← Chapters

ဆောရီး ငါက ရဲအရာရှိပဲ

Vol. 137 Ch. 2046

ဆောရီး ငါက ရဲအရာရှိပဲ

Vol. 137 Ch. 2046

ယခုလို အချိန်မျိုး၌ ပိုင်ရုံရှိုက ဖုန်းဆက်လာလိမ့်မည်ဟု လင်းရီ မျှော်လင့်မထားခဲ့ပါချေ။ သူက တစ်ဖက်သူကို မည်သို့ ခြေရာခံအံ့ကောင်းနိုးနိုး ဖြစ်နေချိန်တွင် ပိုင်ရုံရှိုကိုယ်၌က လင်းရီ၏ လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာခဲ့ပေးနေသည်။

“ ကျုပ်ကို ဖုန်းခေါ်တာ ဘာကိစ္စလဲ …”

“ သခင်လေးလင်း … ဒီလိုပါ … လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ငါတို့ကြားမှာ တချို့ ကိစ္စလေးတွေ ရှိခဲ့တယ်လေ…. မင်းငါ့လူတွေ လွှတ်ပေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ချင်လို့ပါ ….”

လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် အသံတိတ်သွားခဲ့ပြီးနောက်‌ မေးမြန်းလိုက်၏။

“ ဒါလေးပြောဖို့ကို ကျုပ်ဆီ မနက်အစောကြီး ဖုန်းခေါ်လာတယ်ပေါ့ …”

“ အဲ့ဒါက …..” ပိုက်ရုံရှို ဆက်မပြောခင် အတန်ငယ် တုံ့ဆိုင်းနေမိသည်။ “ သခင်လေးလင်း … ငါ အခုတလော ပြဿနာ နည်းနည်း တက်နေလို့ မင်း ငါ့ကို ကူညီပေးနိုင်မလား … ဒါပေမယ့် စိတ်ချ .. ငါ မင်းကို အလကား မကူညီခိုင်းပါဘူး … မင်းသာ ငါ့ကို ကူညီပေးမယ်ဆိုရင် ငါ ပိုက်ရုံရှို အနာဂတ်ကျ မင်းကို ကျိန်းသေပေါက် ကျေးဇူးပြန်ဆပ်သွားမယ်…”

“ ရတယ်လေ… ခင်များ ဘယ်လိုအကူအညီလိုချင်လဲ …. တန်းပြောလိုက် ..”

“ ရဲတွေ ငါ့နောက် လိုက်နေလို့ … ငါ သခင်ကြီးဝေဆီကနေ ကြားထားတာ မင်းက ကျိုးဟိုင်မှာ အတော်လေး လွှမ်းမိုးမှုရှိတော့ ဒီကိစ္စတွေ အဆင်ပြေသွားအောင် ကူညီပေးနိုင်မလားလို့ပါ …” ပိုင်ရုံရှို ရှင်းပြလိုက်သည်။ “ ငါ အစောတုန်းက ပြောခဲ့တဲ့အတိုင်းပဲ မင်းသာ ငါ့ကို ကူညီပေးမယ်ဆိုရင် ငါ ဘာပဲ ပေးဆပ်ရ ပေးဆပ်ရကွာ … “

ပိုင်ရုံရှိုသည် ယခုတစ်ကြိမ် သူ ပြဿနာ အကြီးကြီး တက်နေသည်ကို သူ့ကိုယ်သူ သိသည်။ ဤတစ်ကြိမ်၌ လွတ်မြောက်နိုင်ရန်အတွက် သူ့ စုဆောင်းငွေ အကုန်လုံးကို အသုံးပြုလိုက်ရလည်း တန်သည်။ ဤမုန်တိုင်းကို ကျော်လွန်နိုင်သရွေ့ နောင်အနာဂတ်၌ ပြန်ပြီး ဦးမော့လာနိုင်သည့် အခွင့်အရေး ရှိသည်။

“ ထွေထူးကြီးကြီးမားမား မဟုတ်ပါဘူး …” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ ခင်များ အခု ဘယ်နေရာမှာလဲ … ကျုပ် လာခဲ့မယ်…”

“ သခင်လေးလင်း … မင်းက ကိုယ်တိုင် လာခဲ့မလို့လား ….”

