← Chapters

ရွှီယန်၏ ထုံးရွှမ်အဆင့်သို့ ဝင်ရောက်မှု၊ သေခြင်းရှင်ခြင်း ဓားစက်ဝန်း(၂)

Vol. 21 Ch. 315

ရွှီယန်၏ ထုံးရွှမ်အဆင့်သို့ ဝင်ရောက်မှု၊ သေခြင်းရှင်ခြင်း ဓားစက်ဝန်း(၂)

Vol. 21 Ch. 315

၎င်းတို့သည် လျှို့ဝှက်ဆန်းကြယ်သည့် အခြေအနေတစ်ခုသို့ ကျရောက်နေ၏။ ရွှီယန်၏ ဆက်တိုက် အဆင့်ချိုးဖျက်မှုနှင့်အတူ လိုက်လံကာ ပေါင်းစပ်ပြီး ဆင့်ကဲပြောင်းလဲမှုတို့ ဖြစ်ပေါ်နေသည်။

အခိုက်အတန့်တစ်ခုတွင် သူ၏ ဒန်တန်ချီပင်လယ်အထက်၌ မိုးရေတို့ စတင် သွန်းဖြိုးသကဲ့သို့ ရေစက်များ ဆက်တိုက် ကျလာခဲ့၏။ ၎င်းတို့သည် ဒန်တန်ကို လုံးဝ ပြည့်နက်သွားမည့်ဟန် ရှိသည်။

"‌ဝေါ.." ‌

ဒန်တန်ချီပင်လယ်သည် အဆုံးမသတ်သည့် သမုဒ္ဒရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အစစ်အမှန်ယွမ် ရေများက လှိုင်းတို့ကို ဖြစ်ပေါ်စေသည်။

အစစ်အမှန်ယွမ်၏ အထက်တွင် တိမ်ထုများကဲ့သို့ မြူခိုးများက လေနှင့်အတူ ဝဲဂယက်ထနေပြီး ရစ်ပတ်နေကြ၏။ ဝဲဂယက်မှ မိုးရေစက်များကို ဆက်တိုက် သက်ဆင်းလာစေခဲ့သည်။

၎င်းတို့မှာ အစစ်အမှန်ယွမ်အဖြစ် သန့်စင်ပြီးခြင်း မရှိသေးသည့် အစစ်အမှန်ချီ ဖြစ်၏။ သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်များက ထိုအထဲသို့ ဆက်တိုက် တိုးဝင်လာခဲ့သည်။

ရွှီယန်၏ အဆင့်ချိုးဖျက်မှုက ဆက်လက် ဖြစ်ပေါ်နေပြီး  အဆက်မပြတ် အရည်ဖွဲ့ကာ ဆင့်ကဲပြောင်းလဲနေသည်။

အခိုက်အတန့် တစ်ခုတွင် ရွှီယန်၏ အဆင့်ချိုးဖျက်မှုကို ကြည့်ရှု့နေကြသည့် မုန့်ချုံနှင့် အခြားလူများသည် ထိုင်နေသည်မှာ ရွှီယန်မဟုတ်ဘဲ တောင်နှင့်မြစ်ပြင်ကျယ်တစ်ခုဟု တွေ့မြင်လာရပြီး မျက်လုံးများ ပြူးကျယ်သွားကြ၏။ ‌မှင်လည်း မှင်သက်နေကြသည်။

တောင်နှင့်မြစ်တို့သည် ရွှီယန်၏ အောက်သို့ ရောက်ရှိနေသည်လား။ သို့မဟုတ် ဖြစ်နိုင်သည်မှာ ရွှီယန်က တောင်နှင့်မြစ်အတွင်းသို့ ရောက်ရှိနေသည်လား။

'ဘာတွေဖြစ်နေတာလဲ..'

