ရေစက်ကြိုး (၂)
Vol. 116 Ch. 1623
ဝေ့ဝူယင် အပေါ်ကို နောက်တစ်ကြိမ် မော့ကြည့်လိုက်၏။ လွန်ခဲ့သည့် တစ်လနီးပါးခန့် ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးများကို သုံးကာ လောကတစ်ခွင် လှည့်ပတ် ကြည့်ရှုခဲ့သည်။ ဝမ်မင်ယာ အပါအဝင် လူအနည်းငယ်သာလျှင် သူ့ အကြည့်ကို သတိပြုမိခဲ့ကြသည်။ ထိုအထဲ၌ သတ္တမမြောက် မင်းသား ထျန်းရီဝူ၏ ဝင်္ကပါ ထောက်ချောက်များ အတွင်း ကျလုနီးပါး ဖြစ်နေသည့် မိန်းကလေး တစ်ဦးလည်း အပါအဝင်ပင် ဖြစ်သည်။ ဝေ့ဝူယင် သူမကို အနည်းငယ်မျှ စိတ်ဝင်စားသွားကာ ပြေးဖို့ သတိပေးခဲ့သည်။
မိန်းကလေးမှာ အလွန်ပင် ပြတ်သားသည်။ သူမမှာ သူ၏ တစ်လုံးတည်းသော အကြံပေးချက်ကို နားထောင်ကာ အသက် အန္တရာယ် ရှိသည့် ကပ်ဘေး တစ်ခုမှ လွတ်မြောက်ခဲ့သည်။ သူမ၏ ထိုတုန့်ပြန်မှု အပေါ် ဝေ့ဝူယင် ချီးကျူးခဲ့မိသည်။
ထိုအချိန်မှ စ၍ ထိုမိန်းကလေး ရွေးချယ်ခံမှာ ထာဝရ သရဖူ လုပွဲ၏ ကသောင်းကနင်း ဖြစ်မှုများကြားတွင် ရောနှော ပါဝင်ခဲ့သည်။ သူမမှာ ထာဝရ သရဖူ အပိုင်းအစ တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကာ ၎င်းအား ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့ရသည်။ အောင်မြင်ကာ အချိန်ကာလ တစ်ခု အထိ ဆက်လက် ပိုင်ဆိုင်နိုင်ခဲ့သည်။
နောက်ဆုံးတွင်တော့ အပိုင်းအစမှာ မြေကြီး ရှန့်ထို တစ်ဦး ဦးဆောင်သည့် ရွေးချယ်ခံ အဖွဲ့ တစ်ဖွဲ့၏ လက်အတွင်း ကျရောက်သွားခဲ့သည်။ သို့သော်လည်း.. မိန်းကလေး ပြသခဲ့သည့် ရဲစွမ်း သတ္တိများက ချီးကျူးဖွယ် ကောင်းလှသည်။ သူမမှာ အသက် အတော်လေး ငယ်ရွယ်သော်လည်း တိုက်ပွဲ အတွေ့အကြုံ ကြွယ်ဝလှသည်မှာ ထင်ရှားသည်။ ထို့အပြင် သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ လျှို့ဝှက် အာဏာရှင် အဆင့်နှစ် လျှို့ဝှက်ဝိညာဉ် အဆင့်တွင် ရှိနေသည်။ အသက်သုံးရာအောက် ဆိုသည့် အချက်ကို ထည့်တွက်ပါက သူမမှာ ပါရမီရှင် တစ်ဦး ဖြစ်ပေသည်။
