← Chapters

ငါ မင်းထက်ပိုပြီး ပိုက်ဆံရှိတယ်၊ အဲ့တာသာလွန်တယ်လို့ ခေါ်တယ်

Vol. 137 Ch. 2041

ငါ မင်းထက်ပိုပြီး ပိုက်ဆံရှိတယ်၊ အဲ့တာသာလွန်တယ်လို့ ခေါ်တယ်

Vol. 137 Ch. 2041

“ ဒီနေ့က အသိတစ်ယောက်ကို ဆေးလာစစ်ပေးတာကြောင့်မို့ပါ … မဟုတ်ရင် ကျုပ် ခင်များဆီ ကျိန်းသေပေါက် အလည်လာတယ်…”

“ ငါ အဲ့ကိစ္စ ဒါရိုက်တာလီဆီကနေ ကြားထားပြီးပြီ …”မြောင်ကော်ဖုန်း ပြောဆိုလိုက်ပြီး “ နောက်တစ်ခါ ဒီလို ကိစ္စမျိုး ရှိရင် မင်းကိုယ်တိုင် လာစရာမလိုပါဘူး … ဖုန်းတစ်ချက်ဆက်လိုက် … ငါ ကူညီပေးမယ်… အခုလို လာရတာ ပင်ပန်းတာပေါ့ ဟုတ်တယ်မလား …”

“ ကျုပ်လာလိုက်တာကလည်း အားနေလို့ပါ …”

ဘေး၌ မတ်တပ်ရပ်နေသည့် ရန်စီကတော့ တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့သည်။

စင်စစ်တွင်မူကား လင်းရီသည် ဆေးရုံသို့ ကိုယ်တိုင် ရောက်လာရန်ပင် မလိုချေ။ သူ၏ အဆက်အသွယ်ဖြင့် ဆိုပါက စကားတစ်ခွန်းတည်းဖြင့် အစစအရာရာ အဆင်ချောသွားအောင် ပြုလုပ်ပေး၍ ရသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်က သူမအတွက်ကြောင့် ကိုယ်တိုင် ရောက်လာခဲ့ခြင်း ဖြစ်နိုင်ပေသည်။

လီချူးဟန်၏ မျက်ဝန်းထဲတွင် ညင်သာမှု ပုံရိပ်တို့ ပြည့်နှက်နေသည်ကိုလည်း ရန်စီ သတိမူမိသည်။ သူမနှင့် လင်းရီကြားတွင် ပြောပြ၍ မရနိုင်သည့် ဆက်ဆံရေး တစ်စုံတစ်ရာ ရှိနေသည်ဟု သူမ၏ အလိုလိုသိစိတ်က ပြောပြနေလျက် ရှိ၏။

“ ဒါဆိုလည်း ကောင်းပြီလေ… လူနာက ဘယ်မှာလဲ … ဒါရိုက်တာလီလည်း ဒီမှာ ရှိနေတယ်ဆိုတော့ စစ်ဆေးတာကို တစ်ခါတည်း အပြီးသတ်လိုက်ကြတာပေါ့ …” မြောင်ကော်ဖုန်း ပြောဆိုလိုက်သည်။

“ စစ်ဆေးမှု ရလဒ်တွေက ဒီမှာပါရှင့် …” ရန်စီသည် ယဉ်ကျေးစွာဖြင့် စစ်ဆေးထားသည့် ရလဒ်မှတ်တမ်းများ အားလုံးကို ကမ်းပေးလာသည်။

လီချူးဟန်က တစ်ချက် ကြည့်လိုက်ပြီး ထို့နောက် မာရှောင်ကွမ်းထံသို့ အကြည့်ပို့လိုက်သည်။

“ ဒီစစ်ဆေးမှုတွေ အကုန်လုံးကို နင် ညွှန်ကြားခဲ့တာလား …”

“ ဟုတ် … ကျွန်တော်ပါ. . . “ မာရှောင်ကွမ်း အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားခဲ့သည်။ “

နှလုံးဌာနက ဒါရိုက်တာ တော်တော်များများနဲ့ ငါသိတယ်.. ဒါပေမယ့် ငါ နင့်ကို တစ်ခါမှ မမြင်ဖူးဘူး … နင်က လေ့ကျင့်ရေး ထရိန်နင် ပြီးလို့ အသစ်ရောက်လာတဲ့ ဒေါက်တာမလား …”

