သရဖူ အပိုင်းအစများ
Vol. 116 Ch. 1621
“အခြေအနေ အပေါ် လိုက်လျောညီထွေ ပြောင်းလဲပြီး ဖြစ်ပေါ်လာတဲ့ ကျင့်ကြံခြင်း နည်းလမ်း... သူက ဒီလမ်းစဉ်မှာ တကယ် ပါရမီပါတာပဲ...”
ဝေ့ဝူယင် ဂုဏ်ယူမှု၊ မျှော်လင့်ချက်တို့နှင့် ပြုံးလိုက်မိ၏။ ထို့နောက်... သူ၏ အကြည့်က လောကတစ်ခွင်သို့ လှည့်လည်ကာ ရှောက်ရှိသွားခဲ့လေသည်။
အယ်ဗန်တစ်ပိုင်း လူသား တစ်ပိုင်း လူငယ်လေး တစ်ဦးမှာ ချိပ်ပိတ်နယ်မြေ မဖန်တီးမီ ကတည်းက တည်ရှိခဲ့သည့် အကြွင်းအကျန် နယ်မြေတစ်ခုထဲတွင် လောကီမျက်လုံး အဆင့် ကောင်းကင် ကပ်ဘေးကို စတင် နေခဲ့သည်။
သန့်စင်သည့် ယင်စွမ်းအင်များကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ဦးမှာလည်း သီးခြား နယ်မြေတစ်ခု၌ ကံကောင်းခြင်းများကို လက်ခံ ရရှိကာ ခွန်အားများ တဟုန်ထိုး တိုးတက်လာနေခဲ့လေသည်။
အခြားတစ်ဖက်၌ ကျောက်မီးသွေးရောင် အသားအရေနှင့် ယောက်ျား တစ်ဦးမှာ ရွေးချယ်ခံငယ်လေးများကို အငွေ့အဖြစ် ရှိုက်သွင်းကာ ဝါးမြို နေခဲ့သည်။ သူ၏ ခွန်အားများက လျှင်မြန်စွာပင် ပြန်လည် ပြည့်လာ နေခဲ့၏။
ရဲစွမ်းသတ္တိရှိသည့် မိန်းကလေး တစ်ဦးမှာလည်း ရွေးချယ်ခံ အဖွဲ့တစ်ဖွဲ့၏ အမဲလိုက်မှုကို ခံနေရ၏။ သူတို့မှာ မိန်းကလေးထံမှ ထာဝရသရဖူ အပိုင်းအစကို ပိုင်ဆိုင်ခွင့် ရရှိရန် အတွက် အချင်းချင်းသော်လည်းကောင်း၊ မိန်းကလေးကိုသော် လည်းကောင်း တိုက်ခိုက် နေကြသည်။
ထာဝရသရဖူ လုပွဲမှာ ဆယ်ရက်မျှသာ ကြာမြင့်သေးသော်လည်း တိုက်ပွဲများက ပြင်းထန်နေခဲ့ပြီ ဖြစ်လေသည်။
...
နေ့ရက်များ ကုန်ဆုံးသွားသည်နှင့် ထာဝရ သရဖူ လုပွဲ၏ ပဋိပက္ခများမှာ ဆက်လက် ဖြစ်ပွားနေခဲ့၏။ အချိန်ကာလက တရွေ့ရွေ့ပင် ဖြတ်ကျော်နေကာ တစ်လနီးပါး အထိ ရောက်ရှိလာခဲ့သည်။
ထာဝရသရဖူ၏ အပိုင်းအစ ခုနစ်ခု အနက် ခြောက်ခုမှာ ပေါ်ထွက်လာခဲ့ပြီး ဖြစ်သည်။
ပထမဆုံး တစ်ခုကို စန်းယွန်းလီက ရရှိခဲ့သည်။ ဆီးနှင်း မုန်တိုင်းများနှင့် အေးခဲများသာ ရှိသည့် တောင်ထွတ်တစ်ခု ပေါ်တွင် သူမမှာ အသက်မဝင်တော့သည့် ရေခဲသားရဲ တစ်ကောင်၏ ပါးစပ် အတွင်းမှ ထုတ်ယူခြင်း အပိုင်းအစကို ရရှိခဲ့သည်။ သူမမှာ ၎င်းကို အခြား မည်သူမှ သတိမထားမိအောင် လုပ်ဆောင်နိုင်ခဲ့လေရာ ထုတ်ယူခြင်း အပိုင်းအစ၏ အကျိုးကျေးဇူးများကို အပြည့်အဝပင် ခံစားခဲ့ရသည်။