စုလင်းရှုံက ခေါင်းကိုရမ်းကာ တစ်ဖန်ပြန်ကြည့်သည်။

အရာအားလုံးမှာ ပုံမှန်အတိုင်းသာ ရှိနေကြောင်းအား တွေ့လိုက်ရ၏။

မုန့်ချုံမှာ အတွေးနက်သွားသည်။

ဤသည်မှာ စီနီယာအကိုကြီး၏ အဆင့်ချိုးဖျက်မှုနှင့် ဆင့်ကဲပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် မြင်ကွင်းတစ်ခုလေလား...

"ဘုန်း.."

ရုတ်တရက် လေထဲရှိ လှိုင်းထန်နေသည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်တို့ အကြားတွင် တောင်နှင့်မြစ်တို့ ဖြစ်တည်လာခဲ့၏။ ခြောက်သွေ့တိတ်ဆိတ်နေပြီး ဖျက်ဆီးခြင်း စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေသည့်ပုံ ရှိသည်။ စွမ်းအားကြီးမားကာ ထက်မြသည့် သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားသည့်ပုံ ပေါ်၏။

တောင်နှင့်မြစ်အတွင်းသို့ ဝင်ရောက်သည့် မည်သည့်သတ္တဝါမဆိုသည် အတွင်းထဲတွင် မြေမြုပ်သင်္ဂြိုဟ်ခံရမည် ဖြစ်သည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်နှင့် အစစ်အမှန်ယွမ်တို့ ပေါင်းစပ်လိုက်သည့်အခါ သဘာဝစိတ်ဝိဉာဉ်စွမ်းအင်နှင့် သဟဇာတ ဖြစ်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်လာခဲ့သည်။ ဤသည်မှာ ထုံးရွှမ်အဆင့်ဖြစ်၏။

"စီနီယာအစ်ကိုကြီး ထုံးရွှမ်အဆင့်ကို ချိုးဖျက်သွားပြီ.."

စုလင်းရှုံ၏ မျက်နှာက စိတ်လှုပ်ရှားမှုနှင့် လေးစားမှုတို့ဖြင့် ပြည့်နက်နေ၏။ သူမလည်းပဲ ဘယ်အချိန်မှ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်နိုင်မည်လဲ။

ပိုမိုကြိုးစားကာ ကျင့်ကြံပြီး  ထုံးရွှမ်အဆင့်သို့ အမြန်ဆုံးရောက်ရှိအောင် လုပ်ဆောင်ရပေမည်။

သူမသာ ထုံးရွှမ်အဆင့်ကို ချိုးဖျက်ပြီးပါက   ဟင်းလင်းပြင် ဒန်ဆေးသန့်စင်မှုကို အသုံးပြုနိုင်လောက်မှာ ဖြစ်၏။

လေထဲရှိ တောင်နှင့်မြစ်တို့၏ ပုံရိပ်က ဆက်တိုက် ကြီးထွားကာ ပြောင်းလဲနေသည်။ အခိုက်အတန့်တစ်ခုအတွင်းတွင် တောင်နှင့်မြစ်အတွင်း၌ သေးငယ်သည့် ဝဲဂယက်တစ်ခု ပေါ်လာသည့်ဟန် တူ၏။

သို့ပေမယ့် ပြည့်စုံစွာ အသွင်ဆောင်လာခြင်း မရှိပေ။ အနည်းငယ် တည်ငြိမ်ခြင်း မရှိပုံလည်း ပေါ်၏။

ထိုပုံကို တွေ့ရပြီးနောက် လီရွှမ်က အံ့သြသွားသည်။

ဤသည်မှာ ထိုက်ကျိလေလား။

ထိုက်ကျိသည် ဆန့်ကျင်ဘက်နှစ်ခုကို ပေါက်ဖွား၏။ ဆန့်ကျင်ဘက်နှစ်ခုက သင်္ကေတလေးခုကို  ပေါက်ဖွား၏။ သင်္ကေတလေးခုက သဘာဝတရား ရှစ်ပါးကိုပေါက်ဖွား၏...