လီချူးဟန်၏ လေသံက တည်တည်ငြိမ်ငြိမ်ပင်။ သို့သော် မာရှောင်ကွမ်းအတွက်မူကား တရားသူကြီးက အမိန့်ချမှတ်နေသကဲ့သို့ပင်။

“ ဟုတ်.. ဟုတ်ပါတယ်ခင်ဗျ …”

“ နင့်လက်ရှိ အနေအထားနဲ့ဆိုရင် ဒီလို စစ်ဆေးမှုတွေကို ညွှန်ကြားဖို့ အရည်အချင်း မမီသေးဘူး …” လီချူးဟန်သည် သူမ လက်ထဲရှိ စစ်ဆေးမှု ရလဒ် တစ်ပုံကြီးကို ကိုင်မြှောက်ပြရင်း တည့်တည့်မေးလိုက်သည်။ “ ဒါ ဘာတွေ ဖြစ်နေလဲ ငါ သိချင်တယ်…”

“ကျွန်တော် …….. “

ချွေးအေးတို့က မာရှောင်ကွမ်း၏ နဖူးထက်မှနေ၍ အဆက်မပြတ် စီးကျလာနေပြီး စိုးရိမ်တုန်လှုပ်လွန်းသောကြောင့် စကားတစ်ခွန်းပင် ကောင်းကောင်းမွန်မွန် မပြောနိုင်ဘဲ ရှိသည်။

“ နင် ဘာကြောင့် ဒီလို လုပ်တယ်ဆိုတာကို ငါနားလည်တယ်… နင်က ရှေ့ဆက်ပြီး ဝေးဝေးလံလံ သွားချင်နေတာ … ဒါပေမယ့် ဒီ စစ်ဆေးမှုတွေ အကုန်လုံးထဲမှာ ECG နဲ့ echocardiogram(နှလုံးအာထရာဆောင်းစစ်ဆေးမှု) ပဲ အသုံးဝင်တာ ရှိတယ်… ဒီနှစ်ခုတည်းကိုကြည့်ပြီး ဘာဖြစ်တယ်ဆိုတာကို နင် ကောက်ချက်ချလို့ ရတယ်… ဘာလို့ မလိုအပ်တဲ့ တခြား စစ်ဆေးမှုတွေကို လုပ်ခိုင်းခဲ့တာလဲ …”

“ ကျ … ကျွန်တော်က ……” မာရှောင်ကွမ်းသည် နဖူးထက်ရှိ ချွေးစေးများအား သပ်ရင်း “ ကျွန်တော့် အရည်အချင်းတွေက ဒါရိုက်တာလီလောက် မကောင်းတော့ လူနာရဲ့ ရောဂါ အခြေအနေကို အဲ့တာတွေ သပ်သပ် ကြည့်ပြီး မဆုံးဖြတ်နိုင်လို့ပါ …”

“ နင် မဆုံးဖြတ်နိုင်ဘူးဆိုလည်း လူနာကို တခြား သမားတော်တွေဆီ ညွှန်းပေးလိုက်လေ … ဒီလို စစ်ဆေးမှုတွေ အများကြီး လုပ်ခိုင်းတာက လူနာမိသားစုရဲ့ ဘဏ္ဍာရေး အခြေအနေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်ဆိုတာ နင် သိလား ….”

“ ဒါရိုက်တာလီ … မင်း လူနာကို အရင်ကြည့်ပေးလိုက်ပါ … ကျန်တာကို ငါ ဂရုစိုက်လိုက်မယ်…” မြောင်ကော်ဖုန်း ပြောလိုက်သည်။

“ ဒါဆိုလည်း ကျွန်မ ဆေးရုံအုပ်မြောင်နဲ့ပဲ လွှဲထားခဲ့လိုက်တော့မယ်…”

ပြောပြီးနောက် လီချူးဟန်သည် ထန်လိထံသို့ ပြုံးပြလိုက်ပြီး “ ကျွန်မနောက်လိုက်ခဲ့ပေးပါ …”

“ ဟုတ် ဟုတ်ကဲ့ …”

ထန်လိ လျင်မြန်စွာ တုံ့ပြန်၍ လီချူးဟန်နောက်သို့ လိုက်ပါလာရင်း သူနာပြုဌာနသို့ ရောက်ရှိလာသည်။

