ဒီအချိန်က ဆရာဖြစ်တဲ့ ငါ့ရဲ့ ခြေတွေလက်တွေ လေ့ကျင်ခန်းလုပ်ရမယ့် အချိန်ပဲ(၂)
Vol. 21 Ch. 302
"ဟစ်.. အထွဋ်အထိပ် စစ်ဘုရင် အယောက်ငါးဆယ်တောင်လား"
မုန့်ရှူရှူ၏ မျက်နှာက ဖြူရော်သွားသည်။ ဤသည်က အလွန် ကြောက်ဖို့ကောင်းလှ၏။
ရွှီယန်သည် မည်မျှပင် စွမ်းအားကြီးမားစေကာမူ လူတစ်ယောက်တည်းနှင့် ဘယ်လိုလုပ်ပြီး ယခုမျှ များပြားလှသည့် စစ်ဘုရင်များကို ရင်ဆိုင်နိုင်မည်နည်း။
ခုံရော့ကျစ်က ချွေးစေးများ ထွက်လာပြီး ပြောသည်။
"အတွင်းဘက်နယ်မြေက အရမ်းစွမ်းအားကြီးတာလား.. ယွဲ့နိုင်ငံက အရမ်း အင်အားတောင့်တင်းတာလား.. ငါတို့ သဟွက အားနည်းလိုက်တာ"
သို့ရာတွင် သူသည် အံကိုကြိတ်ကာ ပြော၏။
"ဒီတစ်ခေါက် အန္တရာယ်ကိုသာ ကျော်ဖြတ်နိုင်ရင် ယွဲ့နိုင်ငံကို ငါဖျက်ဆီးပစ်ရမယ်"
ဤသည်မှာ ချန်ချင်းစံအိမ်အတွက် သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု ဖြစ်၏။ သူတို့သာ အနိုင်ရပါက အတွင်းဘက်နယ်မြေတွင် အထက်တန်းကျသည့် အဖွဲ့အစည်းများ၏ တရားဝင် ဝင်ရောက်နိုင်ပါပြီ။ ရှုံးနိမ့်လျှင်တော့ အရာအားလုံးကို ဆုံးရှုံးရမှာ ဖြစ်သည်။
စုလင်းရှုံက စိုးရိမ်နေသည့် အသွင်ဖြင့် လီရွှမ်ဆီသို့ အပြေးသွားကာ ပြောသည်။
"ဆရာ.. ဒီအခြေအနေကို ရင်ဆိုင်နိုင်တယ်မလား"
'အထွဋ်အထိပ် စစ်ဘုရင် အယောက်ငါးဆယ်...'
အစက သူမအနေနှင့် ယွဲ့နိုင်ငံ သို့မဟုတ် ဝတ်စုံနက်များ၏ အဖွဲ့အစည်းကိုသာ ရင်ဆိုင်ရမည်ဟု ထင်ထားခဲ့တာပါ။ သို့ရာတွင် ထိပ်တန်း အဖွဲ့အစည်းများစွာတို့ စုစည်းလာခဲ့၏။ ဓားသခင် ချောက်ကမ်းပါး၏ အကူအညီ ဖြင့်ပင်လျှင် ဖိအားက ကြီးမားလှဆဲ ရှိသည်။
လီရွှမ်မှာ ပြောစရာစကား မဲ့သွား၏။ အတွင်းဘက်နယ်မြေတွင် အထွတ်အထိပ် စစ်ဘုရင်များ များပြားလှသည် မဟုတ်ပါလား။
သို့ရာတွင် တွေးတောမှုအချို့ ပြုလုပ်ပြီးနောက် အံ့ဩစရာ မကောင်းလှပုံကို သိလာခဲ့သည်။
ထန်းပေါင်စံအိမ်၏ မန်နေဂျာ ပြောခဲ့သလိုပင်။ နောက်ဆုံးမင်းဆက်၏ ပြိုလဲမှုအပြီးတွင် အတွင်းဘက်နယ်မြေ၏ သိုင်းလောက၌ မည်သည့် ကြီးမားသည့် စစ်ပွဲမှ ဖြစ်ပွားခဲ့ခြင်း မရှိပေ။ ဤသည်မှာ ပြန်လည်ဖွံ့ဖြိုးသည့် အချိန်ကာလများ ဖြစ်၏။