မိန်းကလေး အတွက် ကံဆိုးစွာပင်... အလွှာအပြင်က လာသည့် ရွေးချယ်ခံ အများစုမှာလည်း လျှို့ဝှက် ဝိညာဉ် အဆင့်တွင် ရှိနေခဲ့ကြသည်။ သူတို့မှာ အမြန်ဆုံးနှင့် အစွမ်းအထက်ဆုံး လမ်းစဉ်နောက်ကို လိုက်လံ ကျင့်ကြံကြသူများ ဖြစ်ကြသည်။ ထိုလမ်းစဉ်မှာ အားသာချက်များ ရှိသော်လည်း အဆင့်တစ်ခု တက်ပြီးနောက် အခြေခံကို ခိုင်မာအောင် မလုပ်နိုင်လျှင် အနာဂတ် အတွက် အားနည်းချက် များစွာ ရှိပေလိမ့်မည်။
သို့သော်လည်း... ရွေးချယ်ခံများ အနေဖြင့် သူတို့မှာ ထိုအားနည်းချက်ကို ကျော်လွှားနိုင်ကြပေသည်။ သူတို့၏ ကျင့်ကြံခြင်း လမ်းကြောင်းကို အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်များ၊ အဆင့်မြင့် မျိုးနွယ်စုများ၊ အထွတ်အမြတ် နယ်မြေများ၊ ကျင့်ကြံခြင်း အလွှာများဖြင့် ထုဆစ်ထားသည်။ ထို့အပြင်... အဆပေါင်းများစွာ ပိုမို အဆင့်မြင့်မားသည့် ကျင့်ကြံသူကြီးများထံမှ လမ်းညွှန် သင်ပြမှုများကိုလည်း အလွယ်တကူပင် ရရှိကြသည်။ ရွယ်တူများ အကြား ပြိုင်ဆိုင်မှုများကလည်း သူတို့၏ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို များစွာ အထောက်အကူ ပြပေသည်။
ထို့အပြင်... သူတို့၏ ခွန်အားကို နောက်ကွယ်မှ ထောက်ပံ့ပေးထားသည့် အဆင့်မြင့် လက်နက်များ၊ ရတနာများ၊ အဆောင်များလည်း ရှိပေသေးသည်။ သူတို့အထဲမှ မည်သူကမှ သောက်ပေါများ မဟုတ်ကြပါချေ။ မိန်းကလေး အနေဖြင့် ဤမျှလောက် တောင့်ခံနိုင်ခြင်းကပင်လျှင် အံ့ဩစရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။
"အ... ဂစ်..."
မိန်းကလေး၏ ပါးစပ်မှ သွေး၊ တံတွေးနှင့် အမြှုပ်များ ပန်းထွက်လာ၏။ ၎င်းတို့မှာ ကုဗတုံး၏ ဖန်သား မျက်နှာပြင် တစ်လျှောက် စီးဆင်းသွားသည်။
"..."
ဝေ့ဝူယင် မိန်းကလေးကို အဓိပ္ပာယ် ရှိရှိ စိုက်ကြည့်ကာ တွေးတော နေခဲ့၏။ ထိုအခိုက်တွင်ပင် ဝမ်မင်ယာက သူ့လက်ကို ဆွဲလိုက်သည်။ ဝေ့ဝူယင် အာရုံ ပြောင်းသွားကာ မိန်းကလေးကို လှည့်ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများက ကံကြမ္မာနှင့် ဆက်နွယ်နေသည့် တောက်ပသော ခပ်မှိန်မှိန် ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်နေကြောင်း တွေ့လိုက်ရ၏။
“ရှင်နဲ့ သူ့ကြားမှာ ဆက်နွယ်မှု ရေးတေးတေးလေး ရှိနေတယ်...”
