အနိုင်ရရှိသူ
Vol. 116 Ch. 1617
ထိုအရာများ ဖြစ်ပျက်နေစဉ်တွင် ကပ်ဘေးကို စတင်ခဲ့သည့် ပုဂ္ဂိုလ်ကတော့ မဟာပြိုင်ဘက်နှင့် ရင်ဆိုင်နေလေရာ မည်သည်ကိုမှ ဂရုမစိုက်နိုင်ပါချေ။ သူက ကြယ်တာရာ စွမ်းအားကို အသုံးပြုကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်အတွင်း စိမ့်ဝင်ရန် ကြိုးပမ်းနေသည့် နတ်ဆိုးစွမ်းအားကို လျှင်မြန်စွာ ဖြိုခွင်းပစ် နေခဲ့၏။ လေးညှို့အား ဆွဲသည့် သူ၏ လက်ချောင်းများမှ ခရမ်းရောင် သွေးများမှာ အဆက်မပြတ် စီးကျနေသည်။ သူ ထိုအရာကို မတားဆီးနိုင်ပေ။
ယောင်ဟုန်ရီ သူ၏ ရှေ့ရှိ ပြိုင်ဘက်ကို ကြည့်လိုက်၏။
ရွှယ်ရီဖေး၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မယုံကြည်နိုင်လောက်အောင်ပင် ပြောင်းလဲသွားခဲ့သည်။ သူမမှာ နတ်ဆိုးသံချပ်ကာကို ဝတ်ဆင်ထား၏။ ၎င်းမှာ အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း နည်းလမ်းမှ ဆင်းသက်လာသည့် အစစ်အမှန် နဂါး သံချပ်ကာ ဖြစ်သည်။ သူမ၏ အရေပြားမှာ ဝေ့ဝူယင်၏ ဆဋ္ဌဂံ အကြေးခွံများနှင့် အတူပဲ စိန်သဏ္ဌာန် အကြေးခွံများဖြင့် တောက်ပနေခဲ့၏။ ၎င်းတို့က သူမ၏ ထူးခြားသော ခန္ဓာနှင့် လှပစွာ ရောယှက်နေသည်။ နဂါးစွမ်းအားများနှင့် အတူ မိန်းကလေး၏ ကြွက်သားများနှင့် ခန္ဓာကိုယ်မှာ ပိုမို ပိန်သွယ် ကျစ်လစ်လာသယောင် ထင်ရ၏။
အကြေးခွံများမှာ မိန်းကလေး၏ လည်ပင်း၊ မေးစေ့နှင့် နားနောက်ဖက်တို့ အထိ ဖုံးအုပ် နေခဲ့၏။ ၎င်းက သူမ၏ ရုပ်ရည်သွင်ပြင်ကို အနည်းငယ် ကွဲပြားစေကာ သားရဲဆန်သည့် ခံစားမှုမျိုး ပေးသော်လည်း လှပတင့်တယ်သည့် မူလ ရုပ်ရည်ကိုတော့ အနည်းငယ်မျှပင် ထိခိုက်စေခြင်း မရှိပါချေ။ တစ်မျိုးတစ်ဖုံပင် ပိုမို၍ ဆွဲဆောင်မှု ရှိသလို ထင်ရသည်။
အကြီးမားဆုံး ပြောင်းလဲမှုကတော့ သူမ၏ နဖူး ဖြစ်သည်။ ထိုနေရာ၌ အဖြူရောင်၊ အနက်ရောင်လိုင်းများဖြင့် ကွေးညွှတ်နေသည့် ဦးချိုတစ်ချောင်း ရှိနေခဲ့၏။ ၎င်း၏ ထိပ်ဖျားက ကောင်းကင်ထံသို့ ဦးတည် နေကာ သွေးမျိုးဆက် အမှတ်အသားများဖြင့် တောက်ပနေခဲ့သည်။
တစ်ချိန်တည်း၌ မိန်းကလေး၏ ပတ်ဝန်းကျင်ရှိ လေထုမှာ အနည်းငယ် နီရဲနေကာ ရန်လိုသည့် အော်ရာများကို ထုတ်လွှတ် နေခဲ့၏။
မိန်းကလေးက ခေါင်းကို မော့လိုက်ရင်း မိုးခြိမ်းသံ အလား ပြင်းထန်လွန်းလှသော ဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ် လိုက်လေသည်။ ၎င်းကား နတ်ဆိုး နဂါး၏ ဝိညာဉ် ဟိန်းဟောက်သံပင် ဖြစ်လေသည်။
ဂါး...
