အတွင်းဘက်နယ်မြေအား လှုပ်ခါသွားစေခြင်း၊ သဟွသိုင်းပညာ(၂)
Vol. 21 Ch. 310
ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုသည် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုကို ကြုံတွေ့ခဲ့ရ၏။ ထို့အပြင် ဒီအဖြစ်အပျက်၏ အကျိုးဆက်များက ဆုံးရှုံးမှုထက်ပင် များစွာ ပိုမိုကာ ကြောက်ဖို့ကောင်းနေပါသည်။
ချန်ချင်းစံအိမ်ကို ဝိုင်းဝန်းတိုက်ခိုက်ရန်နှင့် ဒန်ဆေးလုံးများကို လုယူရန် ကိစ္စကို ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုက အစပြုခဲ့ခြင်း ဖြစ်သည်။
ချန်ချင်းစံအိမ်သာ လက်စားချေမည်ဆိုပါက ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုမှာ ပထမဆုံး လက်တုံ့ပြန်ခံရမည့် အဖွဲ့အစည်း ဖြစ်သည်။
ခဏတာအတွင်း အမတ်ကြီးအချို့တို့ ထွက်ပြေးရန် လမ်းကြောင်းတစ်ခုကို ပြင်ဆင်သင့်သလားဟု စဉ်းစားနေပြီ ဖြစ်၏။
ယွဲ့နိုင်ငံဧကရာဇ်၏ မျက်နှာက ဖြူရော်နေပါသည်။ ဒီကိစ္စ၏ ကြီးလေးမှုကို သူနားလည်၏။ ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခြင်း မရှိပါက ယွဲ့နိုင်ငံကြီး ပြိုလဲရမည့်အဖြစ်နှင့် ကြုံတွေ့ရနိုင်သည်။
နန်းတော်အတွင်းရှိ လျှို့ဝှက်သည့် နေရာတစ်ခုတွင် တော်ဝင်မိသားစု၏ အထက်ပုဂ္ဂိုလ်များ စုစည်းကာ ကိစ္စကို မည်ကဲ့သို့ ကိုင်တွယ်ကြမည်နည်းဟု ဆွေးနွေး၏။
တော်ဝင်မိသားစု အနေနှင့် အစွမ်းရှိသလောက် အရာအားလုံးကို လုပ်ဆောင်လျှင်တောင် ချန်ချင်းစံအိမ်ကို ရင်ဆိုင်ရန် ဘာမှမရှိပါ။
အဘယ်ကြောင့်ဆိုသော် စစ်ဘုရင် အယောက်၁၀၀ကျော်ပင် သတ်ဖြတ်ခြင်း ခံခဲ့ရ၏။ ယွဲ့နိုင်ငံရှိ အမတ်ကြီးများကလည်း ချန်ချင်းစံအိမ်ကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် သူတို့၏ အရင်းအမြစ်များကို အကုန်အစင် အသုံးပြုမည် မဟုတ်ပေ။
အတွင်းဘက်နယ်မြေ၏ သိုင်းလောကသည် ယွဲ့နိုင်ငံ တော်ဝင်မိသားစု၏ တုံ့ပြန်မှုအား ကြည့်ရှု့နေကြ၏။
ဓားသခင်ချောက်ကမ်းပါး အပေါ်တွင် ရပ်နေသည့် ရှဲ့လင်ဖုန်း၏ အသွင်က စိုးရိမ်စွာ ရှိနေပါသည်။ သူ၏ တံခါးပိတ်ကျင့်ကြံမှု ပြီးခါစ ရှိသေး ချန်ချင်းစံအိမ်ရှိ အဖြစ်အပျက်ကို ကြားသိခဲ့ရ၏။
ဖခင်ဖြစ်သူ တံခါးပိတ်ကျင့်ကြံရာ နေရာသို့ အမြန်သွားရောက်သည်။ ဓားသခင်ချောက်ကမ်းပါး၏ အင်အားအပြည့်ကို အသုံးပြုကာ ချန်ချင်းစံအိမ်ကို ကယ်တင်မည်လား ဟူသည်မှာ လက်ရှိ ဓားနန်းတော်သခင် ရှဲ့ထန်းဟန်၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်နေပါသည်။
သူက ဖခင်ဖြစ်သူ တံခါးပိတ်ကျင့်ကြံသည့် နေရာသို့ ရောက်ရှိခြင်း မရှိသေးခင်တွင် ဟူရှန်းက အော်ဟစ်စွာဖြင့် အလောတလျှင် ရောက်ရှိလာခဲ့၏။
"သခင်လေး... အားလုံးသေကုန်ပြီး။ အားလုံးသေကုန်ပြီ.."