သူသည် ထိုအရာအားလုံးတို့ကို ရွှီယန်အား  သဘာဝတရားရှစ်ပါး ပုံကြမ်းကို သင်ပေးခဲ့စဥ်က ပြောခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်၌ ရွှီယန်သည် ထုံးရွှမ်အဆင့်သို့  ချိုးဖျက်ရာတွင် နားလည်သဘောပေါက်မှု အသစ်တို့ ရရှိလာခဲ့၏။

သို့ပေမယ့် ဤသည်မှာ အစောပိုင်းအဆင့်သာ ရှိပါသေးသည်။ ပြည့်စုံစွာ နားလည်ခြင်း မရှိသေးပေ။ သို့ရာတွင် စတင်နိုင်ကတည်းက မကြာခင်တွင် စစ်မှန်စွာ နားလည်မှုရလာရန် ဝေးတော့မည် မဟုတ်ပါ။

"ဘုန်း.."

လေထဲတွင် တောင်နှင့်မြစ်တို့က ဆက်တိုက် ပြိုလဲကာ ပြန်လည်တည်ဆောက်နေ၏။ အခိုက်အတန့်တစ်ခုတွင် လေထဲရှိ တောင်နှင့်မြစ်ပုံရိပ်တို့သည် ရုတ်တရက် အောက်သို့ ကျဆင်းလာပြီး ရွှီယန်အပေါ်သို့ ရောက်ရှိသွား၏။

ရွှီယန်၏ ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်ကာ ပေါင်းစပ်သွားသည့်ဟန် ရှိသည်။

'ငါက တောင်နဲ့မြစ်ပဲ။...'

"သင်၏တပည့် ရွှီယန်သည် သင်ဖန်တီးထားသည့် သိုင်းပညာကို ကျင့်ကြံကာ ထုံးရွှမ်အဆင်သို့ ချိုးဖျက်သွားခဲ့သည်။ သင်သည် ထုံးရွှမ်အဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားပြီး သင်၏ခွန်အားသည် အဆင့်တူများထက် အဆ၁၀၀ ပိုမိုသန်မာသည်.."

ရွှေရောင်အလင်းက ထွက်ပေါ်လာပြီး ရွှီယန်လည်း ထုံးရွှမ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

လီရွှမ်က ပြုံး၏။ သူ၏ ကိုယ်ပိုင်ခွန်အားက အံ့သြစရာကောင်းလောက်အောင် မြင့်တက်လာခဲ့သည်။ စစ်မှန်သည့် ကောင်းကင်လူသားအဆင့် သိုင်းသမားတစ်ယောက် သက်ဆင်းလာလျှင်တောင် တစ်ဖက်လူကို အလွယ်တကူ ဖျောက်ဖျက်ပစ်လိုက်လို့ ရ၏။

လောကကြီးတွင် ကိုယ်ပိုင်ခွန်အား တိုးတက်ခြင်း၏ ခံစားချက်မှာ အကြီးမားဆုံး ပျော်ရွှင်စရာ ကိစ္စဖြစ်သည်။

"သင်၏တပည့် ရွှီယန်သည် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်သွားချိန်၌ တောင်နှင့်မြစ် စိတ်ဝိဉာဉ်ခန္ဓာအား ရရှိလာခဲ့သည်။ သင်သည် တောင်နှင့်မြစ် မူလစိတ်ဝိဉာဉ် ခန္ဓာအား ရရှိသည်.."

ရွှေရောင်အလင်းက ထွက်ပေါ်လာပြန်၏။ ထင်ထားသည့် အတိုင်းပင်။ ရွှီယန်သည် ထုံးရွှမ်အဆင့်သို့  အဆင့်ချိုးဖျက်စဉ်တွင် ကိုယ်ပိုင် ခန္ဓာကိုယ်ကိုလည်း တောင်နှင့်မြစ် စိတ်ဝိဉာဉ်ခန္ဓာအဖြစ် ဆင့်ကဲပြောင်းလဲကာ မြင့်တတ်စေခဲ့၏။

