တစ်ခုမဟုတ် တစ်ခု
Vol. 137 Ch. 2048
လင်းဟန်၏ မိန့်ခွန်းက စုန့်ကျန်း ရဲစခန်းရှိ ကျန် အသင်းသားများကို စိတ်လှုပ်ရှားမှုဖြင့် သွေးတို့ ပွက်ပွက်ဆူလာစေသည်။
သူတို့၏ အမြင်တွင် စစ်ဆင်ရေးကို လင်းဟန်ကိုယ်တိုင် ဦးဆောင်မည်ဆိုပါက ပိုင်ရုံရှိုအား ဖမ်းဆီးရမိဖို့ဆိုသည်မှာ အချိန်တစ်ခုမျှသာ ဖြစ်၏။ ရှင်းရှန်းရဲစခန်းကလည်း အကျိုးရမှတ်များကို လုယူနိုင်မှာ မဟုတ်ချေ။
ထိပ်ပိုင်းစားပွဲတွင် ထိုင်နေသည့် လျိုချွင်ကျန်းသည် အားရကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် လျိုကွမ်းရှန်ဘက်သို့ လှည့်လိုက်၏။
“ လောင်လျို … မင်းဘက်ခြမ်းကရော ဘယ်လို အစီအစဉ်တွေ ရှိထားလဲ … ငါ နားထောင်ကြည့်ရအောင် …”
“ အဲ့ဒါက ….”
လျိုကွမ်းရှန်မှာ ခေတ္တမျှကြာသည်အထိ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ့လက်ထဲ၌ အသေးစိတ်ပြင်ဆင်ထားသည့် မည်သည့် အစီအစဉ်မျှ ရှိမနေချေ။ အစည်းအဝေးက ယခုလိုမျိုး အလွန်လျင်မြန်စွာ ဆင့်ခေါ်လာလိမ့်မည်ဟုလည်း သူ့ဘက်က မျှော်လင့်မထားခဲ့ချေ။ မည်သို့ပင်ဆိုစေ လူတိုင်းက လင်းဟန်ကဲ့သို့ အလုပ်အပေါ် ရူးသွပ်နေကြသူများ ဟုတ်မနေချေ။
“ ကျုပ်တို့ဘက်ခြမ်းကလည်း နောက်ဆက်တွဲ အစီအစဉ်တွေအတွက် တက်တက်ကြွကြွနဲ့ အလုပ်လုပ်နေပါတယ်… ပိုင်ရုံရှိုကို ဖမ်းမိဖို့က မကြာတော့ပါဘူး … သူ့ရဲ့ ရာဇဝတ်ဘေးက လုံးဝ ပြေးလို့ မလွတ်ပါဘူး …”
လျိုချွင်ကျန်း၏ အမူအရာမှာ နက်မှောင်သွားခဲ့သည်။ “ အဲ့တော့ ပြောချင်တာက မင်းမှာ ဘာပြင်ဆင်ထားတဲ့ အစီအစဉ်မှ မရှိဘူးပေါ့ …”
ရှင်းရှန်း ရဲစခန်းရှိ အသင်းဝင်များလည်း နှုတ်ဆိတ်လို့နေကြသည်။ အမှန်တကယ်လည်း သူတို့ ဘာမျှ ပြင်ဆင်မထားရသေးချေ။
ယခု အစည်းအဝေးက စတင်နေပြီး တစ်ဖက်သူ၏ လောင်းရိပ်အောက်၌ ရှိနေရသည်ကို သိလိုက်ရတော့ စိတ်ထဲတွင် မချိမဆံ့ ခံစားနေရကာ ဒေါသထွက်လို့ မဆုံး ဖြစ်နေကြရသည်။
အကြောင်းတချို့ကြောင့် လီရှန်းဟွေ့သည် လင်းရီကို တမ်းတမိသွားခဲ့၏။
အကယ်၍ ထိုကောင်လေးသာ ဤနေရာတွင် ရှိနေမည်ဆိုပါက အစီအစဉ်တစ်ခုမျှ မရှိထားလျှင်ပင် ကောင်းမွန်သည့် လက်တန်းအစီအစဉ်တစ်ခုကို ဖန်တီးကောင်း ဖန်တီးနိုင်ပေမည်။
သို့သော်လည်းပဲ ထိုငနဲသားက ဘယ်တော့မှ အစည်းအဝေးမတက်သည်ကတော့ အတော်လေး နှမြောဖို့ကောင်းလှသည်။
