← Chapters

အဆုံးသတ်

Vol. 116 Ch. 1618

အဆုံးသတ်

Vol. 116 Ch. 1618

တောင်ထိပ်တစ်ခုပေါ်တွင် စန်းယွန်းလီမှာ တိုက်ပွဲတစ်ခုလုံးကို ငြိမ်သက်စွာ စောင့်ကြည့် နေခဲ့၏။ သူမ၏ နှလုံးသားက ပြင်းထန်စွာပင် ခုန်နေခဲ့သည်။

ထာဝရ ကြယ်တာရာ နယ်မြေမှာတုန်းက ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့မှာ ချီပျစ်ခဲခြင်း၏ နောက်ဆုံး အဆင့် သုံးဆင့်ကို ‘နတ်ဘုရား’ များ ဟု ရည်ညွှန်း၍ အမည်တပ် ခဲ့သည်။ ထိုအချိန်အခါတုန်းက မရေမတွက်နိုင်သည့် အခြားသူများ ကဲ့သို့ပင် သေမျိုးများအား နတ်ဘုရားတပ်၍ ခေါ်ဆိုခြင်းမှာ ရယ်စရာ၊ အံ့ဩစရာ ကောင်းသည်ဟု ခံစားခဲ့ကြရသည်။

သို့သော်လည်း... ဤသေမျိုး နှစ်ဦး၏ တိုက်ပွဲကို ကြည့်ရှုခဲ့ပြီး နောက်ပိုင်းတွင်တော့ သူမ၏ အမြင်တစ်ခုလုံးမှာ လုံးဝ ပြောင်းပြန်လှန် သွားခဲ့တော့သည်။ သေမျိုးများထဲတွင်လည်း အမှန်တကယ် နတ်ဘုရားများ ရှိနေပေသည်။

...

ထာဝရသရဖူ လုပွဲ၏ အပြောကျယ်လှသော နယ်မြေကြီး တစ်ခုလုံးမှာ သေမျိုးလူသား နှစ်ဦးနှင့် နဂါးငယ်လေး နှစ်ကောင်တို့၏ တိုက်ပွဲများကြောင့် ခဏတာမျှ ကသောင်းကနင်း ဖြစ်သွားခဲ့သည်။

တိုက်ပွဲတစ်ခုလုံးမှာ စက္ကန့် အနည်းငယ်မျှသာ ကြာမြင့်သော်လည်း အပျက်အပျက်များကတော့ အားလုံး၏ ဝိညာဉ်များကို အေးခဲ သွားစေခဲ့သည်။ အထူးသဖြင့် တိုက်ပွဲ အစမှ အဆုံးအထိကို ကံကောင်း ထောက်မစွာ မျက်မြင်တွေ့ခဲ့ရသူများ အတွက်ပင်။

ကံဆိုးစွာပင် အချို့သော လူများကတော့ တိုက်ပွဲကို မမြင်တွေ့ခဲ့ရပဲ ရလဒ်ကိုသာ တွေ့မြင်ခဲ့ရသည်။ အချို့မှာလည်း ကောင်းကင်၌ ဖြစ်ပေါ်လာခဲ့သော အပေါက်ကြီးကိုပင် မြင်တွေ့ခဲ့ရခြင်း မရှိပါချေ။

လူသားတစ်ပိုင်း၊ အယ်ဗန်တစ်ပိုင်း လူငယ်လေး တစ်ဦးမှာ လောကအတွင်း စိမ့်ဝင်ကျန်ရစ်ခဲ့သည့် အကြွင်းအကျန်လှိုင်းများကို လေ့လာ နေခဲ့၏။

“မူလ အာဏာရှင် တစ်ယောက် ထင်တယ်...”