အထွတ်အထိပ် စစ်ဘုရင်များသည် အတွင်းဘက်နယ်မြေ၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီး ဖြစ်ကြ၏။ မဟုတ်လျှင်တောင် အလွန်နီးကပ်ပါသည်။
ယခုမျှ ကြီးမားလှသည့် အတွင်းဘက်နယ်မြေတွင် များပြားလာသည့် ပါရမီရှင်များ ရှိနေ၏။ နှစ်များစွာ ကြာရှည်လာသည်နှင့်အမျှ ထိုပါရမီရှင်များမှ အထွတ်အထိပ် စစ်ဘုရင်အဆင့်သို့ တက်လှမ်းခဲ့ကြသည်များ စုစည်းလာခဲ့သည်။ ရလဒ်အနေနှင့် အထွတ်အထိပ် စစ်ဘုရင်တို့ များပြားစွာ ရှိလာစေ၏။
သာမန် နေ့တစ်နေ့တွင် အထွတ်အထိပ် စစ်ဘုရင်ကို ကြုံတွေ့ရန် ခက်ခဲပေလိမ့်မည်။
ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အထွတ်အထိပ် စစ်ဘုရင်အဆင့်သို့ ရောက်ရှိပြီးသူများသည် သူတို့ကိုယ်သူတို့ ပြည့်စုံအောင် ပြုလုပ်နေကြပြီး ဆက်လက် အဆင့်တက်နိုင်မည့် လမ်းကြောင်းအား ဆက်တိုက် စူးစမ်းရှာဖွေနေကြ၍ ဖြစ်၏။
တို့ကြောင့် အပြင်ဘက်တွင် လှုပ်ရှားသွားလာကြသည့် အထွတ်အထိပ် စစ်ဘုရင်တို့ အများကြီး မရှိပေ။
ထို့အပြင် အထွတ်အထိပ် စစ်ဘုရင်များသာ သူတို့၏ ခွန်အားကို ထုတ်ဖော်ပြသခြင်း မရှိပါက သာမန် သိုင်းသမားများအနေနှင့် သူတို့ကို လုံးဝ သိမြင်နိုင်မည် မဟုတ်ပေ။ ထိုအကြောင်းကြောင့်ပင် အတွင်းဘက်နယ်မြေ ၌ အထွတ်အထိပ် စစ်ဘုရင်များ အကြောင်းကို ဒဏ္ဍာရီများအဖြစ်သာ ကြားသိကြသည်။
သို့ပေမယ့် ယခုအချိန်၌ ကြီးမားသည့် အကျိုးအမြတ်နှင့် အခွင့်အရေးတို့ ပေါ်လာခဲ့ရာ တစ်ယောက်ပြီးတစ်ယောက်သော အထွတ်အထိပ်စစ်ဘုရင်များ ကိုယ်ထင်ပြလာပြီး လောကကြီးကို အံ့အားသင့်စေခဲ့၏။
"ဆရာက ဒီကို ဘဝကို ရှုမြင်ခံစားဖို့ ရောက်လာတာပဲ.. တပည့်.. နောင်မှာ နင်သေသေချာချာ ကြိုးစားလေ့ကျင့်ရမယ်.. ဆရာတစ်ယောက်အနေနဲ့ ဒီအထွတ်အထိပ်စစ်ဘုရင်လို အားနည်းသူတွေနဲ့ တိုက်ခိုက်ရမှာ ဂုဏ်သိက္ခာကို အနည်းငယ် ထိခိုက်စေတယ်"
လီရွှမ်က စုလင်းရှုံ၏ လက်ကိုပုတ်ကာ သက်ပြင်းချသည်။
စုလင်းရှုံမှာ ရှက်ရွံ့စွာ ခံစားလိုက်ရ၏။
"ဆရာ.. ဆရာ့ကို ဒီပဋိပက္ခထဲ ဝင်ရောက်ရစေတာ တပည့်ရဲ့အမှားပါ"
ထိုအချိန်၌ ရွှီယန်နှင့် မုန့်ချုံတို့လည်း ပြန်လာကြပြီး ဆရာဖြစ်သူ၏ စကားကို ကြားလိုက်ရသည်။ ချက်ချင်းပင် အရှက်ရစွာ ခံစားကြရ၏။