ဝမ်မင်ယာက ပြောလိုက်၏။ ဝေ့ဝူယင် အံ့အားသင့်ခြင်း မရှိပါချေ။ သူမ သူ့အပေါ်သို့ တည့်တည့်ပြုတ်ကျလာခြင်းက တိုက်ဆိုင်မှု သက်သက် မဟုတ်ပါချေ။
ဝေ့ဝူယင်မှာ အမြတ်ထုတ် ကောင်းချီးခံ တစ်ယောက် ဖြစ်ကာ ကမ္မတန်ဖိုး ၁၉၅၇၅၃.၁ ကို ပိုင်ဆိုင်ထားသည်။ ၎င်းကပင် ကြီးမားသည့် ကံကောင်းခြင်းများ သို့မဟုတ် အချို့သော ပုဂ္ဂိုလ်များ အတွက် ကံဆိုးခြင်းများကိုပင် ယူဆောင်လာနိုင်သည်။
သို့သော်လည်း... ဝမ်မင်ယာက ရေးတေးတေးလေးဟု ပြောလေရာ သူတို့၏ ကံကြမ္မာများမှာ အချင်းချင်း ချည်နှောင်ထားခြင်း မရှိသေးဟု ဆိုလိုပေသည်။ ဥပမအားဖြင့်... ဝေ့ဝူယင်နှင့် မူလ အာဏာရှင်များ၊ သို့မဟုတ် သူ၏ ချစ်သူများကြားတွင်တော့ ခိုင်မာသည့် ကံကြမ္မာ ချည်နှောင်မှုများ ရှိပေသည်။ ထိုနည်းဖြင့်... သူတို့မှာ ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် ကမ္မ အမှတ်များထံမှ ကံကောင်းခြင်း အခွင့်အလမ်း အချို့ကို ရယူနိုင်ခဲ့ကြသည်။
ဝေ့ဝူယင်မှာ မိန်းကလေးကို သတိပေးခဲ့သည် ဆိုသော်လည်း ပေါ့ပေါ့ဆဆသာ ဖြစ်သည်။ ၎င်းက မည်သည့် ကမ္မ ဆက်နွယ်မှုကိုမှ ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ချေ။ ရေးတေးတေး ပင်လျှင် မဖြစ်နိုင်ချေ။ ထိုကဲ့သို့ သတိပေးတိုင်းသာ ကမ္မ ဆက်နွယ်မှု ဖြစ်ပေါ်လာမည် ဆိုပါက ဝေ့ဝူယင်၏ ကမ္မတန်ဖိုးများမှာ လူပေါင်း သောင်းချီနှင့်ပင် ဆက်နွယ်သွားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း...
ဝေ့ဝူယင် စဉ်းစားနေခဲ့၏။ ထိုအချိန်တွင်ပင် အော်ရာများမှာ ရောက်ရှိလာကာ ကုဗတုံးကို ဝန်းရံခဲ့ကြပြီး ဖြစ်လေသည်။
"ကျွန်မတို့ သူ့ကို ဘာလုပ်ကြမလဲ..."
ရုတ်တရက်.. အေးစက်စက် အသံ တစ်ခုက လေထဲတွင် ပဲ့တင်ထပ် လာခဲ့၏။ သွယ်လျသည့် ခါး၊ ကြီးမားသည့် ရင်သားများနှင့် ရှည်လျားသော ခြေထောက်များကို ပိုင်ဆိုင်ထားသည့် ကိုယ်ကြပ် ဝတ်ရုံဝတ် ပုံရိပ်တစ်ခုမှာ အခြားလူသုံးဦး (ယောက်ျား နှစ်ဦး၊ မိန်းကလေး တစ်ဦးတို့) နှင့် အတူ ရှိနေခဲ့လေသည်။ သူတို့ အားလုံးမှာ လူသားများ ဖြစ်ကြ၏။
“ဒီမှာ ပုံးတစ်ခုကိုလည်း တွေ့တယ်...”