ဟန်ကျုံးယွီသည် ဂုဏ်ယူမှုကို ခံစားနေရင်း ထိုင်ခုံနောက်သို့ မှီလိုက်ကာ အလွန်အမင်း ကျေနပ်အားရနေလျက် ရှိ၏။ ကျန်သည့် စုန့်ကျန်း အသင်းသားများလည်း ထိုနည်းတူစွာပင်။ ယခင် တစ်ခေါက် စစ်ဆင်ရေးတွင် လင်းဟန်၏ အမြင်လျှမ်းမှုကြောင့် ရှင်းရှန်း ရဲစခန်းက အနည်းငယ် အသာစီး ရရှိခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူတို့ဘက်က အသာစီးပြန်ရပြီ ဖြစ်ရာ ကျေနပ်အားရမှု မဖြစ်ဘဲ မနေနိုင်ချေ။
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ လီရှန်းဟွေ့၏ ဖုန်းသံ မြည်လာခဲ့ပြီး လင်းရီက ဆက်သွယ်လာခဲ့ခြင်းပင်။
အစည်းအဝေးခန်းထဲတွင် ဖြစ်နေသဖြင့် လီရှန်းဟွေ့ ငြင်းပယ်လိုက်၏။
“ လင်းရီ ဖုန်းဆက်လာတာလား …” လျိုကွမ်းရှန် မေးမြန်းလိုက်သည်။
လီရှန်းဟွေ့ ခေါင်းညိတ်ပြလိုက်၏။ “ အစည်းအဝေးပြီးမှပဲ ပြန်ခေါ်လိုက်မယ်…”
“ ကောင်းပြီလေ… ငါတို့ ဆက်ဆွေးနွေးကြတာပေါ့ ….”
ကလင် ကလင် ကလင် ..
စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက် ဖုန်းသံက ထပ်မံမြည်ဟည်းလာပြန်သည်။ ယခု တစ်ခေါက်တွင်လည်း လင်းရီထံကပဲ ဖြစ်၏။
“ ခဏလေး …”
လီရှန်းဟွေ့ ဖုန်းချတော့မည့် အချိန်မှာပဲ လျိုချွင်ကျန်း လက်ပြဟန့်တားလာခဲ့၏။
“ မင်းတို့ ပြောတဲ့ လင်းရီဆိုတာ ချန်ကျန်း ရေချိုးစင်တာမှာတုန်းက အဲ့ဒီ မစ်ရှင်ကို လုပ်သွားတဲ့ ကလေးမလား …”
“ ဟုတ်ကဲ့ … အဲ့ကောင်လေးပါပဲ …”
“ ငါ သူ့ကို ကောင်းကောင်း မှတ်မိတယ်… နှစ်ကြိမ် ဆက်တိုက် ခေါ်လာတယ်ဆိုတော့ တစ်ခုခု အရေးကြီးတာ ရှိလို့ နေမှာပေါ့ … ဖုန်းကိုင်လိုက် …”
“ ဟုတ်ကဲ့ …”
လီရှန်းဟွေ့ မတ်တပ်ရပ်ပြီး ဖုန်းဖြေရန်အတွက် အစည်းအဝေးခန်းထဲက ထွက်သွားခဲ့သည်။ ထိုစဉ်တွင် ဟန်ကျုံးယွီနှင့် ကျန်သူများကတော့ မဖြုံစတမ်းသာ ရှိနေသည်။
ထိုနေ့က လင်းရီ၏ အနိုင်ပိုင်းခြင်းကို သူတို့ ခံစားခဲ့ရသော်လည်းပဲ အတိတ်က အတိတ်သာလျှင် ဖြစ်ပြီး ယခုအချိန်၌ အဆိုပါ အသေးမွှား ကိစ္စရပ်လေးတို့က ဆက်ပြီး ခံစားနေဖို့ မထိုက်တန်ချေ။
“ ဆွေးနွေးပွဲကို ဆက်လုပ်ကြမယ်… ဖမ်းဆီးဖို့ အတွက်က . . .ချလပ် …”
လျိုချွင်ကျန်း စကားမဆုံးသေးခင်မှာပဲ အစည်းအဝေး တံခါးက ခေါက်သံမမြည်ဘဲ တွန်းပွင့်လာခဲ့လေသည်။ ထို့နောက်တွင်တော့ စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသည့် မျက်နှာထားဖြင့် ဖြစ်နေသည့် လီရှန်းဟွေ့က အလောတကြီး အထဲသို့ ဝင်ရောက်လာခဲ့သည်။
“ ခေါင်းဆောင် … ပိုင်ရုံရှို ဖမ်းခံလိုက်ရပြီ …”
“ ဘာပြောလိုက်တယ်….”
