← Chapters

ထုံးရွှမ်အဆင့်၏ စွမ်းအား၊ ရန်သူများကိုရှင်းလင်းခြင်း

Vol. 21 Ch. 307

ထုံးရွှမ်အဆင့်၏ စွမ်းအား၊ ရန်သူများကိုရှင်းလင်းခြင်း

Vol. 21 Ch. 307

ချန်ချင်းစံအိမ်၏ ခြံဝန်းငယ်အတွင်းတွင် လီရွှမ်က  ကုလားထိုင်ပေါ်၌ သက်တောင့်သက်သာဖြင့် ထိုင်နေ၏။

တိမ်ဖြူ စိတ်ဝိဉာဉ်လက်ဖက်ရည်ကို သောက်နေပါသည်။

ရွှီယန်နှင့် မုန့်ချုံတို့မှာတော့ ဉာဏ်လင်းပွင့်မှုအချို့အတွင်းတွင် စီးမျောနေကြ၏။ စုလင်းရှုံမှာ ခွဲစိတ်လေ့လာရာ၌ အသုံးပြုရန်အတွက် ပစ္စည်းကိရိယာအချို့၏ အသွင်အပြင်များကို ရေးဆွဲကာ နောက်ဆက်တွဲ သုတေသနအတွက် မှတ်သားမှုများပြုလုပ်ရန် စာရွက်အချို့ကို စိတ်လှုပ်ရှားစွာဖြင့် ပြင်ဆင်နေ၏။

ချန်ချင်းစံအိမ် တစ်ခုလုံးတွင် အထွတ်အထိပ် စစ်ဘုရင်များစွာတို့၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဖြစ်သောကြောင့် စိုးရိမ်ထိတ်လန့်နေသည့်အသွင် လုံးဝမရှိပေ။

ရွှီကျွင်းဟယ်နှင့် ခုံရော့ကျစ်တို့မှာ နောင်တွင် ချန်ချင်းစံအိမ်အား မည်ကဲ့သို့ ဖွံ့ဖြိုးရန်အတွက် ဆွေးနွေးနေကြပြီး ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုကို မည်ကဲ့သို့ နန်းချရန် အကြံအစည် ထုတ်နေသည်။

ပုန်ကန်ထကြွခြင်းမှာ ခုံရော့ကျစ် ထူးချွန်သည့်နေရာဖြစ်၏။ သို့ပေမယ့် ရွှီကျွင်းဟယ်နှင့် ဆွေးနွေးမှုအပြီးတွင် ခုံရော့ကျစ်၏ ရွှီကျွင်းဟယ်ကို ကြည့်သည့် မျက်လုံးများက ပြောင်းလဲသွားခဲ့၏။

'အချမ်းသာဆုံး လူတစ်ယောက်ဖြစ်လာပြီး နိမ့်ကျတဲ့နောက်ခံနဲ့ ကောင်တီအုပ်ချုပ်သူ၏ သမီးကို လက်ထပ်နိုင်ခဲ့တာ အံ့သြစရာ မရှိဘူး။ ရွှီကျွင်းဟယ်က တကယ့်ကို ဉာဏ်များပြီးတော့ အကြံအစည်ကြီးတာပဲ..'

ခုံရော့ကျစ်က ကိုယ့်ကိုယ်ကို ရေရွတ်၏။ 

လီရွှမ်က ရုတ်တရက် ချန်ချင်းစံအိမ်၏ အပြင်ဘက်သို့ ကြည့်သည်။ ထို့နောက် ဂရုမစိုက်စွာ ခေါင်းပြန်ငုံ့သွားပြီး လက်ဖက်ရည်ကို ဆက်လက်သောက်နေ၏။

ရွှီယန်နှင့် မုန့်ချုံတို့၏ မျက်လုံးများ ရုတ်တရက် ပွင့်လာကြသည်။ သူတို့၏ မျက်လုံးများထဲ၌ အေးစက်သည့် အလင်းတစ်ခု လက်သွား၏။

"အုန်း.."

အရပ်မျက်နှာအားလုံးတို့ဆီမှ စွမ်းအားကြီးမားသည့် ဖိအားတို့ စုစည်းလာကာ ကောင်းကင်တွင် လေနှင့်တိမ်တို့ လှိုင်းထလာခဲ့သည်။ မမြင်နိုင်သည့် မုန်တိုင်းက ရောက်ရှိလာခဲ့၏။

စုလင်းရှုံက ပစ္စည်းကိရိယာများ၏ ပုံများကို ဆွဲနေခြင်းအား ရပ်တန့်ကာ ချန်ချင်းစံအိမ်၏ ပတ်ဝန်းကျင်သို့ ခေါင်းမော့ကြည့်သည်။ အထွတ်အထိပ်စစ်ဘုရင် များစွာတို့က သူမတို့ကို ကြီးမားသည့် အရှိန်အဝါနှင့် ဝန်းရံလာကြ၏။

