← Chapters

ရမယ်ထင်တာပဲ

Vol. 24 Ch. 341

ရမယ်ထင်တာပဲ

Vol. 24 Ch. 341

အခန်း (၃၄၁)  ရမယ်ထင်တာပဲ

ရန်ကျောက်ကဲ ရေခဲဂူကြီးအတွင်း ထိုင်နေဆဲဖြစ်ပြီး သူ့အရှေ့ မှ ကမ္ဘာမြေဖျက်ဆီး အမွှေးတိုင်အိုးလေးကတော့ အပြာရောင်ရေခဲချီစွမ်းအားများကို မရပ်မနားဝါးမျိုနေဆဲ ဖြစ်သည်။

သူ့လက်ထဲမှာတော့ ကျောက်စိမ်းတုံးတစ်တစ်တုံး ကိုင်ထား၏။

စောစောကမှေးမှိန်နေသော ကျောက်စိမ်းတုံးငယ်သည် ယခုတော့ အလင်းရောင်များပြန်လည်တောက်ပနေပြီး ရေခဲပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။

ရန်ကျောက်ကဲက ကျောက်စိမ်းတုံးလေးကို ဆုပ်ကိုင်လိုက်ပြီး အတွင်းထဲသို့ သူ၏ ကြယ်တာရာချီစွမ်းအားများ သွင်းလိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ ပကတိရေခဲသွေးကြောက အဆက်မပြတ် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

စီးဆင်း‌နေသော မြစ်ရေပြင်ထက်တွင် အနည်းငယ်မျှသော ပြောင်းလဲမှုလေးပမာ ဖြစ်သော်လည်း မိုးမြေတစ်ခွင်မှ ပြောင်းလဲမှုဖြစ်စဉ်များဖြင့် အမှန်တကယ်ပင် ချိတ်ဆက်နေသည်။

ရန်ကျောက်ကဲက အပြာရောင်အလင်းစီးကြောင်း ပြောင်းလဲနေခြင်းကို တိတ်ဆိတ်စွာကြည့်နေသည်။ မြေပြင်သွေးကြောတစ်ခု၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုဦးတည်ချက်ကို ပြောင်းလဲရန်မှာ အလွန်ခက်ခဲသောအရာဖြစ်သည်။

ထို့ပြင် ရန်ကျောက်ကဲက မြောက်ဖျားဒေသရှိ ပကတိရေခဲသွေးကြောမှတစ်ဆင့် တောင်ပိုင်းမြေအောက်နန်းတော်မှ ပကတိမီးသွေးကြောကို ပြောင်းလဲရန် ကြိုးစားနေခြင်း ဖြစ်၏။

လှုံ့ဆော်မှုအနည်းငယ် ပြုလုပ်နိုင်ပါက အလွန်ကြီးမားသော အပြောင်းအလဲကို ဖြစ်ပေါ်စေမည်ပင်။

ရန်ကျောက်ကဲက ပကတိရေခဲသွေးကြော၏ ပြောင်းလဲမှုများကို ဂရုတစိုက် ကြည့်နေရင်း တွေးလိုက်သည်။

“အကျိုးသက်ရောက်မှုတွေ စပြီးပြသတော့မယ်...”

ထို့နောက် ရန်ကျောက်ကဲ မျက်ဝန်းများက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးထက်သို့ ကျရောက်သွားသည်။ ကျောက်ဟိုကို သတ်ဖြတ်ပြီးနောက် ရရှိခဲ့သော ဤပစ္စည်းလေးသည် သူ့ကို အမှန်တကယ်ပင် အံ့အားသင့်စေခဲ့သည်။

အနက်ရောင်အမွှေးတိုင်အိုးလေးသည် ကောင်းကင်ကိုမျိုချပြီး မြေပြင်ကိုပင် ဝါးစားနိုင်စွမ်း ရှိဟန်တူသည်။ ပကတိရေခဲသွေးကြောမှ အအေးဓာတ်စွမ်းအားများစွာကို စုပ်ယူလိုက်သည့်တိုင် ခံနိုင်ရည်ရှိနေဆဲပင်။