အစည်းအဝေးခန်းထဲရှိ လူတိုင်း အေးခဲသွားခဲ့ကြပြီး သူတို့ နားကြားများ မှားသွားလေသလောဟု ထင်ယောင်ထင်မှား ဖြစ်သွားခဲ့ကြသည်။
လွန်ခဲ့သော တစ်ရက်ခန့်ကပဲ သူတို့အားလုံး ပူးပေါင်း၍ ပိုင်ရုံရှိုကို ဖမ်းဆီးပါသော်လည်း တစ်ဖက်သူမှာ လွတ်မြောက်သွားခဲ့သည်။ ယခု … ထိုလူ့အား တစ်ဖန် ဖမ်းဆီးနိုင်ရန်အတွက် တံခါးပိတ် အစည်းအဝေးထိုင်နေချိန်တွင် ပိုင်ရုံရှိုက ဖမ်းခံလိုက်ရပြီတဲ့လော။
“ ပိုင်ရုံရှို အဖမ်းခံလိုက်ရပြီလို့ မင်း ပြောလိုက်တာလား …” လျိုချွင်ကျန်း စိတ်လှုပ်ရှားတကြီးဖြင့် မေးမြန်းလာသည်။
“ ဟုတ်ကဲ့ … သူက ထွက်ပြေးသွားပြီးတဲ့နောက်မှာ ကျိုးဟိုင်နဲ့ ယွီဟန်ကြားက ယောင်ကျားရွာမှာ ပုန်းနေခဲ့တာ … လင်းရီ အခု သူ့ကို ဖမ်းပြီး ရှင်းရှန်း ရဲစခန်းကို ခေါ်လာနေပြီ …”
ဤသည်ကို ကြားတော့ ဟန်ကျုံးယွီနှင့် လင်းဟန်တို့၏ မျက်နှာများမှာ ဖြူလျော်သွားခဲ့ပြီး ရှော့ခ်ရသွားခဲ့ကြ၏။ မျက်လုံးတို့ကလည်း မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လို့နေသည်။
သူတို့၏ ကိုယ်ပိုင် အစီအစဉ်များကိုပင် အပြည့်အဝ အကောင်အထည် မဖော်နိုင်သေးခင်၌ ရှင်းရှန်း ရဲစခန်းက မစ်ရှင်ကို အပြီးသတ်ပြီးနေပြီတဲ့လော။ ယခုလို အလှည့်အပြောင်းမျိုးအား သူတို့ လက်ခံနိုင်စွမ်း မရှိဘဲ ဖြစ်နေသည်။
အမြဲတစေ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိပြီး မောက်မာသည့် လင်းဟန်သည်လည်း ယခုကဲ့သို့ နှာတစ်ဖျား အရှူးခံလိုက်ရသည်ကို လက်သင့်မခံနိုင်ချေ။ သူမ၏ E အဆင့်ရှိသည့် ခွန်အား၊ နှစ်ပေါင်းများစွာ စုစည်းလာခဲ့သည့် လူဆိုးဖမ်း အတွေ့အကြုံများနှင့် ပိုင်ရုံရှိုအား ဖမ်းဆီးနိုင်မည်မှာ သံသယ ရှိရန် မလိုပေ။ သို့သော် ယခု အသစ်ရောက်လာသည့် လူသစ်လေးက ရမှတ်များအားလုံးကို လုယူသွားခဲ့သည်။ ထိုသို့သော အချင်းအရာကို သူမ မည်သို့ ဖြေဆည်နိုင်ပါ့မည်နည်း။
“ လောင်လျို … ဘာတွေ ဖြစ်နေတာလဲ …” လျိုချွင်ကျန်း မေးမြန်းလိုက်သည်။ “ မင်း ငါ့ကို ပြောတော့ ဘာပြင်ဆင်ထားတဲ့ အစီအစဉ်မှ မရှိဘူးဆို …”