"ဆရာ.. ဒါက အထွတ်အထိပ်စစ်ဘုရင် ၅၀လောက်ပါပဲ.. ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်"
ရွှီယန်က အံကိုကြိတ်ကာ ပြောသည်။
နှလုံးသားထဲတွင် အလွန် အရှက်ရနေမိ၏။
'ဆရာက ငါ့ကြောင့်မလို့ လောကထဲကို ပြန်လည်ခြေချလာခဲ့တဲ့ တစ်သီးတစ်သန့်နေထိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ အစက လောကကြီးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ခံစားလို့ ရခဲ့သေးတယ်.. ဒါပေမယ့် အခုတော့ ဒီဘာမဟုတ်တာတွေနဲ့ ရင်ဆိုင်ဖို့ လိုအပ်လာခဲ့ပြီ.. သူ့အတွက် စိတ်မသက်မသာ ခံစားရစေမှာ အမှန်ပဲ'
ရွှီယန်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သူလည်း အလွန် စွမ်းအားကြီးမား နေပါလျှက်နှင့် သာမန်လူများနှင့် တိုက်ခိုက်ရသည့်အခါ အကူအညီမဲ့စွာနှင့် အစော်ကား ခံရသကဲ့သို့ ခံစားရမှာ ဖြစ်သည်။
ထိုအရာအားလုံးတို့မှာ တပည့်များ၏ စွမ်းရည် မလုံလောက်မှုကြောင့် ဖြစ်၏။
မုန့်ချုံလည်းပဲ တူညီစွာ ခံစားရသည်။ ယခုအချိန်၌ သူသည် မူလအဆင့်၌သာ ရှိပေမယ့် သာမန်လူများနှင့် တိုက်ခိုက်ရမည်ဆိုပါက မသက်သာစွာ ခံစားရမှာ ဖြစ်သည်။
ရွေးချယ်စရာမရှိပဲ လုပ်ဆောင်ရမည် ဆိုလျှင်တောင် စိတ်ထဲ၌ မည်မျှ အကူအညီမဲ့နေမည်ကို စဉ်းစားကြည့်နိုင်၏။
'ဆရာလည်း အခုအချိန်မှာ အဲလိုပဲ ခံစားနေရတာ ဖြစ်လိမ့်မယ်'
လီရွှမ်က အရှက်ရမှုတို့ဖြင့် ပြည့်နှက်နေသည့် တပည့်သုံးယောက်တို့ကို ကြည့်ကာ တိတ်တဆိတ် ခေါင်းညှိတ်သည်။ ယခု အချိန်၌ ဆရာဖြစ်သူ၏ အကူအညီမဲ့မှုကို ခံစားနိုင်ကြပြီ မဟုတ်ပါလား။
သူတို့သည် ဆရာဖြစ်သူကို ရိုသေလေးမြတ်ပြီး ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ရန် လိုအပ်၏။ ခွန်အားအဆင့်တို့ ပိုမိုမြန်ဆန်စွာ မြင့်တက်လာလေ ပိုကောင်းလေဖြစ်သည်။
ဤသည်ထက် တပည့်များကို ပိုမိုနှိုးဆော်နိုင်မည့် နည်းလမ်းမရှိပေ။
သူက ရွှီယန်ကို ကြည့်သည်။ ရွှီယန်မှာ အလွန်သန်မာ၏။ သို့ပေမယ့် ဘာပဲဖြစ်ဖြစ် သူသည် မူလအဆင့်၏ အထွတ်အထိပ်၌သာ ရှိနေသေး၏။ အထွတ်အထိပ် စစ်ဘုရင် ၇ယောက်၊ ၈ယောက် (သို့) ဆယ်ယောက်တို့ကိုတောင် ရင်ဆိုင်နိုင်တာ ဖြစ်ပေလိမ့်မည်။