ထိုမျှများပြားသော အအေးဓာတ်ပမာဏကို စုပ်ယူမျိုချထားသည့်တိုင် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးသည် လုံးဝထိခိုက်ဟန်မရှိဘဲ အကောင်းတိုင်း ကျန်ရစ်နေဆဲ ဖြစ်၏။

ထိုအကြောင်းစဉ်းစားမိသည့်အခါ နည်းနည်းတော့ဆ န်းကျယ်သည်ဟု ရန်ကျောက်ကဲ ခံစားရသည်။ အကယ်၍ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက အမှန်တကယ်အသက်ရှိနေသည်ဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် အလွယ်တကူ ခံစားနိုင်မည် ဖြစ်သည်။

ယခု ထိုအမွှေးတိုင်အိုးလေးက အအေးဓာတ်စွမ်းအားများကို တက်တက်ကြွကြွ စုပ်ယူနေခြင်းမျိုးမဟုတ်ဘဲ တည်တည်ငြိမ်ငြိမ် စုပ်ယူနေခြင်း ဖြစ်သည်။

ထိုအမွှေးတိုင်အိုးလေးသာ တက်ကြွစွာလည်ပတ်လျှက် ထူးဆန်းသော စုပ်ယူခြင်းစွမ်းအားကို အမြင့်ဆုံးအဆင့် ထုတ်လွှတ်လိုက်လျှင် မည်သို့ရှိမည်နည်းဟု ရန်ကျောက်ကဲ တွေးမိသည်။

သူက မေးစေ့ကို ပွတ်သပ်ရင်း...

“စိတ်ဝင်စားစရာပဲ”

ထိုအချိန် အပေါ်ဘက်မှ ကျားဟိန်းသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ထိုးကျားဟိန်းသံက အားဟူပြုလုပ်လိုက်သည့်အသံဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။ အချက်ပြကျားဟိန်းသံ အနေအထားကိုကြည့်ခြင်းအားဖြင့် ဤနေရာသို့ရောက်လာသော ရန်သူများမှာ အင်အားကြီးမားပြီး စွမ်းအားပြင်းထန်သူများဖြစ်ကြောင်း ထင်ရှားသည်။

“သူတို့ ရောက်လာကြပြီ”

ရန်ကျောက်ကဲ အစီအရင်ဗဟိုချက်သို့ ခြေထောက်ဖြင့် စောင့်နင်းချလိုက်သည်။

ထို့နောက် မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကို ထုတ်ယူလိုက်၏။

ရေခဲဂူအတွင်းရှိ အစီအရင်ဗဟိုချက်တွင်တောက်ပနေသော သွေးနီရောင်အလင်းတန်းက ချက်ချင်း တုန်လှုပ်သွားသည်။

တစ်ချိန်တည်းမှာပင် ပကတိရေခဲသွေးကြောမှ အအေးဓာတ်စွမ်းအားများကို စုပ်ယူနေသည့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးသည်လည်း သူ၏လုပ်ငန်းစဉ်ကို ရပ်တန့်လိုက်သည်။

ရန်ကျောက်ကဲ လက်တစ်ဖက်ဝှေ့ယမ်းကာ သူ၏ကြယ်တာရာချီစွမ်းအားများကို ထုတ်လွှတ်ပြီး အမွှေးတိုင်အိုးလေးကို ဆွဲယူလိုက်သည်။ ထို့နောက် ထို့နောက် အပြာရောင်အလင်းစီးကြောင်း၏အခြေအနေ မည်သို့ရှိသည်ကို ကြည့်မနေတော့ဘဲ  လွန်းပြန်ယဉ်ထဲသို့ဝင်ရောက်ကာ နောက်သို့တစ်ချက်လှည့်မကြည့်တော့ဘဲ အရှိန်ပြင်းပြင်းဖြင့် ပျံတက်သွားတော့သည်။

