သရဖူ လွှဲပြောင်းမှု (၂)
Vol. 116 Ch. 1620
“နဂါး နတ်မိမယ်...”
ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ တပည့်က စိတ်လှုပ်ရှားစွာဖြင့် အော်ခေါ်လိုက်၏။ ရွှယ်ရီဖေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် မကောင်းဆိုးရွား စောင့်ကြပ်သူ၏ အမူအရာက ကြီးမားစွာ ပြောင်းလဲ သွားခဲ့တော့သည်။
“မင်း...”
သူ၏ ခြေလှမ်းများမှာ ချက်ချင်းပင် ရပ်တန့်သွား၏။ သူ၏ မျက်လုံးများက ရွှယ်ရီဖေး၏ ရင်ခွင်ထဲရှိ နဂါးငယ်လေးကို လှမ်းကြည့်လိုက်သည်။ လောလောလတ်လတ် မှတ်ဉာဏ်များက အသိစိတ် ပင်လယ်ကို လွှမ်းမိုးသွားကာ နှလုံးသားမှာ ပြင်းထန်စွာပင် တုန်ရီသွားခဲ့၏။ ရွှယ်ရီဖေး တိုက်ခိုက်နေသည်ကို သူ ယခုလေးတင် မြင်ခဲ့ရခြင်း ဖြစ်သည်။ အချိန်တစ်နာရီမျှပင် မကြာပါသေးချေ။
နောက်ပြီး ထိုနဂါး..
ဦးချိုပါ နဂါးများမှာ အာကာသ နဂါးများ၏ မျိုးဆက် ဖြစ်သည်။ သူ တွေ့မြင်ခဲ့ရသလောက် ထိုနဂါးလေး၏ ခွန်အားက အနည်းဆုံး သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။
၎င်း၏ ပိုင်ရှင်မှာလည်း အော်ရာအရ သေမျိုးတစ်ယောက်ဟု ဆိုနိုင်သည့်တိုင် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် စွမ်းအင်များကို ပိုင်ဆိုင်ထားသည်။ သူမ၏ ခြေကန်ချက် တစ်ခုမှာ ထာဝရသရဖူ လုပွဲ ကျင်းပရာ လောကနယ်မြေ တစ်ခုလုံးကိုပင် တုန်ခါစေခဲ့သည်။ ထို့အပြင်... သူမမှာ ကောင်းကင်ကိုပင် အပေါက်ဖောက်နိုင်သည့် လေးသမားအား အနိုင်ယူထားနိုင်သူ ဖြစ်သည်။
မကောင်းဆိုးရွား စောင့်ကြပ်သူက ချက်ချင်းပင် ဖြူဖွေးသည့် သွားများ ပေါ်သည် အထိ ပြုံးရယ်ပြလိုက်၏။
“နဂါး နတ်မိမယ်... သူတို့က ခင်ဗျားရဲ့ အကာအကွယ်အောက်မှာ ရှိနေတယ် ဆိုတာ ကျွန်တော် မသိခဲ့လို့ပါ... ခု ချက်ချင်း ထွက်သွားပါ့မယ်”
သူက ချက်ချင်းပင် ဆိုးယုတ်လှသည့် အော်ရာကို ရုတ်သိမ်းကာ နောက်သို့ သတိကြီးကြီးနှင့် ဆုတ်ခွာလိုက်သည်။ သူ၏ မျက်လုံးများက ရွှယ်ရီဖေးထံမှ တစ်ဖဝါးမှ မခွာပါချေ။
ကံကောင်းထောက်မစွာပင် ရွှယ်ရီဖေးမှာ သူ ဆုတ်ခွာနေသည်ကို ကြည့်ရုံသာ ကြည့်နေခဲ့၏။ ပေနှစ်ရာ အကွာအဝေးသို့ ရောက်ရှိပြီးနောက် သူက လျှို့ဝှက်စွမ်းအင်ကို အသုံးပြုကာ ကောင်းကင်သို့ ပျံတက် ထွက်ခွာသွားခဲ့တော့သည်။ သူက အဆင့်မြင့် လှုပ်ရှားခြင်း ကျင့်စဉ် တစ်မျိုးကိုပင် သုံးထားလေရာ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့၏။
ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ တပည့်မှာ နောက်ကြောတစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေခဲ့သည်။ သူမက စိတ်သက်သာရာ ရဟန်ဖြင့် အသက်ကို ခပ်သဲ့သဲ့ ရှိုက်သွင်းလိုက်၏။ ထို့နောက်... လျှို့ဝှက် အာဏာရှင် အဆင့် တစ်ဦးကို အကြည့်တစ်ချက်ဖြင့်ပင် ခြောက်လှန့်ပစ်နိုင်ခဲ့သည့် ရွှယ်ရီဖေးကို လှည့်ကြည့်လိုက်၏။
နဂါး နတ်မိမယ်ကတော့ မကောင်းဆိုးရွား စောင့်ကြပ်သူ ထွက်ခွာသွားသည့် နေရာကိုသာ စိုက်ကြည့်နေဆဲ ဖြစ်ပေသည်။
"ကျေးဇူးတင်ပါတယ်... နဂါး နတ်မိမယ်...”
မိန်းကလေးက နှစဖက်ကို ယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်၏။ ထိုအခိုက်အတန့်တွင်ပင်...
“အား...”
စိတ်ဝိညာဉ်ကိုပင် ထိုးဖောက်နိုင်သည့် အလွန် ပြင်းထန်သော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ အားလုံး၏ အမူအရာများက ပြောင်းလဲသွားကာ မကောင်းဆိုးရွား စောင့်ကြပ်သူ ထွက်ပြေးသွားသည့် လမ်းကြောင်းကို လှမ်းကြည့်လိုက်ကြ၏။ သွေးစိမ်းရှင်ရှင် ရနံ့က လေထုအတွင်း သင်းပျံ့ကာ သူတို့ထံကိုပင် ရောက်လာခဲ့သည်။ တစ်ချိန်တည်း၌ အလွန်တရာ ပြင်းထန်လှသည့် အော်ရာက သူတို့အားလုံး အပေါ်သို့ ဖိနှိပ်ကာ ကျရောက်လာခဲ့၏။
“ငါတို့ပြေးမှ ထင်တယ်...”
ယွီစွန်းလီ၏ တပည့်က ပြောလိုက်၏။ သူမ၏ အသံက အနည်းငယ် တုန်ယင်နေသည်။ နှလုံးသားက တဒိတ်ဒိတ် ခုန်နေလေရာ နှလုံးခုန်သံကိုပင် သူမ ပြန်လည် ကြားနိုင်ပေသည်။ မိန်းကလေးမှာ ထွက်ပြေးရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း... စိတ်သာလျှင် ရောက်နိုင်ကာ ခြေလက်များကတော့ မူလ နေရာတွင်ပင် တုန်ရီစွာဖြင့် မလှုပ်မယှက် ကျန်ရှိနေဆဲ ဖြစ်သည်။ ကျန်လူများမျာလည်း အလားတူပင် ခံစားနေရ၏။
ရွှယ်ရီဖေးက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ အစစ်အမှန် နဂါးအော်ရာက သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ဖိနှိပ်နေသည့် အော်ရာကို တားဆီးလိုက်သည်။ သို့သော်လည်း အော်ရာမှာ ထူးဆန်းလှ၏။ ဖိနှိပ်ခြင်း စွမ်းအင် သက်သက်မျှသာ မဟုတ်ပဲ အရာအားလုံးကို သည်အတိုင်း ပစ်မှတ်ထားတော့မည့် သားကောင် အဖြစ် သတ်မှတ်လိုက်ခြင်းမျိုး ဖြစ်သည်။ ၎င်းအား သာမန် နည်းလမ်းများဖြင့် တားဆီးလို့ ရမည့်ပုံ မပေါ်ပါချေ။
ဟူး... ဟူး...
