ဖြေရှင်းခြင်း
Vol. 116 Ch. 1616
ဟူး...
ထာဝရသရဖူ လုပွဲ၏ အပြောကျယ်လှသည့် နယ်မြေတစ်ခွင်လုံးမှာ ရုတ်တရက် တိတ်ဆိတ်သွားသယောင် ထင်ရ၏။
“ဘုရားရေ...”
မယုံကြည်နိုင်မှုနှင့် ထိတ်လန့်မှုများအား ကိုယ်စားပြုနေသည့် အာမေဋိတ်သံများသာလျှင် နေရာတိုင်း၌ ကြီးစိုး နေခဲ့ကြသည်။ အဘယ်ကြောင့်နည်း။
ကောင်ကင်၌ ဟင်းလင်းပြင် အပေါက်ကြီး တစ်ခု ဖြစ်ပေါ်နေသည်ကို သူတို့ မြင်နိုင်သောကြောင့် ဖြစ်သည်။ ဝိညာဉ်အာရုံများနှင့် ခံစားနိုင်သောကြောင့် ဖြစ်သည်။
ဟူး... ဟူး...
အပေါက်ကြီး ဖြစ်ပေါ်လာပြီး ခဏချင်းပင် အလွန်ပြင်းထန်လှသည့် ဆွဲငင်အားများ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့က လောကတစ်ခုလုံးကအား ဝါးမြိုတော့မယောင် ရှိလေရာ ရွေးချယ်ခံများစွာမှာ ထိတ်လန့်တကြား ထွက်ပြေးကြလေတော့သည်။
အပေါက်ကြီးမှာ မိုင်ပေါင်းများစွာ ကျယ်ပြန့်ပြီး အပြောကျယ်လှသည့် လောကနယ်မြေ အတွင်းရှိ နေရာတိုင်းမှ တွေ့မြင်နိုင်ပေသည်။
ဘုန်း... ဘုန်း... ဘုန်း...
ချက်ချင်း ဆိုသလိုပင် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာကာ အပေါက်ကြီးနှင့် အနီးဆုံး နေရာရှိ မြေကြီး၊ တောင်တန်း၊ သဲ၊ မြက်၊ ပင်လယ်များမှာ ပျောက်ကွယ်သွားခဲ့ကြ၏။ မြေပြိုမှုနှင့် ချောက်နက်ကြီးများက နေရာ အနှံ့ နေရာယူလာခဲ့သည်။ လောကမှာ ဆန္ဒအလျောက် ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်နေသလို အားလုံး ခံစားလိုက်ကြရ၏။
သို့သော်လည်း ထိုလမ်းကြောင်းထက်၌ ရှိနေသည့် လူများကတော့ ထိခိုက်ခြင်း မရှိသည်မှာ အံ့ဩစရာ ဖြစ်ပေသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းလောက်တုန်းက သူတို့မှာ ခိုင်ခံ့သည့် မြေမာပေါ်တွင် ရပ်နေခဲ့ကြသည်။ အချို့မှာလည်း ပင်လယ်ပြင်ထက်တွင် လျှို့ဝှက် ရတနာများနှင့် ဖန်တီးထားသည့် သင်္ဘောကြီးများကို စီးနင်း နေခဲ့ကြသည်။ အချို့မှာလည်း သဲများဖြင့် ပြည့်နှက်နေသည့် မြေပြင်တစ်လျှောက် ခြေရာများကို ချန်ရစ်ကာ လျှောက်လှမ်း နေခဲ့ကြသည်။
သို့သော်လည်း... ယခုတွင်တော့ သူတို့မှာ လျှို့ဝှက်စွမ်းအင်ကို အသုံးပြု၍ ပျံသန်း နေကြကြောင်း ကိုယ့်ကိုယ်ကို တွေ့ရှိခဲ့ကြရသည်။ အချို့မှာလည်း မန်နာဖြင့် အခိုင်အမာ ဖန်တီးထားသည့် ဝေဟင် တစ်နေရာတွင် ရပ်နေခဲ့ကြသည်။ အချို့မှာလည်း မန်နာများကို ထိန်းချုပ်ကာ ပျံသန်းနေသည်ကို သတိထားမိကြသည်။ သို့သော်လည်း... သူတို့အားလုံး၏ အောက်တွင် တစ်မိုင်၊ နှစ်မိုင်ခန့် နက်သည့် ချောက်ကြီးများ ရှိနေခဲ့ကြသည်။ သို့သော်လည်း လုံးဝ မှောင်မိုက်နေ၏။ ထိုနေရာ၌ ရှိနေခဲ့သည့် အလင်း စွမ်းအင်များမှာ သဲများ၊ မြက်များ၊ မြေကြီးများ၊ ဖုန်မှုန့်များလိုပင် ထွက်ခွာသွားခဲ့ပုံ ရသည်။
စန်းလော့ယန်မှာ ထာဝရသော့၏ ထူးခြားသော လုပ်ဆောင်ချက်ကို သုံးကာ ထိုအရာ အားလုံးကို လေ့လာ နေခဲ့သည်။ သူ၏ မျက်နှာမှာ ဖြူဖပ်ဖြူလျော် ဖြစ်နေခဲ့၏။ လက်ရှိ အချိန်၌ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲအပေါ် တိုက်ရိုက် သက်ရောက်မှု မပြုလုပ်နိုင်တော့သော်လည်း သူက ဝမ်ယုထျန်း ကဲ့သို့ပင် ထာဝရ တိုက်ပွဲ၏ ကြီးကြပ်သူ တစ်ယောက် ဖြစ်ပေသည်။ ထိုအဆင့်အတန်းကို သုံး၍ အဖြစ်အပျက်များကို အဝေးမှ လေ့လာနိုင်ပေသည်။
ထိုအခိုက်၌... သုံးလွှာ အဂ္ဂိရတ် ရှန့်ထို၏ မျက်လုံးများမှာ ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက်နေခဲ့၏။ ထာဝရသရဖူ လုပွဲ အခမ်းအနား၏ နယ်မြေ အကာအကွယ်များမှာ ထိုးဖောက်ခံလိုက်ရကြောင်း သူ မြင်နိုင်ပေသည်။ သူ့ပတ်ဝန်းကျင်ရှိ နံရံများမှာ ပင့်ကူအိမ် ကဲ့သို့ မရေမတွက်နိုင်သည့် အက်ကြောင်းများနှင့် စတင် ပြည့်နှက် လာခဲ့၏။
ဟူး... ဟူး...