တစ်လောကလုံး တုန်ခါသွားခဲ့၏။ ယောင်ဟုန်ရီ၏ မျက်နှာဖုံးမှာလည် စတင်ကာ လှုပ်ခတ်လာခဲ့သည်။ ၎င်း၏ မျက်နှာပြင်ထက်ရှိ သင်္ကေတများမှာ ထူးခြားသည့် အလင်းရောင်များဖြင့် တောက်ပလာခဲ့ကာ ခရမ်းရောင် အလင်း ဖျော့ဖျော့မှာ ၎င်းတို့၏ အနားသတ်များပေါ်သို့ ကျရောက်လာခဲ့၏။ ယောင်ဟုန်ရီ၏ နဖူးထက်၌ ချွေးတစ်စက် စီးကျလာခဲ့၏။ နတ်ဆိုးစွမ်းအားများမှာ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်းလှသည်။
သူတို့ နှစ်ယောက်ကြားတွင် အကွာအဝေး တစ်ခု ခြားနားနေပေသည်။ အခြားရန်သူ တစ်ဦး ဆိုပါက မပြောပလောက်သော်လည်း သူ ရင်ဆိုင်နေရသည်က ရွှယ်ရီဖေး ဖြစ်သည်။ ထို့အပြင် ရန်သူမှာ သူတို့ နှစ်ယောက်ကြားတွင် နဂါးကို ခြားနားထားသေးသည်။ ခဏမျှ စဉ်းစားပြီးနောက် အဝေးမှ မြှားများ ပစ်လွှတ်ကာ ရန်သူကို အားအင် ကုန်ခမ်းစေသည့် နည်းလမ်းကို အသုံးပြုဖို့ ယောင်ဟုန်ရီ ဆုံးဖြတ်လိုက်သည်။
၎င်းမှာ နတ်ဆိုးတစ်ဦးနှင့် တိုက်ခိုက်ရန် အတွက် အကောင်းဆုံးသော နည်းဗျူဟာ တစ်ခု ဖြစ်သည်။ သို့သော်လည်း ရွှယ်ရီဖေး အတွက်တော့...
ယောင်ဟုန်ရီက သူ၏ ဘယ်ဘက် ပခုံးထက်ရှိ ဗလာကျင်းနေသည့် မြှားတောင့်အတွင်း လက်ကို လှမ်းလိုက်သည်။ မြှားတစ်ခုမှာ ဘယ်နေရာကမှန်း မသိပဲ ပေါ်လာကာ သူ့လက်အတွင်း ရောက်ရှိလာ၏။ ၎င်းအား ဆုပ်ကိုင်လိုက်သော အခိုက်၌ လောကအတွင်းရှိ စွမ်းအင် အမျိုးမျိုးမှာ ချက်ချင်းပင် စုစည်းလာခဲ့လေ၏။
ဟူး... ဟူး...
