သခင်လေးလင်းကတော့ သခင်လေးလင်းပါပဲ
Vol. 137 Ch. 2047
“ ဒီတိုင်း ကျည်ဆံလေးကို ဘာတွေ ဖြစ်ပျက်ပြနေကြတာ …”
လင်းရီ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ ပြီးတော့ ကျုပ်မှာသာ အရည်အချင်းတချို့ မရှိဘူးဆိုရင် အဘိုးကြီး ဝေရိဟွာကရော ကျုပ်ကို ကြောက်လိမ့်မယ်ထင်လား …”
ပိုင်ရုံရှိုနှင့် ဝမ်ရှုကွမ်းတို့နှစ်ဦးလုံး သွေးဆုတ်ဖြူလျော်သွားခဲ့ကြပြီး သူတို့ ခြေထောက်များမှာ အားအင်ချိနဲ့လာခဲ့သည်။
“ မင်း … မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ …” ပိုင်ရုံရှို၏ အသံက ကျယ်လောင်နေပြီး ထိုအသံထဲတွင် ရှုပ်ထွေးမှုနှင့် နားမလည်နိုင်မှုတို့က အထင်းသားဖြစ်နေသည်။ “ မင်း ငါတို့ကို ဖမ်းချင်တယ်ဆိုလည်း အဲ့နေ့ကတည်းက ဖမ်းလိုက်ရောပေါ့ …. ဘာလို့ အခုချိန်ထိ စောင့်နေသေးလဲ …”
“ အမှန်အတိုင်း ပြောရရင် ကျုပ် ခင်များတို့နှစ်ယောက်ကို အဲ့ဒီနေ့ကတည်းက ဖမ်းချင်နေတာ … “ လင်းရီ ဝန်ခံလိုက်၏။ “ ဒါပေမယ့် ကျုပ် အထက်လူကြီးတွေက ခင်များတို့နှစ်ယောက်ကို တခြား ရဲစခန်းနဲ့ ပူးတွဲစစ်ဆင်ရေးလုပ်ပြီး ဖမ်းဖို့လိုတယ်ဆိုပြီး ပြောလာတယ်လေ… ကျုပ် စိတ်ရှိတဲ့အတိုင်း လုပ်လိုက်ရင် ဘယ်ကောင်းမှာ ဟုတ်တယ်မလား … ကိုယ်က အသင်းအဖွဲ့နဲ့ လုပ်နေရတာဆိုတော့ အများအတိုင်းပဲ သွားမှ အဆင်ပြေမှာပေါ့ … ဒါကြောင့်မို့ ခင်များတို့နှစ်ယောက်ကို ရက်နည်းနည်းထပ်ပြီး လွှတ်ထားပေးတာ …”
နှစ်ယောက်လုံး နားလည်သွားခဲ့ကြသည်။ ယခုအချိန်မှပဲ လင်းရီသည် သူတို့နှစ်ဦးကို ဘယ်တုန်းကမှ ခေါင်းထဲ မထည့်ခဲ့ဘူးသည်ကို သဘောပေါက်သွားခဲ့ကြတော့၏။ သူ့တွင် အခြားအစီအစဉ်များ ရှိနေသောကြောင့်သာ လွှတ်ထားပေးခဲ့ခြင်း ဖြစ်လေသည်။
“ တခြား မေးစရာ ရှိသေးလား … ကျုပ် အကုန်ဖြေပေးမယ်… ခင်များတို့နှစ်ယောက်လုံး ခေါင်းရှင်းရှင်းလေးနဲ့ ထောင်ထဲဝင်ရတော့ ပိုပြီး စိတ်အဆင်ပြေတာပေါ့ …”
နှစ်ဦးသားလုံး မည်သည်ကိုမျှ မဆိုဘဲ မြေပြင်၌ ငူငူငိုင်ငိုင်ကြီး မတ်တပ်ရပ်နေခဲ့ကြသည်။
ယခုလို အခြေအမျိုးသို့ ရောက်ရှိနေပြီးမှတော့ သူတို့ဘက်က ရှည်ရှည်ဝေးတွေ ထပ်ပြောနေလျှင်လည်း အပိုစာသားသာ ဖြစ်သွားလိမ့်မည်။ တစ်ဖက်လူက သူတို့ကို လွှတ်ပေးမည့် ရည်ရွယ်ချက် မရှိသည်မှာ အသိသာကြီးပင်။
