သိုင်းပညာ ဒီဗိုင်းအတတ်၊ တစ်ချက်တည်းနှင့် ဝိဉာဉ်ကို သုတ်သင်ခြင်း(၂)
Vol. 21 Ch. 304
'ရွှီယန်သာ ထုံးရွှမ်အဆင့်ကို ဝင်ရောက်ပြီးရင်... အကြီးစားကျွမ်းကျင်မှု အဆင့် သို့မဟုတ် အသေးစားကျွမ်းကျင်မှု အဆင့်လောက် ဖြစ်ရင်တောင် သူ့ရဲ့ ဓားတာအိုနဲ့ မြင့်မားတဲ့ နားလည်သဘောပေါက်မှု တွေကြောင့် စစ်ဘုရင်အထက်က အဆင့်ကို ရင်ဆိုင်ဖို့ လုံလောက်လောက်တယ်..'
လီရွှမ်က စိတ်ထဲတွင် စဉ်းစားသည်။ ယင်လုံ့စံအိမ် သခင်အား ကြည့်ကာ အပြုံးတစ်ခုဖြင့် ရှိနေ၏။ နောက်ဆုံးတွင် တပည့်များ၏ရှေ့တွင် သူ၏ စွမ်းအားကို ထပ်မံ ပြသနိုင်ပေတော့မည်။
သိုင်းပညာဒီဗိုင်းအတတ်- နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာဓားချက်သည် အကြွင်းမဲ့ သတ်ဖြတ်ခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထား၏။ ယခုအချိန်၌ ၎င်း၏ အသုံးချရန်နေရာကို ရှာတွေ့ခဲ့ပါပြီ။
ဤသည်မှာ တပည့်များကို သင်ကြားမှုပြုရန်အတွက် ပြည့်စုံသည့် အခွင့်အရေးတစ်ခုလည်း ဖြစ်၏။ ရွှီယန်နှင့် မုန့်ချုံအား နတ်ဘုရားသတ်ဖြတ်ခြင်း ဓားချက်နှင့် တူညီသည့် သိုင်းပညာ နတ်ဘုရားအတတ်များကို နားလည်သဘောပေါက်စေနိုင်သည်။
ယင်လုံ့စံအိမ်သခင်က ထုတ်လွှတ်ထားသည့် ဖိအားမှာ ပိုမိုပိုမိုကာ သန်မာလာနေ၏။ လောကကြီးအား ဖျက်ဆီးရန် ကြံရွယ်နေဟန် ရှိသည်။
ရွှီယန်၏ ဓားဆန္ဒလည်း ဆက်လက် မြင့်တက်နေ၏။ သို့ပေမယ့် သူသည် ရှင်းလင်းစွာပင် မနည်းတောင့်ခံထားရသည်။
'ချီးပဲ... ငါကအရမ်းကို အားနည်းလွန်းတယ်... ဓားဆန္ဒဒုတိယအဆင့်ကိုသာ ထုတ်လွှတ်နိုင်ရင် ဒီကြီးမားတဲ့ ဖိအားကို သေချာပေါက် ချိုးဖျက်နိုင်မှာ..'
ရွှီယန်က မကျေမနပ်ဖြင့် စဉ်းစား၏။ သူသည် ဓားဆန္ဒ၏ ဒုတိယအဆင့်ကို နားလည်သဘောပေါက်ပြီးဖြစ်သည်။ သို့ပေမယ့် ခွန်အားအဆင့်က ကန့်သတ်ထားရာ ထုတ်လွှတ်နိုင်ခြင်း မရှိပေ။
"အုန်း.."
