← Chapters

ဓားတစ်ချက်ဖြင့် ဝိဉာဉ်အား ဖျက်ဆီးခြင်း(၂)

Vol. 21 Ch. 306

ဓားတစ်ချက်ဖြင့် ဝိဉာဉ်အား ဖျက်ဆီးခြင်း(၂)

Vol. 21 Ch. 306

ထန်းပေါင်စံအိမ်မှ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားနှစ်ယောက်တို့၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် လူငယ်၏ လက်ဝါးရိုက်ချက်က သက်ဆင်းသွား၏။

သုတ်သင်ခြင်းနတ်ဆိုးအား သူ၏ နောက်ဆုံးလျှို့ဝှက်အတတ်ကို အသုံးပြုထားသည့် တိုင်အောင် အကာအကွယ်ကင်းမဲ့စွာ ဖြစ်နေစေသည်။

ခန္ဓာကိုယ်မှာ လေထဲမှ ကျဆင်းလာခဲ့၏။ အသိစိတ်က ပျောက်ကွယ်သွားပြီး ဖြစ်ကာ ခန္ဓာကိုယ်မှာတော့ အကောင်းပကတိအတိုင်း ရှိနေပါသေးသည်။

မြင်တွေ့နိုင်သည့် မည်သည့်ဒဏ်ရာအမှတ်အသား တစ်ခုကိုမှ တွေ့ရခြင်း မရှိပါ။ ဤသည်မှာ အသိစိတ်ကို တစ်ခါတည်း သုတ်သင်သည့် ကြောက်စရာကောင်းလှသည့် တိုက်ခိုက်မှု ဖြစ်၏။ မည်မျှ ထိတ်လန့်ဖွယ် သိုင်းပညာဖြစ်သနည်း။

သုတ်သင်ခြင်းနတ်ဆိုးကို အားစိုက်ထုတ်ခြင်း ကင်းမဲ့စွာ သတ်ဖြတ်ပြီးနောက် လီရွှမ်က ထန်းပေါင်စံအိမ်မှ ပုဂ္ဂိုလ်နှစ်ယောက်တို့ကို ကြည့်သည်။

"ငါက ခွန်အားအဆင့်ကို အသုံးပြုပြီး အခြားလူတွေကို ဘယ်တော့မှ မဖိနှိပ်တတ်ဘူး။ မင်းတို့ရော ဘယ်လိုစိတ်ကူးမိကြလဲ.."

ထန်းပေါင်စံအိမ်မှ ပုဂ္ဂိုလ်နှစ်ယောက်တို့၏ ဦးခေါင်းများက ချက်ချင်းပင် ချွေးစေးများ စီးကျလာခဲ့သည်။ ယခုမျှ ကြောက်စရာကောင်းလှသည့် တည်ရှိမှုမှာ သံသယဝင်စရာ မကောင်းလောက်အောင် ကောင်းကင်လူသားအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်မှာပါ။

သူတို့သည် တစ်ဖက်လူ တိုက်ခိုက်ခဲ့သည့် ပစ်မှတ်မဟုတ်ပေမယ့် ဆံပင်များ ထောင်ထသွားအောင် ခံစားရဆဲရှိ၏။ အသိစိတ်အား သုတ်သေခံရတော့မည့်နှယ် ခံစားလိုက်ရသည်။

"စီနီယာ... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့... ကျွန်တော်တို့ ထန်းပေါင်စံအိမ်မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး။ ကျွန်တော်တို့က သိုင်းလောကရဲ့ ပဋိပက္ခတွေမှာ ဝင်မပါဘူးဆိုတဲ့ နိယာမကို အမြဲတမ်း လိုက်နာကြတယ်။ အခုကိစ္စကလည်း အတွင်းဘက်နယ်မြေရဲ့ ကိစ္စကြီးတစ်ခုကို လာရောက်ကြည့်ရှု့ရုံပါပဲ.."

"ဟုတ်ပါတယ်... ကျွန်တော်တို့အကြားမှာ ဘာအထင်လွဲစရာမှ မရှိပါဘူး။ ထန်းပေါင်စံအိမ်နဲ့ ချန်ချင်းစံအိမ်ကလည်း ပျော်ပျော်ရွှင်ရွှင်ပဲ ပူးပေါင်းနေပါတယ်။ ဘာပြဿနာမှလည်း မရှိပါဘူး။ ဘာမသင့်တော်တာမှလည်း မရှိပါဘူး။ စီနီယာ နားလည်ပေးဖို့ မျှော်လင့်ပါတယ်.."