“ ခင်များရဲ့ အခြေအနေက အတော်လေး အထိခိုက်မခံဘူး … ခင်များ မျက်နှာပြလိုက်တာနဲ့ စနစ်က တစ်ခါတည်း ချက်ချင်း ဖမ်းမိသွားလိမ့်မယ်… ကျုပ်ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ ခင်များရဲ့ လုံခြုံရေးကို အာမ မခံပေးနိုင်ဘူး …”

“ ကောင်းပြီ… ကျေးဇူးပါ သခင်လေးလင်း…. ငါ အခု ယောင်ကျားရွာမှာ … ကျိုးဟိုင်နဲ့ ယွီဟန်နယ်စပ်က ရွာလေးပဲ …”

ပိုင်ရုံရှို အတွေးလွန်မနေခဲ့ချေ။ လင်းရီက သူ့အား အားတက်သရော ကူညီလိုစိတ်ကြောင့်သာ ယခုလို ကိုယ်တိုင် ရောက်လာလိုခြင်း ဖြစ်မည်ဟု ယူဆလိုက်ပြီး ကျေးဇူးတွေ တစ်ကြိမ်ပြီး တစ်ကြိမ် တင်နေမိသည်။

“ သိပြီ …”

ပြောပြီးသည်နှင့် လင်းရီ ဖုန်းချလိုက်ကာ သွားဆက်တိုက်လိုက်၏။

သူကိုယ်တိုင် သွားရခြင်း အကြောင်းရင်းကတော့ သူ့အား ဂရုစိုက်ပေးဖူးသည့် လျိုကွမ်းရှန်အတွက် အမှတ်တချို့ ယူပေးရန်အတွက်ပင်။ ကျေးဇူးတုံ့ပြန် ဖလှယ်သည်က အရေးပါလေသည်။

အဆင်သင့် ဖြစ်သည်နှင့် လင်းရီသည် သူ၏ လန်ခရူဇာ ကားသော့ကို ကောက်ယူ၍ လမ်းပြမြေပုံကို ယောင်ကျားရွာသို့ သတ်မှတ်လိုက်ကာ ထိုနေရာသို့ ဦးတည်မောင်းနှင်လာခဲ့သည်။

………..

ယောင်ကျားရွာ၊ ပြောင်ဖူးခင်းအနီးနားတွင် ပိုင်ရုံရှိုနှင့် ဝမ်ရှုကွမ်းတို့နှစ်ဦး ယောင်ချာချာလုပ်နေရင်း လင်းရီ ရောက်အလာကို မျှော်လင့်ကြီးစွာဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။

“ ဘော့စ်ပိုင် … အခု နှစ်နာရီတောင် ရှိပြီနော်… သခင်လေးက ခုထိလည်း ရောက်မလာသေးဘူး … တစ်ခုခုများ ဖြစ်နေပြီလား မသိဘူး …”

“ မဟုတ်ဘူး … သခင်လေးလင်းလို တစ်စုံတစ်ယောက်က ဝေရိဟွာလို လူစားမျိုးနဲ့ မတူဘူး …” ပိုင်ရုံရှို သကောင့်သားအား နှစ်သိမ့်လိုက်သည်။

“ သူက စီးပွားရေး သမား …. အကျိုးအမြတ်ပေါ် မူတည်ပြီးမှ ရင်းနှီးမြုပ်နှံတဲ့လူ .. အပေးအယူလုပ်ပြီးတာနဲ့ သူ့စကားသူ ပြန်ပြီး ရုပ်သိမ်းမှာ မဟုတ်ဘူး …. ငါတို့ ဒီတိုင်း ဆက်စောင့်နေဖို့ပဲ လိုတယ်…”

“ အင်း ….”

ကလင် ကလင် ကလင် …

မကြာမီ ပိုင်ရုံရှို၏ ဖုန်းသံ မြည်လာခဲ့သည်။

“ သခင်လေးလင်း ခေါ်တာပဲ …”

စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပိုင်ရုံရှို အလျင်အမြန် ဖုန်းကိုင်လိုက်ကာ တစ်စက္ကန့်လေးပင် မကြန့်ကြာဝံ့ချေ။

သူ့အဖို့ … လင်းရီက ယေရှုခရစ်တော်ဖြစ်၏။

“ သခင်လေးလင်း … မင်း ရောက်ပြီလား …”

“ အင်း … ခင်များတို့ အခု ဘယ်မှာလဲ …”

“ ငါတို့ အခု ရွာအရှေ့ပိုင်းက ပြောင်းဖူးခင်းနားလေးမှာ … မင်း အဲ့ကို မောင်းလာတာနဲ့ ငါတို့ကို တွေ့ပြီ …”

“ အိုကေ … ကျုပ်ကို အဲ့ဒီမှာ စောင့်နေ …”

ဖုန်းချပြီးနောက် ပိုက်ရုံရှိုသည် စိတ်ထဲ သက်သာရာရသွားခဲ့သည်။

သူ့စိတ်ထဲ၌ လင်းရီ၏ ရောက်ရှိလာမှုက ဘေးကင်းလုံခြုံမှုကို ပေးစွမ်းစေသည်။ သူ့ဘက်က အရာအားလုံးကို ပေးဆပ်လိုက်ရလျှင်ပင် အသက်ဆက်လက် ရှင်သန်နိုင်နေသေးသရွေ့ ပြန်ပြီး ဦးမော့လာနိုင်ရန် မျှော်လင့်ချက် ရှိသေးသည်။