“ မပြောဘူးဆိုတော့ မေးခွန်းမရှိတော့ဘူးလို့ပဲ ယူဆလိုက်တော့မယ်နော်….” လင်းရီ ခေါင်းအား အနည်းငယ် ငဲ့စောင်းလိုက်ပြီး တည်ငြိမ်သည့် လေသံဖြင့် ပြောဆိုလိုက်၏။ “ ကားထဲဝင် … ခင်များတို့ အခုလို ကိုယ့်ကိုယ်ကို အသိစိတ်ပြန်ဝင်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ ထမင်းတစ်နပ်လိုက်ကျွေးမယ်… ဘာပဲဆိုဆို နောင်ကျ ဒီလိုမျိုး ထပ်စားနိုင်တော့မှာ မဟုတ်ဘူးလေ…”
နှစ်ယောက်မှာ နာခံစွာဖြင့် လင်းရီ၏ လန်ခရူဇာအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။ သူတို့ မခုခံလိုသောကြောင့် မဟုတ်ဘဲ လင်းရီ ကျည်ဆံအား ရှောင်တိမ်းပြသွားသည်ကို မြင်ပြီးသည့်နောက် ထိုအတွေးတို့ ကြက်ပျောက် ငှက်ပျောက် ၊ ပျောက်ရှသွားခဲ့ခြင်းပင်။
သုံးဦးလုံး ကားထဲသို့ ဝင်ပြီးနောက် လင်းရီသည် ကျိုးဟိုင်သို့ ပြန်လည်ဦးတည်လာခဲ့သည်။
ကျေးရွာလမ်းကလေးက ဆိုးရွားကြမ်းတမ်းလှပြီး နိမ့်ချည်မြင့်ချည်နှင့် လမ်းတစ်လျှောက် ခုန်ပေါက်နေသည်။ သို့သော် ပိုင်ရုံရှိုမှာတော့ အံ့အားသင့်ဖို့ကောင်းလောက်အောင် တည်ငြိမ်နေလျက် ရှိသည်။
ယခုအချိန်သို့ ရောက်မှပဲ ပိုက်ရုံရှိုသည် သူ့ဘေးတွင် ရှိနေသည့် လူငယ်လေးက မည်မျှ ကြောက်စရာကောင်းကြောင်းကို သတိပြုမိသွားခဲ့တော့သည်။ စီးပွားရေးသမားဆိုသည့် သူ၏ အထောက်အထားကို ဘေးကပ်ထားလျှင်ပင် လင်းရီ၏ အခြားနယ်ပယ်ရှိ လွှမ်းမိုးမှုတို့က သူစိတ်ကူးယဉ်နိုင်သည်ထက်ပင် ကျော်လွန်နေလျက် ရှိ၏။ အံ့ဩဖို့ကောင်းလောက်သည့် တိုက်ခိုက်ရေးစွမ်းအားကိုပါ ထည့်ပေါင်းလိုက်သည့်အခါ၌ ပိုင်ရုံရှိုသည် သူက ခြင်္သေ့ရှေ့မှောက် ရောက်ရှိနေသည့် နှံကောင်လေး တစ်ကောင်ထက်ပင် မပိုကြောင်း သူ့ကိုယ်သူ သတိပြုမိလိုက်သည်။
အောက်သို့ ငုံ့ကြည့်လိုက်သည်တွင် ဗလာကျင်းနေသည့် သူ့လက်တစ်စုံကို မြင်တွေ့နေရပြီး ခါးသက်စွာ ပြုံးလိုက်မိ၏။
လင်းရီက သူ့ကို ထမင်းစားဖို့ ခေါ်သွားနေရုံသာမက လက်ထိပ်လည်း မခတ်ထားပေ။ ဤသည်က သူ့ကိုယ်သူ ယုံကြည်ချက် မည်မျှ ပြည့်ဝနေကြောင်း မီးမောင်းထိုးပြနေလေသည်။
ဤသည်ကို တွေးတောမိတော့ ပိုင်ရုံရှိ၏ စိတ္တဇဆန်ဆန် ခါးသက်သည့် ရယ်မောသံကြီးက ကားအတွင်း ထွက်ပေါ်လာခဲ့တော့၏။
သခင်လေးလင်းရဲ့ စီးကရက်တစ်လိပ်က ကျိုးဟိုင်ရဲ့ ကောင်းကင်တစ်ဝက်ကို ဖုံးလွှမ်းနိုင်တယ်ဆိုတာ အပြောပဲရှိတာ မဟုတ်ဘူးပဲ။
…………….