သို့ပေမယ့် အထွတ်အထိပ် စစ်ဘုရင် အယောက်ငါးဆယ်တို့ စုပေါင်းလာခြင်း၏ စွမ်းအားက ရွှီယန်၏ လက်ရှိခွန်အားနှင့် သေချာပေါက် ရင်ဆိုင်နိုင်မည် မဟုတ်ပါ။
ထုံးရွှမ်အဆင့်သို့ ထိုးဖြတ်ပြီးမှသာ ရင်ဆိုင်နိုင်လိမ့်မည်။
"ငါတပည့်တို့ မျက်ကန်းခေါင်းမာသလိုမျိုး မလုပ်ကြနဲ့.. ယာယီ ရဲရင့်ပြတာက ဉာဏ်ပညာရှိတဲ့လုပ်ရပ် မဟုတ်ဘူး.. လူအုပ်ကြီးကို ရင်ဆိုင်ရချိန်မှာ အရေးနိမ့်တာ ပုံမှန်ပါပဲ.. ငါမင်းတို့ကို ပြောခဲ့ဖူးသလိုပဲ စစ်မှန်တဲ့ သိုင်းသမားတစ်ယောက်က စိတ်လိုက်မာန်ပါနဲ့ ခွန်အားကိုချည်း သုံးတတ်တာမဟုတ်ဘူး"
သူသည် တပည့်များအား နိုင်ရနိုင်ခြင်း မရှိသည့် ရန်သူကို ရင်ဆိုင်ရချိန်၌ ခေါင်းမာစွာ ပြေးဝင်တိုက်ခိုက် တာမျိုး မဖြစ်ရအောင် သင်ကြားပေးရန် လိုအပ်ပါသည်။ နောင်တစ်ချိန်တွင် စွမ်းအားကြီးမားသည့် ရန်သူများကို ကြုံတွေ့ရပါက ခေါင်းမာခြင်းက ကောင်းမည်မဟုတ်ပါ။
ရွှီယန်က ချက်ချင်းပင် အပြစ်ရှိစွာ ခံစားလိုက်ရသည်။
"ကျွန်တော် သေချာပေါက် ဆရာ့ရဲ့သင်ကြားမှုတွေကို စိတ်ထဲမှာ မှတ်သားထားပါမယ်"
အထွတ်အထိပ် စစ်ဘုရင် အယောက်ငါးဆယ်..
ရွှီယန် ဝန်ခံပါသည်။ သူ၏ လက်ရှိခွန်အားနှင့် အနိုင်ရရန် အခွင့်အရေး မရှိပါ။ တစ်ခုတည်းသော ရွေးချယ်စရာမှာ ထွက်ပြေးရန်ဖြစ်၏။
ဤသည်မှာ ဆယ်ယောက်လောက်သာ ဆိုပါက သူ့အနေနှင့် အနိုင်ရနိုင်မည့် အခွင့်အရေးတို့ ရှိမှာဖြစ်၏။
"ဆရာ.. ဆိုလိုတာက ဆရာကိုယ်တိုင် လှုပ်ရှားမှုပြုဖို့ လိုအပ်တယ်လို့လား"
ရွှီယန်က အရှက်ရစွာဖြင့် မေး၏။
ထိုအရာအားလုံးတို့မှာ သူ၏ ညံ့ဖျင်းမှုကြောင့်ဖြစ်သည်။ အထွတ်အထိပ် စစ်ဘုရင် အယောက်ငါးဆယ်ကိုပင် အနိုင်ယူနိုင်စွမ်း မရှိပေ။
တိတ်တဆိတ် ကျိန်ဆိုမိ၏။ သူသည် သိုင်းပညာကို နက်ရှိုင်းစွာ နားလည်ပြီး ထုံးရွှမ်အဆင့်သို့ အမြန်ဆုံး ချိုးဖြတ်ရပေမည်။
မိမိ၏ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်မည်ဖြစ်၏။
'ငါ.. ဒီလူတွေကိုတောင် ရင်မဆိုင်နိုင်ဘူး.. ဆရာ့ကို ဝင်ပါရအောင် ဖြစ်စေခဲ့တယ်.. ဆရာ့ရဲ့ သင်ကြားမှုတွေအတွက် တကယ်ကိုအရှက်ရစရာပဲ'
လီရွှမ်က မတ်တတ်ရပ်သည်။ ခါးကိုလိမ်ကာ လက်ချောင်းခြေချောင်းများကို အကြောဆန့်ပြီး ပြော၏။