ဟူရှန်းက ထိတ်လန့်စွာဖြင့် အသံပြုသည်။
"ဘာကို အားလုံးသေကုန်တာလဲ.."
ရှဲ့လင်ဖုန်းက မှင်သက်သွား၏။ ချန်ချင်းစံအိမ်ရှိ လူများအားလုံး သေဆုံးသွားခဲ့သည်လား။ မဖြစ်နိုင်ပေ။ ယခုကဲ့သို့သော အန္တရာယ်မျိုးတွင် ဆရာကြီးက တိုက်ခိုက်မှု မပြုခဲ့ပေဘူးလား။
"အထွတ်အထိပ်စစ်ဘုရင် ၁၀၀ကျော် အကုန် သေကုန်ကြပြီ... ချန်ချင်းစံအိမ်ကတော့ အထိအခိုက် လုံးဝမရှိဘူး.."
ဟူရှန်းက အံ့ဩစွာဖြင့် ပြော၏။
ရှဲ့လင်ဖုန်းက လေပူများကို မှုတ်ထုတ်သည်။
"ကြည့်ရတာ ဆရာကြီး လှုပ်ရှားမှုပြုခဲ့တာ ဖြစ်ပေလိမ့်မယ်.."
ရွှီယန်နှင့် မုန့်ချုံတို့မှာ မည်မျှပင် စွမ်းအားကြီးမားစေကာမူ သူတို့နှစ်ယောက်တည်းနှင့် များပြားလှသည့် စစ်ဘုရင်များကို ရှင်းလင်းရန် မဖြစ်နိုင်ပါ။
"ဟုတ်မယ်.."
ဟူရှန်းက ခေါင်းငြိမ့်သည်။ လူတစ်ယောက်နှင့် စစ်ဘုရင်အယောက်၁၀၀ကျော်ကို သတ်ဖြတ်ခဲ့သည်မှာ စိတ်ကူးကြည့်ရုံဖြင့် အသက်ရှူရပ်မတတ် ခံစားရစေ၏။
သို့ရာတွင် ပြန်လည် တွေးတောဆင်ခြင်ပြီးနောက် ဤသည်မှာ သာမန်သာဖြစ်သည်ဟု ခံစားလာရသည်။
ဆရာကြီးနှင့် နှိုင်းယှဉ်ပါက စစ်ဘုရင်များမှာ ဘာမှမဟုတ်ပေ။ ပုရွှဲဆိတ်မျှသာ ဖြစ်၏။
ဟူရှန်း ရုတ်တရက် သတိဝင်လာခဲ့သည်။ သူသည် ကိုယ်ကိုယ်တိုင်မှာ စစ်ဘုရင်အဆင့်သို့ပင် ရောက်ရှိခြင်း မရှိသေးပေ။ သို့ပေမယ့် စစ်ဘုရင်များကို စတင်အထင်သေးနေပြီ ဖြစ်၏။
"ငါလည်း ရွှီယန်နဲ့ မုန့်ချုံတို့ရဲ့ လွှမ်းမိုးမှုကို ခံလာရတာဖြစ်မယ်.."