ယခုအချိန်၌ နဂါးဟိန်းခြင်း တောင်နှင့်မြစ်အရိုးနှင့်  တောင်နှင့်မြစ် စိတ်ဝိဉာဉ်ခန္ဓာအား ပိုင်ဆိုင်ထားရာ သူ၏ခွန်အားနှင့် အခြေခံက ပိုမိုမြင့်မားလာခဲ့သည်။

တစ်ဝက်တစ်ပြက် ကောင်းကင်လူသား တစ်ယောက်ကို ရင်ဆိုင်ရပင်လျှင် ဓားချက် တစ်ချက်နှစ်ချက်ဖြင့် သတ်ဖြတ်နိုင်ခြင်း မရှိပေမယ့် အနိုင်ယူရန်မှာ ပြဿနာမရှိပါ။

'သူက ငါ့သိုင်းပညာရဲ့ စစ်မှန်တဲ့ ရှေ့ဆောင်လမ်းပြ တစ်ယောက်ပဲ..'

လီရွှမ်မှာ အလွန်ကျေနပ်သွား၏။ သူ၏ ဘဝတွင် လုပ်ဆောင်ခဲ့သည့် အမှန်ကန်ဆုံးသော အရာမှာ ရွှီယန်ကို တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်ဟု ခံစားရသည်။

ရွှီယန်က ထုံးရွှမ်အဆင့်သို့ ချိုးဖျက်သွားပြီးဖြစ်ရာ ဒီအချိန်က ထုံးရွှမ်အဆင့်၏ အထက်ရှိ အဆင့်နှင့်ကျင့်စဉ်ကို လက်ဆင့်ကမ်းပေးရန် ပြင်ဆင်ရမည့် အချိန်ဖြစ်သည်။

'မုန့်ချုံလည်း အဆင့်ချိုးဖျက်တဲ့အခါ ကျရင် ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်ပေါ်လောက်မှာ မလား။ နေရွှေခန္ဓာက အရမ်းစွမ်းအားကြီးမားနေပြီး ဖြစ်ပေမယ့် စိတ်ဝိဉာဉ်ခန္ဓာအဖြစ် ပိုပြီးတော့ အဆင့်မြင့်တက်သွားရင် ပိုပြီးတော့တောင် သန်မာလာမှာ..'

လီရွှမ်က နှလုံးသားထဲတွင် မျှော်လင့်စွာ စဉ်းစားသည်။ မုန့်ချုံ၏ ပါရမီက မဆိုးလှပေ။ ရွှီယန်လည်း အဆင့်ချိုးဖျက်ပြီးနောက် သူ၏ အတွေ့အကြုံများကို မျှဝေပေးမှာ ဖြစ်သည်။ ထို့ကြောင့် မုန့်ချုံ၏ အဆင့်ချိုးဖျက်မှုတွင် ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်နိုင်မည့် အခွင့်အလမ်းများ၏။

ကြီးမြတ်သောနေ ရွှေခန္ဓာ၏ ဒုတိယအဆင့်သည် ထုံးရွှမ်အဆင့်နှင့် တူညီ၏။ အစစ်အမှန်ယွမ်ကို သန့်စင်ပြီးပါက ကြီးမြတ်သောနေ ရွှေခန္ဓာ၏ စွမ်းအင်အပြည့်အဝကို အသုံးပြုနိုင်မည် ဖြစ်သည်။

ဥပမာအားဖြင့် - ၃မီတာ(၉ပေ)လောက် ရှိသည့် သေးငယ်သည့် လူ့ဘီလူးတစ်ကောင်ကဲ့သို့ ပြောင်းလဲနိုင်မှာ ဖြစ်သည်။

မုန့်ချုံသည် မူလအဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိပြီးဖြစ်ကာ မကြာခင်တွင် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ အချိန်တိုအတွင်းတွင် ထုံးရွှမ်အဆင့်ကို ချိုးဖျက်နိုင်မည် ဖြစ်၏။