မုန့်ချုံ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ကြီးစိုးခြင်း ဆေဘာဆန္ဒက မြင့်တက်လာခဲ့သည်။ သူသည် ရွှီယန်နှင့် ပူးပေါင်းပြီး တစ်ဖက်လူ၏ ဖိအားကို ရင်ဆိုင်ရန် ကြိုးစား၏။
ဆရာ၏ လှုပ်ရှားမှုမပြုသေးမှုမှာ ယင်လုံ့စံအိမ် သခင်အား အသုံးပြုပြီး သူတို့ကို လေ့ကျင့်ခိုင်းခြင်း ဖြစ်ပေလိမ့်မည်။
ယင်လုံ့စံအိမ်သခင်၏ မျက်လုံးများထဲ၌ လောဘတရားတို့ ပေါ်လာခဲ့၏။ ကြီးမားသည့် အခွင့်အလမ်းက သူ၏ မျက်စိရှေ့သို့ ရောက်ရှိလာခဲ့ပါပြီ။ အေးစက်စွာ ပြုံးကာ ပြော၏။
"လူငယ်... အချိန်ဖြုန်းမနေနဲ့... ငါက ကောင်းကင်လူသားအဆင့်ကို မရောက်သေးပေမယ့် ခြေလှမ်းတစ်ဝက်ပဲ လိုတော့တာ.."
"မင်းတို့က ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ။ နာနာခံခံနဲ့သာ အညံ့ခံလိုက်။ မဟုတ်ရင်တော့ ဒီမှာရှိတဲ့ လူအားလုံး သေရလိမ့်မယ်.."
သူ၏ စကားဆုံးပြီးနောက် လက်ထဲရှိ တောင်ဝှေးက အေးစက်သည့် စွမ်းအင်တစ်ခုကို ထုတ်လွှတ်လာခဲ့၏။
ထိုအချိန်၌ လီရွှမ်က ကုလားထိုင်မှ အသာမတ်တပ်ရပ်ကာ ခြေလက်များကို ဆန့်သည်။ ခါးကို လှည့်ရင်းက ပြော၏။
"ငါတပည့်တို့... ဒီနေ့မှာ မင်းတို့ရဲ့ဆရာ ဒီလူရဲ့ အသက်ကို အသုံးပြုပြီး သိုင်းပညာ ဒီဗိုင်းအတတ်ကို သင်ကြားပေးမယ်။ ဘယ်လောက် နားလည်မှုရလာမလဲ ဆိုတာကတော့ မင်းတို့ကိုယ်တိုင် အပေါ်မှာပဲ မူတည်တယ်.."
ရွှီယန်နှင့် မုန့်ချုံတို့က ချက်ချင်းပင် စိတ်လှုပ်ရှားလာကြသည်။ သူတို့ဆရာသည် စွမ်းအားကြီးမားသည့် သိုင်းပညာတစ်ခုကို ထပ်မံ သင်ကြားပေးတော့မည်လား။
သိုင်းပညာဒီဗိုင်းအတတ်ဟု ခေါ်ဆိုသည်လား။ အမည်ကို ကြားရရုံနှင့်ပင် အလွန် စွမ်းအားကြီးမည်ကို သိရှိနိုင်၏။
ယင်လုံ့စံအိမ်သခင်၏ အကြည့်က စူးစိုက်သွားသည်။ လီရွှမ်ဆီသို့ ထက်မြစွာ ကျရောက်လာခဲ့၏။ သူ၏ ဖြန့်ကျက်ထားသည့် ဖိအားကို ဖြေးညှင်းစွာ ရုတ်သိမ်းရင်းက ခန္ဓာကိုယ်တဝိုက်တွင် စုစည်းလိုက်သည်။
လက်ထဲရှိ တောင်ဝှေးတွင် အေးစက်သည့် အလင်းတစ်ခု ထွက်ပေါ်လာ၏။ သူ၏ပုံက လေးနက်သွားသည်။
သူသည် အခြေအနေကို လွဲမှားစွာ ကောက်ချက်ချမိခဲ့၏။ ဒီလူငယ်သည် ရွှီယန်နှင့် မုန့်ချုံတို့၏ ဆရာ ဖြစ်နေသည်လား။ တပည့်များက အလွန်စွမ်းအားကြီးရာ ဆရာဖြစ်သူမှာ ဘယ်လိုလုပ်ပြီး အားနည်းမည်နည်း။
"မင်းက ဘယ်သူလဲ.."
လီရွှမ်က ကျောက်စိမ်းအဆောင်ကို ဘယ်ဘက်လက်ဖြင့် ကစားရင်းက အသာရယ်သည်။
"မျှမျှတတဖြစ်အောင် မင်းကို အနိုင်မကျင့်တော့ဘူး... မင်းရဲ့ ခွန်အားအဆင့်ထက် အဆင့်နိမ့်တဲ့ ခွန်အားကိုပဲ အသုံးပြုပြီး ငါမင်းကို သတ်ပေးမယ်.."
