သတင်းများ
Vol. 116 Ch. 1624
လူလေးဦးမှာ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်လေသည်။ မိန်းကလေး တစ်ဦးတည်းသာလျှင် ကုဗတုံး၏ ခေါင်မိုးထက်၌ လှဲလျောင်းကာသာ ကျန်ရစ် နေခဲ့၏။ သူမ၏ ခန္ဓာကိုယ်က အလွန်ပင် အားနည်းနေကာ အသက်ရှူသံများမှာလည်း တိုးလျော့လာခဲ့သည်။ သူမက သေဆုံးခါနီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
"ကျွန်မ သွားရမလား..."
ရုတ်တရက် ဝမ်မင်ယာက မေးလိုက်၏။ သူမ၏ မျက်ဝန်းများ အတွင်းရှိ ရွှေရောင် အလင်းများက မှိန်လာခဲ့သည်။
“မင်း ဝင်ပါချင်တာလား...”
ဝေ့ဝူယင် မေးလိုက်သည်။ သူ၏ မျက်လုံးများကတော့ အထက်ရှိ မိန်းကလေး၏ မျက်နှာကို မခွာပဲ စိုက်ကြည့်နေဆဲ ဖြစ်ပေသည်။
"အင်း... ကျွန်မ ကျင့်ကြံနေတုန်းက စိတ်ဝင်စားစရာတစ်ခု တွေ့ခဲ့တယ်... အဲဒီကနေ အကျိုးအမြတ် ရနိုင်မလားဆိုတာ ကြည့်ချင်တယ်"
သူမက ရိုးသားစွာ ပြန်ဖြေလိုက်၏။ ဝေ့ဝူယင် ခေါင်းကို ပြန်လှည့်ရင်း ဝမ်မင်ယာကို ကြည့်လိုက်သည်။ သူ့ မျက်ဝန်းများ အတွင်း၌ စိတ်ပူသည့် အငွေ့အသက်များ ရှိနေလေရာ ဝမ်မင်ယာမှာ နွေးထွေးမှုကို ခံစားလိုက်ရ၏။
"ကောင်းပြီလေ... သတိထား"
ဝေ့ဝူယင် ပြောလိုက်၏။ ဝမ်မင်ယာက အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက်... ဝေ့ဝူယင်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ ဝမ်မင်ယာမှာ ငွေရောင် အလင်းတန်း တစ်ခုနှင့် အတူ ပျောက်ကွယ်သွားခဲ့လေ၏။ ပုံးထက်ရှိ ဝင်္ကပါများမှာ အကာသ လမ်းစဉ် အပေါ် သာမည အာဏာကို အနည်းငယ်မျှပင် တားဆီးနိုင်စွမ်း မရှိပါချေ။
"မင်းကို ငါ ဘာလုပ်ရမလဲ..."
ဝေ့ဝူယင် အမိုးထက်ရှိ မိန်းကလေးကို ပြန်လည်၍ ကြည့်လိုက်သည်။ သူမ၏ အသက်ရှူသံများက ပိုမို၍ အားဖျော့လာ၏။ ဝေ့ဝူယင် သက်ပြင်း တစ်ချက် ချလိုက်မိသည်။
“နင့်... အ...”
မိန်းကလေးမှာ သတိရတစ်ချက် လစ်တစ်ချက် အခြေအနေတွင် တစ်စုံတစ်ခုကို ရေရွတ်နေခဲ့၏။
"ယွီစွန်းလီက ဒီကိစ္စကို သဘောကျမယ် မထင်ဘူး...”