ကျိုးဟိုင် ရဲဌာန။
ရှင်းရှန်း ရဲစခန်းနှင့် စုန့်ကျန်း ရဲစခန်း၏ အဓိက အဖွဲ့ဝင်များအားလုံး စုဝေးနေကြသည်။
ယခင် တစ်ခေါက် ဖမ်းဆီးသည့် စစ်ဆင်ရေးက ရှုံးနိမ့်သွားခဲ့သဖြင့် နောက်လာမည့် စစ်ဆင်ရေးအတွက် အစီအစဉ်များအား ဆွေးနွေးတိုင်ပင်ရန် လိုအပ်လေသည်။ အကယ်၍ သူတို့သာ ပိုင်ရုံရှိုကို ထွက်ပြေးလွတ်မြောက်ခွင့်ပေးလိုက်မည်ဆိုပါက အများပြည်သူရှေ့တွင် မျက်နှာပျက်ရလိမ့်မည်။
အစည်းအဝေးက မစတင်ရသေးချေ။ ထို့ကြောင့် နှစ်ဖက်ရဲစခန်းရှိ အသင်းသားများက အစည်းအဝေးခန်း စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင် ထိုင်နေလျက် ရှိကြကာ တစ်ယောက်ကိုယ်တစ်ယောက် စူးစိုက်ကြည့်နေခဲ့ကြ၏။ လောကဝတ်အရ သာမန်လျှံကာ နှုတ်ဆက်ပြီးသည့်နောက်တွင် မည်သည့် ဟက်ဟက်ပက်ပက် ဆက်ဆံမှုတို့မျှ မရှိကြတော့ချေ။
“ ဒါရိုက်တာဟန် .. ပိုက်ရုံရှို ကိစ္စကို ရှင် ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ …” လင်းဟန် မေးမြန်းလိုက်သည်။
“ မသေချာသေးဘူး … အထက်က ဘယ်လိုဆုံးဖြတ်မလဲ နားထောင်ကြည့်ရဦးမယ်…”
“ ကျွန်မ သိချင်တာက နောက်စစ်ဆင်ရေးကြရင်လည်း ရှင်းရှန်းရဲစခန်းနဲ့ ထပ်ပြီး ပူးပေါင်းဆောင်ရွက်ဦးမှာလားလို့ …”
“ ဘာလို့ … နင်က ထပ်ပြီး မပူးပေါင်းချင်တော့ဘူးလား…”
လင်းဟန် ခေါင်းညိတ်လိုက်သည်။
“ တကယ်လို့ သူတို့ ပါလာမယ်ဆို အနှောင့်အယှက် ဖြစ်ရုံပဲ ရှိမှာ … ကျွန်မကတော့ ကိုယ့်ဘာကိုယ်ပဲ ကိုင်တွယ်ချင်တယ်…”
“ ခေါင်းဆောင်ပြောတာ မှန်တယ်… ကျုပ်တို့ ရှင်းရှန်းရဲစခန်းနဲ့ ထပ်ပြီး မပူးပေါင်းချင်တော့ဘူး …” ကျောက်စု ထပ်ပေါင်းပြောလိုက်၏။
“ သူတို့က အရည်အချင်း မမီဘူး … တကယ်လို့ ထပ်ပြီး အတူ အလုပ်လုပ်ရမယ်ဆိုရင် ကျုပ်တို့ကို ဆွဲချသွားတာပဲ ရှိမယ်….”
“ ငါတော့ နောက်လာမယ့် စစ်ဆင်ရေးက ပူးပေါင်းဖို့ လိုမယ် မထင်ဘူး …” ဟန်ကျုံးယွီ ပြောဆိုလိုက်၏။
ဤသည်ကို ကြားတော့ စုန့်ကျန်း အသင်းသားများအားလုံး ပျော်ရွှင်သွားခဲ့ကြလေသည်။
“ တကယ်ကြီးလား …”
“ ငါတို့ ပူးပေါင်းခဲ့ကြတယ်ဆိုတာ ရာဇဝတ်မှုကို ထိထိရောက်ရောက်နဲ့ ဖြိုခွင်းတဲ့ ကာလဖြစ်နေလို့ပဲ … ရည်ရွယ်ချက်ကတော့ လူမြင်သာအောင် ပြဖို့ပေါ့ … “ ဟန်ကျုံးယွီ ရှင်းပြလိုက်ပြီး “ အခု အဲ့ဒီကာလလည်း ပြီးသွားခဲ့ပြီဆိုတော့ ငါတို့ရဲ့ အဓိက ရည်မှန်းချက်က ပိုင်ရုံရှိုကို ကိုယ့်လက်ကိုယ့်ခြေနဲ့ အမိအရ ဖမ်းဆီးဖို့ပဲ … မင်းတို့တွေ သေချာ ပြင်ဆင်ထားကြ … အချိန်မရွေး လှုပ်ရှားရင် လှုပ်ရှားရနိုင်တယ်.. ဒီတစ်ခေါက်တော့ ဘယ်လိုအမှားအယွင်းမှ အဖြစ်ခံလို့မရဘူး …”
“ စိတ်ချပါ ဒါရိုက်တာဟန် … ကျွန်မရဲ့ သတင်းပေးတွေကို စေလွှတ်ထားပြီးပြီ … ဖမ်းဆီးဖို့ ကိစ္စကို ကနေဦး အစီအစဉ်လည်း ရေးဆွဲထားတယ်… အစည်းအဝေးပြီးတာနဲ့ ရှင့်ဆီ အစီရင်ခံသွားမယ်…”