မီးတောင်ဝမှ အလွန်ကြောက်စရာကောင်းသော စွမ်းအားအတက်အကျများ ဖြစ်ပေါ်နေသည်ကို ခံစားရသည်။

ထိုအချိန် မီးတောင်အောက်သို့ ပြေးဆင်းလာသည့် အားဟူ၏ ပုံရိပ်ပေါ်လာသည်။ မီးတောင်ဝမှ ကျရောက်လာသော စွမ်းအားများက လျှင်မြန်လွန်းသဖြင့် ရန်ကျောက်ကဲမှာ  လွန်းပြန်ယဉ်ထွက်ခွာရန် လမ်းရွေးချယ်ရန် အချိန်မရတော့ပေ။

ကြောက်မက်ဖွယ်ရာ မိုးကြိုးစွမ်းအားများနှင့် အနက်ရောင်မုန်တိုင်းများ ရောယှက်လျှက် အားဟူနောက်မှလိုက်လာပြီး ရေခဲဂူအတွင်း ဝင်ရောက်လာကာ နေရာတစ်ခုလုံး ပရမ်းပတာ ပျက်ဆီးသွားသည်။

မိုးမြေတစ်ခွင် လေပြင်းများတိုက်ခတ်လျှက် မိုးခြိမ်းသံများထွက်ပေါ်လာကာ မီးတောင်ဝကိုပင် ဖုံးလွှမ်းသွားသည်။ ရေခဲများဖြင့်သာ ပြည့်နက်နေသော နှင်းကမ္ဘာသည် ယုခတော့ မိုးကြိုးမုန်တိုင်းကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားသည်။

တိုက်ခိုက်သူများကို မတွေ့ရသည့်တိုင် သိုင်းစွမ်းကိုကြည့်ရုံဖြင့် အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်များဖြစ်ကြောင်း သိရှိနိုင်သည်။ သူတို့၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်တီးထားသော စစ်မှန်သည့်မိုးကြိုးစွမ်းအားက ကြီးမားသောရေခဲဂူကြီးကို လွယ်လွယ်နှင့် ပြိုကျစေမည် ဖြစ်သည်။

ကြောက်မက်ဖွယ်ရာစွမ်းအားများက ကောင်းကင်ကိုလွှမ်းခြုံလျှက် နေမင်းကိုပင် ဖုံးကွယ်သွားစေသည်။ ရန်ကျောက်ကဲ ခေါင်းမော့ကြည့်လိုက်တော့ အောက်သို့သက်ဆင်းလာသည့်အလင်းရောင်ပျပျကိုပင် လုံးဝ မတွေ့မြင်ရတော့ပေ။

အမှောင်ထုအတွင်းမှ မရေမတွက်နိုင်သော ကျောက်တုံးအပိုင်းအစများနှင့် ရေခဲတုံးများက မိုးရွာသလို တဖွဲဖွဲ ကျဆင်းလာသည်။

ရန်ကျောက်ကဲက အမတကြိုးကြာတောင်ပံကို ဖြန့်ကားလျှက် လျှပ်စီးကြောင်းများပမာ လျှင်မြန်စွာဝင်ရောက်လာသော ရေခဲတုံးနှင့် ကျောက်တုံးအပိုင်းအစများကို ရှောင်တိမ်လိုက်သည်။

သို့သော် တကယ်တမ်း ကြောက်စရာကောင်းသည်မှာ ကွဲအက်နေသော ကျောက်တုံးများနှင့် ရေခဲအပိုင်းအစများ မဟုတ်ပေ။ ရေခဲဂူကို ပျက်ဆီးသွားစေသည်အထိ ပြင်းထန်သော မိုးကြိုးမုန်တိုင်းများ ဖြစ်သည်။

ရေခဲဂူပျက်ဆီးသွားသည့်တိုင် ထိုမိုးကြိုးမုန်တိုင်းများက ဆက်လက်လှည့်ပတ်နေဆဲ ဖြစ်သည်။