ရွှီယန်က တက်ကြွလာ၏။
'ဆရာက ယင်လုံ့စံအိမ်ရဲ့သခင်ကို သူ့ထက်နိမ့်တဲ့ ခွန်အားအဆင့်ကို အသုံးပြုပြီး သတ်ဖြတ်မလို့လား။ ဆိုလိုတာက သိုင်းပညာဒီဗိုင်းအတတ်က အရမ်းကို စွမ်းအားကြီးပြီး အလွယ်တကူ အဆင့်ကို ကျော်လွန်ပြီး တိုက်ခိုက်နိုင်တယ်လို့လား..'
"မောက်မာလိုက်တာ.."
ယင်လုံ့စံအိမ်သခင်၏ အကြည့်က ရေခဲတမျှ အေးစက်သွားသည်။ သူ၏ ပတ်ဝန်းကျင်တွင် မမြင်နိုင်သည့် လှိုင်းတို့ ထလာခဲ့၏။ ကြောက်စရာကောင်းသည့် ဖိအားက ရွှီယန်နှင့် မုန့်ချုံတို့၏ ဓားဆန္ဒနှင့် ဆေဘာဆန္ဒ ဖြန့်ကျက်မှုကို ဆက်တိုက် ကျဉ်းမြောင်းလာစေသည်။
ဤသည်မှာ သူတို့၏ စိတ်ဆန္ဒအပေါ် မြင့်မားသည့် တောင်ကြီးတစ်ခု ဖိနှိပ့်လာသည့်နှယ်ရှိပြီး အချိန်မရွေး ပြိုကျသွားတော့မည့်ပုံ ရှိ၏။
သို့ပေမယ့် ပိုမိုကာပင် စွမ်းအားကြီးမားသည့် ဖိအားက လီရွှမ်ဆီသို့ ဦးတည်နေပြီး သူ့ကို ဖိနှိပ့်လာခဲ့သည်။
လှိုင်းများက ကြီးမားကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်ကို လှုံ့ဆော်ပြီး တောင်တစ်ခုကဲ့သို့ ဖိအားကို ဖွဲ့စည်း၏။
လီရွှမ်က အသာရပ်နေရင်းက ညာဘက်လက်ကို မြှောက်လိုက်သည်။ သူ၏လက်ဝါးနှင့် ဆေဘာတစ်ချောင်းကို ဖန်တီးပြီး အသာရယ်၏။
"မင်းအဆင်သင့်ဖြစ်ပြီလား။ ငါမင်းကို သတ်တော့မယ်.."
"မင်းငါ့ကို ဘယ်လိုသတ်နိုင်မလဲ ဆိုတာကို ကြည့်တာပေါ့.."
ယင်လုံ့စံအိမ်သခင်က တောင်ဝှေးကို မြှောက်ကာ ၎င်းမှ ကြောက်စရာကောင်းသည့် အလင်းတစ်ခု ထွက်ပေါ်လာပြီး စွမ်းအားကြီးမားစွာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပါပြီ။
လီရွှမ်က တည်ငြိမ်စွာသာ ရှိနေ၏။ ရွှီယန်နှင့် မုန့်ချုံတို့ကို ကြည့်သည်။
"သေသေချာချာကြည့်ကြ... ဒါက သိုင်းပညာဒီဗိုင်းအတတ်ပဲ... စိတ်ဝိဉာဉ်နဲ့ အသိစိတ်ကို ဖျက်ဆီးဖို့ ဦးတည်တိုက်ခိုက်တယ်.."
ရွှီယန်နှင့် မုန့်ချုံတို့၏ မျက်လုံးများက ပြူးကျယ်သွား၏။ တစ်ခုခု လွတ်သွားမည်အား အလွန်ကြောက်ရွံ့နေပါသည်။ အနှစ်သာရကို နားလည်ရန် ကျရှုံးမည်အား စိုးရိမ်နေ၏။
"ဘုန်း.."