လျှို့ဝှက် အာဏာရှင် အဆင့် တစ်ဦး၏ မျက်တောင်တစ်ခတ်စာ အတွင်းမှပင် မိုင်ပေါင်း ထောင်ချီ အတွင်းရှိ စွမ်းအင်၊ အမတေနှင့် မန်နာများမှာ မြှားအတွင်း တိုးဝင်လာခဲ့သည်။ ကံကောင်းထောက်မစွာပင် လောကနယ်မြေ၏ အခြေခံမှာ ငွေရောင်မျက်လုံးများနှင့် သေမျိုး၏ ကာကွယ်မှု အောက်၌ ရှိနေလေရာ ပြင်းထန်သည့် အပျက်အစီးများ ဖြစ်ပေါ်လာခြင်း မရှိပါချေ။
မြှားမှာ အဖြူရောင် ဖြစ်လာ၏။ ၎င်းမှာ သေမျိုး အကန့်အသတ်ထက် အဆပေါင်း ထောင်ချီ ကျော်လွန်နေသည့် သန့်စင်သော စွမ်းအင် အော်ရာများကို ထုတ်လွှတ်နေသည်။
မြှားမှာ လေးကြိုးပေါ်သို့ ရောက်လာခဲ့၏။ ချက်ချင်း ဆိုသလိုပင် တစ်ချိန်လုံး ပျောက်ကွယ်နေခဲ့သည့် လေးမှာ မြှား၏ အော်ရာများနှင့် ဖုံးလွှမ်းလာခဲ့သည်။ ယောင်ဟုန်ရီမှာ သွေးထွက်နေဆဲ ဖြစ်သည့် လက်ချောင်းများနှင့် လေးညှို့ကို ဆွဲလိုက်၏။
သို့သော်လည်း... ရွှယ်ရီဖေးမှာ ပြိုင်ဘက်က ခွန်အားများကို စုစည်းပြီး အဝေးမှနေ၍ လွတ်လပ်စွာ တိုက်ခိုက်နေသည်ကို ရိုးရိုးလေး ကြည့်နေမည့်သူ မဟုတ်ပါချေ။ သူမက စကားတစ်ခွန်းမျှ မဆိုပဲ ခြေထောက်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်နင်းလိုက်၏။
ဘုန်း...
သူမ၏ ခြေအောက်တွင် မိုင်တစ်ရာ နက်သော ချောက်ကြီး တစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းမှာ အပျက်အစီး အာကာသနယ်အထိ ရောက်ရှိနိုင်အောင် နက်ရှိုင်းသည်။ ယင်းကား ယောင်ဟုန်ရီ၏ မြှားကြောင့် ဖြစ်ပေါ်လာသည့် အပျက်အစီးများထက်ပင် ပိုမို၍ ကြီးမားသည်။ မိန်းကလေးက ထိုအရှိန်အဟုန်ကို သုံးကာ ကောင်းကင်သို့ ပျံတက်သွားခဲ့၏။
ဟူး...
တဒင်္ဂ အတွင်းမှာပင် ရွှယ်ရီဖေးမှာ လျှို့ဝှက် အာဏာရှင် အဆင့်များပင် လိုက်မှီဖို့ ခဲယဉ်းသည့် အမြန်နှုန်း တစ်ခုသို့ ရောက်ရှိသွားခဲ့၏။
နဂါးနတ်မိမယ်မှာ မည်သည့် လှုပ်ရှားမှု ကျင့်စဉ်ကိုမှ အသုံးပြုထားခြင်း မရှိချေ။ ရုပ်ပိုင်းဆိုင်ရာ စွမ်းအား သက်သက်ဖြင့်ပင် ထိုမျှ အောင်မြင်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
ကြီးကြပ်ရေးမှူးမှာ ထိုအမြန်နှုန်းကို လိုက်မှီနိုင်သည့် အနည်းငယ်သော လူများထဲမှ တစ်ဦး ဖြစ်သည်။ သူက ထာဝရသရဖူ လုပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေကြသည့် လူအားလုံး ကြားနိုင်သည် အထိ အာမေဋိတ်သံ တစ်ခုကို ထုတ်လွှတ်လိုက်လေ၏။
အခြားတစ်ဖက်၌ ယောင်ဟုန်ရီမှာ ရွှယ်ရီဖေးအား ယှဉ်ပြိုင်နိုင်သည့် အမြန်နှုန်းဖြင့် လေးညှို့ကို ညင်သာစွာ ဆွဲလိုက်၏။ သူ၏ လှုပ်ရှားမှုများက ညင်သာစွာ နှေးကွေးနေပုံ ပေါ်သော်လည်း အဓိပ္ပာယ် မဲ့စွာပင် အလွန် လျှင်မြန်သည်။ ယောင်ဟုန်ရီ အသက်ကို ဖြည်းညင်းစွာ ရှူလိုက်၏။ ချက်ချင်းပင် သူ၏ ခြေထောက်အောက်ရှိ နေရာမှာ ပြောင်းလဲသွားကာ မိုင်ပေါင်း နှစ်သောင်းနှစ်ထောင်ခန့် နောက်ကို ရောက်ရှိသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ မြှားတစ်စင်းလိုပင် အာကာသကို ထိုးဖောက်ကာ ပင်လယ်ဒေသထဲ ဝင်ရောက် သွားခဲ့သည်။
ယောင်ဟုန်ရီ လေးကြိုးကို သုံးဆယ်ရာခိုင်နှုန်းအထိ နောက်သို့ ဆွဲလိုက်၏။
ဘုန်း...