အနက်ရောင်မုန်တိုင်းအတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ဝါဒတောင်က ကောင်လေး ၊ ဒီနေ့ မင်းအသက်ကို နှုတ်ယူမယ်”

မိုးကြိုးသွားများအတွင်းမှလည်း လူရွယ်တစ်ယောက်၏အသံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“ဝါဒတောင်သခင်လေးက နဂါးတွေထဲက နဂါးလို့ လူသိများတယ် ၊ တွေ့ရတာ ဝမ်းသာပါတယ်”

ထိုအသံက ဆက်ပြောသည်။

“မင်းကို ဒီနေရာမှာ သတ်ပစ်လိုက်မယ်ဆိုရင်တော့ ဝါဒတောင်က ခေါင်းမိုးကြိုးပစ်ချခံရသလို ခံစားရမှာပဲ ၊ ဟက်... လက်စားချေတဲ့အနေနဲ့ ငါတို့ဂိုဏ်းကိုတောင် အမှုန့်ချေပစ်မလားပဲ”

ထို့နောက် မိုးကြိုးသွားများကြားမှ အရပ်မြင့်မြင့် လူရွယ်တစ်ယောက် ပေါ်လာသည်။ ထိုသူက မိုးကြိုးနတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။

“ဒါပေမဲ့... မင်းကို ဒီနေရာမှာ ထာဝရသိပ်လိုက်ဖို့ ငါ့အတွင်းစိတ်က ပြောနေတယ် ၊ မင်းသေသွားရင် ငါတို့ဂိုဏ်းအတွက် ဆိုးကျိုးထက် ကောင်းကျိုးများပါတယ်”

ကောင်းကင်မိုးကြိုးခန်းမမှ အကြီးအကဲ’ကျန်’ က ရေခဲဂူအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာသည်။

သူ့ဘေးတွင် အနက်ရောင်အိပ်ကမ်ဆိုးတောင်တန်းမှ အကြွင်းအကျန် ‘ကျန်းရှော်’ က မဲမှောင်သည့်မျက်နှာထားဖြင့် လိုက်ပါလာသည်။

အကြီးအကဲ’ကျန်’ နှင့် ကျန်းရှော်နောက်တွင် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းဆရာသခင်အချို့ ရှိနေကြသည်။ သူတို့က တန်ခိးစွမ်းအားများကို ဖုံးကွယ်ထားခြင်းမရှိသဖြင့် ဦးခေါင်းထက်တွင် မိုးကြိုးတိမ်တိုက်များ တောက်ပနေသည်ကို တွေ့မြင်ရ၏။

မိုးကြိုးတိမ်တိုက်များထဲမှ ပြင်းထန်သောမိုးခြိမ်းသံများ ပဲ့တင်ထပ်လျှက်ရှိသည်။ ထိုအုပ်စုထဲတွင် သိုင်းဆရာသခင် စတုတ္ထအဆင့်ဖြစ်သော အမတဝိညာဉ်အဆင့် သိုင်းဆရာသခင် (၂)ယောက်ပါ ပါရှိသေးသည်။

အမတဝိညာဉ်အဆင့် သိုင်းဆရာသခင် (၄)ယောက်ဆိုပါက ရန်ကျောက်ကဲနှင့် အားဟူကို ဤရေခဲဂူထဲတွင် ပိတ်ဆို့ထားရန် လုံလောက်သည်။

သို့ပေသိ ရန်‌ကျောက်ကဲက ထိတ်လန့်သွားခြင်း မရှိပေ။

သူက ရယ်မောရင်း...

