← Chapters

ကံတရား

Vol. 24 Ch. 340

ကံတရား

Vol. 24 Ch. 340

အခန်း (၃၄၀) ကံတရား

ရှည်လျားသောလုပ်ငန်းစဉ်အတွင်း ‘ကမ္ဘာမြေဖျက်ဆီး’ အမွှေးတိုင်အိုးလေးသည် ပကတိရေခဲသွေးကြော၏ အအေးဓာတ်ချီစွမ်းအားများစွာကို စုပ်ယူထားပြီး ဖြစ်သည်။

လှည့်ပတ်နေသည့်အစီအရင်ထက်၌ တောက်ပနေသောသွေးနီရောင်အလင်းတန်းမှာလည်း တဖြည်းဖြည်း မှေးမှိန်လာပြီဖြစ်သည်။

ရန်‌ကျောက်ကဲနှင့် အားဟူရှေ့တွင် စီးဆင်းနေသော အပြာရောင်အလင်းစီးကြောင်းသည် အရင်ကနှင့်မတူ အနည်းငယ် ပြောင်းလဲသွားသည်။

ပြောင်းလဲမှုက အလွန်သေးငယ်သောလည်း ခံစား၍ရနိုင်သည်။

ဤသည်ကိုမြင်တော့ ရန်ကျောက်ကဲက ရေရွတ်လိုက်သည်။

“နောက်ထပ်ရိုက်ချက်က ပိုပြီးကြီးမားလိမ့်မယ် ၊ အနားကို ဘယ်သူမှရောက်မလာဖို့ မျှော်လင့်ရတာပဲ ၊ စွန့်စားကြည့်ရတာပေါ့”

ပြောပြီးသည်နှင့် အားဟူကိုခေါ်ကာ မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ထဲသို့ ဝင်လိုက်သည်။ လွန်းပြန်ယဉ်က အေးခဲနေသောမြေဆီလွှာနှင့် ရေခဲအလွှာများကို ဖြတ်သန်းကာ ရေခဲလွင်ပြင်ဆီသို့ အလျှင်အမြန် ပြန်တက်သွားသည်။

သူတို့ ရေခဲလွင်ပြင်ထက်ရောက်ပြီး သိပ်မကြာခင်မှာပင် သူတို့ခြေဖဝါးအောက်မှ မြေပြင်က ရုတ်တရက်တုန်လှုပ်သွားသလို ခံစားလိုက်ကြရသည်။

ရန်ကျောက်ကဲ အောက်သို့ ငုံ့ကြည့်လိုက်သည်။

မြောက်ဖျားနှင်းလွင်ပြင်ဒေသတွင် ငလျင်လှုပ်ခတ်နေသည်လား။

မကြာမီ နှင်းလွင်ပြင်အက်ကွဲသွားပြီး မြေကြီးများ ၊ ကျောက်တုံးများ ၊ ရေခဲများ အဆက်မပြတ်ပြိုကျသွားကာ မြေကြီးအောက်မှ တောင်ကုန်းတစ်ခု ထိုးဖောက်ထွက်ပေါ်လာသည်။

ထိုအရာက မီးတောင်အဝတစ်ခုပမာဖြစ်ပြီး အောက်ဘက်မည်မျှ နက်ရှိုင်းသည်ကို မသိနိုင်ပေ။ နှင်းလွင်ပြင်ထက်တွင် ကျယ်ပြန့်စွာနေရာယူထားပြီး မီးတောင်အတွင်းမှ ငလျင်လှုပ်ခတ်မှုက ပြတ်တောင်းပြတ်တောင်း ဖြစ်ပေါ်နေသည်။

ရန်ကျောက်ကဲနှင့် အားဟူတို့ မီးတောင်ထိပ်ဝအစွန်းတွင် မတ်တတ်ရပ်လျှက် ရှိကြသည်။ အထဲသို့ ငုံ့ကြည့်လိုက်တော့ မှောင်အတိကျနေသည်ကိုသာ တွေ့မြင်ရ၏။

သူတို့ မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကို အသုံးမပြုတော့ဘဲ မီးတောင်ဝမှ အတွင်းသို့ ဆင်ခြေလျှောအတိုင်း လမ်းလျှောက်ဆင်းသွားကြသည်။ ရှည်လျားသော အမှောင်ထုအဆုံးတွင် လှုပ်ခတ်နေသည့် ရေခဲပြရောင်အလင်းတန်းတစ်ခုကို မှုံဝါးစွာ တွေ့မြင်ရသည်။

“သခင်လေး... ကျွန်တော်တို့ အောင်မြင်သွားပြီလား”

ရှေ့ဆက်လမ်းလျှောက်လာရင်း အားဟူက မမေးသည်။

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရင်း...