မုန့်ရှူရှူက တံတွေးများကို မျိုချသည်။ သူ၏ နှလုံးသား၏ တုန်ခါမှုကို ခံစားရ၏။ သာမန်အချိန်များတွင် တွေ့မြင်ရန် ခက်ခဲလှသည့် အထွတ်အထိပ်စစ်ဘုရင်များသည် ယခုအချိန်၌ ၁၀နှင့်ချီကာ ရောက်ရှိလာခဲ့၏။

ရွှီကျွင်းဟယ်နှင့် ခုံရော့ကျစ်တို့မှာ အားအနည်းဆုံး ဖြစ်ပြီး ကြောက်စရာကောင်းသည့် ဖိအားကို ပိုမိုခံစားရသည်။ ဒီနေရာတွင် ဆရာကြီးရှိသည်ကို သိပေမယ့် အသက်အန္တရာယ်ရှိမည် မဟုတ်ကြောင်းကို နားလည်နေလျှင်တောင် မနေနိုင်ဘဲ ကြောက်ရွံ့စွာ ခံစားရဆဲရှိ၏။

မျက်နှာများက အနည်းငယ် ဖြူရော်သွားသည်။

အထွတ်အထိပ်စစ်ဘုရင် ၁၀နှင့်ချီတို့၏ အရှိန်အဝါက အလွန် စွမ်းအားကြီးမားလှပြီး ကြောက်စရာကောင်းသည့် မုန်တိုင်းတစ်ခုနှယ် ရှိ၏။ သူတို့အားလုံး၏ စုစုပေါင်းစွမ်းအားမှာ ယင်လုံ့စံအိမ်သခင်ထပ်ပင် ပိုမိုကြီးမားသည့်ဟန် ရှိသည်။

အထွတ်အထိပ် စစ်ဘုရင်များအပြင် အထွတ်အထိပ်အောက်ရှိ စစ်ဘုရင်များလည်း အတူတူ စုစည်းလာရာ စစ်ဘုရင်အဆင့် ကျွမ်းကျင်သူ အရေအတွက်မှာ ၁၀၀ကျော်သို့ ရောက်ရှိသွားသည်။

ထိုကြီးမားလှသည့် အရှိန်အဝါက သူတို့၏ သဘောထားနှင့် ခိုင်မာမှုကို ပြသနေ၏။ ထိုသဘောထားမှာ ထန်းပေါင်စံအိမ်အား ရည်ညွှန်းကာ ပြသခြင်း ဖြစ်သည်။

သူတို့သည် ထန်းပေါင်စံအိမ်ကို ပြောကြားလို၏။ ချန်ချင်းစံအိမ်ကို ထန်းပေါင်စံအိမ်၏ လက်ဝါးကြီးအုပ်ခြင်းအား ခံမည်မဟုတ်ပေ။ ချီစုဆောင်းခြင်းဆေးလုံး၏ ထိန်းချုပ်မှုကို လက်လွှဲပေးမည် မဟုတ်ပါ။

ဦးဆောင်လာသည့် ခရမ်းရောင်ဝတ်စုံနှင့်လူက ခတ်ထန်စွာ ရှေ့သို့တက်လာပြီး ကျယ်လောင်စွာ ကြေငြာသည်။

"ချန်ချင်းစံအိမ်... နိုင်ငံတော်ကို မလေးမစားလုပ်တာ မင်းတို့ကို ဘယ်လိုအပြစ်ပေးသင့်လဲ။ အခုချက်ချင်း အညံ့ခံကြ.."

ခရမ်းရောင်ဝတ်စုံဝတ် တပ်မှူး၏ မျက်လုံးထဲတွင် ချန်ချင်းစံအိမ်ကို ထိန်းချုပ်ရန်မှာ ခက်ခဲသည့် ကိစ္စမဟုတ်ပေ။ သူတို့ သတိကြီးသည်မှာ ထန်းပေါင်စံအိမ်သာ ဖြစ်၏။ ထို့ကြောင့် လူအုပ်စု၏ အာရုံများက မြို့အတွင်းရှိ ထန်းပေါင်စံအိမ် အပေါ်၌သာ ရောက်ရှိနေပါသည်။

သို့ရာတွင် ခရမ်းရောင်ဝတ်စုံနှင့် တပ်မှူး၏ စကားဆုံးသည်နှင့် ကြောက်စရာကောင်းသည့် ဓားအလင်းက သူ့ဆီသို့ သက်ဆင်းလာခဲ့၏။

"ချန်ချင်းစံအိမ်က မင်းတို့ယွဲ့နိုင်ငံ အမိန့်ပေးလို့ရတဲ့ဟာ မဟုတ်ဘူး။ ဒီနေ့မှာ ငါမင်းကို သုတ်သင်ပစ်မယ်.."