“ဒီအချိန်က ငါ့အတွက် တကယ့်ကို အဆင်မပြေသေးဘူးကွာ”

ပြောပြီးသည်နှင့် သူက လက်ထဲမှကျောက်စိမ်းတုံးလေးကို ကိုင်မြှောက်ပြလိုက်သည်။ ကျောက်စိမ်းတုံးလေးက ရေခဲပြာရောင်တောက်ပလျှက် ရှိသည်။

ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများ ထည့်သွင်းထားသည့်အတွက် ထိုကျောက်စိမ်းတုံးအတွင်းမှ နဂါးဟိန်းသံ ခပ်သဲ့သဲ့ ထွက်ပေါ်နေသည်။

“မင်းတို့ ရေခဲနဂါးသူတော်စင်အမွေအနှစ်အတွက် မြောက်ဖျားကိုလာခဲ့ကြတာ မဟုတ်လား”

ကျောက်စိမ်းတုံးလေးအတွင်းမှ ဝိညာဉ်စွမ်းအားအတက်အကျများကို ခံစားမိသည်နှင့် အကြီးအကဲ’ကျန်’ ၏ တပည့်တစ်ယောက်က...

“အဲဒီပစ္စည်းက ရေခဲနဂါးသူတော်စင်အမွေအနှစ်တည်ရှိတဲ့နေရာနဲ့ ဇာစ်မြစ်တူညီနေတယ် ၊ တကယ်ပဲ ရေခဲကန်ကိုဖွင့်နိုင်ဖို့ သော့ချက်လား”

အကြီးအကဲ’ကျန်’ က အချိန်မဖြုန်းဘဲ ရန်ကျောက်ကဲကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ကြောက်မက်ဖွယ်ရာ မိုးကြိုးသွားတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ကိုပင်လွှမ်းခြုံနိုင်သော ကြီးမားသည့်လက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားကာ မရေမတွက်နိုင်သည့် ခရမ်းစိမ်းရောင်လျှပ်စီးမြွေများ နေရာတစ်ခုလုံးသို့ ပျံ့ကျဲသွားသည်။

ရန်ကျောက်ကဲက သူ့လက်ထဲမှ ရေခဲပြာရောင်ကျောက်စိမ်းကို ရေခဲဂူအနက်ရှိုင်းဆုံးနေရာဆီသို့ ပစ်လွှတ်လိုက်သည်။

ထို့နောက် အားဟူကိုဆွဲခေါ်ပြီး မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ထဲသို့ ခုန်ဝင်လိုက်သည်။ လွန်းပြန်ယဉ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရေခဲအလွှာကို ထိုးခွင်းဝင်ရောက်သွားသည်။

အကြီးအကဲ’ကျန်’က ဟက်ခနဲရယ်မောရင်း မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကို လှမ်းဆွဲလိုက်သည်။ ကောင်းကင်မိုးကြိုးခန်းမမှ အခြားသော အမတဝိညာဉ်သိုင်းဆရာသခင်က ရန်ကျောက်ကဲ လွှင့်ပစ်လိုက်သည့် ကျောက်စိမ်းတုံးအပိုင်းအစလေးကို လိုက်လံဖမ်းဆီးသည်။

ကျန်းရှော်ကတော့ ကျောက်စိမ်းတုံးကို တစ်ချက်မှ မကြည့်ဘဲ ထွက်ပြေးသွားသော ရန်ကျောက်ကဲကိုသာ စူးစိုက်ကြည့်နေသည်။

ထို့နောက် သူ့ထံမှ အမျက်ဒေါသထွက်နေသော နဂါးတစ်ကောင်နှင့်ဆင်တူသည့် အနက်ရောင်ဟာရီကိန်းမုန်တိုင်းကြီး ထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏လွန်းပြန်ယဉ်ဆီသို့ ပြင်းပြင်းထန်ထန် ဝင်ရောက်သွားသည်။

ရေခဲဂူအပြင်ဘက်တွင် စောင့်နေကြသော ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားအုပ်စုထဲတွင် လင်ကျိုးရှိနေသည်။ ရန်ကျောက်ကဲ၏ မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်က ရေခဲလွှာများကို ဖောက်ထွက်သွားသည်နှင့် လင်ကျိုးက စက်လုံးသဏ္ဌန်ပစ္စည်းလေးတစ်ခုကို ထုတ်ယူလိုက်၏။ ထို စက်လုံးက ကြည်လင်သည့်ဖန်လုံးပမာဖြစ်ပြီး အတွင်းထဲတွင် ကွင်းဆက်များဖြင့် ကြိုးတစ်ခု ရစ်ခွေနေသည်။