အခြားတစ်ဖက်၌ အပေါက်ကြီးမှာ လျှို့ဝှက် အာဏာရှင်များပင်လျှင် တုန့်ပြန်ရန် မဖြစ်နိုင်သော နှုန်းများဖြင့် ဆက်လက် ပြန့်ကား လာနေခဲ့သည်။ ၎င်းသာ ပိုမို၍ ကြီးထွားလာပါက ထာဝရသရဖူ လုပွဲကို ဆက်လက် ကျင်းပရန် မဆိုထားနှင့်။ ရွေးချယ်ခံ အားလုံး အပျက်အစီး အာကာသနယ်ထဲသို့ စုပ်ယူ ခံရကာ နယ်မြေ တစ်ခုလုံး ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။
“ဘာလဲ...”
ထာဝရသရဖူ လုပွဲ ကြီးကြပ်ရေးမှူး၏ ခပ်သေးသေးနှင့် စူးစူး အသံက မယုံကြည်နိုင်စွာပင် ထွက်ပေါ်လာခဲ့၏။ ၎င်းမှာ တစ်ချိန်လုံး ယောက်ျားတစ်ယောက်၏ လေသံကို ယူထားခဲ့သော်လည်း ယခုတွင်တော့ မိန်းမ တစ်ယောက်သာ ဖြစ်ကြောင်း ထင်ရှားသွားခဲ့ပြီ ဖြစ်သည်။ သူမက ပျက်စီးမှုအား တားဆီးရန် အလောတကြီး လုပ်ဆောင် နေသည်မှာ ရှင်းလင်းပေသည်။
ဟူး.. ဟူး...
ကြယ်တာရာ မရှိသည့် ကောင်းကင်မှ အလင်း အကြွင်းအကျန်များမှာ ကျယ်ပြန့်လာသည့် အပေါက်ကြီး၏ နှုတ်ခမ်းများနားတွင် စုဝေးလာကာ ထိန်းချုပ်ဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း အလုပ်မဖြစ်ပေ။
ချက်ချင်းပင် ကြီးကြပ်သူမှာ မတူညီသည့် နည်းလမ်းတစ်ခုကို ပြောင်းသုံးလိုက်၏။ မြေကြီးအတွင်း စိမ့်ဝင်နေသည့် မြေစွမ်းအားများမှာ ကောင်းကင်သို့ ပျံတက်လာကာ အပေါက်ကြီး အတွင်း တိုးဝင်သွားသည်။ ၎င်းမှာ အပေါက်ကို ဆက်လက် ကျယ်ပြန့်လာခြင်းမှ တားဆီးရန် သို့မဟုတ်... ယာယီ ချိပ်ပိတ်ရန် ကြိုးပမ်းနေပုံ ရသည်။ နှစ်မျိုးလုံးလည်း ဖြစ်နိုင်ပေသည်။
ကံမကောင်းစွာပင်... အလုပ်မဖြစ်ပြန်ပေ။
"ဘာတွေ ဖြစ်နေတာလဲ..."