ရွှီယန်က ဒေါသတကြီး အော်လိုက်ပြီးနောက် ရှေ့သို့ပြေးတက်လာခဲ့၏။ သူ၏ ဓားချက်နှင့်အတူ အရပ်လေးမျက်နှာတို့ လှုပ်ခါသွားပြီး တောင်နှင့်မြစ်တို့ ပြိုဆင်းလာခဲ့သည်။

လေထဲတွင် ကျန်းမိုးကြိုးဓားက ပေါ်ပေါက်လာပြီး  ကောင်းကင်၏ အပြစ်ပေးသည့်နှယ် ခရမ်းရောင်ဝတ်စုံနှင့် တပ်မှူးဆီသို့ ချိန်ရွယ်ထားခဲ့၏။

ထိုရုတ်တရက် မြင်ကွင်းက စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များစွာတို့ကို ထိတ်လန့်သွားစေသည်။ ခရမ်းရောင်ဝတ်စုံနှင့် တပ်မှူးကိုယ်တိုင်လည်း အလွန်ကြောက်လန့်သွား၏။

သူက အော်ဟစ်ကာ မာန်ဖီရင်း ထိုတိုက်ခိုက်မှုကို အားကုန်ဖြင့် ကာဆီးရန် ကြိုးစားသည်။ သို့ရာတွင် ရွှီယန်၏ ဓားချက်မှာ အလွယ်တကူ ကာဆီးနိုင်သည့်အရာ  ဖြစ်သည်လား။

ခရမ်းရောင်ဝတ်စုံနှင့် တပ်မှူး၏ဘေးရှိ အထွတ်အထိပ်စစ်ဘုရင်များလည်း ဖြူရော်သွားကြပြီး သူ့ကို ကူညီရန် ကြိုးစားကြသည်။

"ဘုန်း.."

ထိုသို့ဆိုလျှင်တောင် ခရမ်းရောင်ဝတ်စုံဝတ် တပ်မှူးသည် ဓားချက်၏ ထိမှန်ခြင်းကို ခံရဆဲဖြစ်၏။ သွေးအန်ကာ နောက်သို့လွင့်စင်သွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။

"ရွှီယန်.."

စွမ်းအားကြီးပုဂ္ဂိုလ်များ၏ နှလုံးသားက လေးလံသွားသည်။ ချန်ချင်းစံအိမ်သည် ရွှီယန်နှင့် ပတ်သက်နေသည်လား။

သိုင်းလောကရှိ အဓိက အင်အားစုကြီးများတွင် ဓားနတ်ဘုရားရွှီယန်၏အမည်ကို မသိသည့်လူ မည်သူရှိသနည်း။ တစ်ယောက်တည်းနှင့် အထွတ်အထိပ်စစ်ဘုရင်၃ယောက်တို့ကို သတ်ဖြတ်ခဲ့လေသည်။ နာမည်ကျော်ကြားသည့် နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးအရှင်သခင် ဟော်ထူအပါအဝင် ဖြစ်၏။

ယခုမျှ စွမ်းအားကြီးမားသည့် လူတစ်ဦး... အနှိုင်းမဲ့သည့် ပါရမီရှင် တစ်ဦးသည် အတွင်းဘက်နယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်ရန် ကံပါလာခဲ့၏။ မည်သူက သူ့ကို ရန်ပြုရဲမည်နည်း။

"ငါတို့ သူ့ကိုသတ်ရမယ်... ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို မမေ့ကြနဲ့။ ရွှီယန်အရမ်းကို သန်မာနေတာ အဲ့ဒီ့ဆေးလုံးတွေနဲ့ ပတ်သက်နေလောက်တယ်... ငါတို့လည်း ဆေးလုံးရှိရင် သူ့လိုပဲ သန်မာလာနိုင်တယ်.."