ဟူရှန်းက သက်ပြင်းချသည်။
ခုနှစ်စင်ကြယ်အကယ်ဒမီတွင် ပိုင်ယွင်ခုံးက ကောင်းကင်ကို ကြည့်ကာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေ၏။ သူ၏မျက်လုံးများ၌ ဖုံးကွယ်နိုင်ခြင်း မရှိသည့် အံ့သြမှုတို့ ပေါ်လွင်နေပါသည်။
ယွဲ့နိုင်ငံနှင့် အခြားအင်အားစုများစွာတို့၏ ပူးပေါင်းမှု ကျရှုံးမည် ဖြစ်ကြောင်းကို မျှော်လင့်ထားပြီး ဖြစ်ပေမယ့် ယခုမျှ လွယ်လွယ်ကူကူနှင့် အားလုံး သုတ်သင်ခံခဲ့ရမည်ဟုတော့ ဘယ်တုန်းကမှ မထင်မထားခဲ့ပေ။
ဒီကိစ္စကို ရွှီယန်နှင့် မုန့်ချုံတို့ လုပ်နိုင်မည် မဟုတ်ပါ။ ဆိုလိုသည်မှာ ချန်ချင်းစံအိမ် အတွင်းတွင် ပိုမိုကာပင် ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခု ရှိနေ၏။
"ဆရာ... ယင်လုံ့စံအိမ်က အဘိုးကြီးနဲ့ နတ်ဆိုးအရှင်သခင်တို့လည်း ချန်ချင်းစံအိမ်ကို သွားခဲ့ကြတယ်.."
ဖူယွင်ထန်းက အံ့ဩစွာ ပြော၏။
ယင်လုံ့စံအိမ်သခင်နှင့် သုတ်သင်ခြင်း နတ်ဆိုးအရှင်သခင်တို့မှာ သူ၏ ဆရာဖြစ်သူ ကဲ့သို့ပင် စွမ်းအားကြီးမား၏။ သို့ပေမယ့် ထိုနေရာသို့ ရောက်ရှိပြီးသည်နှင့် အငွေ့အသက်တို့ ပျောက်ကွယ်သွားခဲ့သည်။ ရလဒ်က သိသာလှ၏။
သံသယဝင်စရာ မကောင်းလောက်အောင် အားလုံး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ တစ်ဝက်တစ်ပြက်ကောင်းကင်လူသား နှစ်ယောက်နှင့် အထွတ်အထိပ်စစ်ဘုရင်ဆယ်နဲ့ချီ...
ထိုကဲ့သို့သော အင်အားကိုကြည့်ကာ ချန်ချင်းစံအိမ်အနေနှင့် ဒီကဒ်ဘေးကို ကျော်ဖြတ်နိုင်စွမ်း ရှိလျှင်တောင် ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့မှာဟု အားလုံးတွေးထင်ခဲ့၏။
တိုက်ပွဲက ဖြစ်ပွားခဲ့လေသည်။ သို့ပေမယ့် ပြင်းထန်ခြင်း မရှိသည့်ပုံ ပေါ်၏။ စွမ်းအားကြီးပုဂ္ဂိုလ် အုပ်စုတို့သည် လျှင်မြန်စွာ သွားရောက်ပြီး လျှင်မြန်စွာ သေဆုံးခဲ့ကြ၏။
အလွန် လျှင်မြန်လွန်းလှသဖြင့် သိုင်းလောကရှိ အဖွဲ့အစည်းကြီးများ အနေနှင့် တုံ့ပြန်နိုင်ခြင်းပင် မရှိပေ။ ကိစ္စအားလုံးက ပြီးဆုံးသွားခဲ့၏။ စစ်ဘုရင်တစ်ယောက်မှလည်း အသက်ရှင်ကျန်ခြင်း မရှိပါ။
"ဖန်းယွမ်ရော လူတွေခေါ်ပြီး ချန်းလန်ကျွန်းကို သွားပြီလား.."
ပိုင်ယွင်ခုံးက မေးသည်။
"ဆရာဖန်း လူ၇ယောက်ကို ဦးဆောင်ပြီး ချန်းလန်ကျွန်းကို ထွက်သွားပြီးပါပြီ.."