တစ်ဝက်တစ်ပြက် ကောင်းကင်လူသား နှစ်ယောက်တို့က စိုးထိတ်စွာဖြင့် ပြောသည်။

သူတို့သည် နှလုံးသားထဲတွင် တိတ်တဆိတ် စိတ်သက်သာရာ ရသွား၏။ ထန်းပေါင်စံအိမ်၏ စည်းမျဉ်းစည်းကမ်းများကို တင်းကြပ်စွာ လိုက်နာရန် ဆုံးဖြတ်ပြီး ချန်ချင်းစံအိမ်ကို ဆန့်ကျင်သည့် အင်အားစုများနှင့် ပူးပေါင်းပါဝင်ခြင်း မပြုခဲ့ပေ။ မဟုတ်ပါက ဒီအချိန်၌ သေဆုံးပြီးဖြစ်မှာ ဖြစ်၏။

လက်ကို ဝှေ့ရမ်းလိုက်ရုံနှင့် တစ်ဝက်တစ်ပြတ် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ခဲ့လေသည်။ တစ်ဖက်လူသည် တစ်ဝက်တစ်ပြတ် ကောင်းကင်လူသား ဘယ်နှစ်ယောက်ကို သတ်ဖြတ်နိုင်လိမ့်မည်နည်း။ ကြောက်စရာကောင်းလှပေသည်။ ဤသည်မှာ စစ်မှန်သည့် ကောင်းကင်လူသား တစ်ယောက်ဖြစ်လောက်၏။

ထို့အပြင် တစ်ဖက်လူသည် ဘယ်တုန်းကမှ ခွန်အားအဆင့်ကို အသုံးပြုပြီး အခြားလူကို ဖိနှိပ့်ခြင်း မပြုဟု ပြောခဲ့၏။ ဆိုလိုသည်မှာ သုတ်သင်ခြင်း နတ်ဆိုးအရှင်သခင်ကို သတ်ဖြတ်ခဲ့စဉ်က သူ၏ စစ်မှန်သည့် ခွန်အားကို မပြသခဲ့ဟု ဖြစ်သည်။

သူ၏ သိုင်းပညာအတတ်ဖြင့် ကောင်းကင်လူသား အဆင့်၏ အောက်ရှိ ခွန်အားကိုသာ အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်လား။ မည်မျှ ကြောက်စရာကောင်းလှသည့် သိုင်းပညာ ဖြစ်သနည်း။

အသိစိတ်ကိုသာ သုတ်သင်သွားပြီး ခန္ဓာကိုယ်က ဒဏ်ရာရရှိခြင်း လုံးဝမရှိပေ။ ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးမှာ ခုခံရန် အခက်အခဲဆုံး ဖြစ်၏။

"ရှေးခေတ်အခါတွေကနေ အခုအချိန်အထိ စွမ်းအားကြီးမားတဲ့ အင်အားစုများစွာ သူတို့ရဲ့ လောဘ၊ မောက်မာမှု၊ ကိုယ့်ကိုယ်ကိုယ်နဲ့ ရန်သူအပေါ် နားမလည်မှု၊ ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖျက်မှုကြောင့် ပြိုလဲခဲ့ရတယ်.."

"မင်းတို့ ထန်းပေါင်စံအိမ်ကို ကိုယ့်ကိုယ်ကို သိကြဖို့ ငါမျှော်လင့်တယ်.."

လီရွှမ်၏ လေသံက အနိမ့်အမြင့်အတက်အကျ မရှိစွာ ထွက်ပေါ်လာ၏။ သို့ပေမယ့် ထန်းပေါင်စံအိမ်ကို သတိပေးသည့် အဓိပ္ပါယ်မှာတော့ သံသယဝင်စရာ မကောင်းလောက်အောင် ရှင်းလင်းပါသည်။

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ... စီနီယာကြီး ပြောတာ မှန်ပါတယ်.."