ရွှယ်ရီဖေးက နောက်ကို နောက်တစ်ကြိမ် ကန်လိုက်ပြန်၏။ အာကာသ လှုပ်ရှားမှု လက္ခဏာများ ဖြစ်လာချိန်တွင် သူမ၏ ခြေထောက်အောက်၌ မန်နာကျောက်ဖြာ တစ်ခု ဖြစ်ပေါ်လာကာ ဒုတိယ အကြိမ် ပေါက်ကွဲသွားခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ မည်သည့် ချောက်နက်ကြီးမှ ဖြစ်ပေါ်လာခြင်း မရှိပါချေ။ တုန်ခါမှုသာလျှင် မိုင်ထောင်ပေါင်းများစွာကို ပြန့်ကျဲ သွားခဲ့၏။ ချက်ချင်းပင် မုန်တိုင်းများနှင့် ကမ္ဘာဖျက်လှိုင်းများ ဖြစ်ပေါ်လာခဲ့လေသည်။ နဂါးတစ်ကောင်၏ ခွန်အားမှာ လောကကိုပင် ပြိုလဲ စေနိုင်စွမ်း ရှိသည်။
ဘုန်း... ဘုန်း...
ကမ္ဘာဖျက်လှိုင်းများမှာ အခြား ပြိုင်ပွဲဝင်များထံကိုပင် ရောက်လုနီးနီး ဖြစ်သွားလေရာ ကြီးကြပ်ရေးမှူးမှာ အလွန်တရာပင် ထိတ်လန့် သွားခဲ့၏။ ရွှယ်ရီဖေး၏ ခွန်အားကို ထည့်သွင်း စဉ်းစားပါက ၎င်းမှာ လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူများကိုပင် မျက်တောင်တစ်ခပ်စာ အတွင်း ပေါက်ကွဲ သွားစေလိမ့်မည် ဖြစ်သည်။
ကြီးကြပ်ရေးမှူးမှာ အဆိုပါလှိုင်းများကို တားဆီးဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း သူ၏ လက်များမှာ ခရမ်းရောင် နတ်ဆိုး အော်ရာများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ အမျိုးမျိုးသော ဝင်္ကပါများအား ထိန်းချုပ်နိုင်သည့် သူ၏ စွမ်းရည်ကို ဟန့်တားနေသည်။ ကြီးကြပ်ရေးမှူးမှာ ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရင်း သူ၏ ကြိုးပမ်း အားထုတ်မှုကိုသာ နှစ်ဆ တိုးမြှင့်လိုက်လေ၏။
အံ့ဩဖွယ် ကောင်းစွာပင် နေရာတိုင်း၌ စိမ့်ဝင်နေသည့် အလင်းရောင်မှာ အနည်းငယ် ပိုမို၍ တောက်ပလာ၏။ မည်သူ တစ်ဦးတစ်ယောက်ထံကိုမှ မရောက်ခင်မှာပင် ဖျက်ဆီးခြင်းလှိုင်းများမှာ တစ်စုံတစ်ရာ၏ ဖျက်ဆီးခြင်း ခံလိုက်ရသလိုမျိုး ပျောက်ကွယ်သွားခဲ့သည်။ အသက်အန္တရာယ်မှာ ချက်ချင်းပင် လွတ်ကင်းသွားခဲ့၏။
သို့သော်လည်း... အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ကြရသူများကတော့ ငရဲသို့ သွားရောက်ရန် အခမဲ့ လက်မှတ် ရရဖို့ မည်မျှ နီးစပ်ခဲ့ကြောင်းကို မသိရှိခဲ့ကြပါချေ။
ထိုအခိုက်၌ ယောင်ဟုန်ရီမှာ လေးကို ငါးဆယ် ရာခိုင်နှုန်း အထိ ဆွဲထားခဲ့ပြီး ဖြစ်လေသည်။