“ဒါက ပကတိရေခဲသွေးကြော ပြောင်းလဲသွားလို့ ဖြစ်ပေါ်လာတဲ့ ရလဒ်ပဲ ၊ ဒါပေမဲ့ ဒီနေရာမှာ ဖြစ်ပေါ်တဲ့အပြောင်းအလဲက တခြားဝေးလံတဲ့နေရာတစ်ခုက ပကတိမီးသွေးကြောကို ထိခိုက်စေဖို့ဆိုရင်တော့ အချိန်တစ်ခု စောင့်ရဦးမယ်”

မီးတောက်အောက်ခြေသို့ရောက်သည့်အခါ စောစောက သူတို့ အစီအရင်တည်ဆောက်ထားသော ရေခဲဂူကြီးအတွင်း ပြန်လည်ရောက်ရှိလာသည်။ အစီအရင်က တိတ်ဆိတ်စွာလည်ပတ်နေသလို မြစ်တစ်စင်းအလား အပြာရောင်အလင်းစီးကြောင်းကလည်း ငြိမ်သက်စွာစီးဆင်းနေဆဲပင်။

ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးသည်လည်း အပြာရောင်ရေခဲချီစွမ်းအားများကို အဆက်မပြတ် စုပ်ယူစားသုံးနေဆဲ ဖြစ်၏။

ရန်ကျောက်ကဲ အပေါ်သို့မော့ကြည့်လိုက်တော့ အလင်းရောင်မှိန်ပျပျကို တွေ့ရသည်။ ရေတွင်းအောက်ခြေမှ ရေတွင်းဝကို လှမ်းမြင်ရသည့်အလား ဖြစ်သည်။

ရန်ကျောက်ကဲက သက်ပြင်းချရင်း...

“ဒီမီးတောင်က အရမ်းကြီးတယ် ၊ ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ဒီနေရာကို ဖုံးကွယ်လိုက်မယ်ဆိုရင် အပေါ်က ကျလာတဲ့ကျောက်တုံးတွေ နှင်းခဲတွေက အစီအရင်ကို ဖုံးလွှမ်းသွားလိမ့်မယ်”

ခဏစဉ်းစားပြီး သူက ဆက်ပြောသည်။

“မီးတောင်ဝကြီးတစ်ခု နှင်းလွင်ပြင်မှာ ထွက်ပေါ်နေတာ အရမ်းတော့ သိသာနေတယ် ၊ ကံကောင်းတာက ဖြောက်ဖျားကိုလာတဲ့လူသိပ်မရှိတာပဲ ၊ ဒီနေရာကို ဘယ်သူမှရောက်မလာဖို့ မျှော်လင့်ပါတယ် ၊ နည်းနည်းတော့ အန္တရယ်များပေမယ့် စွန့်စားရမှာပဲ”

ထို့နောက် ရန်ကျောက်ကဲက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးနံဘေးတွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ အားဟူကလည်း ရန်ကျောက်ကဲဘေးတွင် ဝင်ထိုက်သည်။

အအေးဓာတ်စွမ်းအားများကို အဆက်မပြတ်စုပ်ယူလျှက်ရှိသော ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို သူတို့နှစ်ယောက် စိတ်ရှည်လက်ရှည် ထိုင်ကြည့်နေခဲ့ကြသည်။

သို့သော်...

ဘဝဆိုသည်က “အမြဲတမ်းကံမကောင်းနိုင်ကြောင်း” ရန်ကျောက်ကဲ သိရှိလိုက်ရသည်။

သူ၏ ညာဘက်မျက်လုံးအတွင်းမှ ခရမ်းစိမ်းရောင်မိုးကြိုးအလင်းတန်း အနည်းငယ်တုန်ခါသွားသည်။ ခေါင်းမော့ကြည့်လိုက်တော့ မည်သည့်အရာကိုမှ မမြင်ရသော်လည်း မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ၏ အကူအညီဖြင့် တစ်စုံတစ်ယောက် ချဉ်းကပ်လာကြောင်း အာရုံခံမိသည်။

အားဟူ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားပြီး...