ရွှယ်ရီဖေး၏ လည်ပင်းရှိ ဆွဲသီးက အနည်းငယ် တောက်ပသွား၏။ ချက်ချင်းပင် သူတို့ကို ဝန်းရံနေသည့် အော်ရာက ပျောက်ကွယ်သွားကာ မိန်းကလေး အားလုံးမှာ စိတ်သက်သာရာ ရမှုကို ခံစားလိုက်ရသည်။
ဖျပ်... ဖျပ်... ဖျပ်...
အဝေးမှ နေ၍ ခြေသံများ ထွက်ပေါ်လာခဲ့၏။ မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ ငွေရောင် ဆံပင်ရှည်များနှင့် ပုဂ္ဂိုလ် တစ်ဦးမှာ သူတို့ထံသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ သူ့လက်ထဲတွင်တော့ ခေါင်းပြတ်တစ်လုံး ပါလာခဲ့၏။ ယခုလေးတင် ထွက်ပြေးသွားခဲ့သည့် မကောင်းဆိုးရွား စောင့်ကြပ်သူ၏ ခေါင်းပင်။ လည်ပင်းမှ စီးကျလာသည့် သွေးစက်များက မြေပြင်တစ်လျှောက် စွန်းထင်း နေခဲ့သည်။
"..."
ရွှယ်ရီဖေး၏ ဆွဲသီးကို ခံစားမိပြီးနောက် ကျူးဟိုင်က ခြေလှမ်းများကို ရပ်တန့်လိုက်၏။ ထို့နောက် သူက စကားပြောရန် စတင် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ရွှယ်ရီဖေးက ဖြတ်ကာ ပြောလိုက်၏။
"ကျွန်မ ခင်ပွန်းက ဘာပြောခဲ့လဲဆိုတာ ကျွန်မ ကောင်းကောင်း သိပါတယ်..."
သူမက ကျူးဟိုင် မမေးရသေးသည့် မေးခွန်းကို တည်ငြိမ်စွာ ဖြေလိုက်သည်။ ဝေ့ဝူယင်က သူ့နာမည်ကို အသုံးချ၍ အာဏာရှင်များ အကြား မျှတသော တိုက်ပွဲအား အသာစီး ယူခြင်းမျိုးကို မနှစ်သက်ပါချေ။ အမှန်အတိုင်း ဆိုရပါက သူမ ကိုယ်တိုင်လည်း မနှစ်သက်ချေ။ ခဏတာမျှ တိတ်ဆိတ်ပြီးနောက် ရွှယ်ရီဖေးက ထပ်ဆိုလိုက်၏။
“ဒါပေမဲ့ အနည်းဆုံး ကျွန်မ ပြန်ကောင်းလာတဲ့ အထိ မစောင့်နိုင်ဘူးလား...”