"ဆရာတစ်ယောက်အနေနဲ့ ငါက ဘယ်တုန်းကမှ အခြားလူတွေကို ခွန်န်အားအဆင့်သုံးပြီး မဖိနှိပ်ဘူး.. ဒါကြောင့်မလို့ ဒီလူတွေကို ရှင်းလင်းဖို့အတွက် ထုံးရွှမ်အဆင့်ကိုပဲ ငါသုံးမယ်"
"ကောင်းပြီ.. ဒီအချိန်က ငါ့အတွက် ခြေတွေလက်တွေကို လှုပ်ရှားပြီး ထုံးရွှမ်အဆင့်ရဲ့ စွမ်းအားကို ပြသရမယ့် အချိန်ပဲ"
နောက်ဆုံးတွင် သူ၏ တိုက်ခိုက်မှု အလှည့်သို့ ရောက်ရှိလာခဲ့ပါပြီ။ တပည့်များအား ဆရာဖြစ်သူ၏ အစွမ်းအားကြီးမားမှုကို သရုပ်ဖော် ပြသရန်အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ဖြစ်၏။
ထိုစကားကို ကြားရပြီးနောက် ရွှီယန်တို့မှာ ချက်ချင်းပင် တကကြွလာကြသည်။
'ငါတို့ဆရာက တကယ့်ကို တခြားလူတွေကို သူ့ရဲ့ခွန်အားအဆင့်နဲ့ ဘယ်တော့မှ မဖိနှိပ်တတ်တဲ့ သူမြတ်တစ်ပါးပဲ.... ရန်သူများစွာကို ရင်ဆိုင်ရရင်တောင် ဒီပုံစံအတိုင်းပဲ ကျင့်သုံးတယ်.. သူက စစ်မှန်တဲ့ စွမ်းအားကြီးသူ တစ်ယောက်ပဲ'
ရွှီယန်က နှလုံးသားထဲတွင် သက်ပြင်းချကာ စဉ်းစားသည်။
"အဆင့်တွေအရ ကြည့်မယ်ဆိုရင် မူလအဆင့်က အတွင်းဘက်နယ်မြေရဲ့ သိုင်းသခင်တွေနဲ့ အဆင့်အတူတူပဲ.. ထုံးရွှမ်အဆင့်ကတော့ စစ်ဘုရင်အဆင့်နဲ့ ညီမျှတယ်.. ဆရာက အထွတ်အထိပ် စစ်ဘုရင်အယောက်ငါးဆယ်ကို ထုံးရွှမ်အဆင့်နဲ့ အနိုင်ယူပြမှာ.. မယုံကြည်နိုင်စရာပဲ"
"ဒါက အဆင့်တူတွေ အကြားမှာ စစ်မှန်တဲ့ နှိုင်းမဲ့ခြင်းဖြစ်တယ်.. ရန်သူအရေအတွက် ဘယ်လောက်များများ အဆင့်တူထဲမှာသာ ရှိရင် အားလုံးကို လူတစ်ယောက်နဲ့ အနိုင်ယူနိုင်တယ်.. ငါရော ဘယ်တော့များမှ အဲ့လိုမျိုးလုပ်နိုင်လာမှာလဲ"
မုန့်ချုံလည်း အံ့ဩစွာဖြင့် စဉ်းစား၏။
စုလင်းရှုံမှာ အလွန် စိတ်လှုပ်ရှားနေပါသည်။ နောက်ဆုံးတွင် ဆရာဖြစ်သူ၏ တိုက်ခိုက်မှုကို နောက်ထပ်တစ်ကြိမ် မြင်တွေ့ရ ပေတော့မည်။
အရင်တုန်းက စစ်ဘုရင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် ဖောက်ခွဲခဲ့သည့် မြင်ကွင်းအား မှတ်ဉာဏ်ထဲတွင် မြင်ယောင်နိုင်ဆဲရှိ၏။ ယခုအချိန်တွင်တော့ အထွတ်အထိပ်စစ်ဘုရင် ဆယ်ဂဏန်းများစွာကို ရင်ဆိုင်တော့မည်ဖြစ်သည်။
ဤသည်မှာ မည်ကဲ့သို့သော အနှိုင်းမဲ့သည့်အသွင်အပြင် ဖြစ်သနည်း...