မကြာမီ ဝမ်ရှုကွမ်း၏ နားက တဖြည်းဖြည်း နီးကပ်လာနေသည့် ကားအင်ဂျင်သံကို ကြားလိုက်ရပြီး အလျင်အမြန် ပြေးထွက်လာခဲ့သည်။

“ သခင်လေးလင်း … ငါတို့ ဒီမှာ …”

နှစ်ယောက်မှာ လမ်းဘေးတစ်နေရာတွင် မတ်တပ်ရပ်လျက် သူတို့ထံ ဦးတည်မောင်းနှင်လာနေသည့် အဖြူရောင် လန်ခရူဇာလေး တစ်စင်းအား မြင်တွေ့နေရသည်။

သူတို့ကို မြင်တော့ လင်းရီ ကားကို လမ်းဘေးကပ်ရပ်လိုက်လေသည်။

“ သခင်လေးလင်း … မင်းနောက်ဆုံးတော့ ရောက်လာပြီပဲ …” ပိုင်ရုံရှိုသည် လင်းရီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ သူ၏ ဟန်အမူအရာက အသက်ကယ်ကြိုးကို ဆုပ်ကိုင်ထားနေသကဲ့သို့ပင်။

“ ဘာလို့ ခင်များတို့ နှစ်ယောက်တည်းလဲ … ကျန်တဲ့လူတွေကရော …”

“ ပြောမနေစမ်းပါနဲ့ကွာ …” ပိုင်ရုံရှို ဟင်းခနဲ မြည်အောင် သက်ပြင်းချလိုက်ပြီး “ ရဲတွေ ဒီတစ်ခေါက် ဖြိုခွင်းတဲ့ စစ်ဆင်ရေးလုပ်တာ အတော်လေး တင်းကြပ်လွန်းတယ်… ငါနဲ့ ငါ့လူယုံ ဝမ်ရှုကွမ်းပဲ လွတ်အောင် ပြေးနိုင်ခဲ့တယ်… ကျန်တဲ့ လူတွေလည်း တကွဲတပြားနဲ့ အဲ့ကောင်တွေ ဘယ်ရောက်သွားလဲ ငါလည်း မသိဘူး …”

လင်းရီ ခေါင်းညိတ်ပြီး “ ကျန်တဲ့ လူတွေလည်း အကုန် ဖမ်းခံလိုက်ရပြီ ဆိုမှတော့ ခင်များတို့နှစ်ယောက်လည်း အပြင်မှာဆက်ပြီး အလေလိုက်နေစရာ အကြောင်း မရှိတော့ဘူး … ကျုပ်နဲ့ လိုက်ခဲ့ …”

ပိုင်ရုံရှို စိတ်သက်သာရစွာဖြင့် သက်မချလိုက်၏။ လင်းရီ၏ လက်နှစ်ဖက်ကို ကျေးဇူးတင်စွာဖြင့် ပွတ်သပ်နေသည်။

“ ကျေးဇူးပါပဲကွာ … ငါတို့နှစ်ယောက်ကို ကယ်တင်ပေးလို့ သခင်လေးလင်းကို တကယ်ကျေးဇူးတင်တယ်… စကားလုံးတွေနဲ့ ဖော်ပြလို့မလောက်တဲ့ အကြွေးတစ်ခုကို ငါတင်သွားပြီ … နောင်ကျ ငါ လုပ်ပေးနိုင်တာ ရှိရင် အကောင်းဆုံး ပြန်ပေးဆပ်သွားမယ်…”

“ ကျုပ်ကို ပြန်ဆပ်စရာ မလိုဘူး …. ခင်များတို့ရဲ့ လက်ကျန်သက်တမ်းကို ထောင်ထဲမှာ ဘယ်လိုကုန်ဆုံးမလဲဆိုတာပဲ စဉ်းစားထား …”

ဤသည်ကို ကြားတော့ ပိုင်ရုံရှိုနှင့် ဝမ်ရှုကွမ်းတို့ နှစ်ဦးလုံး တောင့်တင်းသွားခဲ့ကြသည်။ မသိစိတ်အလျောက် လှမ်းအနည်းငယ် နောက်ဆုတ်မိသွားရင်း လင်းရီကို သတိထားစွာ ကြည့်လိုက်၏။

လင်းရီ များများစားစား ရှင်းပြမနေဘဲ အိတ်ထောင်ထဲက သူ့ ရဲအိုင်ဒီကို ထုတ်ပြလိုက်လေသည်။

“ ဆောရီး … ကျုပ်က ရဲအရာရှိတစ်ယောက်ပဲ ….”