ထန်းပေါင်စံအိမ်မှ ပုဂ္ဂိုလ်နှစ်ယောက်တို့က အလောတလျှင် ခေါင်းငြိမ့်၏။

လီရွှမ်က သုတ်သင်ခြင်း နတ်ဆိုးအရှင်သခင်၏ ခန္ဓာကိုယ်ကို ယူကာ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားသည်။

ချန်ချင်းစံအိမ်ရှိ ခြံဝန်းအတွင်းတွင် စုလင်းရှုံက ယင်လုံ့စံအိမ်သခင်နှင့် နောက်လိုက်များ၏ အလောင်းများကို ကြည့်ရှု့နေ၏။ သူမ၏ မျက်လုံးများက နီရဲနေပါသည်။

နောက်ဆုံးတော့ ရန်သူများသည် သေဆုံးခဲ့ပြီ ဖြစ်၏။ ဂေါ်ပြားကိုကိုင်ကာ အံကိုကြိတ်ပြီး ဒေါသတကြီးဖြင့် ပြောသည်။

"နင်တို့ကို ငါကိုယ်တိုင် မသတ်ခဲ့ရပေမယ့် နှလုံးသားထဲက အမုန်းတရားတွေကို ဖြေဖျောက်ဖို့ အရိုးကိုချေပြီး ပြာကိုလွှင့်ပစ်မယ်.."

ကျိုးယင်ကလည်း ဓားတစ်ချောင်းကိုထုတ်ကာ စုလင်းရှုံနှင့်အတူ ယင်လုံ့စံအိမ်သခင်နှင့် အထွတ်အထိပ်စစ်ဘုရင် နောက်လိုက်ခွေးများ၏ ခန္ဓာကိုယ်များကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်တော့မှာပါ။

"ကောင်မလေး... နင်ဘာတွေလုပ်နေတာလဲ.."

လီရွှမ်က ပြန်လာပြီးနောက် သုတ်သေခြင်းနတ်ဆိုးအရှင်သခင်၏ ခန္ဓာကိုယ်ကို ပစ်ချလိုက်သည်။

"ဆရာ... တပည့်သူတို့ကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်ပြီး ခွေးကျွေးပစ်ချင်တယ်.."

စုလင်းရှုံက မုန်းတီးစွာ ပြောသည်။ ရွှီယန်တို့က ခေါင်းငြိမ့်ကြ၏။ သူတို့၏ ထောက်ခံပုံကို ပြသသည်။

မျက်စိရှေ့တွင် ရန်သူများရှိနေရာ ဘယ်လိုလုပ်ပြီး အရိုးကို ဖျက်ဆီးကာ ပြာကိုမလွှင့်ပဲ မုန်းတီးမှုကို ဖြေဖျောက်နိုင်မည်လဲ။

ထို့အပြင် ဆရာသည် ထွက်ခွာသွားပြီးနောက် နောက်ထပ် အလောင်းတစ်ခုကို ပြန်လည် သယ်ဆောင်လာခဲ့၏။ ဒီမံမီကဲ့သို့ လူကြီးမှာ သံသယဝင်စရာမကောင်းလောက်အောင် တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတစ်ယောက် ဖြစ်မှာပါ။

သို့ရာတွင် လီရွှမ်က ပြော၏။

"ဒီလူတွေအားလုံးက စိတ်ဝိဉာဉ်တွေ မရှိကြတော့ဘူး။ ဒါပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်က အသက်ဓာတ်တွေ ကိန်းအောင်းနေသေးတယ်။ ကျင့်ကြံခြင်း အဆင့်တွေတောင်မှ မပြောင်းမလဲ ရှိနေသေးတယ်။ ဒီတိုင်းပဲ ဖျက်ဆီးလိုက်တာ ဖြုန်းတီးရာကျမှာပေါ့.."

"ဒီခန္ဓာကိုယ်ကို နင်လေ့လာဖို့အတွက် ငါယူလာခဲ့တာ။ ဒန်ဆေးသိုင်းပညာစနစ်ကို ကျင့်ကြံသူ တစ်ယောက်က သိုင်းသမားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို နားမလည်လို့ ဘယ်လိုဖြစ်မှာလဲ.."