လီချူးဟန်သည် ဆရာဝန်ဆောင် နားကြပ်ကို ထန်လိ၏ ရင်ဘက်ပေါ်သို့ တင်ရင်း အကြိမ်ရေအနည်းငယ်ခန့်မျှ ညင်သာစွာ ဖိနှိပ်လိုက်သည်။ ထို့နောက် အခြေအနေအား သုံးသပ်ကြည့်လိုက်၏။

“ ဒေါက်တာ .. ကျွန်မရဲ့ အခြေအနေက စိုးရိမ်ရလား …”

“ အရမ်း အဆိုးကြီး မဟုတ်ပါဘူး … ဘာမှ ထွေထွေ ထူးထူး မရှိဘူး ….” လီချူးဟန် ပြောလိုက်ပြီး “ ရှင့် အသက်က …. “

“ ၅၄ …..”

“ အရင်တုန်းက ခွဲစိတ်မှုတွေ လုပ်ဖူးသေးလား …”

“ မနှစ်က သားအိမ်ထုတ်ဖူးပါတယ် ဒေါက်တာ ..”

လီချူးဟန် ခေါင်းတစ်ချက် ညိတ်လိုက်သည်။ “ ရှင့် အခြေအနေကို ကျွန်မ ရှင်းပြပေးမယ်…”

“ နှလုံးနဲ့ ပတ်သက်ပြီး ပြဿနာက မကြီးဘူး … ဒီတိုင်း အသက်ကြီးလာလို့ နှလုံး အလုပ်လုပ်ပုံက အရင်ကလောက် မကောင်းချင်တော့ရုံပဲ … ဒါက ရှင့်အသက်အရွယ်မှာ ပုံမှန်ပဲလို့ ပြောလို့ရတယ်… ပြီးတော့ ဘာ ဆေးကုသမှုမှ ခံယူစရာ မလိုဘူး … ပိုပြီး အနားယူပေးရင် အဆင်ပြေပြီ…”

“ ရှင့် နှလုံး မသက်မသာ ဖြစ်တယ်လို့ ခံစားနေရတာက နှလုံး ပြဿနာကြောင့် မဟုတ်ဘူး … အရင် သားအိမ်ထုတ်ထားတာကြောင့်ပဲ …”

“ သားအိမ်ထုတ်တာက နှလုံးအပေါ်လည်း သက်ရောက်မှု ရှိလာလား …”

“ အဲ့သဘောမျိုး မဟုတ်ဘူး …” လီချူးဟန် ရှင်းပြလိုက်သည်။ “ ရှင့် အရွယ်က သွေးဆုံးတဲ့ အရွယ်ကို ရောက်နေပြီ .. ပုံမှန်လူတစ်ယောက်မှာဆိုရင် သူတို့ရဲ့ မဟော်မုန်း(အက်စ်ထရိုဂျင်)က တဖြည်းဖြည်းနဲ့ လျော့ကျလာပြီ … ဒါပေမယ့် ရှင်က ခွဲစိတ်မှု လုပ်ထားတော့ ဟော်မုန်းက ရုတ်ချည်း ထိုးကျသွားတယ်.. ပြီးတော့ ခန္ဓာကိုယ်ကလည်း အချိန်မီ မထိန်းညှိနိုင်သေးဘူး …. ဒါကြောင့်မို့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှု စနစ်တချို့အပေါ် ထိရောက်မှု ရှိလာတာပဲ … ရှင့်ကိုယ်ရှင် ပိုပြီး ဂရုစိုက်ပေးလိုက်တာနဲ့ ပြန်ကောင်းသွားမှာ .. မဟုတ်ရင် စိတ်ဖိစီးမှုပြဿနာတွေ ဖြစ်လာနိုင်တယ်… ဒါကြောင့်မို့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေကို သေချာ ဂရုစိုက်ပေးဖို့လည်း အရေးကြီးတယ်…”

“ ဒါပေမယ့် အခုတောင် ကျွန်မ မနေ့ညက ကောင်းကောင်းလည်း မအိပ်နိုင်ဘူး… အခု ကျွန်မရဲ့ စိတ်အခြေအနေက တော်တော်လေးကို ဆတ်ဆတ်ထိမခံ ဖြစ်နေတာ …”

“ အဲ့တာက စိတ်ကျရောဂါရဲ့ ကနေဦး လက္ခဏာတွေပဲ … ပြန်သွားရင် Deanxit တစ်ဘူးဝယ်ပြီး Diazepam (စိတ်ငြိမ်ဆေး) နဲ့ တွဲသောက် … မကြာခင် သက်သာလာလိမ့်မယ်… ဘာမှ စိတ်မပူနဲ့ …”