ယောက်ျား တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်၏။ သို့သော်လည်း သူ၏ စကားလုံး တစ်လုံးချင်းစီတိုင်းတွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ခိုအောင်း နေခဲ့သည်။ သူ့ထံတွင် ဘယ်ဘက်လက် မရှိတော့ချေ။ ဘယ်ဘက် မျက်လုံးများမှာလည်း သွေးထွက် နေခဲ့သည်။ သူ၏ အော်ရာက လေပြင်းလမ်းကြောင်းရှိ မီးတောက် တစ်ခုလိုမျိုး မတည်မငြိမ် ဖြစ်နေကာ အချိန်မရွေး ငြိမ်းသတ်တော့မလိုပင် ထင်ရသည်။
သူတို့ လေးဦးစလုံးမှာ ဒဏ်ရာများ ကိုယ်စီ ရရှိထားကြသည်။ အေးစက်စက် အသံပိုင်ရှင် မိန်းကလေး၏ မျက်နှာ ဆိုလျှင် ဓားဒဏ်ရာများဖြင့် နက်ရှိုင်းစွာ ပျက်စီးနေ၏။ ထိုဒဏ်ရာများအတွင်း၌ အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအားကိုပင် ဖိနှိပ်ထားသည့် စွမ်းအင် အရိပ်အယောင် သဲ့သဲ့ ရှိနေခဲ့သည်။ ထိုဒဏ်ရာများကိုသာ အချိန်မှီ မကုသနိုင်ပါက ထာဝရပင် တည်မြဲ နေနိုင်သည့် သဘောရှိသည်။ ကံဆိုးစွာပင် သူမသည်လည်း ဆီခမ်းလုနီးပါး မီးအိမ် တစ်ခုနှင့် တူနေခဲ့သည်။
ကျင့်ကြံသူ လေးယောက်စလုံး၏ အော်ရာများမှာ ရှုပ်ထွေးကာ အားနည်း နေကြသည်။ သူတို့ အားလုံးမှာ လျှို့ဝှက် ဝိညာဉ် အထွတ်အထိပ် အဆင့်တွင် ရှိနေသော်လည်း ကျင့်ကြံခြင်း အခြေခံကို ထိခိုက်စေသည့် နည်းလမ်းများကို အသုံးပြုခဲ့ရကြောင်း ထင်ရှားစွာ ပြသနေသည်။
ကုဗတုံးထက်ရှိ မိန်းကလေးမှာ များလှစွာသော တိုက်ပွဲများကို တိုက်ခိုက်ခဲ့ရကြောင်း ဝေ့ဝူယင် သိပေသည်။ သူမက အားအင် ကုန်ခမ်းခါနီး အချိန်ကို ရောက်မှ ဤလူလေးယောက်နှင့် တွေ့ခဲ့ရခြင်း ဖြစ်ဟန် တူသည်။
“ငါတို့ သူ့ကို သတ်ပစ်လိုက်ကြမှာလား...”
ယောက်ျား တစ်ယောက်က အသက်ကို ခက်ခဲစွာ ရှူရင်း မေးလိုက်၏။ သူ၏ မေခွန်းအရ ဆိုလျှင် အခြား ရွေးချယ်စရာ တစ်ခုလည်း ရှိနေသည့်ပုံ ရသည်။ ထို့နောက်တွင်တော့ သူတို့မှာ မိန်းကလေးက ဘာလုပ်သင့်သည် ဆိုသည်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ စတင် ပြုလုပ်ကြတော့၏။
အေးစက်စက် အသံပိုင်ရှင် မိန်းကလေးက လက်ဟန်ချိပ်စည်း အချို့ကို ဖန်တီးလိုက်ကာ မိန်းကလေး၏ ခြေလက်များကို သံကြိုးများနှင့် တုပ်နှောင်ထားလိုက်သည်။ ထို့နောက် ကျင့်ကြံခြင်း အခြေခံကိုပါ ချိပ်ပိတ်ကာ လှုပ်ရှားမှု မပြုလုပ်နိုင်တော့အောင် တားဆီးလိုက်သည်။ သူမက မိန်းကလေး အနားသို့ ပျံသန်းသွားကာ အပေါ်မှ ရပ်ကာ ကြည့်လိုက်သည်။
"သူ့ကို သတ်တာက အရမ်း အလျှော့ပေးလွန်းရာ ကျလိမ့်မယ်...”