ထိုအချိန်၌ မုန့်ရှူရှူတစ်ယောက် စိတ်သက်သာရာ ရသွားသည်။ ယခုအချိန်၌ ဆရာကြီးက လှုပ်ရှားလာတော့မည် ဖြစ်ရာ မည်သည့် ပြဿနာမှ ရှိတော့မည် မဟုတ်ပေ။
ခုံရော့ကျစ်မှာ ရိုသေလေးစားစွာ ရှိနေ၏။ ဤသည်မှာ ငါတို့သဟွ၏ သိုင်းဘိုးဘေး ဖြစ်သည်ဟု စိတ်ထဲတွင် အသံပြုမိ၏။
သူသည် နောက်ဆုံးတွင် ကံကောင်းထောက်မပြီး သိုင်းဘိုးဘေး၏ ကိုယ်တိုင် လှုပ်ရှားမှုကို မြင်တွေ့နိုင်ပေတော့မည်။ တစ်ဖက်လူသည် အဆင့်တူကိုသာ အသုံးပြုပြီး ရန်သူအားလုံးတို့ကို အနိုင်ယူမည်ဖြစ်၏။
"ငါတို့သဟွရဲ့ ဂုဏ်ကျက်သရေက အတွင်းဘက်နယ်မြေမှာ သေချာပေါက် ထွန်းလင်းလာမှာ"
ခုံရော့ကျစ်က စိတ်လှုပ်ရှားစွာဖြင့် စဉ်းစားသည်။ ဒီမုန်တိုင်းကြီး ပြီးပါက ယွဲ့နိုင်ငံ၏ နေရာတွင် သဟွကို မည်ကဲ့သို့ အစားထိုးရမည်နည်းဟု စိတ်ထဲတွင် ကြံစည်နေ၏။
'ပုန်ကန်ခြင်း'
ဟုတ်ပါသည်။ ပုန်ကန်ရမည် ဖြစ်၏။
သိုင်းဘိုးဘေးသာ ရန်သူအားလုံးတို့ကို အနိုင်ယူပြီး ချီစုဆောင်းခြင်းဆေးလုံး၏ အရင်းအမြစ်များကို ထိန်းချုပ်ထားပါက ယွဲ့နိုင်ငံ၏ စွမ်းအားကြီး ပုဂ္ဂိုလ်များကို ဆွဲဆောင်နိုင်မှာ ဖြစ်သည်။
သူသည် စွန့်ပစ်ဒေသတွင် ပုန်ကန်မှု ကျရှုံးခဲ့၏။ ဒီတစ်ကြိမ် အတွင်းဘက်နယ်မြေတွင်တော့ သေချာပေါက် အောင်မြင်ရပေမည်။ ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုကို ဖြုတ်ချပစ်မည် ဖြစ်၏။
လူတိုင်း၏ စိတ်လှုပ်ရှားနေသည့် အသွင်အပြင်ကို တွေ့ရပြီးနောက် လီရွှမ်က နှလုံးသားထဲတွင် ရေရွတ်သည်။
"စစ်ဘုရင်အဆင့်ရဲ့အထက်က တည်ရှိမှုတွေများ ရှိလားမသိဘူး။ ရှိရင်တောင် ဆယ်ယောက်(သို့) အယောက်နှစ်ဆယ်သာ မဟုတ်ရင် ငါ့ရဲ့ မြင့်မားထည်ဝါတဲ့ ဆရာသခင်တစ်ယောက်ရဲ့ အသွင်အပြင်ကိုထိန်းသိမ်းထားနိုင်လောက် သေးတယ်"
"အထွတ်အထိပ် စစ်ဘုရင် အယောက်၅၀က ကိစ္စကြီးမဟုတ်ဘူး.. ငါ့ရဲ့ လက်ရှိခွန်အားနဲ့ အယောက်၅၀ကို မပြောနဲ့ ၁၀၀လာလည်း အားလုံးကို ရှင်းပစ်နိုင်သေးတယ်"
သူ၏ ကိုယ်ပိုင်ခွန်အားကို သေသေချာချာ တွက်ဆပြီးနောက် လီရွှမ်တစ်ယောက် ယုံကြည်ချက်ရှိစွာ ခံစားရ၏။ ဤသည်မှာ ကိစ္စကြီး မဟုတ်ပေ။
ဒန်ဆေးလုံးများ၏ ဆွဲဆောင်နိုင်မှုမှာ သူစိတ်ကူးထားသည်ထက် အမှန်တကယ် ကျော်လွန်နေကြောင်းကိုလည်း ပြန်ပြောင်းတွေးတောမိသည်။
သို့ပေမယ့် ဒီတစ်ကြိမ်၌ သူ၏ အထွတ်အထိပ် စစ်ဘုရင် များစွာတို့ကို နင်းချေမှု အပြီးတွင် ချန်ချင်းစံအိမ်သည် အတွင်းဘက်နယ်မြေအား လှုပ်ခါသွားစေမှာဖြစ်၏။ အမြင့်ဆုံးရှိ အင်အားစုတစ်ခု ဖြစ်လာမှာ ဖြစ်သည်။
ဆေးလုံးတွေအပေါ်ကို ကြံစည်ချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်မှာ ဘယ်လိုခွန်အားမျိုး ရှိတယ်ဆိုတာကို အရင်တိုင်းဆဖို့ လိုအပ်လိမ့်မယ်...