“သခင်လေး... တစ်ယောက်ယောက်ရောက်လာလို့လား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အင်း... ဟုတ်တယ် ၊ အဲဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က မနိမ့်ဘူး ၊ အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်တစ်ယောက်တောင် ဖြစ်နေနိုင်တယ်”

တဖြည်းဖြည်း တစ်ဖက်လူ၏ ပုံရိပ်က ရန်ကျောက်ကဲ အမြင်အာရုံထဲတွင် ပေါ်လာသည်။

ထို့အတူ တစ်ဖက်လူကလည်း ရန်ကျောက်ကဲကို တွေ့မြင်ရပြီ ဖြစ်သည်။

ထိုသူက အဘိုးကြီးတစ်ယောက်ဖြစ်ပြီး အစပိုင်းတွင် စူးစမ်းလိုစိတ်ဖြင့် မီးတောင်ထဲသို့ ဆင်းလာခြင်းဖြစ်သည်။ သို့သော် ရန်ကျောက်ကဲကို တွေ့လိုက်သည်နှင့် ချက်ချင်းပင် ဒေါသများပြင်းထန်လာသည်။

သူ၏ခန္ဓာကိုယ်မှ အနက်ရောင်မုန်တိုင်းများ ထွက်ပေါ်လာပြီး ရေခဲဂူအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

တစ်ဖက်လူ၏ဇာစ်မြစ်ကိုသိလိုက်သည့်အခါ ရန်ကျောက်ကဲ မျက်လုံးပြူးသွားသည်။

“ဟမ်... ဝါဒတောင်တိုက်ပွဲမှာ အနက်ရောင်အိပ်မက်ဆိုးတောင်ကလူတွေ အကုန်သေပြီထင်တာ ၊ အခု အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက် ကျန်နေသေးပါလား ၊ ကြည့်ရတာ... နေသူတော်စင်ဂိုဏ်းမှာ ခိုလှုံနေတဲ့ အကြွင်းအကျန်လား မသိဘူး ၊ ဝါဒတောင်တိုက်ပွဲမှာ မသေဘဲ အခု မြောက်ဖျားရောက်မှ လာတွေ့နေရတယ်လို့”

ထိုအဘိုးကြီးကို တိတ်ဆိတ်စွာကြည့်ရင်း ရန်ကျောက်ကဲမျက်နှာက တည်ကြည်လေးနက်နေသည်။

အဘိုးကြီးကလည်း ရန်ကျောက်ကဲကို အေးစက်စွာ စိုက်ကြည့်နေသည်။ သို့သော် သိပ်မကြာခင် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အနက်ရောင်မုန်တိုင်းများ တဖြည်းဖြည်း ငြိမ်သက်သွားပြီး တစ်ဖက်လူက မီးတောင်ထိပ်ဝသို့ ပြန်လည် ဆုတ်ခွာသွားသည်။

အားဟူက...

“သခင်လေး... သူ စစ်ကူသွားခေါ်တာနေမယ်”

ရန်ကျောက်ကဲဆိုသည်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် နာမည်ကြီး ဖြစ်သည်။ သူ၏သိုင်းစွမ်းကိုအသာထား ၊ သူ့တွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစတစ်ခု ပိုင်ဆိုင်ထားကြောင်း တစ်လောကလုံး သိရှိကြသည်။ ‘မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ’ က အမှန်တကယ် စွမ်းအားပြင်းထန်လွန်းသည်။

ရောက်လာသည့်အဘိုးကြီးက သိုင်းဆရာသခင် စတုတ္ထဆင့် ၊ အမတဝိညာဉ် ကနဦးအဆင့် ဖြစ်သော်လည်း မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ၏ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိမည်ဟု အတိအကျ မပြောနိုင်ပေ။

ထို့ကြောင့် သူ့အတွက် အကောင်းဆုံးရွေးချယ်မှုက ထွက်ခွာသွားခြင်းပင် ဖြစ်သည်။ သို့သော် ဝါဒတောင်နှင့် အနက်‌ရောင်အိပ်မက်ဆိုးတောင်၏ ရန်ငြိုးက ကမ္ဘာမကြေနိုင်သည်ဖြစ်ရာ  ထိုအဘိုးကြီး ဤအတိုင်း ပြန်သွားသည်ဆိုခြင်းကတော့ ယုံကြည်ဖို့ခက်လွန်းသည်။

လောလောဆယ် မြောက်ဖျားဒေသတွင် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများ ရောက်ရှိနေကြသည်။

အနက်ရောင်အိပ်ကမ်ဆိုးတောင်မှ အဘိုးကြီးက ထိုအချက်ကို သိရှိထားပါက ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများကို စစ်ကူသွားခေါ်ပြီး ဤနေရာသို့ ပြန်လာပေလိမ့်မည်။

ရန်ကျောက်ကဲက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို ငုံ့ကြည့်ရင်း...