ယီယွင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်တုန်းက သူ မူမမှန်မှုများကို ခံစားခဲ့ရကာ ကျင့်ကြံခြင်းကို စောစောစီးစီး ရပ်တန့်ခဲ့သည်။ ထို့နောက် နေရာ အနှံ့အပြားတွင် မြေပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်ကို သူ ကံကောင်း ထောက်မစွာပင် တွေ့မြင်ခဲ့ရ၏။

ထိုကောင်းချီးခံမှာ ပတ်ဝန်းကျင်အတွင်း စိမ့်ဝင် ပျံ့နှံ့လာသည့် ဖျက်ဆီးခြင်းလှိုင်းများမှ ကယ်တင်ခံရသူ အနည်းငယ်ထဲတွင် တစ်ယောက် အပါအဝင် ဖြစ်သည်။ အကယ်၍ ထိုစွမ်းအင်လှိုင်းများကိုသာ ရင်ဆိုင်ရမည် ဆိုပါက လုံးဝ လွတ်မြောက်ရန် လမ်းမရှိဟု ယီယွင် ခံစားခဲ့ရသည်။

ယီယွင်မှာ အာဏာရှင် အဖွဲ့ဝင် တစ်ယောက် ဖြစ်လေရာ အာဏာရှင် အဖွဲ့၏ ဖွဲ့စည်းပုံကို သိရှိထားပေသည်။ အဖွဲ့အတွင်း၌ အာဏာရှင် အင်ပါယာနှင့် အနီးစပ်ဆုံး နေရာတွင် ရှိနေသည့် ပထမတန်းစား အာဏာရှင်များ ရှိပေသည်။ သူတို့ထဲမှ ယောင်ဟုန်ရီနှင့် ရွှေဖုန်းပေါင်တို့ အကြောင်းကိုတော့ ယီယွင်သိသည်။ အခြား မူလ အာဏာရှင်များနှင့် ပတ်သက်၍မူ ကောလဟလများလောက်ကိုသာ ကြားဖူးသည်။

ဥပမာ... အာဏာရှင် အင်ပါယာထံတွင် စိတ်နှလုံးတစ်ခုလုံး ပုံအပ်ကာ သစ္စာရှိစွာ အမှုထမ်းနေသည့် သူ၏ လက်သည်းနှင့် အစွယ်များ...

ထိုပုဂ္ဂိုလ်အကြောင်း တွေးလိုက်မိသော အခိုက်၌ ယီယွင်မှာ စိတ်မသက်သာရာ ရသလို ခံစားလိုက်ရ၏။ လှပသည့် စီနီယာ အမ ကျောင်းရှုလင်း၏ ပုံရိပ်ကလေးမှာ သူ့ မှတ်ဉာဏ်ထဲတွင် ပေါ်လာခဲ့သည်။ ယီယွင် ရင်ဘတ်ကို ထိလိုက်မိ၏။ နှလုံးခုန်နှုန်းက လွဲချော်နေကာ နာကျင်မှုကို သူ ခံစားလိုက်ရသည်။

အာဏာရှင် အင်ပါယာ၏ လက်သည်းနှင့် အစွယ်များမှာ မည်သူ ဖြစ်နိုင်ကြောင်း သူ အပြည့်အဝပင် သတိထားမိပြီး ဖြစ်သည်။

လေထုက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။ ယီယွင်မှာ ကျင့်ကြံမှုကို ပြန်လည် စတင်ဖို့ ဆုံးဖြတ်လိုက်သည်။ အခြားလူများ ထိုအဆင့်ကို ရောက်နိုင်ပါက သူသည်လည်း ရောက်နိုင်ပေသည်။ သူ မဖြစ်မနေ ရအောင် လုပ်ရမည် ဖြစ်သည်။

...

အခြားတစ်ဖက်၌ ကြီးကြပ်ရေးမှူးမှာ သူ့လက်များအတွင်း ကျူးကျော် ဝင်ရောက်လာနေသည့် နတ်ဆိုး အလင်းရောင်များကို ပြင်ပသို့ ပြန်လည် ထုတ်ပစ်ရန် အပြင်းအထန်ပင် လုပ်ဆောင်နေခဲ့သည်။ ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကိုပင် ကူးစက်ရန် ခြိမ်းခြောက် နေခဲ့၏။ ကံကောင်းထောက်မစွာပင် ငွေရောင် မျက်လုံးများနှင့် သေမျိုးမှာ သူ ကိုင်တွယ် ဖြေရှင်းရမည့် ကိစ္စများကို ကူညီ ဖြေရှင်းပေး နေခဲ့လေသည်။

“ဟူး...”