ဤသည်ကို ကြားတော့ ရန်စီ စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ စိုးရိမ်ရသည့် မည်သည့် ရောဂါ လက္ခဏာမျှ မရှိသဖြင့် သူမ စိတ်ထဲရှိ အလုံးကြီးလည်း ပြုတ်ကျသွားတော့သည်။

“ ဒေါက်တာရှင့် .. ကျွန်မ အမေရဲ့ ဝေဒနာက တကယ်ပဲ အဲ့ဆေးနည်းနည်းလေး သောက်ပြီး ကုသလို့ ရတာလား …” ကျိုးရှင်းယွီ မေးမြန်းလာခဲ့ပြီး အနည်းငယ် စိုးရိမ်ပူပန်နေသည်။

လီချူးဟန် ခေါင်းညိတ်ပြလိုက်သည်။ “ စိတ်မပူနဲ့ … တကယ် အဆင်ပြေတယ်… ပြီးတော့ အဲ့ဒီဆေးတွေကလည်း ဈေးမကြီးဘူး … လက္ခဏာတွေကလည်း အစောပိုင်းအဆင့်မှာဆိုတော့ ဆေးလုံး တစ်ဝက်လောက်ပဲ သောက်ရင်ကို လုံလောက်ပြီ … တစ်လကို ဆေးဖိုးက ယွမ်တစ်ရာလောက်ပဲ ကုန်မှာ … ဒီလောက်တော့ တတ်နိုင်တဲ့ ပမာဏထဲ ရှိပါတယ်ဟုတ် …”

“ ယွမ်တစ်ရာတည်း …..”

ဤမျှ နည်းပါးလှသည့် ဆေးဖိုးဝါးခကြောင့် လူတိုင်းမှာ တစ်ဖန်ထပ်ပြီး ကြက်သေသေသွားခဲ့ရပြန်သည်။

တကယ် ဈေးပေါနေတာပဲ …

“ ကျေးဇူးတင်ပါတယ် ဒေါက်တာ …”

“ ဒါ ကျွန်မ တာဝန်ပါပဲ ….”

ကျေးဇူးတင်မှုကို အသိအမှတ်ပြုပြီးသည့်နောက် လီချူးဟန်သည် လင်းရီကို ကြည့်လိုက်ပြီး “ နောက်တစ်ခါ ဒီလို ကိစ္စမျိုးတွေ ရှိရင် ငါ့ဆီ ဖုန်းခေါ်လိုက် … သူများကို ဒုက္ခပေးစရာ မလိုဘူး …”

“ အိုကေ …” လင်းရီ အပြုံးလေးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

“ တကယ်လို့ တခြား မရှိတော့ဘူးဆိုရင် ကျွန်မ ပြန်တော့မယ်…”

ရန်စီလည်း ဤနေရာတွင် ရှိနေသည့် အတွက်ကြောင့် လီချူးဟန် ကြာကြာ မနေသွားချေ။ မြောင်ကော်ဖုန်းနှင့်အတူ ထွက်ခွာသွားပြီး မာရှောင်ကွမ်းသည်လည်း သူတို့နောက်သို့ လိုက်ပါသွားခဲ့ရ၏။

ယခု …. ဆေးရုံရှိ သူ၏ အနာဂတ်သည် သေချာရေရာခြင်း မရှိတော့ချေ။

“ သွားကြစို့ … ဆေးစစ်ပြီးပြီဆိုတော့ ငါတို့လည်း ပြန်ကြတာပေါ့ …” လင်းရီ ပြောလိုက်သည်။

“ အွန်း ….”

ရန်စီ ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ ထို့နောက် ထန်လိ၏ လက်ကို ကိုင်၍ “ ဘယ်လိုလဲ … အခု စိတ်သက်သာသွားပြီမလား … ဒီတိုင်း နည်းနည်းလေး စိတ်ဖိစီးနေတာကြောင့်ပါပဲ … ဆေးသောက်လိုက်ရင် ကောင်းသွားတော့မှာ ….”