အံ့အားသင့်နေမှုမှ ပြန်လည် သတိဝင်လာပြီးနောက် လျိုကွမ်းရှန်သည် သုံးလေးကြိမ်ခန့် ချောင်းဟန့်လိုက်ပြီး “ ကျုပ်ရဲ့ ရင့်ကျက်တဲ့ အလုပ်အတွေ့အကြုံတွေအရ ပိုင်ရုံရှိုလို လူစားမျိုးကို သာမန် ရဲလုပ်ထုံးလုပ်နည်းတွေအတိုင်း ဖမ်းလို့ ရမှာ မဟုတ်ဘူးဆိုတာ ကြိုသိနေတယ်လေ… ဒါကြောင့်မို့ ဝှက်ဖဲဖြစ်တဲ့ လင်းရီကို လွှတ်ပြီး သူ သတိလက်လွတ် ဖြစ်နေတဲ့အချိန် ဖမ်းခိုင်းလိုက်တာ …”
ထိုအထိပြောဆိုပြီးနောက် စကားကို ခေတ္တရပ်နားလိုက်ကာ ဆက်ပြီးပြောသည်။
“ ဒါပေမယ့် အစည်းအဝေး မစတင်ခင် အချိန်အထိ လင်းရီဘက်ကလည်း ဘာမှ အကြောင်း မကြားလာဘူး … ပြီးတော့ ကျုပ်တို့ရဲ့ အစီအစဉ်ကလည်း နည်းနည်းလေး အကြမ်းထည်ဆန်တာကြောင့် မပြောတော့တာ …”
အနားတွင် ထိုင်နေသည့် လီရှန်းဟွေ့ကတော့ မနေနိုင်ဘဲ လျိုကွမ်းရှန်အား လေးစားသွားခဲ့ရသည်။
ယခုကဲ့သို့ သရုပ်ဆောင်စွမ်းရည်ဖြင့် ဤနေရာအထိ မြင့်တက်လာနိုင်သည်မှာ မထူးဆန်းတော့ချေ။
‘ ငါသာဆိုရင် အဲ့လို ပြောနိုင်မှာ မဟုတ်တာ သေချာတယ် … သာမန် ရဲအရာရှိ အဆင့်ကနေ မတက်တာလည်း မပြောနဲ့တော့ …’
“ မင်းတို့ကောင်တွေက အတော် အဝှက်ကောင်းကြတဲ့ကောင်တွေပဲကွ ဟမ် … လုပ်တာကောင်းတယ်…” လျိုချွင်ကျန်း မတ်တပ်ရပ်လိုက်ပြီး “ ပစ်မှတ်ကို ဖမ်းပြီးသွားပြီဆိုမှတော့ အစည်းအဝေးလည်း ဆက်လုပ်နေစရာ အကြောင်း မရှိတော့ဘူး … ရှင်းရှန်း ရဲစခန်းကိုပဲ သွားကြတာပေါ့ ….”
“ ဒါပေါ့ ဒါပေါ့ …” လျိုကွမ်းရှန် ရွှင်ပြသည့် အပြုံးကြီး တစ်ခုဖြင့် ပြန်ဖြေလိုက်၏။
သို့နှင့် လူတိုင်း မတ်တပ်ရပ်လိုက်ကြပြီး ရှင်းရှန်း ရဲစခန်းသို့ ဦးတည်ရန် ဟန်ပြင်လိုက်ကြသည်။
“ လောင်ဟန်ရေ … ဆောရီးပဲကွာ .. ငါတို့ဘက်က အဲ့ကောင်ကို အရင် ဖမ်းမိသွားတယ်…” လျိုကွမ်းရှန် စိတ်မကောင်းသည့် အမူအရာလုပ်ရင်း ပြောလိုက်သည်။ “ ဒါပေမယ့် စိတ်ချ … ငါမင်းကို အမှတ်နည်းနည်း ခွဲပေးမယ်… အကုန်လုံးကို ငါတစ်ယောက်တည်းချည်း မယူပါဘူးကွာ …”
“ မလိုပါဘူး …” ဟန်ကျုံးယွီ ပြတ်သားစွာ နှာခေါင်းရှုံ့လိုက်၏။
အလွန်အမင်း မကျေမချမ်း ဖြစ်နေလွန်း၍ မည်သို့သော စကားလုံးမျိုးဖြင့် ပြန်လည်တုံ့ပြန်သည်က မှန်ကန်လဲဆိုတာကို မသိသည်အထိပင်။