ကုဗတုံး အတွင်း၌ ဝေ့ဝူယင်မှာ မြေကြီးမှ လက်ဖဝါးများကို မြှောက်ကာ အသက်ကို ပေါ့ပေါ့ပါးပါး ရှူသွင်းလိုက်သည်။ ကြမ်းပြင်မှာ လွတ်လပ်စွာပင် ပြန်လည် ပြုပြင်သွားခဲ့၏။ ၎င်းမှာ သူတို့ နှစ်ဦးကို ကုဗတုံးအတွင်း အပြည့်အဝပင် ပြန်လည် ချိပ်ပိတ်လိုက်လေသည်။

ဝေ့ဝူယင် သူ့လက်ဖဝါးများကို ငုံ့ကြည့်နေခဲ့၏။ စွမ်းအင် လေးရပ်လုံး အပေါ် ထိန်းချုပ်မှုများက မည်မျှ ချောမွေ့နေသည်ကို ကြည့်ကာ သူ အလွန်ပင် ကျေနပ် နေခဲ့မိသည်။ ကြယ်တာရာ ဝိညာဉ်များ အကြား မညီညွှတ်မှု အရိပ်အယောင်ကလေး အနည်းငယ်မျှပင် မရှိပါချေ။

“ရှင့်ရဲ့ ကျင့်ကြံခြင်း အခြေအနေက ဘယ်လိုလဲ...”

ဝမ်မင်ယာက ထိုင်နေရာမှ မေးလိုက်၏။ သူမမှာ ထင်ရှားစွာ ဖော်ပြထားခြင်း မရှိသော်လည်း တိုက်ပွဲ၏ ရလဒ်ကို အလွန်ပင် ကျေနပ်နေတာ ထင်ရှားပေသည်။ ဝေ့ဝူယင်မှာ ထိုခံစားချက်များကို မည်ကဲ့သို့ သတိမထားမိပဲ နေမည်နည်း။ သူမက ဝေ့ဝူယင် တိုက်ပွဲ အကြောင်း မပြောခင် စကားလမ်းကြောင်း ပြောင်းနေသည်မှာ ရှင်းလင်းပေသည်။

သူ အနည်းငယ် ပြုံးကာ ခေါင်းညိတ်လိုက်၏။

“အဆုံးမဲ့ အပြစ်သန့်စင် နယ်မြေကို သွားလည်ခဲ့ပြီးတဲ့နောက် ပိုကောင်းလာခဲ့တယ်...”

ထို့နောက် သူက ဝမ်မင်ယာဘက်ကို လှည့်လိုက်ရင်း အရှေ့တွင် အလားတူပင် တင်ပျဉ်ခွေကာ ထိုင်လိုက်သည်။

“နောက်ပြီး အခြားလူတွေရဲ့ အတွေ့အကြုံတွေက...”

ဝေ့ဝူယင် အစချီလိုက်ရင်း စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုဖြင့် ကျင့်ကြံမှု၏ နက်ရှိုင်းသော ကဏ္ဍများကို စတင်ကာ ရှင်းပြလိုက်လေသည်။ ထိုနည်းဖြင့် သူက ဝမ်မင်ယာ၏ ဉာဏ်အလင်းများအား အစာချေဖျက်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။

ဝေ့ဝူယင်၏ လုပ်ရပ်ကြောင့် ဝမ်မင်ယာမှာ ပျော်ရွှင်စွာ ပြုံးလိုက်မိ၏။ သို့သော်လည်း… သူမက ဝေ့ဝူယင်၏ စကားလုံးများကို အာရုံစိုက်ဖို့ အတွက် အလေးအနက်ထားလိုက်လေသည်။ ၎င်းတို့မှာ သေမျိုးအကန့်အသတ်ထက် များစွာ ကျော်လွန်နေသည့် အသေးစိတ် အချက်အလက်များ ဖြစ်လေရာ တစ်ချက်မျှ အာရုံလွတ်သွားသည်နှင့် အကုန်လုံး ပြန့်ကျဲ သွားလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်တို့ နှစ်ယောက် ကျင့်ကြံခြင်း ပတ်သက်သည့် ဖလှယ်မှုများ ပြုလုပ်နေစဉ်တွင် အခမ်းနားဆုံး သေမျိုးတိုက်ပွဲ၏ အနိုင် ရရှိသူကတော့ အားနူ ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