ဒုတိယ တစ်ခုကိုတော့ ယီယွင်က ရရှိခဲ့သည်။ ကောင်းကင်ဘုံ၏ ကောင်းချီးများအား လက်ခံ ရရှိထားသည့် လူငယ်မှာ သစ်တော ဒေသတစ်ခုကို ဖြတ်သန်းရင်း မတော်တဆပင် ကြီးထွားခြင်း အပိုင်းအစကို ရရှိခဲ့သည်။ သို့သော်လည်း ရပြီးပြီးချင်းပင် အလွှာအပြင်က ကျင့်ကြံသူများ၏ အမဲလိုက်မှုကို ခံခဲ့ရသည်။ ယီယွင်မှာ ထိုကပ်ဘေးကို လျှင်မြန်မှု၊ စိတ်ရှည်မှု၊ သည်းခံမှုတို့နှင့် အတူ ဖြတ်ကျော်နိုင်ခဲ့သည်။ သို့သော်လည်း... ထိုလူများမှာ ယနေ့အထိ သူ့ကို လိုက်နေဆဲ ဖြစ်သည်။
တတိယမြောက် အပိုင်းအစကိုတော့ ချိပ်ပိတ်နယ်မြေ အတွင်းရှိ သေမျိုးတစ်ဦးက ရရှိခဲ့သည်။ သို့သော်လည်း တိုက်တန်နှင့် ကောင်းကင်မျိုးဝင် နှစ်ယောက်က သူ့ကို အလျှင်အမြန်ပင် ရှာတွေ့သွားခဲ့သည်။ သေမျိုးမှာ အလွယ်တကူပင် သေဆုံးသွားခဲ့၏။ ကျန်ရစ်သည့် ရတနာကို ရယူရန် အတွက် တိုက်တန်နှင့် ကောင်းကင် မျိုးနွယ်ဝင်တို့ နှစ်ယောက်မှာ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။
တိုက်တန်မှာ အနိုင်ရရှိခဲ့သော်လည်း လေးသမား တစ်ယောက် ရောက်ရှိလာခဲ့သည်။ လေးသမားက လက်နက်ချရန် အခွင့်အရေး ပေးသော်လည်း တိုက်တန်မှာ ငြင်းဆန်ကာ တိုက်ခိုက်ခဲ့သည်။ ထို့နောက် အလွယ်တကူပင် သေဆုံး သွားခဲ့ပြန်သည်။ လေသမားမှာ နဂါး နတ်မိမယ်နှင့် မျှတသော တိုက်ပွဲတစ်ခု တိုက်ခဲ့ရကာ ရှုံးနိမ့်ခဲ့သည်။ ထို့နောက်... နဂါး နတ်မိမယ်မှာလည်း ထိုသရဖူ အပိုင်းအစကို အာဏာရှင် အင်ပါယာ၏ လက်သည်းနှင့် အစွယ်များထံ ထပ်မံ၍ လွှဲပြောင်းပေးခဲ့ရသည်။
စတုတ္ထမြောက် တစ်ခုကို အလွှာ အပြင်က ရွေးချယ်ခံ တစ်ဦးက ရရှိခဲ့သည်။ သို့သော်လည်း သန့်စင်ခြင်း အပိုင်းအစမှာ ယခုအခါ ကျူးဟိုင်၏ လက်ထဲ၌ ရှိနေပေသည်။ အာဏာရှင် အင်ပါယာ၏ လက်သည်းနှင့် အစွယ်များမှာ ထာဝရ သရဖူ၏ အပိုင်းအစ ခုနစ်ခု အနက် နှစ်ခုကို ပိုင်ဆိုင်ထားသည်။
ပဉ္စမမြောက် ဖန်တီးခြင်း အပိုင်းအစကိုတော့ အလင်း ပုံရိပ် တစ်ခုက တိတ်တဆိတ် သိမ်းပိုက်ခဲ့သည်။ ၎င်းအား ရရှိရန် ဝန်းရံ တိုက်ခိုက်နေကြသည့် ရွေးချယ်ခံ ရာပေါင်းများစွာကြားမှပင် အလင်း ပုံရိပ်မှာ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။ ထို့နောက် ရွေးချယ်ခံ အနည်းငယ်ကို တမလွန်သို့ ပို့ဆောင်ကာ သရဖူ အပိုင်းအစကို ယူ၍ ကောင်းကင်ဘုံ အနားသတ် အတွင်း တိုးဝင်ကာ စကားတစ်ခွန်းမှ မဆိုပဲ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ သူ၏ လုပ်ရပ်က များစွာသော လူများကို ထိတ်လန့် ချောက်ချား စေခဲ့သည်။ ဇွဲ မရှိသည့် ရွေးချယ်ခံ အချို့မှာ နောက်မှ လိုက်ရန် ကြိုးပမ်းကြသော်လည်း အချည်းနှီးသာ ဖြစ်သည်။