ဝေ့ဝူယင် ခေါင်းခါလိုက်ရင်း လျှို့ဝှက် လောကအဆင့် ဆေးရည် တစ်ပုလင်းကို ထုတ်ယူခဲ့သည်။ ၎င်းမှာ အာရုဏ်ဦး နေကြတ် မှော်သန့်စင် ဆေးလုံး အပါအဝင် သူ ဖော်စပ်ထားသည့် လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန် အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။
၎င်းအား အသက်ဆက် ဆေးရည်ဟု ခေါ်သည်။ နာမည်အားဖြင့် ရိုးရှင်းသော်လည်း အကျိုးသက်ရောက်မှုများကတော့ လုံးဝ သာမန် မဟုတ်ပါချေ။ ၎င်းမှာ ဝတ်စုံနက် ဝေ့ဝူယင် ရှာဖွေ တွေ့ရှိခဲ့သည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ သို့သော်လည်း ဝတ်စုံနက် ဝေ့ဝူယင်မှာ ၎င်းကို ကိုယ်တိုင်တော့ မသန့်စင်နိုင်ခဲ့ပါချေ။
"မင်းကို ကူညီဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါ ဆုတ်မတွန့်တော့ဘူး..."
ဝေ့ဝူယင် ထိုရွေးချယ်ခံ မိန်းကလေး၏ ဒုတိယ ဘဝ အတွက် အခြား ထုတ်ကုန် အနည်းငယ်ကိုပါ ပြင်ဆင်ပေးဖို့ ဆုံးဖြတ်လိုက်၏။
...
ဝေ့ဝူယင် ထိုအရာများအား လုပ်ဆောင်နေသည့် တစ်ချိန်တည်းတွင်ပင် ဝမ်မင်ယာမှာ တောင်ကုန်း ထူထပ်သည့် နေရာ တစ်ခုတွင် ရောက်ရှိနေခဲ့လေသည်။ သူမက လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးထားကာ ခန္ဓာကိုယ်မှာ ခဏတာမျှ မှိန်ဖျော့စွာ တောက်ပနေခဲ့၏။ ထို့နောက် သူမက ပြုံးလိုက်သည်။
မနီးမဝေး တစ်နေရာတွင်ပင် ပတ္တမြား ရတနာ အလား မျက်လုံးများကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ဦးမှာ ဆလင်ဒါ သဏ္ဌာန်ပုံတစ်ခုကို ရှာဖွေ တွေ့ရှိနေခဲ့လေသည်။
...
ထာဝရသရဖူ လုပွဲမှာ ဒုတိယအဆင့်သို့ တဖြည်းဖြည်း ကူးပြောင်းလာသည်နှင့်အမျှ ရွေးချယ်ခံများ၏ အာရုံစူးစိုက်မှုသည်လည်း ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြန့်နှံ့လာသည့်အခါ ပြင်းထန်သော တိုက်ပွဲများမှာလည်း တဖြည်းဖြည်း လျော့နည်းလာသည်။
ထိပ်တန်း ရွေးချယ်ခံ အချို့ကို ၎င်းတို့၏ စီနီယာများက ဤ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ အခြား ပြိုင်ပွဲများနှင့် ကွဲပြားကြောင်း ပြောကြားထားကြသည်။ တစ်စုံတစ်ယောက်ကို သေချာပေါက် ဘိသိက်ခံစေရန် ထာဝရ ဧကရာဇ်က ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားခြင်းဖြစ်သည်ဟု သူတို့က ပြင်းပြင်းထန်ထန် ယုံကြည်ထားကြသည်။