နဂါးလေးမှာ လျှင်မြန်စွာပင် ကျုံ့ဝင်သွားကာ ကြောင်ပေါက်လေး အရွယ်အစားသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ၎င်းမှာ ရွှယ်ရီဖေး၏ ရင်ဘတ်အတွင်း ပြန်လည် ခုန်ဝင်သွားကာ တိုက်ပွဲ၏ ရလဒ်ကြောင့် ပျော်ရွှင်နေကြောင်း ထင်ရှားပေသည်။ နဂါး နတ်မိမယ်မှာ နတ်ဆိုး နဂါး သံချပ်ကာကို ပြန်လည်၍ ရုတ်သိမ်းလိုက်၏။ သူမ၏ အသွင်အပြင်က ပုံမှန်သို့ ပြန်လည် ရောက်ရှိသွားကာ အားနူကို ရင်ခွင်အတွင်း ဝင်ရောက်ခွင့် ပေးလိုက်သည်။

ထို့နောက်တွင်တော့ သူတို့ နှစ်ယောက် စလုံးမှာ ပုံသေ အာကာသနှင့် ပေါင်းစပ်က အားလုံး၏ အာရုံခံစားမှုများမှ ပျောက်ကွယ်သွားခဲ့တော့သည်။

တစ်ခဏကြာပြီးနောက် ရွှယ်ရီဖေးမှာ သစ်တော ဒေသတွင် ပြန်လည်၍ ပေါ်လာခဲ့၏။ သူမ၏ အမူအရာက ခန္ဓာကိုယ် အတွင်းရှိ သွေးများအားလုံး ထွက်ခွာသွားသည့် အလား ဖြူရော်နေသည်။ သူမ၏ မျက်နှာထက်၌ နာကျင်သည့် အမူအရာ တစ်ခု ပေါ်လာကာ ခန္ဓာကိုယ်မှာ တုန်ရီလာခဲ့သည်။

နှလုံးသားအား ဟင်းလင်းပြင်သို့ အတင်းအကြပ် ရွှေ့လိုက်ခြင်းမှာ လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်ပါချေ။ ယောင်ဟုန်ရီ၏ မြှားနှင့် ရင်ဆိုင်ရခြင်းကလည်း အလားတူပင်။

ရွှယ်ရီဖေးမှာ ပြင်ဆင်မှုမျာစွာ ပြုလုပ်ထားခဲ့သည်။ မူလ အာဏာရှင်များ အထူးသဖြင့် ယောင်ဟုန်ရီ၊ ရွှေဖုန်းပေါင်တို့နှင့် ရင်ဆိုင်ရန် သူမ ဗျူဟာများ ချမှတ်ထားခဲ့သည်။ ယောင်ဟုန်ရီမှာ နေကြယ်များကိုပင် ဖောက်ခွဲဖျက်ဆီး ပစ်နိုင်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားကြောင်း ဝေ့ဝူယင်က သူမကို တစ်ချိန်က ပြောခဲ့ဖူးသည်။ ထို့ကြောင့်ပင် ယောင်ဟုန်ရီ လေးအား အပြည့်အဝ ဆွဲမတင်နိုင်ရန် သူမ အစီအစဉ်တစ်ရပ်ကို ချမှတ်ခဲ့သည်။

၎င်းအပြင်... ယောင်ဟုန်ရီ၊ ရွှေဖုန်းပေါင်တို့၏ ဖျက်ဆီးနိုင်စွမ်း အလွန်အမင်း မြင့်မားသည့် စွမ်းအားများနှင့် ရင်ဆိုင်ပြီး နောက်တွင် ခန္ဓာကိုယ်ကို ချက်ချင်း ပြန်လည် ကုသနိုင်သည့် ထုတ်ကုန်တစ်ခု သို့မဟုတ် နည်းလမ်း တစ်ခုကို ဝေ့ဝူယင်တွင် တောင်းဆိုခဲ့သည်။ ဝေ့ဝူယင်ကလည်း အသက်စွမ်းအင်များ အနှိုင်းအဆမဲ့ ပါဝင်သည့် ဆေးလုံးအသစ် တစ်မျိုးကို ဖော်စပ်ပေးကာ သူမ၏ တောင်းဆိုမှုကို လိုက်လျောခဲ့သည်။ ထိုအရာအားလုံးကို အသုံးပြုကာ သူမ ယောင်ဟုန်ရီ အပေါ် အားသာချက် ရယူခဲ့သည်။