ရွှယ်ရီဖေး၏ မျက်လုံးများမှာ အန္တရာယ် ရှိသည့် အလင်းရောင်များဖြင့် တဖျပ်ဖျပ် တောက်ပနေခဲ့၏။ အားနူ၏ ဟိန်းဟောက်သံက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ ယောင်ဟုန်ရီမှာ အဝေးတွင် ရှိနေသည့်တိုင် ဝိညာဉ်အပေါ် ကျရောက်လာနေသည် ဖိအားများကို ခံစားနေရ၏။ သူ၏ ကျင့်ကြံခြင်း အမြုတေမှာ ပြင်းထန်စွာပင် တုန်ခါသွားခဲ့၏။ ရွှယ်ရီဖေးမှာ သူနှင့် မိုင်အနည်းငယ်ခန့် အကွာကို ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ ခံစားမိပေသည်။ သို့သော်လည်း သူ့ထံတွင် နောက်ဆုတ်ရန် အချိန် မရှိတော့ချေ။
ထို့အပြင်... သူ၏ အမြင်အာရုံမှာ နတ်ဆိုးဆန္ဒ၏ နက်ရှိုင်းစွာ သက်ရောက်မှုကို ခံထားရကြောင်း ခံစားမိ၏။ ၎င်းအား ပြုပြင်ဖို့ ကြိုးပမ်းခြင်းမှာ ရွှယ်ရီဖေး လှပစွာ ချမှတ်ထားသည့် ထောင်ချောက်တစ်ခုသာ ဖြစ်သည်။ အကယ်၍ သူသာ ယောင်ဟုန်ရီ မဟုတ်ပါက၊ အာကာသထံ စိမ့်ဝင်နေသည့် နတ်ဆိုးအော်ရာကို သတိပြုမိလိမ့်မည် မဟုတ်ပါချေ။ အကျိုးဆက် အနေဖြင့် နောက်ဆုတ်ရန် ကြိုးပမ်းလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် အဖမ်းခံရခြင်းဖြင့်သာ အဆုံးသတ် နိုင်ပေသည်။
ထို့အစား... သူက လေးညှို့ကို ရိုးရှင်းစွာပင် လွှတ်လိုက်၏။
ဝှစ်...
ရွှယ်ရီဖေး၏ မျက်လုံးများက အန္တရာယ် ရှိသည့် အလင်းရောင်များကို ဆက်လက် ထုတ်လွှတ်နေဆဲ ဖြစ်သည်။ မြှားက အသက် အန္တရာယ်ကို ခြိမ်းခြောက်နေသည့်တိုင် သူမ ရှောင်တိမ်းခြင်း မပြုချေ။
ရွှစ်...
မိန်းကလေး၏ နောက်ကျောဘက်မှ ခရမ်းရောင်သွေးများ ပန်းထွက်လာခဲ့၏။ လည်ပင်း အောက်ပိုင်းမှ နေ၍ ခန္ဓာကိုယ် အတွင်းပိုင်း အင်္ဂါအားလုံး ပျက်စီးသွားနိုင်သည့် အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းမှာ ထိတ်လန့်ဖွယ်ရာ ကောင်းလှကာ ချက်ချင်း သေဆုံးသွားဖို့ပင် လုံလောက်သည်။ ထိုမြင်ကွင်းကို ကြည့်ကာ ယောင်ဟုန်ရီပင်လျှင် တုန်လှုပ် သွားခဲ့၏။
သို့သော်လည်း ထိုလေးသမား အတွက် ကံဆိုးစွာပင် ရွှယ်ရီဖေး၏ နှလုံးသားမှာ မတူညီသည့် အာကာသ အလွှာတစ်ခုတွင် ရှိနေသည့် အလား တစ်စက်မျှ ထိခိုက်ခြင်း မရှိခဲ့ပါချေ။ ၎င်းမှာ ပုံသေ၊ တည်ငြိမ်နှင့် အပျက်အစီး အာကာသများ၏ အပြင်ဘက်တွင်ပင် ရှိနေပေသည်။
“ဟင်းလင်းပြင်...”