ဖူယွင်ထန်းက ဖြေ၏။
ဖန်းယွမ်မှာ ခုနှစ်စင်ကြယ်အကယ်ဒမီ၏ သိုင်းပညာပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် ဘဝတစ်ခုလုံးကို သိုင်းပညာနှင့် လျှို့ဝှက်အတက်များအား လေ့လာခြင်း၌ နှစ်မြှုပ်ထား၏။
သိုင်းလောကတွင် လှည့်လည်နေသည့် လျှို့ဝှက်အတတ်များ၏ ပထမအဆင့်အောက်ရှိ တစ်စိတ်တစ်ပိုင်းကို ဖုန်းယွမ်ကိုယ်တိုင်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သူသည် ရွှီယန်က ရွေးချယ်ခဲ့သည့် သိုင်းပညာပညာရှင်များထဲမှ တစ်ယောက်လည်း ဖြစ်၏။ စစ်ဘုရင်အဆင့် ခွန်အားကို ပိုင်ဆိုင်ထားသည်။
ပိုင်ယွင်ခုံးက စဉ်းစား၏။ တစ်ခုခုကို တွေးမိလိုက်ပုံပေါ်ပြီး ခဏအကြာ၌ နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
"ခုနှစ်စင်ကြယ် အကယ်ဒမီမှာ သင်ရိုးတစ်ခုကို ငါတို့တွေ ပြင်ဆင်ကြမယ်။ အဲ့ဒါက သဟွသိုင်းပညာသင်ရိုးပဲ။ ရွှီယန် ဒီကို သဟွသိုင်းပညာ ယူလာတဲ့အခါကျရင် သင့်တော်တဲ့ ကျောင်းသားတွေကို ခေါ်ယူပြီး သဟွသိုင်းပညာကို ကျင့်ကြံခိုင်းကြမယ်.."
"သဟွသိုင်းပညာ..."
ဤသည်မှာ ရွှီယန်ကျင့်ကြံသည့် သိုင်းပညာဖြစ်၏။ သူကိုယ်တိုင်က အစစ်အမှန် သိုင်းပညာဟု ခေါ် လေသည်။
ဖူယွင်ထန်း၏ ပုံစံက ရှုပ်ထွေးနေ၏။ ပါးစပ်ကို ဖွင့်ဟပြီးနောက် မည်သည်ကို ပြောရမည်မသိ ဖြစ်နေပါသည်။
သဟွသိုင်းပညာသည် အတွင်းဘက်နယ်မြေ၏ သိုင်းပညာထက် ပိုမို စွမ်းအားကြီး၏။ သဟွသိုင်းပညာသာ ကျယ်ပြန့်လာပါက အတွင်းဘက်နယ်မြေရှိ သိုင်းသမားများ နေရာရတော့မည် မဟုတ်ပေ။
ထို့အပြင် သူတို့သည် သက်တမ်းကုန်ဆုံးရန် အဝေးကြီး လိုပါသေးသည်။ စွမ်းအားကြီးမားသူ များစွာတို့သည် အထက်စီး၌ နေသည့် ဘဝကို အသားကျနေပြီး ဖြစ်၏။
ယခုအချိန်၌ သူတို့၏ နေရာများအား ထိပါးလာမည့်အရေးကို ရှာဖွေတွေ့ရှိပါက မည်ကဲ့သို့ ခံစားရမည်နည်း။
ကျင့်ကြံထားသည့် သိုင်းပညာကို ပြောင်းလဲ ကျင့်ကြံရန်အတွက် အလွန် နောက်ကျနေပါပြီ။ ထို့ကြောင့် ကြည့်ရသည်မှာ အတူတူပူးပေါင်းပြီး ခုခံကျဖို့ အခွင့်အရေးများ၏။
သဟွသိုင်းပညာကို တတ်နိုင်သလောက် ဖိနှိပ့်ကြမည်ဖြစ်သည်။ ဖူယွင်ထန်း၏ စိတ်ထဲတွင် သိုင်းပညာ ပဋိပက္ခမြင်ကွင်းတို့ ပေါ်လာခဲ့၏။
အတွင်းဘက်နယ်မြေ၏ သိုင်းလောကသည် နောက်ဆုံးတွင် ဖရိုဖရဲ ဖြစ်လာတော့မည်လား။
အတွေးဘက်နယ်မြေ၏ ထိပ်တန်းသိုင်းပညာ အကယ်ဒမီတစ်ခု အနေနှင့် သိုင်းပညာအားလုံးကို လက်ဆင့်ကမ်းပေးရန် ရည်ရွယ်ချက်ဖြင့် သဟွသိုင်းပညာကို လောကအတွင်းသို့ မိတ်ဆက်ပေးခြင်းက အကယ်ဒမီအတွင်းတွင်ပင် သိသာသည့် အငြင်းပွားမှုတို့ကို ဖြစ်ပွားစေမှာပါ။
ဤသည်က အတွင်းပိုင်း အငြင်းပွားမှုနှင့် အဖွဲ့များကွဲပြားသွားမည်ကိုတောင် ဖြစ်စေနိုင်သည်။
"ဆရာ..."