ယနေ့မှစတင်ပြီး အဖွဲ့အစည်းများစွာနှင့် သိုင်းပညာရှင် များစွာတို့သည် ဒန်ဆေးလုံးများကို ချန်ချင်းစံအိမ်မှသာ ဝယ်ယူနိုင်ကြမည်ဖြစ်သည်။
"ထန်းပေါင်စံအိမ်ရော လှုပ်ရှားမှု ပြုလာမလား.. သူတို့ရဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တွေက ဘယ်သူတွေ ဖြစ်မလဲ..."
လီရွှမ်သည် ထန်းပေါင်စံအိမ်ကို လစ်လျူရှုထားမည် မဟုတ်ပါ။ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ကတည်းက ထန်းပေါင်စံအိမ်၏ ရန်လိုမှုအား ရင်ဆိုင်ရန်အတွက် ပြင်ဆင်ထားပြီးဖြစ်သည်။
ထန်းပေါင်စံအိမ်သာ အင်အားစုများစွာ၏ ပူးပေါင်းမှုအောက်တွင် ရွှီကျွင်းဟယ်တို့ကို ယုံကြည်ချက်ရှိရှိ ကာကွယ်ရဲမည်ဆိုပါက သူတို့၏ ခွန်အားက အလွန် ထူးကဲလောက်မှာ ဖြစ်သည်။
"အထွတ်အထိပ် စစ်ဘုရင် အယောက်တစ်ရာလို့ အကြမ်းဖျင်း တွက်ထားတာပေါ့.. ကိစ္စမရှိဘူး.. ငါသူတို့အားလုံးကို ရင်ဆိုင်နိုင်ပါသေးတယ်"
သုံးသပ်ချက် ပြုပြီးနောက် သူသည် အတွင်းဘက်နယ်မြေ၏ အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကြောင်းကို လီရွှမ် တွေ့လိုက်ရသည်။
'ဒါတွေအားလုံးက ကိစ္စငယ်လေးတွေပဲ.. ကြောက်စရာမရှိဘူး'
သူသည် ကုလားထိုင်ပေါ်တွင် အသာထိုင်လိုက်ရင်းက ကျောက်စိမ်းအဆောင်ကို လက်ထဲတွင် ကစားနေ၏။ တပည့်များကို ဆက်လက် အားပေးတော့မှာ ဖြစ်သည်။ အရှက်ရရမှုကို ခံစားရပြီးနောက် ရဲရင့်မှုအဖြစ် ပြောင်းလဲကာ နောင်တွင် သိုင်းပညာကို ပိုမိုကြိုးစားကာ ကျင့်ကြံကြမည် ဖြစ်၏။
ရုတ်တရက် သူ၏မျက်ခုံးများက ကြုတ်သွားပြီး ချန်ချင်းစံအိမ်၏ အပြင်ဘက်သို့ ကြည့်သည်။
ပုံရိပ်ရှစ်ခုတို့ ရွေ့လျားလာခဲ့၏။ ဦးဆောင်လာသည့် လူသည် လမ်းလျှောက်တုတ်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး သေအံ့ဆဲဆဲ အဘိုးအိုတစ်ယောက်နှင့် တူညီပါသည်။ သူ၏နောက်ရှိ လူ၇ယောက်တို့ အားလုံးမှာ အထွတ်အထိပ် စစ်ဘုရင်များ ဖြစ်ကြ၏။
အားလုံးတို့သည် ဝတ်စုံနက်များကို ဝတ်ဆင်ထားကြပြီး အဘိုးအိုမှလွဲ၍ ကျန်သူများအားလုံး၏ မျက်နှာများကို ဖုံးအုပ်ထားကြသည်။