ကိုယ့်ဘာကိုယ် လာအဖမ်းခံ
Vol. 137 Ch. 2049
မကြာမီ လီရှန်းဟွေ့တို့အုပ်စု ရှင်းရှန်း ရဲစခန်းသို့ ရောက်လာခဲ့ကြသည်။ လင်းရီက တရားခံနှစ်ယောက်ကို စခန်းသို့ ခေါ်ဆောင်လာထားပြီး လူတိုင်းကလည်း ပိုင်ရုံရှိုနှင့် ဝမ်ရှုကွမ်းကို မြင်တွေ့ထားပြီးချေပြီ။
“ ကောင်လေး … လုပ်တာတော်တယ်… ပိုင်ရုံရှိုကို ဒီလောက် မြန်မြန်နဲ့ ဖမ်းနိုင်လိုက်မယ်လို့ ထင်တောင် မထင်ထားဘူး …”
“ အကုန်လုံးက ကျုပ်တို့ ခေါင်းဆောင်ရဲ့ ပြောင်မြောက်တဲ့ အစီအစဉ်ကို ကျေးဇူးတင်ရမှာပါ … အမှန်အတိုင်း ပြောရရင် ကျုပ်က ဒီတိုင်း တာဝန်ထမ်းဆောင်ပေးရုံပဲ … ဒါမျိုး ဘယ်သူမဆို လုပ်နိုင်ပါတယ်…”
လင်းရီ၏ တုံ့ပြန်ဖြေကြားမှုကို ကြားတော့ လျိုကွမ်းရှန်မှာ ဝမ်းသာသွားခဲ့၏။
‘ ဒီကောင်လေးကတော့ စကားဘယ်လိုပြောရမလဲ သိနေတာပဲ …’
“ ကောင်းပြီ… နှိမ့်ချနေတာ တော်လိုက်တော့ … “ လျိုချွင်ကျန်းသည် လင်းရီ၏ ပခုံးကို အပြုံးလေးဖြင့် ပုတ်လိုက်ပြီး “ စစ်ဆင်ရေးက အောင်မြင်ပြီဆိုတော့ ဆုကို နောက်ကျ မင်းဆီ ပို့လာလိမ့်မယ်… ဆက်ကြိုးစားထားကွာ …”
“ ကျေးဇူးတင်ပါတယ် ခေါင်းဆောင် …”
“ ဒါရိုက်တာလျို … ကျုပ်တို့ အခု ပိုင်ရုံရှိုကို ဖမ်းမိထားပြီဆိုတော့ ဖြိုခွင်းတဲ့ စစ်ဆင်ရေးကြီးလည်း ပြီးဆုံးသွားပြီလို့ ဆိုလိုတာပဲမလား …” ဟန်ကျုံးယွီ မေးမြန်းလိုက်သည်။
“ အင်း … မင်း တခြား ပြောချင်တာ ရှိသေးလို့လား …”
ဟန်ကျုံးယွီ ခေါင်းညိတ်လိုက်သည်။ “ တကယ်တော့ ပိုင်ရုံရှိုအပြင် ကျိုးဟိုင်မှာ အတိတ်တုန်းက မကောင်းတဲ့ လုပ်ရပ်တွေ အများကြီး လုပ်ဖူးတဲ့ ဝေရိဟွာဆိုတဲ့ လူတစ်ယောက် ရှိသေးတယ်… ကျုပ်တို့ ဒီအခွင့်အရေးကို သေချာလေး အသုံးချပြီး လူတွေကို ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင် တစ်ခု ဖန်တီးပေးတာ ကောင်းမယ်လို့ ထင်ပါတယ်…”
လျိုချွင်ကျန်း စက္ကန့်အနည်းငယ် ကြာအောင် အတွေးနက်သွားခဲ့သည်။ ဟန်ကျုံးယွီ ပြောသည်က အဓိပ္ပာယ်ရှိသည်ဟု ခံစားနေရ၏။
“ ဒါဆိုလည်း ဝေရိဟွာကို ဖမ်းဆီးဖို့ လုပ်ကြတာပေါ့ … သူ့ လက်ရှိ အခြေအနေက ဘယ်လိုပဲ ဖြစ်ဖြစ် စစ်မေးဖို့ ခေါ်ခဲ့လိုက် … ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတချို့ ရှိနေနိုင်တာပဲမလား …” လျိုချွင်ကျန်းသည် ဟန်ကျုံးယွီကို ကြည့်၍ ပြောလိုက်ပြီး “ ဒီအကြံကို မင်းက အဆိုပြုမှတော့ ဝေရိဟွာကို ဖမ်းဆီးဖို့ တာဝန် … မင်းကိုပဲ ပေးလိုက်တော့မယ်…”
“ ဟုတ်ကဲ့ … စိတ်ချထားလိုက်တာ … ကျုပ်တို့ သူ့ကို အမြန်ဆုံး ဖမ်းဆီးပေးပါ့မယ်….”