ဆဋ္ဌမမြောက် အပိုင်းအစမှာ အပြိုင်အဆိုင် အများဆုံး ဖြစ်သည်။ ထိုအပိုင်းအစမှာ ပင်လယ်ဒေသများမှသည် သစ်တောဒေသများ၊ ထိုမှ တစ်ဆင့် သဲကန္တာရဒေသများ အထိ ပြေးရင်းလွှားရင်း နောက်ယောင်ခံရင်း တိုက်ခိုက်ရင်း အဆုံး မရှိစွာ ပျံ့နှံ့ နေခဲ့သည်။ ၎င်းအား အရယူရန် ကြိုးပမ်းရင်း မရေမတွက်နိုင်သည့်လူများ သေဆုံးခဲ့ရသည်။ ကျင့်ကြံခြင်း အခြေခံ ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုအရာ အာလုံးမှာ မိန်းကလေး တစ်ယော်ကထံမှ စတင်ခဲ့ခြင်း ဖြစ်ပေသည်။
ယခုအချိန်အထိပင် မရေမတွက်နိုင်သည့် ရွေးချယ်များမှာ ထိုသရဖူ အပိုင်းအစ အတွက် နောက်ယောင်ခံရင်း တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ အသွင်ပြောင်းလဲခြင်း အပိုင်းအစမှာ အဖိုးအတန်ဆုံး အပိုင်းအစများထဲမှ တစ်ခု ဖြစ်ကာ အပိုင်းအစ ခုနစ်ခုထဲ၌ ထိပ်တန်း နှစ်ခု စာရင်းတွင်ပင် ထည့်သွင်းနိုင်သည်။ အဘယ်ကြောင့်နည်း။ ၎င်းမှာ မည်သည့် သေမျိုးအဆင့် အဂ္ဂိရတ် ထုတ်ကုန်ကို မဆို သာလွန်ခြင်း အဆင့် အရည်အသွေး အဖြစ် ပြောင်းလဲနိုင်ခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော စွမ်းရည်မျိုးမှာ ရွေးချယ်ခံများ မဆိုထားနှင့်။ လျှို့ဝှက်အရှင်များကြားတွင် စစ်ပွဲများ ဖြစ်ပေါ်လာရန် လုံလောက်ပေသည်။
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို စတင် ကျင်းပခဲ့သည့် အချိန်ကတည်းက စလို့ ထာဝရ သရဖူ လုပွဲတိုင်းတွင် ထိုအပိုင်းအစမှာ အမြဲတမ်းလိုလို အကြမ်းတမ်းဆုံး တိုက်ပွဲများ၏ ဗဟိုချက် ဖြစ်နေတတ်ကာ အသက် ဆုံးရှုံးမှု များစွာကို ဖြစ်ပေါ် စေခဲ့လေသည်။ ယခုတစ်ကြိမ်သည်လည်း ချွင်းချက် မဟုတ်ပါချေ။
နောက်ဆုံးအပိုင်းအစကတော့ လက်ရှိ အချိန်ထိ ထွက်ပေါ်လာခြင်း မရှိပါသေးချေ။ ပေါင်းစည်းခြင်း အပိုင်းအစမှာ အမြဲတမ်း ရှာဖွေရန် အခက်ခဲဆုံး ဖြစ်သည်။ အပိုင်းအစခြောက်ကို သုံးခု အဖြစ် ပေါင်းစည်းပြီးမှသာ ၎င်းမှာ ကမ္ဘာလောကထံ ထွက်ပေါ်လာလိမ့်မည်ဟု ဆိုကြပေသည်။ ဤသည်မှာ ထာဝရ သရဖူ လုပွဲ၏ စည်းမျဉ်း ဖြစ်သည်။
နှစ်ဆယ့်ခုနစ်ရက် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ အဂ္ဂိရတ် ပညာရှင်များနှင့် မကောင်းဆိုးရွား စောင့်ကြပ်သူများမှာ အစုလိုက် အပြုံလိုက်ပင် ပေါ်လာနေခဲ့သည်။ နှစ်ဆယ့်ခုနစ်ရက်ကြာမြင့် အပြီးတွင်ပင် ထာဝရ သရဖူ၏ အပိုင်းအစများမှာ ၎င်းတို့၏ စွမ်းအားများကို ဆုံးရှုံးသွားကြသည်။ ၎င်းတို့ကို ပြန်လည် ရရှိဖို့ အတွက် ဆိုလျှင် အခြား အပိုင်းအစများနှင့် ပူးပေါင်းဖို့ လိုအပ်သည်။