“အချိန်နည်းနည်းလိုသေးတယ်”

သူက ဆက်ပြောသည်။

“အနက်ရောင်အိပ်မက်ဆိုးတောင်နဲ့ ကောင်းကင်မိုးကြိုးခန်းမက သိပ်မရင်းနှီးဘူး ၊ အဲဒါကြောင့် ဆက်သွယ်ရ ခက်ခဲလိမ့်မယ် ၊ သူက စစ်ကူတောင်းဖို့ စောစောက ရေခဲကန်ကိုသွားမယ်ဆိုရင် အချိန်တစ်ခုအထိ ကြာလိမ့်မယ် ၊ ကောင်းကင်မိုးကြိုးခန်းမကလူတွေနဲ့ စကားပြောတာနဲ့ဘာနဲ့ဆိုရင် သူတို့ရောက်လာတဲ့အချိန်လောက်ဆိုရင် ငါတို့ တခြားနေရာကို ရွှေ့သွားလို့ရလောက်ပြီ”

ရန်ကျောက်ကဲက နေရာမှာပင် မလှုပ်မယှက်ဆက်ထိုင်နေရင်း...

“အားဟူ... ငါ ဒီနေရာမှာဆက်ပြီး စောင့်ကြည့်နေမယ် ၊ မင်းက အပြင်မှာအခြေအနေစောင့်ကြည့်ပေး”

အားဟူက ချက်ချင်းခေါင်းညိတ်ပြီး ထွက်ခွာသွားသည်။

ရန်ကျောက်ကဲ လက်ဖဝါးကို ဖြန့်လိုက်တော့ ကျောက်စိမ်းအပိုင်းအစလေးတစ်ခု ပေါ်လာသည်။ ကျောက်စိမ်းတုံးလေးက အတော်လေး မှေးမှိန်နေလေသည်။

***

ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများကို ဦးဆောင်လာသည့် အမတဝိညာဉ်အဆင့်သိုင်းဆရာသခင် လူရွယ်က လျှင်မြန်သောအရှိန်အဟုန်ဖြင့် လမ်းလျှောက်လျှက် ရှိသည်။

လင်ကျိုးက သူ့နံဘေးတွင် ကပ်လျှက်လိုက်ပါလာသည်။

လူရွယ်က လင်ကျိုးကို မကျေမနပ်စိုက်ကြည့်ရင်း...

“မင်းက ရေခဲနဂါးသူတော်စင်အမွေအနှစ်ရှိတဲ့နေရာမှာ ကျန်ခဲ့ရမှာလေ ၊ အကြီးအကဲ’လင်’ ဆုံးပါးသွားတဲ့နောက် မင်း ဝါဒတောင်ကို အရမ်းမုန်းနေတယ်ဆိုတာ ငါသိပါတယ် ၊ ဒါပေမဲ့ ငါတို့ဂိုဏ်းအတွက် အ‌ရေးကြီးတဲ့ အမွေအနှစ်တစ်ခုရဖို့ကို ပိုပြီးဦးစားပေးသင့်တယ်”

လင်ကျိုးက တိုးလျသည့်လေသံဖြင့်...

“ရေခဲနဂါးသူတော်စင်အမွေအနှစ်နေရာကို စောင့်ကြည့်ဖို့ အင်အားအလုံအလောက်ချန်ထားခဲ့တာပဲဗျာ ၊ ပြီးတော့ အဲဒီအမွေအနှစ်ကိုလိုချင်တယ်ဆိုရင် ဝါဒတောင်ကလူတွေလာတဲ့အထိ စောင့်ရမှာ ၊ အရမ်းစိတ်မပူပါနဲ့ အကြီးအကဲ’ကျန်’ ၊ ကျွန်တော့်စိတ်က တည်ငြိမ်ပါတယ်”

အကြီးအကဲ’ကျန်’ ဆိုသူက နှာတစ်ချက်မှုတ်ရင်း စကားမဆိုတော့ပေ။

သူက ရှေ့မှသွားနေသည့် အဘိုးကြီးကို စိုက်ကြည့်ရင်း...