လီရွှမ်က ပြုံးသည်။ ကိုယ်တိုင် သရုပ်ပြခြင်းထက် ပိုမိုကောင်းမွန်သည့်သင်ကြားပြသမှု မရှိပေ။
သိုင်းပညာ ဒီဗိုင်းအတတ်ကို ရရှိပြီးနောက် သူသည် နောက်ဆုံးတွင် အစွမ်းပြရန် အခွင့်အရေးကို ကြုံလာခဲ့ပါပြီ။ ယင်လုံ့စံအိမ်သခင်မှာ စစ်မှန်သည့် ကောင်းကင်လူသားအဆင့် မဟုတ်ပေမယ့် သူသည် အထွတ်အထိပ်စစ်ဘုရင်အဆင့်ကို ကျော်လွန်ပြီးဖြစ်ကာ သာမန်တည်ရှိမှုများထက် ခြေတစ်လှမ်း သာလွန်နေ၏။
ယင်လုံ့စံအိမ်သခင်က ရန်သူကို အထင်သေးရဲခြင်း မရှိပါ။ သူ၏လက်ထဲရှိ တောင်ဝှေးမှ ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီးဖြစ်ကာ တိုက်ခိုက်ဖို့လုပ်၏။
သို့ပေမယ့် လီရွှမ်၏ လက်ဝါးချက် ကျဆင်းလာချိန်၌ မမြင်နိုင်သည့် ဆေဘာစွမ်းအားက သူ၏အသိစိတ်ဆီသို့ ချက်ချင်းပင် ထိုးဖောက်သွားသည်။ ခုခံမှုအားလုံး အသုံးမဝင်ပုံရ၏။
"အုန်း.."
ပုန်းကွယ်ရန် နေရာမရှိသလို ထွက်ပြေးရန် နေရာလည်း မရှိပါ။
ကြောက်စရာကောင်းသည့် အရှိန်အဝါတို့ဖြင့် လွှမ်းခြုံနေသည့် ယင်လုံ့စံအိမ်သခင်သည် ပြင်းထန်ကြမ်းတမ်းသည့် တိုက်ခိုက်မှုကို ထုတ်လွှတ်ရန် အဆင်သင့်ဖြစ်နေရာမှ ရုတ်တရက် ပျော့ခွေသွားပြီး လေထဲမှ ကျဆင်းလာခဲ့၏။
မြေပြင်ပေါ်တွင် လဲကျသွားသည်။ သူ၏အသိစိတ်က ပျောက်ဆုံးကာ ခန္ဓာကိုယ် အခွံတစ်ခုသာ ကျန်ရစ်ခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွင် အသက်ဓာတ် စွမ်းအင်တို့အား ပိုင်ဆိုင်ထားဆဲရှိ၏။ သို့ပေမယ့် အသိစိတ်နှင့် ဝိဉာဉ်တို့မှာတော့ ပျောက်ကွယ်သွားပြီး ဖြစ်သည်။
ရွှီယန်နှင့် မုန့်ချုံတို့မှာ မှင်သက်နေကြ၏။ ဤသည်မှာ သိုင်းပညာ ဒီဗိုင်းအတတ်၏ စွမ်းအားလေလား။
လီရွှမ်သည် သူ၏သိုင်းပညာ ဒီဗိုင်းအတတ်အား အသုံးပြုခြင်းမှ ရလဒ်အတွက် အလွန် ကျေနပ်သွား၏။
နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာနှင့် တစ်ချက်သတ်ဓားချက်တို့၏ ပူးပေါင်းမှုမှာ အံ့သြစရာကောင်းအောင် စွမ်းအားကြီးမားလှပြီး ယင်လုံ့စံအိမ် သခင်ကို လျှပ်တပြက်အတွင်း သေဆုံးစေခဲ့သည်။
ယင်လုံ့စံအိမ်သခင်တင် မကပေ။ သူ၏နောက်ရှိ အထွတ်အထိပ်စစ်ဘုရင် ခုနှစ်ယောက်တို့လည်း အပါအဝင် ဖြစ်၏။ နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာ၏ သက်ရောက်မှုအောက်တွင် အနည်းငယ် ရုန်းကန်ခဲ့ပြီးနောက် သူတို့၏ အသိစိတ်များက သုတ်သင်ခံလိုက်ရပြီး လေထဲမှ ပြုတ်ကျကုန်ကြ၏။