“ ကောင်းတယ်… ဒီခု စစ်ဆင်ရေးက စုန့်ကျန်းရဲစခန်းရဲ့ ဂုဏ်သတင်းအတွက် အရေးပါတယ်… ဘယ်လို လွဲမှားချော်မှားမျိုးမှ ဖြစ်သွားလို့ မရဘူး … ရှင်းရှန်းကကောင်တွေကို စပေါ့လိုက် မီးရောင်အောက် ရောက်သွားစေလို့ မဖြစ်ဘူး …”
“ နားလည်ပါပြီ…”
ချလပ် …
ထိုအချိန်မှာပဲ အစည်အဝေး အခန်းတံခါး တွန်းပွင့်လာခဲ့သည်။
လျိုချွင်ကျန်းနှင့် အခြားနှစ်ဦး အထဲသို့ ဝင်ရောက်လာခဲ့ပြီး စားပွဲထိပ်သီးပိုင်းတွင် ဝင်ထိုင်လိုက်ကြ၏။
တစ်ချိန်တည်းတွင် စခန်းနှစ်ခုလုံးရှိ လူများအားလုံး ထိုင်ခုံကိုယ်စီမှ မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်ကြသည်။
“ ကောင်းပြီ .. အားလုံးထိုင်ကြ … အစည်းအဝေးကို လိုရင်းတိုရင်းနဲ့ အဓိက အချက်ပဲ တန်းသွားကြတာပေါ့ …” လျိုချွင်းကျန်း စတင်လိုက်သည်။
“ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ပိုင်ရုံရှိုကို ဖမ်းဆီးဖို့လုပ်တဲ့ စစ်ဆင်ရေး ကျရှုံးခဲ့တယ်… ဘာကြောင့် ကျရှုံးခဲ့လဲဆိုတာကို မင်းတို့ ပြန်သုံးသပ်ပြီးကြပြီလား …”
သူ ဟန်ကျုံးယွီထံသို့ တစ်ချက် ကြည့်လိုက်၏။ “ အထူးသဖြင့် မင်းရဲ့အသင်းပဲ … ကုစားလို့ မရတဲ့ အမှားကြီး တစ်ခုကို ကျူးလွန်မိလုနီးပါးပဲ …”
“ ကျုပ်တို့ဘက်က တကယ်ပဲ ပေါ့ဆခဲ့မိပါတယ်…” ဟန်ကျုံးယွီ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။ “ ကျုပ်တို့အသင်းက လိုအပ်တဲ့ အတွေ့အကြုံတွေ ကင်းမဲ့နေတာက စစ်ဆင်ရေးကို ကျရှုံးလုနီးပါး ဖြစ်သွားစေခဲ့တယ်… ကျုပ် သူတို့ကို ပြင်းပြင်းထန်ထန် သတိပေးပြီးပါပြီ … ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး …”
“ ဒါက မင်းအမှားကြီးပဲလည်း မဟုတ်ပါဘူး … အဲ့တာကလည်း အတွေ့အကြုံမရှိဘဲနဲ့ ဘယ်သူကရော လွယ်လွယ်ကူကူနဲ့ ကိုင်တွယ်နိုင်မှာ …” လျိုချွင်ကျန်း ပြောဆိုလိုက်သည်။ သူ မမျှမတ မလုပ်ခဲ့ပေ။
“ လင်းဟန်လို ထူးချွန်ပါတယ်ဆိုတဲ့ လူစားမျိုးတောင် တူညီတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရတော့ အောင်မြင်ဖို့ ဖြစ်နိုင်ချေက ပိုတောင် နည်းသွားတာ သဘာဝပဲ …”
သူ ဟန်ကျုံးယွီကို ဘက်ကန်ပြီး ပြောပေးနေခြင်း မဟုတ်ပေ။ တကယ့်လက်တွေ့ အခြေအနေကိုက ထိုသို့ ဖြစ်နေခဲ့ခြင်း ဖြစ်၏။
လင်းဟန်ကို မဆိုထားနှင့်။ လီရှန်းဟွေ့ကိုယ်၌ သွားရောက်ခဲ့လျှင်ပင် ရလဒ်က အတူတူသာ ဖြစ်ပေလိမ့်မည်။ ဒါမှမဟုတ် လင်းဟန်လောက်တောင် ကောင်းမွန်စွာ မဆောင်ရွက်နိုင်သည်မျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်။
လင်းရီကလွဲ၍ ခရိုင်ရဲစခန်းနှစ်ခုလုံးရှိ မည်သူကမျှ ထိုတာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ မဟုတ်ချေ။
“ နားလည်ပေးတဲ့အတွက် ကျေးဇူးပါ ဒါရိုက်တာ … ဒါပေမယ့် ကျုပ်တို့ရဲ့ အပြစ်လည်း မကင်းပါဘူး … နောင်ကျ သေချာလေး ဂရုစိုက်သွားပါ့မယ်….”