ဖူယွင်ထန်း၏ ပါးစပ်က ပွင့်ဟလာပြန်၏။ သို့ပေမယ့် မည်သည်ကိုမှ ပြောနိုင်ခြင်း မရှိသေးပေ။
ပိုင်ယွင်ခုံးက ရယ်ကာ ပြောသည်။
"နေရာမရတော့မှာ စိုးရိမ်တာလား... ရှေးအခါကတည်းက ပါရမီရှင်တွေများစွာ တိမ်ကောပျောက်ကွယ်ခဲ့ကြရတယ်။ ငါတို့က ဘာလို့ ချွင်းချက်အဖြစ် ရှိနိုင်မှာလဲ.."
"တကယ်လို့ ဖယ်ရှားခံရမှာ ကြောက်တယ်ဆိုရင် သိုင်းပညာကို ပိုမိုနက်ရှိုင်းအောင် လေ့လာပြီး အတွင်းဘက်နယ်မြေက သိုင်းပညာကို သဟွသိုင်းပညာအဖြစ် ဘယ်လို ပြောင်းလဲရမယ်ဆိုတာကို နားလည်အောင်လုပ်။ အောင်မြင်မယ်ဆိုရင် ဘယ်လိုလုပ်ပြီးတော့ ဖယ်ရှားခံရမှာလဲ.."
"ငါတို့ ခုနှစ်စင်ကြယ်အကယ်ဒမီမှာ သိုင်းပညာကို နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာလိုတဲ့ မရေမတွက်နိုင်တဲ့ သိုင်းသမားတွေ ရှိတယ်။ အဲ့ဒါက အကယ်ဒမီရဲ့ တည်ထောင်ခြင်း ရည်ရွယ်ချက်လည်း ဖြစ်တယ်။ သိုင်းပညာ စနစ်အသစ်တစ်ခု ပေါ်လာလို့ ဖယ်ရှားခံရမှာကို ကြောက်လည်းကြောက်မနေနဲ့ စိုးလည်း စိုးရိမ်မနေနဲ့.."
"ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ အခြေခံက သိုင်းပညာပညာရှင်တွေပဲ။ သူတို့က သုတေသနပြုလုပ်ပြီး သဟွသိုင်းပညာကို ပြောင်းလဲမှုအတွက် မျှခြေတစ်ခုကို ရှာပေးလိမ့်မယ်.."
ဖူယွင်ထန်းက ဦးညွှတ်ကာ ပြောသည်။
"တပည့် အများကြီး သင်ကြားခဲ့ရပါတယ်.."
ပိုင်ယွင်ခုံးက အပြုံးတစ်ခုဖြင့် ဆက်လက်ပြောသည်။
"အငြင်းပွားမှာကတော့... ငါတော့ အရမ်းကြီးတောင် ကြီးမယ် မထင်ဘူး။ ရွှီယန်ရဲ့ခွန်အားက လုံလုံလောက်လောက် သက်သေပြနေပြီးပြီ။ လောကမှာရှိတဲ့ သိုင်းသမားအားလုံးက ပိုပြီးတော့ စွမ်းအားကြီးတဲ့ သိုင်းပညာကို ရှာဖွေချင်ကြတာပဲ.."
"ဒီ ခေတ်ရဲ့ ရေစီးကြောင်းကို ဘယ်သူမှ မတွန်းလှန်နိုင်ဘူး။ အဲ့ဒါကို တွန်းလှန်ဖို့ ရည်ရွယ်တဲ့ လူတွေလည်း တဖြည်းဖြည်းနဲ့ ပျက်စီးကုန်ကြရတယ်.."
"ပြောင်းလဲတဲ့ နည်းလမ်သာ ပေါ်ပေါက်လာရင် လောကမှာရှိတဲ့ သိုင်းသမားအားလုံး သဟွသိုင်းပညာကို ပြောင်းလဲ ကျင့်ကြံကြမယ်ဆိုတာ သံသယဝင်စရာ မရှိဘူး.."