ရုပ်ပိုင်းဆိုင်ရာ သိုင်းပညာစနစ်နှင့် ထုံးရွှမ်အဆင့်သို့ ရောက်ရှိသွားသည့် သိုင်းသမားတစ်ယောက်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်နဲ့ လုံးဝ သဟဇာတဖြစ်သွားတာ မဟုတ်ပေမယ့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်ကို ကိုယ်ပိုင် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူကာ ရွှေခန္ဓာအသွင်ပြောင်းခြင်းကို စွမ်းဆောင်နိုင်ပါသည်။

ဥပမာအားဖြင့် - ၉ပေရှိသည့် ခန္ဓာကိုယ်တစ်ခုအဖြစ်သို့ ဖြစ်၏။ ထုတ်လုပ်နိုင်သည့် စွမ်းအားမှာ အလွန်သန်မာလှပြီး ပိုမိုကာပင် ကြမ်းကြုတ်ကာ စွမ်းအားကြီးမားသည့်ပုံ ရှိသည်။

ရွှေရောင်အလင်းက ပေါ်လာပြန်၏။ လီရွှမ်က ဝမ်းသာသွားသည်။ ရွှီယန်သည် ဒီတစ်ကြိမ် ထုံးရွှမ်အဆင့်သို့ အဆင့်ချိုးဖျက်မှုတွင် များပြားလှသည့် အကျိုးကျေးဇူးများအား ရရှိခဲ့၏။

"သင်၏တပည့် ရွှီယန်သည် သင်သင်ပေးထားသည့်  ထိုက်ကျိမှတစ်ဆင့် သေခြင်းရှင်ခြင်းဓားစက်ဝန်း၏ အစောပိုင်းအဆင့်ကို နားလည်လာခဲ့သည်။ သင်သည် သေခြင်းရှင်ခြင်း ဓားစက်ဝန်းကို ပြည့်စုံစွာ တတ်မြောက်သွားသည်.."

'သေခြင်းရှင်ခြင်း ဓားစက်ဝန်း...'

ဤသည်မှာ တောင်နှင့်မြစ် ဓားတာအို အပြီးနောက် ရွှီယန် နားလည်သဘောပေါက်ခဲ့သည့် ဓားတာအိုအသစ်ဖြစ်၏။

သေခြင်းရှင်ခြင်း ဓားစက်ဝန်းကို ရရှိပြီးနောက် လီရွှမ်က တုန်ခါလာခဲ့သည်။ ဒီဓားတာအို လမ်းစဉ်က အလွန်စွမ်းအားကြီးမားလှ၏။

တောင်နှင့်မြစ် ဓားလမ်းစဉ်နှင့် ပေါင်းစပ်လိုက်ပါက  ရပ်တန့်၍ မရနိုင်သည့် သုတ်သင်ခြင်း လမ်းစဉ်တစ်ခု ဖြစ်လာမှာ ဖြစ်သည်။

လျှပ်တပြက်အတွင်း လီရွှမ်၏ ရှေ့တွင် ဓားအလင်းတစ်ခု ပေါ်လာခဲ့၏။ ၎င်းတို့သည် ရစ်ပတ်လှည့်လည်နေပြီး ရံဖန်ရံခါတွင် ကွဲသွားကာ ရံဖန်ရံခါတွင် ပေါင်းစပ်သွားသည်။

ဓားစက်ဝန်း လှည့်ပတ်မှုနှင့်အတူ သေခြင်းရှင်ခြင်းအား ပြောင်းလဲနိုင်၏။ ရှင်ခြင်းဓားက ကာကွယ်ကာ သေခြင်းဓားက တိုက်ခိုက်သည်။

သို့ပေမယ့် သေခြင်းဓားနှင့် ရှင်ခြင်းဓားကို လျှပ်တပြက်အတွင်း ပြောင်းလဲနိုင်၏။ အခိုက်အတန့်အတွင်းတွင် ၄င်းသည် ရှင်ခြင်းဓားဖြစ်နိုင်ပြီး နောက်ထပ် အခိုက်အတန့်တွင် သေခြင်းဓားအဖြစ် ပြောင်းလဲသွားနိုင်သည်။