ကျူးဟိုင်က တိုက်ရိုက် မဖြေချေ။ ထို့အစား သူက သတ္တုအပိုင်းအစတစ်ခုကိုသာ ထုတ်လိုက်၏။ ၎င်းမှာ ထူးဆန်းကာ အံ့ဩဖွယ် ကောင်းသည့် အလင်းရောင်များကို ထုတ်လွှတ်နေသည်။ ထာဝရသရဖူ၏ အစိတ်အပိုင်း တစ်ခုပါပင်။
ရွှယ်ရီဖေးက ၎င်းကို တည်ကြည်စွာ ကြည့်လိုက်၏။ ယောင်ဟုန်ရီနှင့် တိုက်ပွဲ အပြီးတွင် လူအားလုံး၏ အာရုံခံစားမှုများမှ လွတ်မြောက်ရန် သူမ ကိုယ့်ကိုယ်ကို ကောင်းစွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။ သို့သော်လည်း... ယခုတွင်တော့ မိန်းကလေး သုံးယောက်ကြောင့် သူမ ကိုယ်ထင်ပြလိုက်ရပြီ ဖြစ်သည်။
ရွှယ်ရီဖေးမှာ သူတော်စင် တစ်ဦး မဟုတ်ပါချေ။ သို့သော်လည်း မာ့လုလင်၏ မာ့ရုကို သူမ သိရှိထားသည်။ မာ့ရုမှာ ရွှယ်ရီဖေး ရွှေရောင်အသက်နန်းတော်တွင် နေထိုင်စဉ် အခါက အကူအညီများစွာ ပေးခဲ့သူ ဖြစ်သည်။ ရွှေလေလံပွဲ အတွင်း၌ အာရုဏ်ဦး နေမီးတောက် ဆေးလုံးအား စမ်းသပ် သောက်သုံးပြရန် မာ့လုလင်ကို ရွေးခဲ့ခြင်းသည်ပင် ရွှယ်ရီဖေးက မာ့ရုကို သဘောကျခဲ့သောကြောင့် ဖြစ်သည်။
ရွှယ်ရီဖေးနှင့် မာ့လုလင်တို့ နှစ်ယောက်ကြားတွင်လည်း ရင်းနှီးသည့် ဆက်ဆံရေးများ ရှိပေသည်။ ရွှယ်ရီဖေးက သူမကို ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်မှုများလည်း ပေးခဲ့ဖူးသည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွင်း၌ သူမကို ရှာဖွေနိုင်ရန် နည်းလမ်းတစ်ခုပင် ပေးခဲ့သည်။ ထို့ကြောင့်ပင် မာ့လုလင်မှာ ရွှယ်ရီဖေးကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။
ရွှယ်ရီဖေးမှာ ယောင်ဟုန်ရီနှင့် တိုက်ပွဲ၌ ကြယ်တာရာ စွမ်းအင် များစွာကို သုံးစွဲခဲ့ရသည်။ သူမ ကျင့်ကြံထားသည့် ကြယ်တာရာ စွမ်းအင် အရည်အသွေးကြောင့်ပင် ၎င်းတို့ကို ပြန်လည် ဖြည့်တင်းရန်မှာ ခက်ခဲလှသည်။ ဝေ့ဝူယင်၏ အဂ္ဂိရတ် ထုတ်ကုန်များနှင့်ပင် လုံးဝ ဥဿုံ ပြန်လည် နေကောင်းရန် ရက်အနည်းငယ်ကြာ လိုအပ်သည်။ ဤအခြေအနေဖြင့် သူမ ကျူးဟိုင်ကို ဘယ်လိုမှ ယှဉ်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
ကျူးဟိုင်မှာ ရွှယ်ရီဖေးကို စိုက်ကြည့်နေဆဲ ဖြစ်၏။ သူ့ အကြည့်အတွင်း၌ သဘာဝ အတိုင်းပင် သတ်ဖြတ်လိုစိတ်များ၊ ရက်စက်မှု၊ သွေးဆာမှုတို့ ပါဝင်နေသည်။ အခွင့်အလမ်းကောင်း တစ်ခုကို ရရှိပြီးနောက် သူ မည်ကဲ့သို့ နောက်ဆုတ်နိုင်မည်နည်း။
"ကောင်းပြီ..."