လျိုချွင်ကျန်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ ထို့နောက် “ နောက်ထပ် ဖမ်းဆီးမယ့် အစီအစဉ်က ဘယ်လို ရှိပြီလဲ … မင်းတို့နှစ်ယောက်လုံးမှာ စဉ်းစားထားတာတွေ ရှိလား …”
“ ကနေဦး အကြံဉာဏ်တချို့တော့ ရှိထားပြီ … ပြီးတော့ ကျုပ်တို့တွေ ပိုင်ရုံရှိုကို အပြင်မှာ ကြာကြာ လွှတ်မထားပါဘူး …”
လျိုချွင်ကျန်းက ဟန်ကျုံးယွီအား အသိအမှတ်ပြုစွာ ကြည့်လိုက်သည်။ “ ဒါဆို မင်းအကြံဉာဏ်လေးတွေ ဆိုစမ်းပါဦး …”
ဟန်ကျုံးယွီသည် လင်းဟန်ထံသို့ အကြည့်ပို့လိုက်၏။
“ မင်းအစီအစဉ်ကို ဒါရိုက်တာဆီ တင်ပြလိုက်…”
လင်းဟန် ချက်ချင်း မတ်တပ်ရပ်လာသည်။
“ စစ်ဆင်ရေးပြီးတော့ ကျွန်မဘက်က နောက်ထပ် အစီအစဉ်သစ်ကို ချက်ချင်း စတင်ခဲ့ပါတယ်… အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းမှာ ရှိနေတဲ့ စောင့်ကြည့်ရေး စင်တာတွေ အကုန်လုံးကို ပိုင်ရုံရှိုရဲ့ အချက်အလက်တွေ ပို့ထားပါပြီ … ပိုင်ရုံရှို ပေါ်လာတာနဲ့ စနစ်က ချက်ချင်း သိသွားမှာပါ … သူ ထွက်ပြေးလို့ မလွတ်ပါဘူး …”
“ ပြီးတော့ တကယ်လို့များ နိုင်ငံခြားကို ထွက်ပြေးသွားနိုင်တယ်ဆိုရင်တောင် အင်တာပိုလစ်ဆီ ဝရမ်းထုတ်ဖို့ အကုန်လုံး ပြင်ဆင်ပြီးသွားပါပြီ …”
လျိုချွင်ကျန်း အသိအမှတ်ပြုစွာ ခေါင်းညိတ်လိုက်၏။ လင်းဟန်၏ ချဉ်းကပ်နည်းလမ်းက အတော်လေး ကုံလုံသည်။
“ လက်ရှိ အခြေအနေအတိုင်းဆိုရင် ပိုင်ရုံရှိုက ပြည်တွင်းမှာပဲ ရှိနေဦးမှာ … ကျွန်မတို့ဘက်က အဓိက လမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး ဖမ်းဖို့ ဝရမ်းလည်း ထုတ်ထားပြီးပါပြီ… အစည်းအဝေးပြီးတာနဲ့ ကျွန်မကိုယ်တိုင် လိုက်ပြီး သူ့ကို ခြေရာခံမှာပါရှင့် …” လင်းဟန် ယုံကြည်ချက် အပြည့်ဖင့် ပြောဆိုလိုက်သည်။ “ အချိန် တစ်ပတ်ပဲပေးပါ ဒါရိုက်တာ … ကျွန်မ ပိုင်ရုံရှိုကို ဖမ်းဆီးလာခဲ့ပေးပါ့မယ်…”