ဖူယွင်ထန်းက မှင်သက်သွား၏။ ဆရာဖြစ်သူ၏ စကားက အလွန် အဓိပ္ပာယ်ရှိပါသည်။ အတွင်းဘက်နယ်မြေ၏ သိုင်းလောကသည် ချန်ချင်းစံအိမ်၏ တိုက်ပွဲကြောင့် လှုပ်ခါသွားခဲ့၏။ စစ်ဘုရင်ရာချီတို့ သေဆုံးခဲ့ရသည်။
များပြားလှသည့် စွမ်းအားကြီးပုဂ္ဂိုလ်များ အံ့သြစွာဖြင့် ထိတ်လန့်တုန်လှုပ်ကုန် ကြ၏။ သူတို့သည် ဒန်ဆေးလုံးများကို ပိုမိုကာပင် လိုချင်တပ်မတ် လာကြသည်။
ချန်ချင်းစံအိမ်၏ ကြီးမားသည့် ခွန်အားသည် ဒန်ဆေးလုံးများနှင့် ပတ်သက်နေသည်လား။
တစ်ချိန်တည်းတွင် သိုင်းလောက၌ ကောလဟာလတစ်ခု စတင်ပျံ့နှံ လာခဲ့သည်။ ရွှီယန်ကျင့်ကြံသည်မှာ အတွင်းဘက်နယ်မြေမှ သိုင်းပညာ မဟုတ်ဘဲ ပိုမိုစွမ်းအားကြီးမားသည့် သိုင်းပညာ ဖြစ်သည်ဟုဖြစ်၏။ သဟွသိုင်းပညာဟု အမည်တွင်လေသည်။
ပြောကြသည်မှာ သဟွသိုင်းပညာမှာ စစ်မှန်သည့် သိုင်းပညာဖြစ်ပြီး အတွင်းဘက်နယ်မြေရှိ သိုင်းပညာမှာ အတုအယောင် ဖြစ်၏။ အတုအယောင် သိုင်းပညာက ဘယ်လိုလုပ်ပြီး အစစ်အမှန်သိုင်းပညာကို ယှဉ်ပြိုင်နိုင်မည်လဲ။
"မဖြစ်နိုင်တာ... ငါတို့ အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာက ဘယ်လိုလုပ်ပြီး အတုဖြစ်မှာလဲ။ ဒါက မရေမတွက်နိုင်တဲ့ မျိုးဆက်တွေ လက်ဆင့်ကမ်းခဲ့ကြတာ။ ရွှီယန်ဆိုတဲ့ လူတစ်ယောက်တည်းအတွက်နဲ့ ငါတို့အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာကို အတုအယောင်လို့ မှတ်ယူလို့ရမှာလား.."
"ဟုတ်တယ်... ငါတို့အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာက ရှည်လျားတဲ့ သမိုင်းကြောင်းရှိတယ်။ ဘယ်လိုလုပ်ပြီး အတုအယောင်ဖြစ်မှာလဲ။ ရွှီယန်ကျင့်ကြံတာကလည်း အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာပဲ။ သူ့ရဲ့ပါရမီက ထူးကဲနေလို့သာ အခြားသူတွေထက် ပိုပြီးစွမ်းအားကြီးနေတာ.."
"အရင်က သဟွသိုင်းပညာဆိုတာကို တစ်ခါမှမကြားဖူးပါဘူး။ အစောကြီးကတည်းက ရှိနေရင် ဘာလို့ အခုမှ ပေါ်လာတာလဲ။ ကြည့်ရတာ ငါတို့ရဲ့ သိုင်းပညာအသိအမြင်တွေကို ဖျက်ဆီးဖို့အတွက် လုပ်ကြံပြောဆိုတာဖြစ်မယ်။ တကယ့်ကို ယုတ်မာတာပဲ.."
သိုင်းသမားများစွာတို့က ပြန်လည် ချေပကြ၏။ အတွင်းဘက်နယ်မြေ၏ သိုင်းပညာမှာ အတုအယောင်ဖြစ်ကြောင်းကို လုံးဝငြင်းဆန်ကြသည်။
"သဟွအထုပ္ပတ္တိကို မင်းကြားပြီးပြီလား... အဲ့ဒါက ဆေးလုံးရဲ့ ဝယ်ယူမှုနဲ့အတူ လက်ဆောင်အဖြစ်ပေးတာ။ အစက ငါလည်း သိပ်ပြီး ဂရုမစိုက်ခဲ့ဘူး။ ဒါပေမယ့် မနေ့က ဖတ်ပြီးတဲ့နောက်မှာ တော်တော်လေး အံ့သြသွားခဲ့တယ်။ လက်စသတ်တော့ ငါတို့ အတွင်းဘက်နယ်မြေက သဟွရဲ့ အစိတ်အပိုင်းတစ်ခုပဲ.."