“ မင်းမှာ ယုံကြည်ချက် ရှိတယ်ဆို ပြီးတာပါပဲ …”
“ ဒါပေါ့….”
ဟန်ကျုံးယွီသည် ဘေးသို့ ကပ်ရပ်လိုက်ပြီး လင်းဟန်ကို မိတ်ဆက်ပေးလိုက်၏။
“ ရှောင်ဟန် … လူတွေအကုန် ဒီမှာပဲ … ခေါင်းဆောင်ကြီးတွေကို မင်း ဝေရိဟွာကို ဖမ်းပေးဖို့ အချိန် ဘယ်နှရက် ယူမလဲ ပြောပြလိုက် …”
“ ကျွန်မရဲ့ နှစ်ပေါင်းများစွာကြာတဲ့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အတွေ့အကြုံတွေနဲ့ဆိုရင် ဝေရိဟွာကို (၃) ရက်အတွင်း ဖမ်းဆီးဖို့ ယုံကြည်ချက် ရှိပါတယ်ရှင့် …”
“ မင်းတို့ အကုန်လုံးက ဒီလောက်ထိ ယုံကြည်ချက် ရှိနေကြမှတော့ ငါလည်း အပိုစကားတွေ ပြောမနေနဲ့တော့ဘူး … အကောင်းဆုံးသာ လုပ် …”
“ ဟုတ်ကဲ့….”
လျိုချွင်ကျန်းက သူ၏ အကြံပြုချက်အား သဘောတူလိုက်သည်ကို မြင်တော့ ဟန်ကျုံးယွီ အားရကျေနပ်မှုအပြည့်ဖြင့် ပြုံးလာခဲ့သည်။ ဝေရိဟွာကို ဖမ်းဆီးသည်က ပိုင်ရုံရှိုကို ဖမ်းဆီးသကဲ့သို့ အကျိုးရမှတ် မများပြားသော်လည်းပဲ မည်သည့်အောင်မြင်မှုမျှ အရမယူနိုင်သည့် ယခုလို အခြေအနေမျိုးထက်တော့ သာ၍ ကောင်းသေးသည်။
“ ခင်များတို့က ဝေရိဟွာကို ဖမ်းချင်တယ်တာလား …” လင်းရီ မေးမြန်းလာခဲ့သည်။
“ ဘာလဲ … မင်းမှာ တခြားတွေးထားတာတွေ ရှိလို့လား …” လျိုချွင်ကျန်း မေးလိုက်၏။
“ ခင်များတို့ တကယ်ပဲ ဝေရိဟွာကို ဖမ်းချင်တယ်ဆိုရင် ဒီလောက်ထိ အလုပ်ရှုပ်ခံနေစရာ မလိုပါဘူး … ကျုပ် သူ့ဆီ ဖုန်းတစ်ချက် ဆက်လိုက်မယ်…”
“ ဖုန်းတစ်ချက် ဆက်လိုက်မယ် ဟုတ်လား ….”