ယောင်ဟုန်ရီ မျက်မှောင်ကြုတ် လိုက်မိ၏။ မြှားထိလုထိခင် အချိန်တွင် သူမမှာ နှလုံးသားကို ဟင်းလင်းပြင်သို့ ပြောင်းလိုက်ခြင်း ဖြစ်သည်။ တဒင်္ဂ အတွင်းမှာပင် နှလုံးသားမှာ ပြန်လည်၍ ပေါ်လာခဲ့ကာ ဒဏ်ရာများကို စိတ်ကူးပင် မယဉ်နိုင်သော နှုန်းထားဖြင့် ကုသသွားခဲ့၏။ အဆုံးမဲ့ အသက်စွမ်းအင်များမှာ မိန်းကလေးထံမှ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း... ထိုအချိန်တွင်ပင် သူမမှာ ယောင်ဟုန်ရီထံသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ခရက်...
အကြေးခွံများနှင့် ပြည့်နှက်နေသည့် လက်တစ်ဖက်မှာ သူ၏ လည်ပင်းထံသို့ ရောက်လာကာ ခိုင်မာစွာ ဆုပ်ကိုင်လိုက်၏။ လည်ပင်းရိုး ကျိုးသံ တစ်ချက် ပေါ်ပေါက်လာကာ ရွှယ်ရီဖေးမှာ အသက်လတ်အရွယ် လေးသမားကို ကောင်းကင်သို့ မြှောက်၍ ပင်လယ်ထက်သို့ ကိုင်ပေါက်ချလိုက်သည်။
ဘုန်း... ဘုန်း...
ပြင်းထန်သည့် ပေါက်ကွဲသံများနှင့် အတူ မိုင်ပေါင်း ထောင်ချီ မြင့်မားသည့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့၏။ အစစ်အမှန် နဂါး၏ ခွန်အားမှာ အံ့ဩဖွယ် ကောင်းလွန်းလှပေသည်။
နဂါး နတ်မိမယ်မှာ လေးသမားကို လွှတ်ပေးလိုက်သေးခြင်း မရှိပါချေ။ လည်ဂုတ်မှ ဆွဲကိုင်ထားဆဲ ဖြစ်သည်။ ယောင်ဟုန်ရီကို ကြည့်ရင်း ရွှယ်ရီဖေး၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပနေခဲ့၏။ ထိုအခိုက်၌ ယောင်ဟုန်ရီ၏ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများမှာ ခရမ်းရောင် အဆင်းသို့ ပြောင်းလဲ နေခဲ့ပြီ ဖြစ်သည်။ တစိမ့်စိမ့် စီးကျနေသည့် သူ၏ သွေးများမှာ ညမ်းညမ်းသည့် နတ်ဆိုးစွမ်းအားများကို ထုတ်လွှတ်နေခဲ့၏။
ဝှစ်...
လေးသမားက သရဖူ အပိုင်းအစကို ထုတ်ယူကာ လေထုအတွင်း မျောလွင့် စေလိုက်၏။ ရွှယ်ရီဖေးက သရဖူ အပိုင်းအစကို မကြည့်ပဲ ယောင်ဟုန်ရီကိုသာ စိုက်ကြည့်နေခဲ့သည်။
“ရွှယ်ရီဖေး နိုင်တယ်...”
အသံတစ်ချက်က ခံစားချက် အရိပ်အမြွက် ကင်းမဲ့စွာဖြင့် ကြေညာလိုက်၏။ ထိုအခါမှသာ ရွှယ်ရီဖေးက သူမ၏ နဂါးလက်ချောင်းများကို လွှတ်လိုက်သည်။
သူမက ယောင်ဟုန်ရီကို တစ်ချက် ပြုံးပြလိုက်ပြီးနောက် သရဖူ အပိုင်းအစကို လှမ်းယူလိုက်၏။ ထို့နောက်တွင်တော့ မန်နာကို ထိန်းချုပ်ကာ လေးသမားကို နောက်တွင် ချန်ရစ်၍ ပျံသန်းသွားခဲ့တော့သည်။
ယောင်ဟုန်ရီ သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူက ပတ်ဝန်းကျင်နှင့် ပေါင်းစည်းသွားကာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တော့သည်။ သူ့ကို မည်သူမျှ အာရုံခံ၍ မရတော့ချေ။
***