ထာဝရ သရဖူ လုပွဲကို အပိုင်းလေးပိုင်း အဆင့် ခွဲခြား သတ်မှတ်ထားသည်။ ကနဦး အဆင့်မှာ ပထမ နှစ်ဆယ့် ခုနစ်ရက် ဖြစ်ကာ ၎င်းတွင် အပိုင်းအစများအား ရှာဖွေခြင်း ပါဝင်သည်။ ဒုတိယ အဆင့်မှာလည်း နှစ်ဆယ့် ခုနစ်ရက်ပင် ကြာမြင့်ကာ ထိုအတောအတွင်း၌ အပိုင်းအစများကို ပေါင်းစည်းရသည်။ တွေ့ရှိထားသည့် အပိုင်းအစ ခြောက်ခုကို သုံးခု အဖြစ် ပြန်လည် ပေါင်းသည်းရကာ နောက်ဆုံးသော အပိုင်းအစကို နှိုးရသည်။
တတိယ အဆင့်မှာလည်း အလားတူပင် နှစ်ဆယ့်ခုနစ်ရက် ကြာသည်။ ၎င်းမှာ နောက်ဆုံး ပေါင်းစည်းခြင်း လုပ်ငန်းစဉ်ပင် ဖြစ်ကာ အပိုင်းအစ လေးခုကို နှစ်ခု အဖြစ် ပြောင်းလဲရသည်။
နောက်ဆုံးသော နေ့မှာ နောက်ဆုံး အဆင့် ဖြစ်ကာ အပိုင်းအစ နှစ်ခုမှာ တစ်ခု ဖြစ်လာသည်။ ထာဝရ သရဖူမှာ ကမ္ဘာလောက၌ မွေးဖွားလာသည်။
ထာဝရ သရဖူ အခမ်းအနားကတော့ နောက်ဆုံးနေ့၌ နောက်ဆုံးအချိန် အတွင်းတွင် ဖြစ်ပွားမည် ဖြစ်သည်။ ၎င်းမှာ စုစုပေါင်း နှစ်ဆယ့်လေးနာရီ ကြာမြင့်ကာ ထာဝရ သရဖူ လုပွဲ၏ အပြင်းထန်ဆုံးသော အပိုင်းလည်း ဖြစ်သည်။
...
ထာဝရ သရဖူ၏ အပိုင်းအစများထံမှ အကျိုးအမြတ်များကို ရယူရန် ကံကောင်းခဲ့သူများမှာ ယခုအခါတွင်တော့ ယခင် တောက်ပမှုများ၊ ထည်ဝါမှုများနှင့် စွမ်းအားများ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည့် သတ္တု အပိုင်းအစများနှင့်သာ ကျန်ရစ်ခဲ့တော့သည်။
ကံအဆိုးဆုံးမှာ အသွင်ပြောင်းလဲခြင်း အပိုင်းအစ ဖြစ်သည်။ ၎င်းမှာ စတင် ရှာဖွေ တွေ့ရှိခဲ့သည့် အချိန်ကတည်းက ပဋိပက္ခများ၊ တိုက်ပွဲများနှင့် ပြည့်နှက် နေခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင်တော့... ၎င်းကို ကောင်းကင် ရွေးချယ်ခံ တစ်ဦး ဦးဆောင်သည့် ရွေးချယ်ခံ အဖွဲ့တစ်ဖွဲ့က သိမ်းပိုက်ခဲ့သည်။
ထူးခြားစွာပင် ထိုကောင်းကင် ရွေးချယ်ခံမှာ ၇၆ ယောက်မြောက် မင်းသားနှင့် တူညီသည့် အရည်အသွေးများကို ပိုင်ဆိုင်ထားသည်။ ပုံမှန်သိထားသလောက် ဆိုလျှင် ထိုရွေးချယ်ခံမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ဝင်ရောက်ရန် ကန့်သတ်ထားသည့် အသက်ထက် ၂၀ ခန့် ပိုနေသင့်သည်။ သို့သော်လည်း... သူမမှာ ဤနေရာတွင် ရှိနေခဲ့သည်။ ထို့အပြင်... သူမမှာ မြေကြီး ရှန့်ထို တစ်ဦး ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့် ရွေးချယ်ခံများစွာမှာ ရွေးချယ်စရာ မရှိခဲ့ပဲ သူမနှင့် ပူးပေါင်းခဲ့ရသည်။ ပြန်လည် ဖြည့်တင်းဖို့ ခက်ခဲသည့် လျှို့ဝှက်စွမ်းအင်များကို အသုံးမပြုလိုသည့် သူမ၏ ဆန္ဒကြောင့်သာ မဟုတ်ပါက တိုက်ပွဲများမှာ စောစောစီးစီး ပြီးပြတ်ခဲ့ဖွယ် ရှိသည်။