"ဒီခန္ဓာကိုယ်တွေကို ထိန်းသိမ်းထားပြီး.. သိုင်းပညာလေ့ကျင့်တဲ့ သိုင်းသမားတွေရဲ့ ခန္ဓာကိုယ်က ဘာတွေ ပြောင်းလဲမှုရှိလဲ.. ဘာဆန်းကြယ်မှုတွေ ရှိလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး လေ့လာလှည့်.."

"အရိုးကိုချေပြီး ပြာဖို့လွှင့်တာက အမုန်းတရားကို ယာယီ ပြေလျော့သွားစေတာပဲ ရှိမယ်။ သူတို့ကိုလေ့လာဖို့ ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ပြီး နည်းစနစ်နဲ့ ပိုင်းဖြတ်တာ ပြန်တပ်တာတို့ လုပ်တာက အမုန်းတရားကိုလည်း ပြေစေပြီး အကျိုးအမြတ်ကိုလည်း ရရှိစေတယ်.."

စုလင်းရှုံမှာ ရပ်တန့်သွား၏။ အလောင်းကိုးလောင်းတို့ကို ကြည့်သည်။ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားနှစ်ယောက်နှင့် အထွတ်အထိပ် စစ်ဘုရင် ၇ယောက်တို့ ဖြစ်ကြ၏။ သူတို့၏ ဝိဉာဉ်များသည် အမှန်တကယ် သေဆုံးသွားခဲ့ပြီး ခန္ဓာကိုယ်က အသက်ဓာတ်များ ထိန်းသိမ်းထားပါသေးသည်။

"ကျေးဇူးတင်ပါတယ် ဆရာ.. တပည့်နားလည်ပါပြီ.."

စုလင်းရှုံက အလွန် စိတ်လှုပ်ရှားလာခဲ့၏။ လီရွှမ်၏ စကားများက သူမအတွက် ကောင်းကင်မျက်လုံးတစ်ခုကို ဖွင့်လှစ်ပေးလိုက်သည့်နှယ် ရှိသည်။

လီရွှမ်က ခေါင်းငြိမ့်သည်။

"ဒီခန္ဓာကိုယ်တွေကို ကောင်းကောင်းထိန်းသိမ်းထား။ နင့်အတွက် ဒန်ဆေးသိုင်းပညာလမ်းစဉ်မှာ ဉာဏ်အလင်းတွေ ပေးစွမ်းလာနိုင်ဖို့ မျှော်လင့်တယ်.."

သူသည် စုလင်းရှုံအား ဒီအလောင်းများမှ တစ်ခုခုကို ရရှိလာရန် မျှော်လင့်၏။ ဖြစ်နိုင်သည်မှာ နောက်ဆုံးတွင် ဒန်ဆေးသိုင်းပညာ လမ်းစဉ်အား ပိုမို အဆင့်မြင့်တက်စေမှာလည်း ဖြစ်နိုင်ပါသည်။

သူ့အနေနှင့် အလောင်းများကို ပြာအဖြစ် မပြောင်းလဲခဲ့ခြင်းမှာ စုလင်းရှုံ သုတေသန ပြုလုပ်ရန်အတွက် ချန်ထားခြင်း ဖြစ်သည်။ ထိုအခါ သူမအတွက် အကျိုးအမြတ်များ ရစေမှာဖြစ်၏။

ဒန်ဆေးသန့်စင်ခြင်းနှင့် ဒန်‌ဆေးသိုင်းပညာအား ဆက်လက်မြင့်တင်ကာ ဒန်ဆေးသိုင်းပညာကျမ်း၏ အဆင့်ကို မြင့်တက်စေမည် ဖြစ်သည်။

သိုင်းသမားတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများနှင့် လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်မှု မရှိပါက ဘယ်လိုလုပ်ပြီး ဆေးကုသနိုင်မည်နည်း။

"ဟုတ်ကဲ့ပါ ဆရာ.."