ချိပ်ပိတ်နယ်မြေမှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်သည့် သေမျိုးများ အကြောင်းရင်းမဲ့ ရောက်ရှိလာခြင်း၊ အလွန်တရာ အစွမ်းထက်ကာ ပိုမို ယုတ်မာသည့် မကောင်းဆိုးရွား စောင့်ကြပ်သူများ ပေါ်ထွက်လာခြင်းတို့ အပြင် သာမန် အရည်အချင်းများထက် ကျော်လွန်နေသည့် အဂ္ဂိရတ် ပညာရှင်များ ပေါ်ပေါက်လာခြင်းတို့မှာ ထိုအချက် မှန်ကန်ကြောင်း ထောက်ခံပေးနေသယောင် ရှိသည်။ သတင်းများ ပျံ့နှံ့လာခြင်းနှင့် အတူ ဝေ့ဝူယင်၏ ပုံးကို ရှာဖွေသူများမှာလည်း ပိုမို များပြားလာခဲ့သည်။
(၃၅)ရက်မြောက်နေ့ အထိ သေမျိုး ဧကရာဇ် အဂ္ဂိရတ်ပညာရှင် ထောင်ပေါင်းများစွာ၊ မကောင်းဆိုးရွား စောင့်ကြပ်သူ ထောင်ပေါင်းများစွာ လွတ်မြောက်လာခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်၏ ပုံးကိုတော့ ယနေ့တိုင် မတွေ့ရသေးချေ။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များစွာ ထွက်ပေါ်လာခြင်းနှင့် အတူ အံအားသင့်စရာ တွေ့ရှိချက် တစ်ခုလည်း လောကတစ်ခွင် ပျံ့နှံ့လာခဲ့သည်။
၎င်းက မည်သည်နည်း။ ပုံးများ အတွင်းမှ ထွက်ပေါ်လာသည့် သေမျိုး အဂ္ဂိရတ် ပညာရှင် အများစုမှာ လူသား၊ တိုက်တန်နှင့် ကောင်းကင် မျိုးနွယ်များ မဟုတ်ကြခြင်းပင်။ သူတို့မှာ မျိုးနွယ် အမျိုးမျိုးမှ ပေါက်ဖွားလာကြသည့် သက်ရှိမျိုးစပ်များ ဖြစ်ကြပြီး အများစုမှာ အယ်ဗန်များ၊ နတ်ဆိုးများနှင့် ရှို့ရန်များ ဖြစ်ကြသည်။
ထိုအဆင့်နိမ့် မျိုးနွယ်စုများကို သေမျိုး အဂ္ဂိရတ် ပညာရှင်များ အဖြစ် ရှာဖွေ တွေ့ရှိရခြင်းမှာ အတော်လေး အုတ်အုတ်သဲသဲ ဖြစ်စေခဲ့သည်။ ပိုမို၍ အံ့အားသင့်ဖို့ ကောင်းတာ တစ်ခုက ထိုအဂ္ဂိရတ် ပညာရှင်များမှာ အလွှာအပြင်က ပါရမီရှင်များထက်ပင် ပိုမို ထက်မြက်ကြခြင်း ဖြစ်သည်။ သူတို့၏ မူလဇစ်မြစ်ကို ထပ်မံ လေ့လာကြည့်သော အခါ၌လည်း အံ့အားသင့်စရာ တိုက်ဆိုင်မှု တစ်ခုကို တွေ့ရှိခဲ့ကြရသည်။ သူတို့အားလုံးမှာ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို၏ လက်အောက်ငယ်သားများ ဖြစ်ကြပေသည်။
ချိပ်ပိတ်နယ်မြေ အတွင်းမှ လူများမှာ အလွှာအပြင်က ပါရမီရှင်များထက်ပင် ပိုမို ကောင်းမွန်သည့် အရည်အချင်းများကို ပြသလာနိုင်ခြင်းက လက်ခံရန် ခက်ခဲလှသည်။ ၎င်းက ထိပ်တန်း ရွေးချယ်ခံများ အတွက်တော့ စက်ဆုပ်ဖွယ် အရသာ တစ်ခုလိုပင် ဖြစ်သည်။
အချို့သော ရွေးချယ်ခံများမှာ ထိုထူးဆန်းသည့် အဂ္ဂိရတ် ပညာရှင်များထံမှ သူတို့၏ မျိုးရိုး၊ ဆေးဖော်စပ်နည်းများ၊ ကျင့်ကြံခြင်း နည်းလမ်းများကို အတင်းအကြပ် မေးမြန်းဖို့ ကြိုးစားခဲ့ကြသေးသည်။ သို့သော်လည်း အချိန်တိုင်းတွင် ကြီးကြပ်သူမှာ သူတို့ကို လျှင်မြန်စွာ အပြစ်ပေးလေ့ ရှိသည်။ အချို့မှာ နေရာတွင်ပင် သေဆုံးခဲ့ကြရသည်။