“ ဟုတ်တယ် ဟုတ်တယ်…”

ထန်လိ လျင်မြန်စွာ သဘောတူလိုက်ရင်း သူမ၏ စိတ်သည်လည်း ဝါဂွမ်းတစ်ခုကဲ့သို့ ပေါ့ပါးနေတော့၏။

သုံးယောက်မှာ ရှေ့ဆုံး၌ အတူလျှောက်နေစဉ်တွေင် ကျိုးရှင်းယွီနှင့် ချန်ထန်တို့ စုံတွဲကတော့ နောက်မှ ကပ်လျက် လိုက်ပါနေလျက် ရှိ၏။ သူမ အမေတွင် မည်သည့် စိုးရိမ်ရသည့် ရောဂါလက္ခဏာမျှ ရှိမနေသည့် အတွက်ကြောင့် ကျိုးရှင်းယွီ၏ စိတ်အခြေအနေကတော့ ကောင်းမွန်နေသည်။ သို့သော် ချန်ထန်မှာမူကား အချိန်အတော်ကြာသည်ထိအောင် စကား မပြောနိုင် ၊ မဆိုနိုင် ဖြစ်နေခဲ့သည်။

“ ထန်ထန် … နင် အစောတုန်းက ကိစ္စကို အခုထိ စိတ်ဆိုးနေတုန်းလား …”

“ မင်း ပြောကြည့်လေ…” ချန်ထန်၏ အမူအရာမှာ နက်မှောင်နေပြီး “ ဒီကောင်က ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဟွာရှန်းဆေးရုံရဲ့ ဒါရိုက်တာနဲ့ ဆေးရုံအုပ်ကြီးကို ရင်းနှီးသွားရတာလဲ …”

မျှော်လင့်ချက် ကြီးမားလေ ၊ မဖြစ်မြောက်ခဲ့ပါက ပိုပြီး စိတ်ပျက်ရလေ ဟူသည့် စကားအတိုင်း ယမန်နေ့ညကတည်းက ချန်ထန်သည် သူ၏ မျှော်လင့်ချက် အလုံးစုံကို ယနေ့ ဆေးစစ်ဆေးမှုတွင် စုပြုံထားပြီး ထန်လိနှင့် ရန်စီ၏ စိတ်ထဲ၌ သူ၏ အထင်ကြီးဖို့ကောင်းသည့် ပုံရိပ်တစ်ခုကို ထင်ကျန်ရစ်စေချင်ခဲ့သည်။

သို့သော်လည်းပဲ အစီအစဉ်တို့က သူ ထင်မှတ်ထားသည့်အတိုင်း ဖြစ်ပျက်မလာခဲ့ချေ။

ထို့အပြင် သူ့ဘက်က လုံးလုံးလျားလျားကြီး ရှုံးနိမ့်သွားခဲ့ရပြီး မြေပြင်၌ ကျွင်းတူး၍ ပုန်းအောင်းချင်စိတ်တို့ ဖြစ်မိသည်အထိပင်။

“ ထန်ထန်ရယ် … နင် စိတ်မဆိုးပါနဲ့ဟာ … အနည်းဆုံးတော့ မေမေ အဆင်ပြေတယ်လေ… အဲ့တာထက်ပိုပြီး တခြားကိစ္စတွေက အရေးပါလို့လား …” ကျိုးရှင်းယွီ ပြောလိုက်ပြီး “ ငါတို့ မျက်နှာပြန်ရအောင် တခြား နည်းလမ်းတွေ ရှာလို့ရတာပဲဟာ … ဒီလို အသေးမွှား ကိစ္စလေးအပေါ် စိတ်တိုနေစရာ မလိုပါဘူး …”

ကျိုးရှင်းယွီသည် ရန်စီ့အပေါ်တွင် အထင်သေးလိုစိတ်သာ ရှိသည်။ နှစ်ကြိမ်တိုင်တိုင် တစ်ဖက်သူ၏ လောင်းရိပ်အောက်၌ ရှိနေခဲ့ရသဖြင့် သူမ၏ စိတ်အခြေအနေသည်လည်း သိပ်ပြီးမှတော့ ကောင်းမွန်မနေချေ။

“ ဒါပေမယ့် ပြဿနာက သူ့မှာ ဘာမှချို့တဲ့မနေတာပဲ … တခြား အခွင့်အရေး ရှာဖို့ဆိုတာ ခက်တယ်…”

“ ဘယ်သူက ပြောလဲ … နင်က သူ့ထက် ချမ်းသာတာပဲလေ… အဲ့တာက နင့်အကြီးဆုံး အားသာချက်ပဲဟာ …”

All Chapters