လင်ကျိုးက ဖန်သားစက်လုံးကို ချေမွှလိုက်ရာ ဖန်သားအပိုင်းအစများက အလင်းတန်းများပမာပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးရှိ ရေခဲအလွှာများကို ချိတ်ပိတ်လိုက်လေရာ ရေခဲအလွှာများကြားတွင် ဖန်သားမျက်နှာပြင်တစ်ခု ဖြစ်တည်လာသည်။

ထိုအခါ ရေခဲလွှာများကို အရှိန်ပြင်းပြင်းဖြင့် ဖောက်ထွက်လာသော မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်မှာ သိသိသာသာ နှေးကွေးသွားတော့၏။

သူ့နောက်လိုက်လာသော အကြီးအကဲ’ကျန်’ ၊ ကျန်းရှော်နှင့် အခြားသူများသည်ပင် သူ့ကို မီလာပြီ ဖြစ်သည်။

ရန်ကျောက်ကဲက အသစ်ပြုလုပ်ထားသော သွေးမိစ္ဆာချပ်ပြားတ်ခုကို ထုတ်ယူပြီး အစိတ်စိတ်အမွှာမွှာ ခွဲချေလိုက်သည်။ ထိုအခါ ပြင်းထန်ကြမ်းတမ်းသော သွေးနီရောင်အလင်းတန်များ ထွက်ပေါ်လာပြီး လမ်းကိုပိတ်ဆို့ထားသော ဖန်သားမျက်နှာပြင်ကို ချိုးဖျက်ပစ်လိုက်သည်။

သို့သော် ထိုဖန်သားမျက်နှာပြင်မှာ ထူးဆန်းသော ကွင်းဆက်အားတအဆီးတစ်ခု ဖြစ်လေရာ အလွှာတစ်ခု ကွဲအက်သွားသည်နှင့် နောက်ထပ်အလွှာတစ်ခု ချက်ချင်းထွက်ပေါ်လာကာ တားဆီးထားသည်။

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...

“ယင်ယန်ကွင်းဆက်အတားအဆီးလား... ဟက်... ရှားပါးပစ္စည်းတစ်ခုပဲ”

လင်ကျိုးက ရန်ကျောက်ကဲနှင့် မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကို အေးစက်စွာကြည့်ရင်း...

“ရန်ကျောက်ကဲ... မင်းက အရင်တစ်ခေါက်သုံးတဲ့လှည့်ကွက်အဟောင်းကြီး ထပ်သုံးလို့ရမယ် ထင်နေတာလား”

နောက်မှလိုက်လာသည့် အကြီးအကဲ’ကျန်’ နှင့် အခြားသော အမတဝိညာဉ်အဆင့်သိုင်းဆရာသခင်များ နီးကပ်လာပြီဖြစ်သော်လည်း ရန်ကျောက်ကဲက ခပ်ပေါ့ပေါ့ပင် ရယ်မောလိုက်သည်။

“အေး... ရမယ်ထင်တာပဲ”

သူ့စကားမဆုံးခင်မှာပင် ရေခဲဂူအောက်ခြေ အနက်ရှိုင်းဆုံးနေရာမှ စွမ်းအားပြင်းထန်သောရောင်ဝါတစ်ခု ကြောက်မက်ဖွယ်ရာ ပေါက်ကွဲထွက်လာပြီး လူတိုင်း၏ ခြေလက် ၊ ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်ကိုပင် ထုံကြဉ်သွားစေကာ ရန်သူများအားလုံး လေထဲသို့လွင့်စင်ထွက်သွားကြလေတော့၏။

All Chapters