ကြီးကြပ်သူများမှာ ဘယ်တုန်းကမှ ပြိုင်ပွဲအတွင်း ဝင်ရောက် မစွက်ဖက်ဖူးခဲ့သော်လည်း ဤတစ်ကြိမ်တွင်တော့ ထူးဆန်းစွာပင် ပြုမူ နေခဲ့သည်။ ထိုသတင်းများက တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး နောက်တွင်တော့ မည်သည့် ရွေးချယ်ခံမှ ကိုယ့်အသက်ကို စတေးကာ အရဲစွန့်ရဲခြင်း မရှိကြတော့ချေ။
သို့သော်လည်း... ၎င်းမှာ ထူးခြားသည့် တစ်ခုတည်းသော ဖြစ်ရပ် မဟုတ်ပေ။ ရက်ပေါင်း (၄၀) ကျော်အကြာတွင် ကောက်ကျစ်စဉ်းလဲစွာ လှည့်လည်သွားလာနေကာ အသက်များကို နှုတ်ယူနေသည့် မကောင်းဆိုးရွား စောင့်ကြပ်သူ အားလုံး လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ အသစ်လွှတ်ပေးလိုက်သော မကောင်းဆိုးရွား စောင့်ကြပ်သူများမှ လွဲ၍ လောကနယ်မြေ တစ်ခွင်တွင် မည်သည့် မကောင်းဆိုးရွား စောင့်ကြပ်သူ၏ အရိပ်အယောင်မျှ မတွေ့ရတော့ပေ။ ထို့အပြင် အသစ်လွှတ်ပေးလိုက်သော စောင့်ကြပ်သူများ ပင်လျှင် နာရီအနည်းငယ်အကြာတွင် ပျောက်ကွယ်သွားလေ့ရှိသည်။
ထိုအချင်းအရာနှင့် အလွှာ အပြင်က ရွေးချယ်ခံများမှာ ယခင်ကထက် ပိုမို လွတ်လပ်စွာ ပိုမို မြန်ဆန်စွာ လှုပ်ရှားလာနိုင်ခဲ့ကြသည်။ မကောင်းဆိုးရွား စောင့်ကြပ်သူများကို မြေကြီး ရှန့်ထိုရှိ အဆင့် ဖြောင့်မတ်သည့် ကျင့်ကြံသူ တစ်ဦးက ချေမှုန်းခဲ့သည်ဟု သူတို့ ယူဆကြသည်။ သို့မဟုတ် အဖွဲ့တစ်ဖွဲ့လည်း ဖြစ်နိုင်ပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ၎င်းက အပေါင်း လက္ခဏာဆောင်သည့် တိုးတက်မှု ဖြစ်သည်။
(၄၂)ရက်မြောက်နေ့တွင်တော့ ပြိုင်ပွဲ၏ စီးဆင်းမှု ပုံစံက ရုတ်တရက် ပြောင်းလဲသွားသည်။ အဂ္ဂိရတ်ပညာရှင်များကို ရှာဖွေခြင်းက အကျိုးအမြတ်များစွာကို ရရှိစေခဲ့ကာ အဖွဲ့အနည်းငယ်မှာ ထာဝရ သရဖူ အပိုင်းအစများကို ပေါင်းစပ်ရန် နည်းလမ်းများကို အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူတို့က ယခုအခါ ထာဝရ သရဖူ အပိုင်းအစများကို လိုက်လံ ရှာဖွေရန်၊ သတင်းအချက်အလက်များ ဖလှယ်ရန်၊ အဂ္ဂိရတ် ပညာရှင် အဖွဲ့များ ဖွဲ့စည်းရန် လုပ်ဆောင် နေခဲ့ကြကာ သရဖူ အပိုင်းအစ သတင်းကို ပေးအပ်နိုင်ပါက ကြီးမားသော ဆုလာဒ်များ ပေးမည် ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။
...