ရုန်းကန်နေရသူများ အတွက် ကံကောင်း ထောက်မစွာပင် မကောင်းဆိုးရွား စောင့်ကြပ်သူများနှင့် အခြားသော မြေကြီး ရှန့်ထိုများမှာ ဆိုးယုတ်သည့် ရည်ရွယ်ချက်များနှင့် သူမကို အဝေးမှ စောင့်ကြည့် နေကြသည်။ ၎င်းကပင် ကောင်းကင် ရွေးချယ်ခံကို အကြီးမားဆုံးသော စွမ်းအားများအား အသုံးပြုခြင်းမှ တားဆီးထားသည်။ ပြောင်းလဲခြင်း အပိုင်းအစအား သိမ်းပိုက်နိုင်ခဲ့ခြင်းသည်ပင် သေချာ စီစဉ်ထားသည့် အစီအစဉ်များကြောင့်သာ ဖြစ်သည်။
နှစ်ဆယ့် ခုနစ်ရက် ပြည့်မြောက် ပြီးနောက် ထာဝရ သရဖူ၏ အပိုင်းအစများ အားလုံး ၎င်းတို့၏ စွမ်းအားများကို ဆုံးရှုံးသွားခဲ့ပြီး နောက်တွင် ရွေးချယ်ခံများမှာ ပုံးများ အတွင်းရှိ အဂ္ဂိရတ် ပညာရှင်များအား လိုက်လံ ရှာဖွေခြင်းကိုသာ အပြည့်အဝ လုပ်ဆောင် နေကြသည်။ အလွှာအပြင်က လောကမှ ရွေးချယ်ခံများမှာ မဟာမိတ် အဖွဲ့များ ဖွဲ့စည်းထားလေရာ ပိုမို လျှင်မြန်စွာ လှုပ်ရှား နိုင်ခဲ့ကြသည်။ နောက်ဆုံး၌... ထာဝရ သရဖူ အပိုင်းအစ ပိုင်ဆိုင်ထားသူများ အကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ အံ့အားသင့်စရာ တည်ရှိနေသည့် သေမျိုးများ၏ ဇစ်မြစ်များ အကြောင်းလည်း အပါအဝင်ပင် ဖြစ်လေသည်။
ချိပ်ပိတ်နယ်မြေမှ လူသား တစ်ဝက် အယ်ဗန် တစ်ဝက် မျိုးစပ် သေမျိုးမှာ ကြီးထွားခြင်း အပိုင်းအစကို ပိုင်ဆိုင်ထားသည်။
ချိပ်ပိတ်နယ်မြေမှ နဂါး နတ်မိမယ်မှာ သူမ၏ အပိုင်းအစကို ခြေဗလာ ငွေရောင် ဆံပင်ရှည်များနှင့် ရှို့ရန် တစ်ဦးထံတွင် ရှုံးနိမ့်ခဲ့သည်။ လက်ရှိ၌ ထိုရှို့ရန်မှာ တောင်ကုန်းတစ်ခုပေါ်တွင် မလှုပ်မယှက်ပင် တိတ်တဆိတ် ထိုင်နေခဲ့သည်။ သူက အခြားလူများအား လာရောက် တိုက်ခိုက်ရန် ဖိတ်ခေါ်နေသယောင် ရှိသည်။ သို့သော်လည်း... မည်သူမှ ထိုရှို့ရန်ကို သွားရောက် ရန်မစကြသေးချေ။ အချိန်မကျခင် သူတို့မှာ တိုက်ပွဲကြီး တစ်ခုကို ရှောင်ရှားလိုသည်။ အလွှာအပြင်က လူများကတော့ ထိုရှို့ရန်ကို အဝေးမှ ဝန်းရံထားကြသည်။
သူတို့ထံတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိကြပေသည်။ ထိုရှို့ရန် ရှိနေသမျှ အခြား သရဖူ အပိုင်းအစ ပိုင်ရှင်များမှာ ရောက်ရှိလာကြလိမ့်မည် ဖြစ်သည်။ လေထုတစ်ခုလုံးမှာ မျှော်လင့်ချက်၊ လောဘ အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့လေ၏။
***