အခြားလူများနှင့် ခြားနားစွာပင် ရွှယ်ရီဖေးမှာ ခင်ပွန်းဖြစ်သူ၏ ချမ်းသာ ကြွယ်ဝမှု၊ ထူးချွန်မှုတို့ အပေါ် အပြည့်အဝ ဂုဏ်ယူသည်။ သူမ တစ်ခုခု လိုအပ်လာပါကလည်း မတုန့်မဆိုင်းပင် တောင်းသည်။ နှလုံးသားကို ဟင်းလင်းပြင်ထဲတွင် ပြောင်းရွှေ့ ချိပ်ပိတ်သည့် နည်းလမ်းမှာလည်း ဝေ့ဝူယင်ထံမှ သူမ တောင်းခံထားသည့် ရတနာ တစ်ခုပင် ဖြစ်သည်။ ဟင်းလင်းပြင် စွမ်းအင်အား ထိတွေ့နိုင်သည့် ကျင့်ကြံသူ တစ်ယောက်နှင့် ရင်မဆိုင်ရ မချင်း သူမ၏ နှလုံးသားမှာ ထိုထူးဆန်းသည့် နည်းလမ်းနှင့် အတူ လွတ်မြောက်နိုင်လိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင် ကိုယ်တိုင်ပင်လျှင် ၎င်းအား သန့်စင်ရန် အချိန် ကြာမြင်စွာ ပေးခဲ့ရပေသည်။

၎င်းအား နောက်ထပ် နှစ်ကြိမ်သာ အသုံးပြနိုင်တော့မည့် အဖြစ်ကို တွေးရင်း ရွှယ်ရီဖေး သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ဝေ့ဝူယင်၏ အတွေးအာရုံထဲ၌ ငွေရောင် မျက်ဝန်းများနှင့် ချောမောသည့် လူငယ်၏ ပုံရိပ်က ထက်ရှားစွာ ပေါ်လာခဲ့သည်။ ထိုလူငယ်မှာ အလုပ်မအားသည့်ကြားမှ သူမ အတွက် ဟင်းလင်းပြင် ရတနာ တစ်ခုကို မတုန့်မဆိုင်းပင် အချိန်ပေး ထုလုပ်ပေးခဲ့သည်။ အလွန်တန်ဖိုးရှိသည့် အသက်စွမ်းအင် ဆေးလုံးကို မေးခွန်းတစ်ခုမှ မထုတ်ပဲ ဖော်စပ် ပေးခဲ့သည်။ သူက သူမ ချစ်ရသည့် ခင်ပွန်းဖြစ်ပေသည်။ ရွှယ်ရီဖေး၏ နှလုံးသားက နွေးထွေးမှုများနှင့် ပြည့်နှက်လာခဲ့၏။

"အဘွားရီဖေး"

အပြာရောင် နဂါးလေးက စိုးရိမ်စွာဖြင့် ခေါ်လိုက်၏။ ရွှယ်ရီဖေးမှာ ပြန်လည် စိတ်တည်ငြိမ်လာခဲ့ပြီ ဖြစ်လေရာ အသက်ကို ခပ်ဖြည်းဖြည်း ရှိုက်လိုက်သည်။ သူမ၏ ဖြူဖပ်ဖြူရော် မျက်နှာက ပန်းရောင် အသွေးဖြင့် ပြန်လည် ဝင်းဝါလာကာ အခြေအနေ ကောင်းမွန်လာပုံ ရသည်။ ဤနေရာသို့ လာရာ လမ်းကြောင်းတစ်လျှောက်တွင် သူမ အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်များစွာကို သောက်သုံးခဲ့သည်။ ၎င်းတို့မှာ ယခုအခါ အလုပ်လုပ်နေပုံ ရလေသည်။

***

All Chapters