စက်ဝန်းက အဆုံးမသတ်နိုင်အောင် ရှိနေပြီး ခန့်မှန်းလို့မရနိုင်သည့် ပြောင်းလဲမှုတို့ဖြင့် ပြည့်နက်နေ၏။ ဤသည်က ခုခံကာကွယ်ရန် မဖြစ်နိုင်အောင် ဖြစ်စေသည်။

'ဓားလမ်းစဉ်က ပိုပြီးတော့ သန်မာလာခဲ့ပြီ... ဒီသေခြင်းရှင်ခြင်း ဓားစက်ဝန်းနဲ့ဆိုရင် သူတစ်ဝက်တစ်ပြက် ကောင်းကင်လူသားကို သတ်ဖြတ်ဖို့ ခက်ခဲမှာ မဟုတ်တော့ဘူး..'

လီရွှမ်က ခဏတာအတွင်း မှင်သက်သွားခဲ့၏။ ရွှီယန်သည် သေခြင်းဓားနှင့် ရှင်ခြင်းဓားစက်ဝန်းကိုသာ အသုံးပြုပါက တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ရန် သူ့အနေနှင့် အရမ်းကြီး ခက်ခဲနေမည် မဟုတ်ပါ။ ထုံးရွှမ်အဆင့်၏ အစောပိုင်းသို့သာ ရောက်ရှိသေးလျှင်တောင် ဖြစ်၏။

သို့ပေမယ့် ဒီအချိန်၌ ရွှီယန်သည် သေခြင်းဓားနှင့် ရှင်ခြင်းဓားစက်ဝန်း၏  အစောပိုင်း နားလည်သဘောပေါက်မှုကိုသာ ရရှိထားခြင်း ဖြစ်သည်။ ထို့ကြောင့် စွမ်းအားအပြည့်ကို ထုတ်လွှတ်နိုင်မည်မဟုတ်ပေ။

သို့ရာတွင် ရွှီယန်၏ ထူးကဲသည့် ပါရမီနှင့် ထိုဓားစက်ဝန်းကို ပြည့်စုံစွာ နားလည်လာရန် ကြာတော့မည် မဟုတ်ဟု ယုံကြည်၏။

'ဒီသေခြင်းဓားနှင့် ရှင်ခြင်းဓားစက်ဝန်းက အခြေခံတစ်ခုပဲ ဖြစ်တယ်။ ဆက်ပြီးတော့ လေ့လာပြီး မြှင့်တင်လို့ရတယ်။ ဒီဟာကို သေခြင်းဓားနှင့် ရှင်ခြင်းဓားစက်ဝန်းရဲ့ ပထမအဆင့်လို့ သတ်မှတ်လို့ရတယ်..'

လီရွှမ်က ကိုယ့်ကိုယ်ကို ရေရွတ်၏။ သေခြင်းဓားနှင့် ရှင်ခြင်း ဓားစက်ဝန်းမှာ လျှို့ဝှက်ဆန်းကြယ်ပြီး အနှိုင်းမဲ့သည့် ဓားလမ်းစဉ်တစ်ခု ဖြစ်၏။

လီရွှမ်၏ အမြင်တွင် ဤသည်မှာ ပထမအဆင့်သာ ဖြစ်ပါသေးသည်။ သို့ပေမယ့် ရွှီယန်သာ ဆက်လက်လေ့လာကာ နားလည်မှုတို့ ရလာပါက ဒုတိယအဆင့် တတိယအဆင့်များ သေချာပေါက် ပေါ်လာမည် ဖြစ်သည်။ သေခြင်းဓားနှင့် ရှင်ခြင်းဓားစက်ဝန်းလည်း ဆက်လက် စွမ်းအားကြီးမားလာမည် ဖြစ်၏။

တောင်နှင့်မြစ် ဓားလမ်းစဉ်အား ရွှီယန်၏ ဆက်တိုက် မွမ်းမံကာ တိုးတက်ခဲ့သကဲ့သို့ပင် ဖြစ်သည်။