လူတိုင်း အံ့အားသင့်သွားခဲ့ကြပြီး လင်းရီ၏ ဆိုလိုရင်းကို သဘောမပေါက်နိုင်ဘဲ ဖြစ်နေကြသည်။
လင်းရီ များများစားစား ရှင်းပြမနေချေ။ သူ့ဖုန်းကို ထုတ်ပြီး ဝေရိဟွာထံ ဆက်သွယ်လိုက်သည်။
“ သခင်လေးလင်း … မင်း တစ်ခုခု လိုအပ်လို့လား …”
“ ခင်များ အတိတ်က ဘာတွေ လုပ်ခဲ့လဲ မှတ်မိသေးတယ်မလား …”
အခြား ဖုန်းတစ်ဖက်ခြမ်းတွင်ရှိ ဝေရိဟွာ၏ အသက်ရှူသံမှာ စိုးရိမ်ကြောင့်ကြမှုကြောင့် အတက်အကျ မြန်ဆန်လာသည်။
“ တစ်ခုခု ဖြစ်လို့လား သခင်လေးလင်း …”
“ ခင်များ နားလည်တယ်ဆိုမှတော့ ကျုပ် အပိုစာသားတွေပြောပြီး လေကုန်ခံမနေတော့ဘူး … ခင်များ ရှင်းရှန်းရဲစခန်းကို လာပြီး လက်မြောက်ဖို့ အချိန်တစ်နာရီ ရမယ်… ပူးပေါင်းပေးမယ်ဆို ပြစ်ဒဏ်လျှော့ပေါ့ပေးမယ်…” လင်းရီ ပြောလိုက်သည်။ “ ဒါပေမယ့် တုံ့နှေး တုံ့နှေး လုပ်ပြီး ကျုပ်ကိုယ်တိုင် လာရအောင် လုပ်ရင်တော့ အဲ့လောက်ထိ ရိုးရှင်းမှာ မဟုတ်တော့ဘူးနော်….”
“ အိုကေ အိုကေ … ဒီအဘိုးကြီး နားလည်ပြီ … ငါ အခုချက်ချင်းပဲ လက်မြောက်အရှုံးပေးတယ်….”
“ ကောင်းပြီ … ကျုပ် ထပ်မပြောတော့ဘူး … ဒီကိုသာ အမြန်လာခဲ့ ….”
ဖုန်းချပြီးနောက် လင်းရီသည် လျိုချွင်ကျန်းဘက်သို့ လှည့်လိုက်ပြီး “ ခေါင်းဆောင်လျို … ဝေရိဟွာ ကိစ္စလည်း ဖြေရှင်းပြီးပြီဆိုတော့ ခင်များမှာ တခြား ကိစ္စတွေ ရှိသေးလား …”
ရဲစခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး လင်းရီကို မယုံကြည်နိုင်စွာဖြင့် ပြူးကြောင်စွာ ငေးကြည့်နေမိခဲ့ကြသည်။
သူ တကယ်ကြီး ဝေရိဟွာကို ဖုန်းကောတစ်ခုတည်းနဲ့ အရှုံးပေးခိုင်းလိုက်တယ်ပေါ့ … ဘယ်လိုများ လုပ်လိုက်တာပါလိမ့် ….
“ မရှိ … မရှိတော့ဘူး …….”
လျိုချွင်ကျန်း တခဏမျှကြာအောင် မင်သက်နေမိပြီး … ထို့နောက် တဟားဟား အော်ရယ်လိုက်လေသည်။
“ ငါအခု အထင်ကြီးဖို့ကောင်းတယ်ဆိုတာက ဘာကို ပြောချင်လဲ နားလည်သွားပြီ ….”
ထို့နောက် လျိုချွင်ကျန်း၏ အကြည့်က ဟန်ကျုံးယွီထံသို့ ရောက်သွားခဲ့ပြီး “ မင်းတို့ စခန်းက ရှောင်ဟန်က တော်တော်ကြီး အစွမ်းအစ ရှိနေပြီ မှတ်တာ အခု ကြည့်ရသလောက်တော့ ရှင်းရှန်း ရဲစခန်းကလည်း နောက်ထပ် ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင် တစ်ယောက်ကို မွေးထုတ်ပေးလိုက်တဲ့ ပုံပဲ … မင်းတို့တော့ နောင်ကျ ပြိုင်ဆိုင်မှု တချို့ ရှိလာတော့မယ်….”