“ မင်း ….”

လင်းရီ၏ ရဲတံဆိပ်ကို မြင်တော့ နှစ်ယောက်လုံးမှာ ဦးနှောက်ဗလာကျင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

သူက ဝေရိဟွာတောင် ကြောက်ရွံ့ရတဲ့ ကျိုးဟိုင်ရဲ့ နာမည်ကြီး သခင်လေးလင်း မဟုတ်ဘူးလား …

အဲ့လိုလူက ဘယ်လိုလုပ် ရဲတစ်ယောက် ဖြစ်နိုင်မှာလဲ …

စောက်အဓိပ္ပာယ်ကို မရှိတာ …..

သို့သော်လည်းပဲ အမှန်တရားက သူတို့ မျက်စိရှေ့မှောက် ရောက်ရှိနေပြီး ဖြစ်သည်။ လင်းရီက သူတို့ကို ကူညီပေးရန် ရောက်လာခဲ့ခြင်း မဟုတ်ဘဲ ဖမ်းဆီးရန်အတွက် ဖြစ်၏။ နှစ်ဦးလုံး အလျင်အမြန် ထွက်ပြေးဖို့ လိုအပ်နေချေပြီ။

ထိုအကြောင်း စဉ်းစားမိသည်နှင့် ပိုင်ရုံရှိုသည် သူ့ ခါးကြားထိုးထားသည့် သေနတ်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး လင်းရီ၏ ဦးခေါင်းသို့ ချိန်ရွယ်ထားလိုက်သည်။

“ သခင်လေးလင်း … ငါ မင်းကို အမြဲလေးစားခဲ့တယ်… ဒါပေမယ့် မင်း ငါ့အပေါ် ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ငါ တကယ်ထင်မထားခဲ့ဘူး …. ဒါပေမယ့် မင်း ငါ့ကို ပေးသွားမယ်ဆိုရင် ဒီကိစ္စ မဖြစ်ခဲ့ဘူးလို့ သဘောထားလိုက်မယ်… မဟုတ်ရင် အတူသေကြတာပေါ့ … ဒီအခြေအနေထိ ရောက်လာပြီးမှတော့ ငါ့ဘက်က ဘာမှ ဆုံးရှုံးစရာ အကြောင်း မရှိတော့ဘူး….”

“ အဲ့ သေနတ် အစုတ်လေးနဲ့ ကျုပ်ကို ခြိမ်းခြောက်နိုင်မယ် ထင်နေတယ်ပေါ့ …” လင်းရီ နှာမှုတ်လိုက်သည်။ “ ခင်များတို့နှစ်ယောက်လောက်ကို မကိုင်တွယ်နိုင်ရင် သခင်လေးလင်းဆိုတဲ့ နာမည်နဲ့ ကျုပ် ဘယ်လိုလုပ် ထိုက်တန်တော့မှာ …”

“ မင်း သဘောမတူဘူးဆို ငါ့အဆိုးမဆိုနဲ့ … ဒီလို ဖြစ်အောင် မင်းဘာမင်း လုပ်တာပဲ … “

ပိုင်ရုံရှိုက တဇောက်ကန်းသမားပင်။ ယခု ချောင်ပိတ်ခံနေရပြီး သူ မလုပ်ဝံ့သည့်အရာကား မည်သို့ ရှိလိမ့်မည်နည်း။

ဘန်း ….

တုံ့ဆိုင်းခြင်း မရှိပါဘဲ ပိုင်ရုံရှို သေနတ်ခလုတ်အား ဆွဲလိုက်ကာ ကျည်တစ်တောင့်က လင်းရီ၏ နဖူးတည့်တည့်သို့ ဦးတည်လာနေသည်။

သို့သော် လင်းရီအတွက်ကတော့ သာမန်သေနတ်တို့က ခြိမ်းခြောက်မှု မဟုတ်တော့ချေ။

ပိုင်ရုံရှို ခလုတ်မဆွဲမီ 0.1 စက္ကန့်အလိုတွင် လင်းရီသည် ခေါင်းကို ငဲ့စောင်းလိုက်ပြီး ကျည်ဆံအား လက်မတင်လေး တိမ်းရှောင်လိုက်၏။

သေနတ်သံက ကျယ်လောင်စွာ မြည်ဟည်းသွားခဲ့ပြီး လျင်မြန်စွာပဲ ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။ ပိုင်ရုံရှိုနှင့် ဝမ်ရှုကွမ်းတို့နှစ်ဦးလုံး တဆတ်ဆတ်တုန်ယင်သွားခဲ့၏။

ယခုလေးတင် သူတို့ မည်သည့်အရာကို မြင်တွေ့လိုက်ရသနည်း။

“ မင်း … မင်း ကျည်ဆံကို ရှောင်လိုက်တယ်….”

All Chapters