"သခင်လေး တန်ဘူ... ဒီသတင်းအချက်အလက်ကို ရင်းမြစ်တွေ အများကြီးက အကြိမ်ကြိမ် အတည်ပြုထားပြီးသား ဖြစ်ပါတယ်... မြေရိုင်းလွင်ပြင်တွေထဲက တစ်ခု... အထူးသဖြင့် သဲကန္တာရ နယ်မြေနှစ်ခုကြားက အရှေ့မြောက်ဘက် နယ်မြေမှာ အပိုင်းအစ နှစ်ခု ရှိပါတယ်..."
တိုက်တန် မျိုူနွယ်ဝင် (၁၃)ဦးပါ အဖွဲ့တစ်ဖွဲ့တွင် အရပ် ၁၃ ပေရှိသည့် ပိန်သွယ်သွယ် တိုက်တန် တစ်ဦးက ရိုသေမှု အနည်းငယ်ဖြင့် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ထိုအဖွဲ့အတွင်းရှိ တိုက်တန်များအနက် သုံးဦးမှာ အဝတ်အစား ဆင်တူကြကာ တူညီသည့် အဖွဲ့အစည်း တစ်ခုတည်းမှ ရွေးချယ်ခံများ ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။ ကျန်သူများမှာမူ မတူကွဲပြားသည့် အခြား အဖွဲ့အစည်းများမှ ဖြစ်ကြောင်း ညွှန်ပြနေသည့် ခြားနားသည့် ဝတ်စုံများကိ ဝတ်ဆင်ထားကြသည်။
သူတို့က ကောင်းကင်ယံတွင် ပျံသန်း နေကြခြင်း ဖြစ်ကာ အောက်တွင်တော့ အဂ္ဂိရတ်ပညာရှင် ဝတ်စုံများ ဝတ်ဆင်ထားကြသည့် လူ (၇) ဦးခန့် ရှိသည်။ သေချာကြည့်ပါက အဂ္ဂိရတ်ပညာရှင် နှစ်ဦးမှာ သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့၏ သင်္ကေတဖြစ်သည့် ကြယ်ခုနစ်လုံး ဝန်းရံထားသော မှော်သန့်စင် ဆေးအိုး ခုနစ်လုံးကို ပန်းထွင်းထားသည့် အရောင်စုံ ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
"နှစ်ခုတောင်လား..."
တန်ဘူမာ အမည်ရှိသည့် တိုက်တန်က ဓားသွားများနှင့် တူသည့် သူ၏ မျက်ခုံးကို ပင့်လိုက်သည်။ တန်ဘူမာမှာ အရပ် ၁၈) ပေမြင့်သည့် တိုက်တန်တစ်ဦးဖြစ်ကာ အခြားသော တိုက်တန် အားလုံးထက် ပိုမို၍ အရပ်ရှည်သည်။ သူသည် ပိန်သွယ်ခြင်း မရှိသော်လည်း အလွန်အမင်း ထွားကြိုင်းသည့် ကြွက်သားများလည်း မရှိပါချေ။ ထို့ကြောင့်ပင် တိုက်တန် အုပ်စုကြား၌ အရပ် အလွန်ရှည်သော်လည်း သာမန်လောက်ဟုသာ ထင်ရသည်။
သို့သော်လည်း... သူက ကြီးမြတ်သည့် နောက်ခံကို ပိုင်ဆိုင်ထားက ကျင့်ကြံခြင်းမှာလည်း ၇၆ ယောက်မြောက် မင်းသားနှင့်ပင် နှိုင်းယှဉ်နိုင်သည့် အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသည်။ သူက မြေကြီးရှန့်ထို တစ်ယောက် ဖြစ်သည်။
"ဟုတ်ပါတယ်"
ပိန်သွယ်သွယ်တိုက်တန်က ခေါင်းညိတ်လိုက်၏။
"ဒီအချက်အလက်ကို မင်း ဘယ်လို အတည်ပြုခဲ့တာလဲ"
တန်ဘူမာက လက်များကို နောက်သို့ပစ်ထားရင်း မေးလိုက်သည်။ သူ၏ မျက်လုံးများကတော့ အရှေ့မြောက်ဘက် ကောင်းကင်ကို စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့် နေခဲ့၏။
"အဲဒါက..."