သူမက အေးစက်စက် ရယ်မောရင်း ဆိုလိုက်၏။ သို့သော်လည်း... ထူးဆန်းစွာပင် မိန်းကလေးအား သတ်ဖြတ်လိုသည့် သူမ၏ ဆန္ဒက တဖြည်းဖြည်း လျော့နည်းလာသည်ကို တွေ့ရှိရသည်။ သူမ တန်ဖိုးထားရသော မျက်နှာကို ပျက်စီး စေခဲ့ခြင်း အတွက် မိန်းကလေး တစ်ယောက် ခံစားနိုင်သည့် အဆိုးရွားဆုံးသော ဒုက္ခများကို ပြန်လည် ပေးလိုစိတ်က သူမ၏ ဆန္ဒကို လိုက်လျောပေးနေခဲ့သည်။
ဝမ်မင်ယာ ဝေ့ဝူယင်၏ လက်ကို ထပ်မံ၍ ဆွဲလိုက်၏။ သို့သော်လည်း အခြားဆိုးယုတ်သည့် အတွေးများ ဖြစ်လာခြင်းနှင့် အတူ လူလေးယောက်၏ သတ်ဖြတ်လိုသော ဆန္ဒများက လျော့နည်းလာသည်ကို ဝေ့ဝူယင် ခံစားနိုင်ပေသည်။ သူတို့က ပုံးကို ဘာလုပ်ရမည်နှင့် မိန်းကလေးအား မည်သို့ လက်စားချေရမည်ကို စိတ်အား ထက်သန်စွာ ဆွေးနွေး နေကြသည်။
ဝေ့ဝူယင် ထိုအရာကို အနည်းငယ် စောင့်ကြည့် လိုနေခဲ့သည်။ ကောင်းကင်တာအို၏ လမ်းစဉ်က အခြားလူများအား မည်ကဲ့သို့ သက်ရောက်မှု ရှိသည်ကို သူ မြင်တွေ့လို နေခဲ့သည်။
“အာရုံစိုက်ထား...”
ဝေ့ဝူယင် ဝမ်မင်ယာအား လေးနက်သည့် အမူအရာဖြင့် အကြံပေးလိုက်၏။ ချက်ချင်းပင် မိန်းကလေးမှာ သဘောပေါက်သွားကာ လူလေးယောက်၏ စိတ်ပိုင်းဆိုင်ရာ အတက်အကျများမှ အစ စကားပြောဆိုသည့် အသေးစိတ် အချက်အလက်များ အဆုံး စောင့်ကြည့် နေခဲ့တော့၏။
သို့သော်လည်း... ဆွေးနွေးမှု တစ်မိနစ်ကျော်မျှ ကြာမြင့်ပြီးနောက် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် တစ်ခုက ရုတ်ချည်း ဆိုသလိုပင် အစွန်အဖျား ရောက်လုနီးပါး ပေါက်ကွဲလာခဲ့၏။
“သူက မသေဆုံးခင် ဘယ်လို သာယာမှုမျိုးကိုမှ မခံထိုက်ဘူး...”
အေးစက်စက် မိန်းကလေးက ဆိုလိုက်၏။ လက်စားချေရန် အတွေးက သူမကို အခြားစိတ်ကူးများ ဖြစ်ပေါ်လာစေခဲ့သော်လည်း ၎င်းတို့က မုန်းတီးစိတ်ကို လွှမ်းခြုံနိုင်ခဲ့ခြင်း မရှိပါချေ။ သူမက လက်ဝါးကို မြှောက်ကာ မိန်းကလေး၏ ခေါင်းပေါ်ကို ရိုက်ချလိုက်လေ၏။
“မလုပ်...”
အခြားလူ သုံးဦးမှာ အံ့အားသင့် သွားကြ၏။ သို့သော်လည်း သူတို့ထံတွင် သူမကို တားဆီးရန် အားအင်များ မရှိကြတော့သည့် အပြင် ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟုလည်း မျှော်လင့် မထားခဲ့ကြပါချေ။
"ကျွန်မ နားလည်ပါပြီ..."
ကောင်းကင် လမ်းစဉ်၏ နက်ရှိုင်းသော လျှို့ဝှက်ချက် အချို့ကို မြင်တွေ့လိုက်ရလေရာ ဝမ်မင်ယာ၏ မျက်လုံးများက တောက်ပသွားခဲ့၏။ ဝေ့ဝူယင်မှာ ရိုးရှင်းစွာ ဆက်လက် စောင့်ကြည့်နေခြင်း မပြုတော့ချေ။
ဝှစ်...
သူက လက်ညိုးကို တောက်လိုက်၏။ ကျင့်ကြံသူ လေးဦးစလုံးမှာ ငွေရောင် အလင်းတန်းများနှင့် ဝန်းရံသွားကာ မိုင်ပေါင်း ရာနှင့်ချီ ကွာဝေးသည့် တစ်နေရာသို့ ရောက်ရှိသွားခဲ့ကြတော့သည်။
***