ရွှယ်ရီဖေးက သက်ပြင်းတစ်ချက် ချလိုက်၏။ သူမ၏ မျက်ဝန်းများက မနှစ်မြို့မှုများဖြင့် ပြည့်နေသည်။ မိန်းကလေးက သူမ၏ သရဖူ အပိုင်းအစကို ထုတ်ယူကာ ကျူးဟိုင်ဘက်ကို ပစ်ပေးလိုက်၏။
ကျူးဟိုင်က စကားတစ်ခွန်းမှ မဆိုတော့ပဲ နောက်သို့ လှည့်ကာ ထွက်ခွာ သွားခဲ့သည်။ သူ၏ ခြေလှမ်းများမှာ နှေးကွေးသော်လည်း မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့၏။
နောက်ဆုံး၌... မိန်းကလေး သုံးယောက်မှာ ရှို့ရန်၏ အာရုံ စူးစိုက်မှု အောက်မှ လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။ သူတို့အားလုံး စိတ်သက်သာရာ ရသွားကြကာ အသက်ကို ရှူထုတ်လိုက်မိကြ၏။ ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ တပည့်ဆိုလျှင် မြေပြင်ပေါ်သို့ပင် ခွေယိုင်ကာ ပြုတ်ကျသွားခဲ့သည်။ သူမ၏ မျက်ဝန်းများ အတွင်းတွင်တော့ မမေ့နိုင်သည့် ကြောက်ရွံ့မှုများ ကျန်ရှိနေခဲ့၏။
မကောင်းဆိုးရွား စောင့်ကြပ်သူမှာ ကြောက်စရာ ကောင်းသည် ဆိုလျှင် ကျူးဟိုင်မှာ ထိုထက် အဆပေါင်း တစ်သန်း ပိုမို ကြောက်စရာကောင်းသူ ဖြစ်သည်။ ကျူးဟိုင်ကို ကြည့်လိုက်မိသည့် အခါတိုင်း သူမ၏ အသက်မှာ သေဆုံးခြင်း ဆိုသည့် မျဉ်းမှ ဆံချည်တစ်မျှင်စာမျှသာ ကွာခြားတော့ သလို ခံစားခဲ့ရသည်။
ရွှယ်ရီဖေးက မာ့လုလင်ဘက်ကို လှည့်လိုက်၏။ သူမ၏ အကြည့်များက နူးညံ့သွားကာ ညင်သာစွာ ပြုံးပြလိုက်သည်။
“သွားကြမယ်...”
“ဂါး...”
အားနူက အာကာသ ထိန်းချုပ်နိုင်စွမ်းကို အသုံးပြုကာ အသံ ခပ်အုပ်အုပ် ဟိန်းဟောက် လိုက်သည်။ ထို့နောက်တွင်တော့ အလင်းတန်း တစ်ခုမှာ သူတို့ လေးဦးလုံးကို လွှမ်းခြုံသွားကာ ပတ်ဝန်းကျင် အာကာသ အတွင်း ချောမွေ့စွာ ပေါင်းစည်း သွားခဲ့လေ၏။
ကုဗတုံး အတွင်းတွင်တော့ ဝေ့ဝူယင်မှာ ထိုမြင်ကွင်းများကို ငေးကြည့် နေခဲ့၏။ ဝမ်မင်ယာကတော့ ရွှေရောင် ကံကြမ္မာ စွမ်းအင် အော်ရာ၏ လွှမ်းခြုံမှု အောက်၌ မျက်လုံးများကို မှိတ်ကာ တရားထိုင် နေခဲ့သည်။ သူမမှာ နက်ရှိုင်းသည့် ကျင့်ကြံခြင်း အခြေအနေ တစ်ခု အတွင်း ကျရောက်နေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်ထံမှ ဉာဏ်အလင်းများကို လက်ခံ ရရှိခဲ့ပြီး နောက်တွင် သူမမှာ ကောင်းကင်တာအိုနှင့် ပတ်သက်သည့် ထိုးထွင်း သိမြင်မှု အရိပ်အယောင် အချို့ကို ရရှိခဲ့သည်။ သူမ၏ ကျင့်ကြံခြင်း နည်းလမ်း အသစ် တစ်ခုမှာ နည်းလမ်းဟောင်းကို အခြေခံကာ တဖြည်းဖြည်းချင်း ပုံပေါ်လာနေခဲ့သည်။ ၎င်းမှာ ပိုမို နက်ရှိုင်းပေသည်။ ပိုမို ခမ်းနားပေသည်။ ကောင်းကင်ဘုံ လမ်းစဉ်နှင့် ပိုမို ကိုက်ညီသည့် အရာတစ်ခု ဖြစ်လာနေခဲ့ပေသည်။
***