“အနက်ရောင်အိပ်မက်ဆိုးတောင်က လူတွေက ယုံကြည်ရပါတယ် ၊ ဒါပေမဲ့ ရန်ကျောက်ကဲက ရေခဲနဂါးသူတော်စင်အမွေအနှစ်ရှိတဲ့နေရာကိုမလာဘဲ ဘာလို့ တခြားနေရာကို သွားရတာလဲ”

လင်ကျိုးက စကားမပြောဘဲ ခြေလှမ်းများကိုသာ အရှိန်မြှင့်လိုက်သည်။

အချို့သောအကြောင်းအရာများက ရှင်းပြ၍ မရနိုင်ပေ။ ဥပမာဆိုရသော် ရန်ကျောက်ကဲက တစ်စုံတစ်ခု ထူးခြားဆန်းကျယ်သည်ဟု သူအမြဲတမ်းခံစားနေရခြင်းမျိုး ဖြစ်၏။

သူသည်လည်း ထူးခြားသူတစ်ယောက်ဖြစ်သော်လည်း သူနှင့် ရန်ကျောက်ကဲ၏အခြေအနေက မတူကွဲပြားသည်။ ရန်ကျောက်ကဲက သာမန်လူတစ်ယောက်နှင့် မတူညီပေ။ ရန်ကျောက်ကဲကို နားလည်ရန် ကြိုးစားခြင်းက မြူခိုးများကြားမှ ပန်းများအလား ရှင်းရှင်းလင်းလင်းမမြင်နိုင်အောင် ရှိရသည်။

ထို့ကြောင့် ယခုလိုအခြေအနေမျိုးတွင် ရန်ကျောက်ကဲရှိရာသို့ ကိုယ်တိုင်လိုက်မလာရလျှင် လင်ကျိုးအနေဖြင့် သက်သောင့်သက်သာ ခံစားရမည် မဟုတ်ပေ။

သူတို့ရှေ့မှ လမ်းပြဦးဆောင်သွားနေသည့် အနက်ရောင်အိပ်မက်ဆိုးတောင်မှ အကြီးအကဲ’ကျန်းရှော်’ သည်လည်း လင်ကျိုးကဲ့သို့ပင် ခံစားနေရသည်။

သူတို့ အနက်ရောင်အိပ်မက်ဆိုးတောင်နှင့် ကောင်းကင်မိုးကြိုးခန်းမက အဆက်အဆံသိပ်မရှိသော်လည်း ရန်သူ၏ရန်သူမှာ မိတ်ဆွေဖြစ်သည်ပင်။

အနက်ရောင်အိပ်မက်ဆိုးတောင်နှင့် ဝါဒတောင်ကြားမှ ရန်ငြိုးသည် သမုဒ္ဒရာပမာကျယ်ပြန့်ပြီး စကားလုံးဖြင့်ဖော်ပြရန်ပင် မလုံလောက်ပေ။

ကျန်းရှော်က တံခါးပိတ်ကျင့်ကြံနေသဖြင့် ဝါဒတောင်တိုက်ပွဲတွင် မပါဝင်နိုင်ခဲ့ပေ။ ထိုအချက်ကြောင့် သူ့စိတ်ထဲ မကျေနပ်နိုင်ခဲ့ပေ။ ထို့ပြင် ဝါဒတောင်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို ချေမှုန်းပြီး နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုကြိုးခန်းမတို့ကို အနိုင်ယူခဲ့သည်ဆိုသည့်သတင်းက သူ့ရင်ထဲတွင် မပြေပျောက်နိုင်သော ဒေါသနှင့် အမုန်းတရားကို ခံစားရစေသည်။

သူ အသက်ရှင်သန်နေသော နှစ်များအတွင်း ဝါဒတောင် ပျက်ဆီးပြိုလဲသွားသည်ကို တွေ့မြင်ချင်သည်။

ယခု ဝါဒတောင်၏ အတော်ဆုံးသော လူငယ်မျိုးဆက် ‘ရန်ကျောက်ကဲ’ ကို သတ်ဖြတ်ပစ်ရန် အခွင့်အရေး ရရှိပြီ ဖြစ်သည်။ ထိုအခွင့်အရေးကို လက်လွှတ်မိပါက သူ့အတွက် သေလျှင်တောင် အခေါင်းထဲ ဖြောင့်ဖြောင့်ဝင်နိုင်မည် မဟုတ်ပါပေ။

All Chapters