောက်ကြောဘက်တွင်တော့ အာရုဏ်ဦး ကြယ်ကွင်းပြင်၏ သင်္ကေတကို ရေးထိုးထား၏။

“အရှင်မ တစ်ခုခု လိုချင်လို့လား...”

ယောင်ဟုန်ရီက တည်ငြိမ်စွာပင် မေးလိုက်သည်။ တစ်ခုခု ဆိုသော်လည်း ထိုဝေါဟာရမှာ သူ့ လက်ထဲမှ သရဖူ အပိုင်းအစကို ရည်ညွှန်းကြောင်း ရှင်းလင်းပေသည်။

ရွှယ်ရီဖေးက ခေါင်းညိတ်လိုက်သည်။

“ဒီနေရာက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲပဲ... နင်နဲ့ ငါ နှစ်ယောက်စလုံးက ပြိုင်ပွဲဝင်တွေ ဖြစ်တဲ့ အတွက် ရာထူးချင်း အတူတူလို့ ပြောလို့ရတယ်... ငါတို့ တရားသဖြင့် ယှဉ်ပြိုင်ကြတာပေါ့”

“...”

ယောင်ဟုန်ရီ၏ အမူအရာက အပြောင်းအလဲ မရှိပါချေ။ သို့သော်လည်း... တိုက်ပွဲ အလင်းရောင်များနှင့် လင်းလက်လာသည့် မျက်ဝန်းများ အရ သူက ရွှယ်ရီဖေး၏ စိတ်ခေါ်မှုကို လက်ခံလိုက်ကြောင်း ရှင်းလင်းပေသည်။

“...”

လေထုအတွင်းရှိ တင်းမာမှုများမှာ ဖြည်းညင်းစွာပင် မြင့်တက်လာခဲ့၏။ ရွှယ်ရီဖေး၏ အော်ရာက ပြောင်းလဲလာကာ မျက်ဝန်း သူငယ်အိမ်များမှာ ခရမ်းအဆင်းဖြင့် တောက်ပလာခဲ့သည်။ တစ်ချိန်တည်း၌ ယောင်ဟုန်ရီက သူ၏ ဗလာလက်ကို ဖြည်းညင်းစွာပင် အပေါ်သို့ မြှောက်လိုက်၏။

“နေဦး...”

ရွှယ်ရီဖေးက ရုတ်တရက် ပြောလိုက်သည်။ သူမ၏ မျက်ဝန်းများ အတွင်းရှိ ခရမ်းရောင် အလင်းများက ပျောက်ကွယ်သွားကာ အပြာရောင် အလင်းစက်လေးများနှင့် လှပသည့် မူလ ဟေဇယ်ရောင် အဖြစ်သို့ ပြန်လည် ပြောင်းလဲ သွားခဲ့သည်။

“ဒီလောကနယ်မြေ ပျက်စီးသွားနိုင်လား...”

သူမက ဟင်းလင်းပြင်ကို စိုက်ကြည့်ရင်း မေးလိုက်၏။ မိန်းကလေး၏ မေးခွန်းကို နားထောင်ရင်း ယောင်ဟုန်ရီ၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားသည်။ သူက ဖြည်းညင်းစွာပင် လက်ကို အောက်သို့ ပြန်ချလိုက်၏။

“မပျက်စီးဘူး...”

ရုတ်တရက် အသံတစ်ခုမှာ ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ထွက်ပေါ်လာခဲ့၏။ ၎င်းက ရိုးရှင်းသည်။ ကြည်လင်သည်။ ပြတ်သားသည်။ သို့သော်လည်း နှိုင်းယှဉ်လို့ မရနိုင်သည့် ယုံကြည်မှုများ ပါဝင်နေသည်။ သူက မပျက်စီးဘူး ဟု ဆိုလျှင် နတ်ဘုရားနှင့် မိစ္ဆာများပင်လျှင် ၎င်းကို ယိမ်းယိုင်အောင် မလုပ်နိုင်ပုံ ရလေသည်။

အံ့ဩဖွယ်ရာ ကောင်စွာပင် ယောင်ဟုန်ရီနှင့် ရွယ်ရီဖေးတို့ နှစ်ယောက်စလုံး စိတ်သက်သာရာ ရသွားကာ သက်ပြင်းများပြိုင်တူ ချလိုက်ကြသည်။ သူတို့အတွက် လေးပင်နေသည့် ဖိအားတစ်ခု ပြေလျော့ သွားသလိုပင် ဖြစ်လေ၏။ မည်ကဲ့သို့ မပြေလျော့ပဲ နေနိုင်မည်နည်း။ အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ တည်ရှိမှု တစ်ခုတည်းကပင် မည်သည့်နှလုံးသားကိုမဆို ငြိမ်သက်စေရန် လုံလောက်ပေသည်။

ထာဝရသရဖူ လုပွဲ၏ ကြီးကြပ်ရေးမှူးမှာ ရွှယ်ရီဖေးနှင့် ယောင်ဟုန်ရီတို့ကို အနီးကပ် နေလာနေခဲ့လေရာ အသံကြောင့် ရုတ်တရက် အံ့ဩသွားခဲ့၏။ သူ အသံ၏ ဇစ်မြစ်ကို ရှာဖွေရန် ချက်ချင်းပင် အစွမ်းထက် နည်းလမ်းများကို အသက်သွင်းလိုက်သည်။ သို့သော်လည်း ဘာကိုမှ မတွေ့ရချေ။ သူ စိတ်ပျက်အားငယ်သွားကာ မျက်နှာချင်းဆိုင် ရပ်နေသည့် ကျင့်ကြံသူ နှစ်ဦးထံကိုသာ အာရုံ ပြန်လည် ပို့လွှတ်လိုက်လေ၏။

သေမျိုးကျင့်ကြံသူများက သူတို့၏ တိုက်ခိုက်မှုကြောင့် ဤလောကနယ်မြေ ပျက်စီးသွားမည်လားဟု မေးမြန်းခြင်းမှာ အဓိပ္ပာယ် မရှိသလို သူ ခံစားရသည်။ သူတို့က ကိုယ့်ကိုယ်ကို နတ်ဘုရားများ ထင်နေကြသလော။

သို့သော်လည်း သည်တစ်ခေါက် ရွေးချယ်ခံ ပြိုင်ပွဲအတွင်း ဝင်ရောက်လာကြသည့် သေမျိုးများမှာ အတော်လေး ထူးခြားကြောင်း သူမ သတိပြုမိပေသည်။

***

All Chapters