လီရွှမ်က ရွှီယန်၏ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်မှုမှ  တန်ပြန်အကျိုးသက်ရောက်မှုများကို ပြီးဆုံးပြီဟု တွေးထင်နေချိန်တွင် နောက်ထပ် ရွှေရောင်အလင်းက ပေါ်လာပြန်၏။

"သင်၏တပည့် ရွှီယန်သည် နဂါးနိုင်လက်ဝါးသိုင်း၏ စတုတ္ထအဆင့်ကို နားလည်သဘောပေါက် လာခဲ့သည်။ ယခုအချိန်၌ သင်သည် နဂါးနိုင်လက်ဝါးသိုင်း၏ စတုတ္ထအဆင့်ကို ပြည့်စုံစွာ  တတ်မြောက်သွားသည်.."

လီရွှမ် "..."

ဒီတပည့်က စစ်မှန်သည့် မကောင်းဆိုးဝါးပင်။ နဂါးနိုင်လက်ဝါးသိုင်း၏ စတုတ္ထအဆင့်ကိုပင် ဖန်တီးနိုင်ခဲ့၏။

စတုတ္ထအဆင့်ရှိပါက ပဥ္ဓမအဆင့်၊ ဆဌမအဆင့်နှင့်  အခြားအဆင့်များလည်း ပေါ်ပေါက်လာမှာ အံ့ဩစရာ မရှိပေ။

'အချိန်တိုအတွင်းမှာ သူ့ရဲ့ခွန်အားက တကယ့်ကို  အများကြီး တိုးတက်လာတာပဲ..'

လီရွှမ်က မနေနိုင်ဘဲ သက်ပြင်းချသည်။

သူ၏ တပည့်များကို တွန်းအားပေးကာ ကျင့်ကြံပြီး လေ့လာစေခြင်းက မှန်ကန်သည့် လမ်းစဉ်ဖြစ်သည်။ သူကိုယ်တိုင် ကြိုးစားကျင့်ကြံနေစရာ မလိုပေ။ လှဲနေရင်းက ပိုမိုသန်မာလာနိုင်၏။ ထိုခံစားချက်က အလွန်စိတ်လှုပ်ရှားဖို့ ကောင်းလှသည်။

ရွှီယန်သည် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ပြီးနောက် သိုင်းပညာအဆင့်ကို တည်ငြိမ်အောင် ပြုလုပ်နေပြီး ထုံးရွှမ်နှင့် ပတ်သက်သည့် စွမ်းအားကို ပိုမိုနားလည်အောင် ပြုလုပ်သည်။ တောင်စောင်းပေါ်မှ ချက်ချင်း ပြန်ခဲ့ခြင်း မရှိပါ။

မုန့်ချုံလည်း ပြန်လာခြင်း မရှိပေ။ သူသည် မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ အဆင့်ချိုးဖျက်ရန် ပြင်ဆင်ထား၏။

စုလင်းရှုံတို့မှာတော့ ပြန်လာခဲ့သည်။ ရွှီကျွင်းဟယ်မှာ  အလွန် ဝမ်းသာနေ၏။ သူ၏မျက်နှာက အပြုံးမပြတ်ပဲ ရှိနေပါသည်။

သူ၏ အဖိုးတန်သားသည် ပိုမိုသန်မာလာခဲ့ပြန်လေပြီ။ ပြီးခဲ့တုန်းက အထွတ်အထိပ် စစ်ဘုရင်များစွာတို့၏ ဝိုင်းဝန်းခြင်းကို ခံရသည့် အခြေအနေမျိုးကို ထပ်မံကြုံတွေ့ရပါက သားဖြစ်သူ တစ်ယောက်ထဲနှင့် အားလုံးကို ရှင်းထုတ်နိုင်လောက်သည်။

စုလင်းရှုံလည်း အလွန်အားကျနေပြီး ကြိုးကြိုးစားစားဖြင့် ကျင့်ကြံကာ ထုံးရွှမ်အဆင့်ကို အမြန်ဆုံး  ချိုးဖျက်မည်ဖြစ်သည်။