စုလင်းရှုံမှာ အလွန် စိတ်လှုပ်ရှားနေ၏။ ခန္ဓာကိုယ်များကို ထိန်းသိမ်းရန်အတွက် စိတ်ဝိဉာဉ်ဆေးပင်ကို အသုံးပြုပြီး ဆေးတစ်မျိုးကို ဖန်တီးလိုလေသည်။ အသက်ဓာတ်များ ပျောက်ဆုံးမသွားအောင်နှင့် သိုင်းခွန်အားအဆင့်တို့အား ပျောက်ဆုံးမသွားစေရန် ဖြစ်၏။

ရှီအာနှင့် ခုံရော့ကျစ်တို့ကို အမိန့်ပေးကာ အလောင်းများကို လျှို့ဝှက်ခန်းအတွင်းသို့ သယ်ဆောင်သွားခိုင်းလိုက်သည်။

စုလင်းရှုံသည် ဆေးဖော်မြူလာ တစ်ခုကို အမြန် ဖန်တီးပြီး ခန္ဓာကိုယ်ကို အားဖြည့်ကာ အလောင်းများကို ထိန်းသိမ်းနိုင်သည့် ဆေးလုံးကို သန့်စင်သည်။

လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ ပုံမှန်အတိုင်း တည်ငြိမ်စွာ ရှိနေ၏။ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားကို သတ်ဖြတ်ရသည်မှာ ပုရွဲဆိတ်တစ်ကောင်ကို သတ်သကဲ့သို့ ဘာမှမဟုတ်သည့်နှယ် ရှိသည်။

"ဆရာ.."

ရွှီယန်က လေးစားစွာဖြင့် ဦးညွှတ်သည်။

"ငါတပည့်... မင်းမှာ မေးစရာရှိလို့လား.."

လီရွှမ်က အပြုံးတစ်ခုဖြင့် မေးသည်။

"ဆရာ... ယင်လုံ့စံအိမ်သခင်ရဲ့ ဖိအားက ဘယ်ကနေလာတာလဲ မသိဘူး။ ပြီးတော့ ဆရာအသုံးပြုတဲ့ သိုင်းပညာ ဒီဗိုင်းအတတ်က အသိစိတ်ဝိဉာဉ်ကိုပဲ ပစ်မှတ်ထားတာလား.."

ရွှီယန်က လေးစားစွာ မေး၏။

"လူသားခန္ဓာကိုယ်မှာ ဝိဉာဉ်သုံးခုနဲ့ စိတ်ခုနှစ်ခု ရှိတယ်။ အဲ့ဒါတွေက အသိစိတ် တည်ရှိရာနေရာလည်း ဖြစ်တယ်။ ဝိဉာဉ်တွေ ပျက်သိမ်းသွားတဲ့အခါကျရင် အရာအားလုံးက ဗလာကျင်းလင်း ဖြစ်သွားတယ်။ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပဲ ကျန်ရှိလိမ့်မယ်။ အဲ့ဒါက တဖြည်းဖြည်းနဲ့ ယိုယွင်းပြီး  ပျောက်ကွယ်သွားတတ်တယ်.."

"ငါသတ်ဖြတ်လိုက်တာက စိတ်ဝိဉာဉ်ပဲ.."

"သိုင်းပညာဒီဗိုင်းအတတ်မှာ သူတို့ရဲ့ ကိုယ်ပိုင်ဆန်းကြယ်မှုတွေ ရှိတယ်။ အဲ့ဒါကို ဉာဏ်အလင်းရလာရင် မင်းနားလည်လာလိမ့်မယ်။ မင်းဘာသာမင်း နားလည်တာကဘဲ မင်းရဲ့အပိုင် ဖြစ်တယ်။ အဲ့ဒါက မင်းရဲ့လမ်းစဉ်ပဲ.."

"ငါအမြဲတမ်း ပြောခဲ့သလိုပဲ.. ငါကလမ်းစဉ်ကိုပဲ သင်ပေးတာ။ အတတ်ပညာကို မဟုတ်ဘူး.."

လီရွှမ်က ပြောပြီးနောက် လက်ကိုမြှောက်ကာ လေထဲသို့ ခုတ်ပိုင်းလိုက်သည်။

"နတ်ဘုရားသတ်ဖြတ်ခြင်း ဓားချက်..."

သူသည် ရွှီယန်နှင့် မုန့်ချုံတို့အား ဒီဓားချက်ကို လေ့လာကာ ၎င်းကိုအခြေခံပြီး နတ်ဘုရားသတ်ဖြတ်ခြင်း ဓားချက်နှင့် တူညီသည့် သိုင်းပညာဒီဗိုင်းအတတ် တစ်ခုကို နားလည်သဘောပေါက်လာရန် မျှော်လင့်သည်.."