ပိန်သွယ်သွယ် တိုက်တန်မှာ တုံ့ဆိုင်းနေလေရာ ယာ့စူးမာအမည်ရှိ တိုက်တန်မှာ စိတ်မရှည်တော့ပဲ ကြားထဲမှ ဝင်၍ အလျှင်အမြန် ရှင်းပြလိုက်သည်။
“အဲဒီ သတင်းက ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်တည်းက ပျံ့နှံ့နေခဲ့တာပါ... အပိုင်းအစ နှစ်ခု ပိုင်ထားတဲ့ ကျင့်ကြံသူ တစ်ဦးက နည်းနည်းလေးတောင် ပုန်းအောင်းဖို့ မကြိုးစားပါဘူး... သူက ခုထိ အဲဒီ နေရာမှာပဲလို့ သတင်းကြားပါတယ်”
"အပိုင်းအစ နှစ်ခုပိုင်ထားတဲ့ ကျင့်ကြံသူ တစ်ဦး..."
တန်ဘူမာက ထူးခြားမှုကို ချက်ချင်းအာရုံစိုက်လိုက်၏။
“သူက တစ်ယောက်တည်းလား...”
ယာ့စူးမာက အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
“တစ်ဦးတည်းပါပဲ...”
“သေမျိုးလား...”
တန်ဘူမာက ထပ်မံ၍ မေးလိုက်၏။ သေမျိုးများနှင့် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုတို့ အကြား ဆက်စပ်မှုများကို ကြားသိခဲ့ရပြီး နောက်တွင် ၎င်းမှာ သဘာဝကျသည့် မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။
"ကျွန်တော်... ကျွန်တော် မပြောနိုင်ဘူး"
ယာ့စူးမာက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"သူ့ရဲ့ စွမ်းအင်က ထူးဆန်းတယ်... သူ့ကို လွတ်လွတ်လပ်လပ် စူးစမ်းနိုင်ပေမဲ့ ဘယ်ဝိညာဉ်အာရုံ၊ မှော်ပညာမှ သူ အသက်ရှင်နေတယ်လို့ မခံစားရဘူး... သူ့ကို ကြည့်ရတာ ဟိုးအရင်တည်းက သေဆုံးနေတဲ့ ရုပ်အလောင်း တစ်ခုလိုပဲ... ဘာမှမရှိဘူး..."
"နက်ခရို စွမ်းအားလား..."
တန်ဘူမာမှာ အလွှာအပြင်က ရွေးချယ်ခံတစ်ဦးဖြစ်လေရာ အတွေ့အကြုံနှင့် ဗဟုသုတများစွာ ကြွယ်ဝသည်။ ထို့ကြောင့်ပင် နက်ခရို စွမ်းအား၏ လက္ခဏာများကို ချက်ချင်း သိရှိလိုက်သည်။
"ဖြစ်နိုင်ပါတယ်"
ယာ့စူးမာက ပြောလိုက်၏။ အခြားသူအချို့ကလည်း သူတို့၏ ထင်မြင်ယူဆချက်များကို ထပ်လောင်းပြောဆိုကြသည်။ သို့သော်လည်း သူတို့ထဲမှ တစ်ယောက်မှ တိတိကျကျ ပြောဆိုနိုင်စွမ်း မရှိပါချေ။
***