မြေပြင်ပေါ်ရှိ အလောင်းရှစ်ခုတို့ကို ကြည့်ကာ ရွှီယန်နှင့် မုန့်ချုံတို့ အံ့သြကုန်ကြသည်။ အခြားသူများ သတိမထားမိတာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် သူတို့၏ ဓားဆန္ဒနှင့် ဆေဘာဆန္ဒအား ဖြန့်ကျက်ထားမှုကြောင့် ဆရာ၏ လက်ဝါးတွင် ပါဝင်နေသည့် ကြောက်စရာကောင်းသည့် စွမ်းအားကို အာရုံခံနိုင်ဆဲ ရှိသည်။
မုန့်ရှူရှူကဲ့သို့ လူများမှာ ငိုင်တိုင်စွာသာ ကြည့်နေကြ၏။ ဆရာကြီး၏ လက်ဝါးချက်က အားလုံးကို သတ်ဖြတ်ခဲ့သည်လား။ သို့ပေမယ့် ထိုလူများကို ကြည့်ရတာ သေဆုံးသွားသည့်ပုံ မပေါ်ပေ။ အိပ်နေသည်နှင့် ပိုမိုတူ၏။
စုလင်းရှုံ၏ မျက်လုံးများက ပြူးကျယ်နေပြီး သူမ၏ နှလုံးသားထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာခဲ့သည်။
သူမသည် ဆရာ၏ သိုင်းပညာ ဒီဗိုင်းအတတ်စွမ်းအားကြောင့် အလွန် ထိတ်လန့်သွားခဲ့၏။ ရန်သူထက် အဆင့်နိမ့်ပါးစေကာမူ ယင်လုံ့စံအိမ်၏သခင် တစ်ဝက်တစ်ပြတ် ကောင်းကင်လူသားအား အားစိုက်ထုတ်မှု ကင်းမဲ့စွာ သတ်ဖြတ်ခဲ့သည်။
ယင်လုံ့စံအိမ်သခင်နှင့် အထွတ်အထိပ်စစ်ဘုရင် ခုနှစ်ယောက်တို့ကို သတ်ဖြတ်ပြီးနောက် လီရွှမ်က တည်ငြိမ်စွာ ရှင်းပြ၏။
"ဒါက သိုင်းပညာ ဒီဗိုင်းအတတ်ပဲ... ငါအသုံးပြုလိုက်တဲ့ သိုင်းပညာကို နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာလို့ ခေါ်တယ်။ ဒါပေမယ့် ဆေဘာပဲဖြစ်ဖြစ် ဓားဖြစ်ဖြစ် ခြားနားချက် အများကြီးမရှိဘူး.."
"နတ်ဘုရားသတ်ဖြတ်ခြင်း ဓားချက်အပြင် တစ်ချက်သတ်ဓားချက်လည်း ရှိတယ်... ရန်သူရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်က ဘယ်လောက်ပဲ လျှို့ဝှက်ဆန်းကြယ်နေပါစေ ဒီတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်စွမ်း မရှိဘဲ ထိပ်တိုက်ရင်ဆိုင်ကြရတယ်။ တကယ်လို့သာ ခုခံနိုင်စွမ်းမရှိဘူးဆိုရင် သေချာပေါက် သေဆုံးရမှာ.."
သူက အလောင်းရှစ်လောင်းတို့ကို ညွှန်ပြရင်းက ပြော၏။
"ပြဿနာကို မင်းတို့တွေ့ကြလား... ငါသတ်လိုက်တာက သူတို့ရဲ့ အသိစိတ်.. စိတ်ဆန္ဒနဲ့ ဝိဉာဉ်ပဲ..."
"အရိုးကိုချေပြီး ပြာလွှင့်မယ်။ ဝိဉာဉ်ကို သုတ်သင်မယ်... အဲ့ဒီ့ထဲကမှ ဒီဟာက ဝိဉာဉ်သုတ်သင်ခြင်းပဲ။ ဝိဉာဉ်ကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်ကို မထိခိုက်စေခဲ့ဘူး.."