"တပည့်နားလည်ပါပြီ... ဆရာ့ကို စိတ်မပျက်စေရပါဘူး.."

ရွှီယန်က လေးစားစွာ ပြန်ကြား၏။

သူ၏ နှလုံးသားထဲ၌ ဉာဏ်အလင်းပွင့်မှုတစ်ခုကို ခံစားလိုက်ရသည်။ သို့ပေမယ့် ပြည့်စုံစွာ နားလည်ခြင်း မရှိသေးပေ။

သိုင်းပညာဒီဗိုင်းအတတ်ကို နားလည်သဘောပေါက်မှု ရရန်မှာ ညတွင်းချင်း လုပ်နိုင်သည့်အရာ မဟုတ်ပေ။

"ထုံးရွှမ်အဆင့်ကို ချိုးဖျက်ပြီးရင် သိုင်းပညာဒီဗိုင်းအတတ်အကြောင်းကို ပိုပြီးတော့ စဉ်းစားရမယ်.."

ရွှီယန်က နှလုံးသားထဲတွင် တိတ်တဆိတ် ရေရွတ်၏။

တစ်ဖက်ရှိ မုန့်ချုံလည်း တစ်ခုခု ရရှိလိုက်ပုံ ပေါ်သည်။ လီရွှမ် အသုံးပြုသည်မှာ နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာဓားချက်ဖြစ်ပြီး သူသည်လည်း ဆေဘာကို ကျင့်ကြံ၏။ ထို့ကြောင့် နားလည်မှုအချို့ ရလာခဲ့သည်။

သို့ပေမယ့် သိုင်းပညာဒီဗိုင်းအတတ်ကို ပြည့်စုံစွာ ရရှိလာရန်မှာတော့ ခရီးရှည်ကြီး လိုပါသေးသည်။

လီရွှမ်သည် ရွှီယန်နှင့် မုန့်ချုံတို့ကို တစ်ချက်သတ်ဓားချက် သို့မဟုတ် သိုင်းပညာ ဒီဗိုင်းအတတ်တို့အား တိုက်ရိုက်သင်ကြားပေးခြင်း မပြုပါ။ သူသည် တပည့်နှစ်ယောက်ကို ထိုသိုင်းပညာ နှစ်ခုတို့၌ ပိတ်မိနေပြီး လွတ်မြောက်နိုင်ခြင်း မရှိမည်အား စိုးရိမ်၏။

သူ၏တပည့်များ လုပ်ဆောင်ရန် လိုအပ်သည်မှာ  ကိုယ်တိုင် သိုင်းပညာ ဒီဗိုင်းအတတ်ကို နားလည်သဘောပေါက်ပြီး ပြည့်စုံစွာ အသုံးချနိုင်ရန် ဖြစ်သည်။

ထိုအခါ ၎င်းမှတစ်ဆင့် ပိုမိုစွမ်းအားကြီးကာ ဆန်းကြယ်ပြီး ခြားနားသည့် သိုင်းပညာများကို ဖန်တီးလာနိုင်လောက်၏။

ထိုအချိန်၌ သူလည်းပဲ ရွှေလက်ချောင်း၏ တန်ပြန်အကျိုးပြုမှုမှတစ်ဆင့် သိုင်းပညာ ဒီဗိုင်းအတတ် အသစ်တစ်ခုကို ရရှိလာမှာပါ။ သူ၏ခွန်အားလည်း သံသယဝင်စရာ မကောင်းလောက်အောင် ထပ်မံတိုးတက်လာမှာ ဖြစ်၏။

ချန်ချင်းစံအိမ်၏ အတွင်းတွင် စုလင်းရှုံ၊ ရှီအာ၊ ခုံရော့ကျစ်၊ မုန့်ရှူရှူနှင့် ကျိုးယင်တို့မှာ အသီးသီး အလုပ်ရှုပ်နေကြသည်။ ရွှီယန်နှင့် မုန့်ချုံတို့မှာတော့ ငြိမ်သက်နေကာ  အသိအမြင်များကို စုစည်းနေ၏။ ဆရာဖြစ်သူ၏ သိုင်းပညာ ဒီဗိုင်းအတတ်ကို ပြန်လည် မြင်ယောင်ကြည့်ကြသည်။