ကြီးကြပ်ရေးမှူး၏ အသံက ရူးသွပ်မှုများနှင့် ပြည့်နှက်လာခဲ့၏။ သူက အခြားနည်းလမ်းများကိုလည်း စမ်းသပ်ကာ ထပ်မံကြိုးစားလိုက်ပြန်သည်။ အလားတူပင် အသုံးမဝင်ပါချေ။
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ သူမ၏ လက်ထဲတွင် အဆုံးသတ်ရတော့မည်လော။ ထိုကဲ့သို့ အပျက်အစီးမျိုးကို သေမျိုးတစ်ဦးက မည်ကဲ့သို့ ဖန်တီးနိုင်သနည်း။
၎င်းတို့ကို ဖော်ပြရသည်မှာ ကြာမြင့်လှသော်လည်း အမှန်တကယ်တွင် တစ်စက္ကန့်၏ အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခု အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ဦး၏ မျက်တောင် တစ်ခပ်စာ ဆယ်ပုံတစ်ပုံထက်ပင် ပိုမို တိုတောင်းသည်။
နောက်ဆုံး၌... ကုဗတုံးတစ်ခု အတွင်းတွင် ရှိနေသည့် ငွေရောင် မျက်လုံးပိုင်ရှင် သေမျိုးမှာ သူ၏ လက်ဖဝါးများကို မြေကြီးပေါ်သို့ ပေါ့ပါးစွာ ဖိလိုက်တော့သည်။ ဟင်းလင်းပြင် နဂါး အင်အား၊ အယ်ဖာ မူလ စွမ်းအား၊ အိုမီဂါ ဓားစွမ်းအားနှင့် အဂ္ဂိရတ် ဧဒင်စွမ်းအားများမှာ လှိုင်းလုံးများ သဖွယ် မြေကြီးထဲသို့ တိုးကာ ဝင်ရောက်သွားလေ၏။
ပထမဆုံး လုပ်ဆောင်ခဲ့သည်က အိုမီဂါ ဓားစွမ်းအား ဖြစ်သည်။ ၎င်းမှာ ယောင်ဟုန်ရီ၏ မြှားမှ ထွက်ပေါ်လာသည့် ပြန်လည် ကောင်းမွန်မှုနှင့် ပြုပြင်မှုများအား အနှောက်အယှက်ပေးနေသည့် စွမ်းအားကို တမုဟုတ်ချင်း ပျက်စီး သွားစေခဲ့၏။
ဒုတိယ လုပ်ဆောင်ခဲ့သည်က အယ်ဖာ မူလ စွမ်းအား ဖြစ်သည်။ ၎င်းမှာ ချောက်နက်ကြီးများ အတွင်း စီးဝင်သွားကာ အရာအားလုံးကို ပုံမှန် ပြန်လည် ဖြစ်လာစေခဲ့သည်။
တတိယမြောက် လုပ်ဆောင်ခဲ့သည်ကတော့ ဟင်းလင်းပြင် နဂါးအင်အား ဖြစ်သည်။ ၎င်းမှာ ပြိုကျလုနီးပါး ဖြစ်နေသည့် အပေါက်ကြီးကို စနစ်တကျပင် ပြန်လည်၍ ချိပ်ပိတ်လိုက်၏။
နောက်ဆုံး လုပ်ဆောင်ခဲ့သည်ကတော့ အဂ္ဂိရတ် ဧဒင် အင်အား ဖြစ်သည်။ ၎င်းမှာ အထက်ပါ စွမ်းအား သုံးခုလုံးကို စနစ်တကျ ထိန်းညှိပေးကာ လိုအပ်သည့် နေရာများတွင် ကူညီပေးခဲ့သည်။
လျှို့ဝှက် အာဏာရှင် အဆင့် တစ်ဦး မျက်တောင် တစ်ခတ်စာ၏ ဆယ်ပုံတစ်ပုံမျှ အတွင်း၌ပင် အန္တရာယ် အားလုံး ဖြေရှင်းပြီးသား ဖြစ်သွားခဲ့သည်။ အခြေအနေ တစ်ရပ်လုံးအား သေမျိုး စွမ်းအင်ဖြင့်ပင် ကိုင်တွယ်သွားပုံကို ကြည့်ရင်း ကြီးကြပ်ရေးမှူး တစ်ယောက် ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့၏။
“သေမျိုးတွေ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
...
အခြားတစ်ဖက်၌ စန်းလော့ယန်၏ အသက်ရှုသံများမှာ မြန်ဆန်နေခဲ့၏။ အန္တရာယ်အား ကိုင်တွယ် ဖြေရှင်းသွားပုံက သူ့ကို အလွန်အမင်း ထိတ်လန့်စေသည်။ အလွှာပြင်က ကြီးကြပ်ရေးမှူးမှာ ထိုမျှလောက်တောင် ကြောက်မက်ဖွယ် ကောင်းသည်လား။ ကိုယ့်ကိုယ်ကို မသုံးမဝင်သလို စန်းလော့ယန် ခဏမျှ ခံစားလိုက်ရ၏။ သူ့အတွက် ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်း မရှိပါချေ။
သူ၏ ပတ်ဝန်းကျင်ရှိ အက်ကွဲနေသည့် နံရံများမှာ လျှင်မြန်စွာပင် ပြန်လည် ကောင်းမွန်သွားခဲ့၏။ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်လာကာ ယခင်ကထက်ပင် ပိုမို၍ အားကောင်းလာသယောင် ထင်ရသည်။ စန်းလော့ယန် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ ယခုလေးတင် အသက်ကိုပင် ခြိမ်းခြောက်နိုင်သည့် အန္တရာယ်တစ်ခုမှ သူ လွတ်မြောက်လာခဲ့သည် မဟုတ်ပါလော။
***