အားလုံးက မှင်သက်နေကြစဉ်တွင် ရွှီယန်ကို သတ်ဖြတ်ခြင်း မပြုပါက အဆုံးမသတ်နိုင်သည့် ပြဿနာများ ရင်ဆိုင်လာရနိုင်ကြောင်းကို နားလည်သည့် ခရမ်းရောင်ဝတ်တပ်မှူးက ပြော၏။

ထိုစကားကို ကြားရပြီးနောက် အခြားလူများအားလုံးလည်း လက်ခံစွာ သတိဝင်လာကြသည်။ သူတို့သည် တစ်ဖက်လူကို ရန်ပြုပြီး ဖြစ်၏။ အရေအတွက် များပြားစွာလည်းရှိနေရာ ရွှီယန်အနေနှင့် မည်မျှပင် သန်မာစေကာမူ သူတို့အားလုံးကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

ထို့အပြင် ခရမ်းရောင်ဝတ်ရုံဝတ် တပ်မှူး၏ စကားမှာ  အဓိပ္ပါယ်ရှိ၏။ ရွှီယန်၏ ခွန်အားသည် ချန်ချင်းစံအိမ်မှ ဆေးလုံးများနှင့် ပတ်သက် နေရပေလိမ့်မည်။

ထိုအချိန်၌ မည်သူမှ ထိုင်နေနိုင်ခြင်း မရှိတော့ပေ။ သူတို့၏ မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် လောဘတို့ ပြည့်နှက်လာ၏။

"ရွှီယန်... ဆေးလုံးတွေကို လက်လွှဲပေး။ ချန်ချင်းစံအိမ်ကို လက်လွှဲပေး။ မဟုတ်ရင် ဒီနေ့မှာ မင်းသေချာပေါက် သေရလိမ့်မယ်.."

ရွှီယန်က သူ၏ဓားကိုကိုင်စွဲကာ ခေါင်းဆန့်ကာရပ်နေ၏။ လူအားလုံးတို့ကို အထင်သေးစွာ ကြည့်ပြီး အေးစက်စွာ ပြောသည်။

"မင်းတို့လောက်နဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေတာလား... ယွဲ့နိုင်ငံရဲ့ တော်ဝင်မိသားစု.. မကြာခင်မှာ မင်းတို့ရဲ့ မြို့တော်ကို ငါသေချာပေါက် လာလည်ဦးမယ်.."

ခရမ်းရောင်ဝတ် တပ်မှူး၏ နှလုံးများက ပိုမိုကာပင် မဲမှောင်လာခဲ့သည်။ ရွှီယန်ကို သတ်ဖြတ်ရပေမည်။ ရွှီယန်သာ အသက်ရှင်ပါက သူ၏စွမ်းအားကြီးမားသည့် ခွန်အားနှင့် ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုသည် ကြောက်စရာကောင်းသည့် ရန်သူတစ်ယောက်ကို  ရင်ဆိုင်ရတော့မှာ ဖြစ်၏။

"သတ်ကြ.."

ထိတ်လန့်မှုကို ဂရုစိုက်ခြင်း မရှိတော့ပဲ စွမ်းအားကို စုစည်းကာ ထန်းရီအစောင့်တပ်ဖွဲ့မှ တပ်မှူးနှင့် ယွဲ့နိုင်ငံရှိ စွမ်းအားကြီးပုဂ္ဂိုလ်အချို့နှင့် အားလုံးကိုလှုံ့ဆော်ကာ ရွှီယန်ကို တိုက်ခိုက်ကြ၏။

အခြား အထွတ်အထိပ် စစ်ဘုရင်များလည်း အခြေအနေကို ပေါ့ပေါ့တန်တန် ပြုမူရဲခြင်း မရှိကြပါ။ ရွှီယန်သာ လွတ်မြောက်သွားပါက သူတို့လည်း ပြဿနာများမှာ ဖြစ်၏။

တစ်ဖက်လူနှင့် ပဋိပက္ခ မရှိသေးပါက ရှောင်ကြဉ်လို့ ရသေး၏။ သို့ပေမယ့် ယခုအချိန်၌ ရန်ကြွေး းကို ဖော်ဆောင်ပြီးဖြစ်ရာ အရေအတွက် များနေခင်တွင်.. အင်အားတောင့်တင်းနေခင်တွင် တစ်ခါတည်း ရှင်းလင်းရပေမည်။

"သွားစမ်း.."

ရွှီယန်က တောင်နှင့်မြစ်ဓားဆန္ဒကို ဖော်ထုတ်ကာဓားချက်များကို တစ်ချက်ပြီးတစ်ချက် ထုတ်လွှတ်သည်။နဂါးနိုင်လက်ဝါးသိုင်းကိုလည်း တစ်ချက်ပြီးတစ်ချက် ရိုက်နှက်၏။ စွမ်းအားကြီးပုဂ္ဂိုလ် များစွာတို့၏ တိုက်ခိုက်မှုများကို ကာကွယ်ထားသည်။

"သတ်.."

မုန့်ချုံ၏ ကြံ့ခိုင်သည့် ခန္ဓာကိုယ်က ရုတ်တရက် ကြီးမားလာခဲ့၏။ ရွှေရောင်အလင်းက လင်းလက်လာပြီး သူ၏ကြီးစိုးကာ အနှိုင်းမဲ့သည့် ဆေဘာအလင်းက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။

All Chapters