“ ဒါပေါ့ ဒါပေါ့ …” ဟန်ကျုံးယွီ အတင်းဖျစ်ညှစ် ပြုံးလိုက်၏။ သို့သော်လည်းပဲ သူ၏ အလိုမကျမှုကိုတော့ မျက်နှာထက်တွင် အထင်းသား မြင်တွေ့နေရလေသည်။
သူ့ဘေးတွင် ရှိနေသည့် လင်းဟန်သည်လည်း အေးစက်သည့် ဟန်အမူအရာနှင့် ဖြစ်နေခဲ့၏။
သို့သော် ဟန်ကျုံးယွီနှင့် မတူညီပါဘဲ အေးတိအေးစက် မျက်နှာထက်ရှိ နှုတ်ခမ်းပါးလေးထက်တွင် မသိမသာ တွန့်ကွေးနေသည့် အပြုံးတစ်ခုက ဖြစ်ပေါ်နေသည်။ သူမ၏ ပုံစံက စိတ်တိုနေသည်ဟု မထင်ရပေ။
အမှန်တကယ်တော့ ဤနှစ်များတစ်လျှောက်တွင် သူမအား ဖိအား အနည်းငယ် ခံစားရစေသူများထဲတွင် လင်းရီက ပထမဦးဆုံးဖြစ်၏။ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။
“ လောင်လျို … ပိုင်ရုံရှိုနဲ့ ဝေရိဟွာ နှစ်ယောက်လုံးကို ငါတို့ အသင်းက ဖမ်းလိုက်နိုင်ပြီဆိုတော့ ဝေရိဟွာကို နောက်ဆက်တွဲ စစ်ဆေးမေးမြန်းဖို့ ကိစ္စကိုတော့ မင်းတို့နဲ့ပဲ လွှဲထားလိုက်မယ်… သူ့ရဲ့ အထောက်အပံ့ကို မင်းတို့ရှာနိုင်မလား ကြည့်ကြတာပေါ့ …”
“ စိတ်ချပါ ဒါရိုက်တာလျို … ကျုပ်တို့ သေချာလေး ကိုင်တွယ်သွားမှာပါ …”
“ အဲ့လို ကြားရတာ ကောင်းတယ်…”
အချိန်ကို စစ်ဆေးပြီးနောက် လျိုချွင်ကျန်း ပြောလာခဲ့သည်။
“ ငါ တခြား ကိစ္စ လုပ်စရာလေးတွေ ရှိသေးတယ်… ဒီတော့ အရင်သွားနှင့်ပြီ … တကယ်လို့ အခက်အခဲ တစ်ခုခု ရှိတယ်ဆိုရင် ငါ့ကို အသိပေးလိုက် … ငါကူညီပေးမယ်…”
“နားလည်ပါပြီ …”
တစ်ယောက်ပြီး တစ်ယောက် … လူတို့ ထွက်ခွာသွားခဲ့ကြသည်။ ဟန်ကျုံးယွီနှင့် သူ့အသင်းလည်း ကိုယ်စီကားများထံသို့ ပြန်ရောက်လာလေသည်။
“ သေစမ်းကွာ … ဒီကောင်က ဘာလား … ဖုန်းလေး တစ်ချက် ဆက်ပြီး ဝေရိဟွာကိုတောင် လာပြီး အဖမ်းခံခိုင်းနိုင်နေတယ်ပေါ့ … ငါ ဒါမျိုး တစ်ခါမှ မကြုံဖူးဘူး …” ကျောက်စု မကျေမနပ် ကျိန်ဆဲလိုက်သည်။
“ ရှောင်ဟန် … ဒီကောင်က လုံးဝ သာမန် မဟုတ်ဘူးနော်… သူက မင်းရဲ့ ပြိုင်ဘက်ကောင်း ဖြစ်လာမယ်လို့ ငါ အာရုံရနေတယ်…” ဟန်ကျုံးယွီ ပြေလိုက်ပြီး “ ဒီနှစ် မြို့ရဲ့ ထူးချွန် ရဲအရာရှိ နေရာက တစ်နေရာတည်း ရှိတာ … အရင်က မင်းကို ဘယ်သူမှ စိန်မခေါ်နိုင်ဘူး … ဒါပေမယ့် အခု သူရောက်လာပြီ … မင်း သတိထားတာ ကောင်းလိမ့်မယ်… သူက သန်မာတဲ့ ပြိုင်ဘက်ပဲ …”
“ ဆုကို မနှစ်တုန်းက ရထားပြီးပြီဆိုတော့ ဒီနှစ် ရတာ မရတာက ကိစ္စ မရှိပါဘူး…” လင်းဟန် ထူးမခြားနားသည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။ “ ပြီးတော့ သူက ပိုင်ရုံရှိုနဲ့ ဝေရိဟွာကို ဖမ်းဆီးလိုက်နိုင်တယ် ဆိုရင်တောင် ကျွန်မကတော့ သူ့ကို ခြိမ်းခြောက်မှုလို့တောင် မသတ်မှတ်ဘူး … သူက ကျွန်မနဲ့ အဆင့်ချင်း မတူဘူး …”
“ ဟားဟား … ပြောတာ ကောင်းတယ်.. ကျုပ်တို့ရဲ့ ခေါင်းဆောင်က ပြိုင်ဘက်ကင်းပဲ … အဲ့လူမိုက်နှစ်ယောက်ကို လင်းရီ ဖမ်းလိုက်နိုင်တာ ဒီကောင် ကံစွပ်သွားလို့ပါ … တခြား လုပ်နိုင်စွမ်းတွေကို ကြည့်လိုက်မယ်ဆို ကျုပ်တို့ရဲ့ ခေါင်းဆောင်က အပုံကြီးသာတယ်….”