"ဟုတ်တယ်ဟုတ်တယ်... ရှေးခေတ်အခါတုန်းက တိုက်ပွဲကြီးတွေကြောင့် သိုင်းပညာရဲ့ လက်ဆင့်ကမ်းမှုမှာ အမှားအယွင်းတွေ ရှိလာခဲ့တယ်။ ငါတို့ အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာက တကယ်တော့ စစ်မှန်တဲ့ သိုင်းပညာရဲ့ မပြည့်စုံတဲ့ အပိုင်းအစလေးပဲ ဖြစ်တယ်။ သဟွသိုင်းပညာကမှ လောကကြီးရဲ့ မူလသိုင်းပညာပဲ.."
"လောကကြီးက သဟွကနေ စတင်ခဲ့တယ်။ သဟွအထုပ္ပတ္တိရဲ့ ဒဏ္ဍာရီတွေထဲမှာ ဘိုးဘေးတွေက ချန်ရစ်ခဲ့တဲ့ သိုင်းပညာတွေ အများကြီးရှိတယ်။ အဲ့ဒါတွေကို သေသေချာချာ လေ့လာပြီး ငါ့ရဲ့သိုင်းပညာကို သဟွသိုင်းပညာအဖြစ် ပြောင်းလဲဖို့ နည်းလမ်းတစ်ခုကို ရှာရမယ်.."
သိုင်းလောကတွင် သဟွသိုင်းပညာအား အစစ်အမှန်သိုင်းပညာဟု ယုံကြည်သည့် သိုင်းသမားများစွာလည်း ရှိနေကြ၏။ သဟွသိုင်းပညာမှာ ပိုမို စွမ်းအားကြီးမားသောကြောင့် ထိုကဲ့သို့သော ယုံကြည်မှုတို့ ပေါ်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သိုင်းသမားများသည် အမြဲတမ်း စွမ်းအားကြီးမားသည့် အရာကို လိုက်လံရှာဖွေကြ၏။ ဤနည်းအားဖြင့် သဟွသိုင်းပညာဟူသည့် အမည်သည် အတွင်းဘက်နယ်မြေတလျှောက်လုံး၌ ပျံ့နှံ့လာခဲ့သည်။
အစက နယ်မြေအနည်းအကျဥ်းမှာသာ လှည့်လည်ပြီး တဖြေးဖြေးနှင့် ကျယ်ပြန့်လာခဲ့၏။ အထူးသဖြင့် သဟွအထုပ္ပတ္တိ၏ ထုတ်လွှတ်မှုနှင့်အတူ ဆေးလုံးများကို ဝယ်ယူသည့် အချို့သိုင်းသမားများသည် သဟွဒဏ္ဍာရီအကြောင်းများကို လက်ဆောင်အဖြစ် ရရှိခဲ့၏။
ဖတ်ရှု့ပြီးနောက် သူတို့ကို ကြီးစွာ အံ့သြသွားစေသည်။ ဤသည်မှာ လောကကြီး၏ အမှန်တရားဖြစ်သည်လား။
ချန်ချင်းစံအိမ်၏ တိုက်ပွဲမဖြစ်ပွားခင်သာ ဆိုပါက သူတို့အနေနှင့် ၎င်းကို ပုံပြင်တစ်ခုဟုသာ ယူဆပေလိမ့်မည်။
သို့ပေမယ့် ထိုတိုက်ပွဲအပြီးတွင် လူပေါင်းများစွာသည် ဆက်လက် လျစ်လျူရှု့နိုင်ခြင်း မရှိကြတော့ပေ။
သဟွသိုင်းပညာက အလွန် စွမ်းအားကြီးမားလှ၏။
ကြည့်ရတာ သဟွအထုပ္ပတ္တိအတွင်းရှိ မှတ်တမ်းများမှာ မှန်ကန်နေသည့်ပုံ ရှိသည်။