ရွှီကျွင်းဟယ်က စိတ်သက်သာရာ ရသွား၏။ ဆရာကြီး၏ စွမ်းအားကြီးပုံကို ကြည့်ခြင်းအားဖြင့်  အဓိက အင်အားစုကြီးများ၏ ပူးပေါင်းတိုက်ခိုက်မှုကို ကြောက်ရွံ့စရာ မရှိသည့်ပုံ ရှိသည်။

အထွတ်အထိပ်စစ်ဘုရင် အယောက်၅၀က ဘာမှမဟုတ်ပေ။ သူသည် ဒီအဖြစ်အပျက် အပြီးတွင် ချန်ချင်းစံအိမ်ကို မည်ကဲ့သို့ ဖွံ့ဖြိုးကာ အင်အား တိုးမြင့်ရန်ပင် စတင်စဉ်းစားနေပြီး ဖြစ်၏။ သဟွ၏ ချဲ့ထွင်မှုကို မြန်နှုန်းမြှင့်ရပေမည်။ အရင်ကဲ့သို့ အရမ်းကြီး သတိထားနေစရာ မလိုတော့ပေ။

ထန်းပေါင်စံအိမ်၏ ထိပ်ဆုံးအလွှာတွင် တစ်ဝက်တစ်ပြတ် ကောင်းကင်လူသား နှစ်ယောက်တို့သည် လက်ဖက်ရည်သောက်နေကြ၏။ သူတို့၏ လက်များက လက်ဖက်ရည်ခွက်များကို ကိုင်ထားပေမယ့် မျက်လုံးများက ချန်ချင်းစံအိမ်အပေါ်၌သာ ကျရောက်နေပြီး လက်ချောင်းများက အနည်းငယ် တုန်နေပါသည်။

သူတို့၏ ခွန်အားနှင့် တူညီသည့် သို့မဟုတ် ပိုမိုကာပင်သန်မာသည့် နတ်ဆိုးအရှင်သခင်သည် မည်သည့် ခုခံမှုကိုမှ မပြုနိုင်ဘဲ သေဆုံးခဲ့ရ၏။

ထိုမြင်ကွင်းမှာ သူတို့၏ နှလုံးသားထဲတွင် အရိပ်တစ်ခုအဖြစ် ကျန်ရစ်နေခဲ့သည်။ သေဆုံးခြင်း၏ ခံစားချက်က အလွန် ကြောက်ဖို့ကောင်းလှ၏။

လက်ဝါးဓားချက်ကို ဝှေ့ရမ်းလိုက်ရုံဖြင့် လျှပ်တပြက်အတွင်း စိတ်ဝိဉာဉ်ကို ပျောက်ကွယ်သွားစေကာ ခုခံနိုင်ခြင်း တစ်စွန်းတစ်စမှ မရှိပေ။

သူတို့နှစ်ယောက်သည် တစ်ဝက်တစ်ပြက် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိပြီး ဖြစ်ပေမယ့် အသိစိတ်ဝိဉာဉ်အား မည်ကဲ့သို့ ကာကွယ်ရန်  နားမလည်ကြသေးပေ။ ထိုဓားချက်မှာ တားဆီးလို့ မရနိုင်အောင် ရှိနေ၏။ စစ်မှန်သည့် ကောင်းကင်လူသား တစ်ယောက်ပင်လျှင် ခုခံနိုင်ခြင်း မရှိပုံပေါ်သည်။

"သူတို့တွေ လာကြပြီ.."

ရုတ်တရက် တစ်ယောက်က ပြော၏။

"ဒီအဖြစ်အပျက်ပြီးရင် ယွဲ့နိုင်ငံမှာ ပြောင်းလဲမှုအချို့ ဖြစ်ပွားလာမှာ စိုးရတယ်.."

နှစ်ယောက်သားက အထွတ်အထိပ် စစ်ဘုရင်များကို ကြည့်လိုက်ကြ၏။ ကြီးမားသည့် အရှိန်အဝါနှင့် ချန်ချင်းစံအိမ်သို့ ဝန်းရံလာကြသည်။

All Chapters