အနီးနားတွင် မတ်တပ်ရပ်နေသည့် လင်းဟန်ကတော့ စိတ်ထဲတွင် အတော်လေး မခံချိ မခံသာ ဖြစ်နေပြီး လင်းရီ ပိုင်ရုံရှိုအား မည်သို့ ဖမ်းဆီးလိုက်နိုင်လဲဆိုတာကို သိချင်စိတ် ပြင်းပြနေသည်။
ထို့နောက် သူတို့အားလုံး အစည်းအဝေးခန်းထဲက ထွက်လာခဲ့ကြကာ ကားကိုယ်စီထဲသို့ ဝင်လိုက်ကြသည်။
“ ဒါရိုက်တာဟန် … ကျွန်မတို့တော့ ဒီတစ်ကြိမ် ကိုယ့်ကိုယ်ကို အရှက်ခွဲမိတာပဲ … ရှင်းရှန်း ရဲစခန်းက စပေါ့လိုက်မီးရောင်ကို လုသွားပြန်ပြီ …”
ကားထဲတွင် ထိုင်နေရင်း ကျောက်စုကလည်း မကျေမချမ်း ဖြစ်စွာဖြင့် “ ဒီ သတင်းသာ အပြင်ထွက်သွားလို့ကတော့ ကျုပ်တို့ လူလှောင်ရယ်စရာတွေ ဖြစ်တော့မှာပဲ …”
“ ငါတို့တတ်နိုင်တာလည်း ဘာမှမရှိဘူး … ဒီကိစ္စကနေ ကောင်းကောင်းသင်ယူပြီး နောင်မှာ ဒီလို အမှားမျိုး ထပ်မဖြစ်အောင် လုပ်ရမယ်…”
“ အခုတော့ ကျုပ်တို့လည်း အထာနက်သွားပါပြီ …”
“ အဲ့လောက်ထိ စိတ်ဓာတ်ကျနေစရာ မလိုဘူး … ပိုင်ရုံရှိုကို ငါတို့ မဖမ်းမိလိုက်လည်း အမြင်ကောင်းတချို့ ရအောင်တော့ လုပ်လို့ရသေးတယ်… ငါတို့ ဒီစစ်ဆင်ရေးမှာ တစ်ခုခု လုပ်ဖို့လိုတယ်…”
လင်းဟန်နှင့် ကျောက်စုတို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။
“ ဒါရိုက်တာဟန် … ရှင့်မှာ အစီအစဉ် တစ်ခုခု ရှိနေတာလား …” လင်းဟန် မေးမြန်းလာခဲ့၏။
“ ကျိုးဟိုင်မှာ ဝေရိဟွာဆိုတဲ့ တစ်ယောက် ကျန်သေးတယ်မလား …” ဟန်ကျုံးယွီ ပြောလိုက်ပြီး “ သူ့ နာမည်က ဒီစစ်ဆင်ရေးထဲမှာ ပါမလာဘူးဆိုပေမယ့် ပြန်ရောက်တာနဲ့ ငါတို့ ဝေရိဟွာကို ဖမ်းဖို့ အစီအစဉ် ဆွဲရမယ်… တစ်ခုမရ တစ်ခုပေါ့ … အရှုံးခံလို့တော့ ဘယ်ဖြစ်မှာ …”
“ ဒါပေမယ့် ဝေရိဟွာက အခု သန့်သန့်ရှင်းရှင်း နေနေပြီဆိုတော့ ကျုပ်တို့ ဖမ်းလိုက်ရင်တောင် ပိုင်ရုံရှိုကို ကိုင်တွယ်ရတာနဲ့ တူမှာ မဟုတ်ဘူး …” ကျောက်စု အရေးကြီးသည့် အချက်ကို ဝင်ထောက်ပြလိုက်သည်။
ဟန်ကျုံးယွီ စီးကရက်တစ်လိပ်ကို မီးညှိပြီး အတွေးနက်သွားခဲ့ဟန်ဖြင့် ….
“ ငါသိတယ်… ဒါပေမယ့် အခု လက်ရှိ ငါတို့ အခြေအနေမှာ ဒါက ငါတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာပဲ …”
“ နားလည်ပါပြီ ..”