ရှီအာနှင့် ကျိုးယင်တို့မှာလည်း သွေးများ ဆူပွက်နေကြ၏။ ထုံးရွှမ်အဆင့်ကို မျှော်လင့်ရင်းက နေ့ရောညပါ အပတ်တကုတ် ကြိုးစားကျင့်ကြံသည်။

ကျိုးယင်မှာ ချီနှင့်သွေးအဆင့်၏  အထွတ်အထိပ်(ပြီးပြည့်စုံခြင်း)သို့ ရောက်ရှိပြီးဖြစ်သည်။ သို့ပေမယ့် မူလအဆင့်သို့ ချိုးဖျက်ရန် အခြေခံလုံလောက်ခြင်းမရှိဟု ခံစားရပြီး အခွင့်အရေးကို စောင့်စားနေ၏။ ထို့ကြောင့် သူမ၏ အခြေခံကို ဆက်လက် တည်ဆောက်နေသေးသည်။

မလုံလောက်သည့် အခြေခံကြောင့် မူလအဆင့်သို့ ချိုးဖျက်ပြီးပါက ခွန်အား နိမ့်ပါးနေမည်ကို လိုချင်ခြင်းမရှိပါ။

ရှီအာလည်းပဲ ချီနှင့်သွေးအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပါပြီ။ သို့ပေမယ့် မူလအဆင့်သို့ ချိုးဖျက်ရန်အတွက် သူ၏အခြေခံမှာ ပိုမိုကာပင် အားနည်းပြီး ခွန်အားက အလွန် အပေါ်ယံဆန်လှသည်ဟု ခံစားရသည်။

ထို့ကြောင့် အရူးအမူးဖြင့် အခြေခံကို ဖြည့်တင်းနေ၏။ ယခုအချိန်၌ အဆင့်ချိုးဖျက်ရန်အတွက် ဒန်ဆေးလုံးများ၏ အကူအညီရှိရာ မူလအဆင့်သို့ ချိုးဖျက်နိုင်နေပြီး ဖြစ်ပေမယ့် အဆင့်ချိုးဖျက်ပြီးပါက အားနည်းသည့် မူလအဆင့်ဖြစ်ကာ ကျိုးယင်၏ ရိုက်နှက်ခြင်း ခံရမည်ကို စိုးရိမ်နေပါသည်။

သူသည် ထိုကိစ္စအတွက် အလွန်မပျော်မရွှင် ဖြစ်မိ၏။ ထို့ကြောင့် ကိုယ့်ကိုယ်ကို မြှင့်တင်ရန်အတွက် အံကိုကြိတ်ပြီး ကြောင်နီကို သွားရှာသည်။

ရလဒ်အနေနှင့် ကြောင်နီ၏ လက်သည်းဖြင့် ရိုက်နှက်ခံခဲ့ရပြီး အရိုးတစ်ချောင်း ကျိုးသွားခဲ့၏။ စုလင်းရှုံက ဒဏ်ရာကုသပေးရင်းနှင့် သူမ၏ မျက်နှာက ထူးဆန်းသွားသည်။

ကြောင်နီသည် တမင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု အမြဲတမ်း ခံစားနေရ၏။ ကြာပွတ်နှင့် အရိုက်ခံရခြင်းအတွက် ပြန်လည် လက်စားချေခြင်းလေလား။

ကြည့်ရသည်မှာ ရှီအာ၏ ကြောင်နီအား ကြာပွတ်နှင့် ရိုက်ခြင်းမှာ ကောင်းကျိုးအတွက် ဖြစ်သည်ဟူသည့်  ဦးနှောက်ဆေးခြင်း နည်းလမ်းမှာ အရမ်းကြီး အသုံးမဝင်သည့်ပုံ ရှိသည်။ တစ်ဖက်က အခွင့်အရေးရတုန်း လက်စားချေလာပြီ ဖြစ်၏။

All Chapters