ရွှီယန်က စိတ်လှုပ်ရှားလာခဲ့သည်။ လောကတွင် ယခုမျှအထိ ဆန်းကြယ်သည့် သိုင်းပညာတစ်မျိုး ရှိနေမည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
ခန္ဓာကိုယ်ကို မထိခိုက်ဘဲ ဝိဉာဉ်ကို သုတ်သင်ခဲ့သည်လား။ သူသာ သင်ယူပြီးပါက သတ်ဖြတ်ချိန်တွင် ရန်သူ၏ ပိုက်ဆံအိတ်များ ပျက်စီးသွားမည်ကို စိုးရိမ်စရာ မလိုတော့ဘူး မဟုတ်ပေဘူးလား။
ဝိဉာဉ်ကို သုတ်သင်ကာ ခန္ဓာကိုယ်က အကောင်းအတိုင်း ရှိနေလျှင် ချမ်းသာကြွယ်ဝမှုများလည်း ထိခိုက်မည်မဟုတ်ပေ။ သူသည် ဒီသိုင်းပညာ ဒီဗိုင်းအတတ်ကို တတ်မြောက်ရပေမည်။
'အစကတည်းက ဆရာသင်ကြားခဲ့တာက အရိုးကိုချေပြီး ဝိဉာဉ်ကိုပါ လွင့်ဖို့ပဲ... ငါကတော့ ရန်သူရဲ့အရိုးကို ပြာအဖြစ် လွင့်ခဲ့ပြီး လွတ်မြောက်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ အမြဲ ထင်ထားခဲ့တယ်။ ဒါပေမယ့် အဲ့ဒါက ပြည့်စုံမှုမရှိဘူး။ ဝိဉာဉ်ကို သုတ်သင်ခြင်း ကျန်သေးတယ်..'
'ဆရာငါ့ကို သင်ကြားလိုတာက ရန်သူရဲ့ ဝိဉာဉ်သာ မချုပ်ငြိမ်းသွားရင် လွတ်မြောက်သွားဖို့ အခွင့်အရေးရှိသေးတယ် ဆိုပြီးတော့ပဲ။ ဒါပေမယ့် ငါကတော့ အဲ့ဒါကို ဘယ်တုန်းကမှ နားလည်မှု မရခဲ့ဘူး..'
ရွှီယန်သည် ဆရာ၏ သင်ကြားချက်အား နားလည်မှု မရသည့်အတွက် အပြစ်ရှိစွာ ခံစားရ၏။
'ငါက တကယ့်ကို တုံးအသေးတာပဲ..'
သို့ရာတွင် ဒီအချိန်၌ ဆရာ၏ ဓားချက်မှ ထူးကဲသည့် စွမ်းအားကို မှတ်မိနေပြီး ဖြစ်သည်။ ဤသည်မှာ နတ်ဘုရားသတ်ဖြတ်ခြင်း ဓားချက်၏ စွမ်းအားဖြစ်၏။
အချိန်ပေးပါက သူလည်းပဲ သိုင်းပညာ ဒီဗိုင်းအတတ်ကို နားလည်သဘောပေါက် လာနိုင်မည်ဟု ယုံကြည်ချက် ရှိပါသည်။
ရွှီယန်၏ ပြောင်းလဲနေသည့် အသွင်အပြင်ကို ကြည့်ကာ လီရွှမ်က အလွန်ကျေနပ်သွားသည်။ ဒီကိုယ်တိုင် သရုပ်ပြမှုနှင့် တူညီသည့် ဓားသိုင်းတစ်ခုကို ရွှီယန်တစ်ယောက် သေချာပေါက် တတ်မြောက်နိုင်မည်ဟု သူလည်း ယုံကြည်ပါသည်။
မုန့်ချုံတွင်လည်း ရရှိနိုင်သည့် အခွင့်အလမ်းတို့ ရှိ၏။ သူသည် ရွှီယန်လောက် မကောင်းဆိုးဝါး မဆန်ပေမယ့် ထူးကဲသည့် ပါရမီရှင်တစ်ယောက် ဖြစ်နေပါသေးသည်။
စုလင်းရှုံမှာတော့ သူမ၏ ပါရမီက ဒီနေရာတွင် မဟုတ်ပေ။ ထို့ကြောင့် လီရွှမ်အနေနှင့် သူမကို အရမ်းကြီး ဖိအားပေးခြင်း မရှိပါ။ ဒန်ဆေးသိုင်းပညာကို ဆက်လက် လေ့လာနေပါက အဆင်ပြေ၏။
ယင်လုံ့စံအိမ်မှ လူရှစ်ယောက်တို့ကို သတ်ဖြတ်ပြီးနောက် လီရွှမ်က ထယ်ရှန်းမြို့ဆီသို့ ခေါင်းမော့ကြည့်သည်။ထန်းပေါင်စံအိမ်၏ ကောင်းကင်တွင် ယင်လုံ့စံအိမ်သခင်ထက် အားနည်းခြင်း မရှိသည့် တည်ရှိမှုသုံးခုတို့ ရှိနေ၏။ဤသည်မှာ ထန်းပေါင်စံအိမ်၏ ယုံကြည်ချက်လေလား။
"တဝက်တပြတ် ကောင်းကင်လူသား..."