ဟန်ကျုံးယွီ မည်သည်ကိုမျှ မဆိုချေ။ ကျောက်စု၏ စကားကို သူလည်း ထောက်ခံသည်။ မည်သို့ပင်ဆိုစေ လင်းဟန်ကို သူ ကိုယ်၌က လမ်းပြပေးခဲ့ပြီး မည်သို့သော အရည်အချင်းများ ရှိနေလဲဆိုတာကို သူသာလျှင် အသိဆုံးပင်။ ကျိုးဟိုင် တစ်မြို့လုံး၌ သူမအား ဖိနှိပ်နိုင်သူ ယခုထက်ထိ မွေးမလာသေးချေ။
လင်းဟန်ကတော့ ရှည်ရှည်ဝေးဝေး မှတ်ချက် ပြုမလာခဲ့ချေ။ ကားထဲတွင် နှုတ်ဆိတ်လျက်သာ ထိုင်နေခဲ့၏။ လင်းရီနှင့် သူမကြား မည်မျှ ကွာဟလဲဆိုတာကို သူမကိုယ်၌သာလျှင် အမှန်တကယ် နားလည်သည်။
သူမက တန်းထျန်အတွင်းမှ ခွန်အားထုတ်ယူသည့် နည်းစနစ်ကို ကျွမ်းကျင်ထားပြီး သာမန်လူတို့၏ လုပ်နိုင်စွမ်းကို ကျော်လွန်နေသူတစ်ယောက်ပင်။ ထို့အတွက်ကြောင့်ပဲ မည်သို့သော ကိစ္စများ ရှိလာစေကာမူ ကြီးမားသည့် ကွာဟမှုကြီး တစ်ခုက သူမတို့နှစ်ဦးကြား၌ တည်ရှိနေမည်မှာ သဘာဝပင်။
ထို့ပြင် သူမ မိသားစုထံမှ ကြားသိထားရသလောက် ကျုံးဝေ့တပ်ဖွဲ့က နိုင်ငံအဝန်းတွင် လူများ ခေါ်ယူနေပြီး သူမ အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ရသည့် အခွင့်အရေးသည်လည်း ရောက်လို့ လာနေချေပြီ။
ထို့ကြောင့် … ယခု ကျရှုံးမှုက သူမကို အနှောင့်အယှက် မပေးနိုင်ခဲ့ချေ။ သူမ၏ ရဲအရာရှိ အလုပ်အကိုင်ကို စွန့်ခွာသွားမည်က အနှေးနှင့် အမြန်ဖြစ်၏။
လင်းရီ အတွက်ကတော့ …. ထိုသူ ဘာကြီးပဲ ဖြစ်နေပါစေ၊ သူမ အတွက် ကိစ္စ မရှိချေ။ မည်သို့ပင်ဆိုစေ သူမတို့နှစ်ဦးက နှိုင်းယှဉ်သာသည့် လူနှစ်ဦး ဟုတ်မနေပါချေ။
ဤသည်ကား အမှန်တရား တစ်ရပ်ပင်။