သို့ပေမယ့် တစ်ယောက်တွင် ညှို့မှိုင်းသည့် အရှိန်အဝါတို့ ထုတ်လွှတ်နေပါသည်။ သူ၏ ခန္ဓာကိုယ်သည် အဆိပ်တို့နှင့် ပြည့်နှက်နေသည် ထင်၏။ သက်ရှိအားလုံးတို့ကို ခြောက်သွေ့စေသည့် မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံထားသည်။
"နတ်ဆိုးဂိုဏ်းက လူလား.."
သုံးယောက်သားသည် မျက်နှာချင်းဆိုင်နေကြပြီး နတ်ဆိုးဂိုဏ်းမှ လူက ထန်းပေါင်စံအိမ်မှ လူနှစ်ယောက်ကို ရင်ဆိုင်နေပါသည်။
သိသာစွာပင် ထိုသူသည် ယင်လုံ့စံအိမ်သခင်နှင့် အတူတူလာတာ ဖြစ်ပေလိမ့်မည်။ ယင်လုံ့စံအိမ်သခင်က ဒီနေရာသို့ လူများကို လာရောက်ဖမ်းဆီးပြီး သူကတော့ ထန်းပေါင်စံအိမ်မှ စွမ်းအားကြီး ပုဂ္ဂိုလ်များကို သွားရောက် တားဆီးထားမည် ဖြစ်သည်။
ထန်းပေါင်စံအိမ်မှ တဝက်တစ်ပြတ် ကောင်းကင်လူသားနှစ်ယောက်တို့သည် ချန်ချင်းစံအိမ်ကြောင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေမယ့် လှုပ်ရှားမှုပြုခဲ့ခြင်း လုံးဝမရှိပေ။
ထို့ကြောင့် ရန်သူများဖြစ်သည်ဟု ယူဆလို့ မရပါ။
ထို့အပြင် ထန်းပေါင်စံအိမ်၏ ကိုယ်စားလှယ်မှ ပြောကြားခဲ့ပုံအရ သူတို့၏ ရည်ရွယ်ချက်မှာ ချန်ချင်းစံအိမ် ကျရှုံးပြီးမှ အဓိက ပုဂ္ဂိုလ်များဖြစ်သည့် စုလင်းရှုံနှင့် အခြားလူများကို ခေါ်ဆောင်သွားဖို့ ဖြစ်သည်။ ချီစုဆောင်းခြင်း ဆေးလုံးမှာတော့ အဓိကအဖွဲ့အစည်းများ အကြားတွင် သူတို့ဘာသာ ခွဲယူမည် ဖြစ်၏။
'ထန်းပေါင်စံအိမ်ရဲ့ တဝက်တပြတ် ကောင်းကင်လူသားနှစ်ယောက်ကို ချမ်းသာပေးလို့ ရတယ်။ ဒါပေမယ့် နတ်ဆိုးဂိုဏ်းက လူကတော့ စုလင်းရှုံအတွက် လာတာ။ သူ့ဘက်က လှုပ်ရှားလာပြီဆိုမှတော့ သတ်ရတာပေါ့။
လီရွှမ်၏ ပုံရိပ်က ရွေ့လျားသွားပြီး နေရာမှ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားသည်။ နောက်တစ်စက္ကန့်တွင် ထယ်ရှန်းမြို့၏ ထန်းပေါင်စံအိမ် အထက်၌ ပေါ်လာခဲ့၏။