နောက်ထပ် ဖြစ်နိုင်ချေ တစ်ခု
Vol. 137 Ch. 2050
လူတိုင်း ထွက်ခွာသွားပြီးနောက်တွင် ရှင်းရှန်း ရဲစခန်း အတွင်းရှိ လေထုသည် အောင်ပွဲခံ အငွေ့အသက်တို့ဖြင့် ပြည့်နှက်လာသည်။
“ ကောင်လေး … မင်းက တကယ့်ကို တစ်ခုခုပဲကွ … ပိုင်ရုံရှိုကို တိတ်တိတ်လေး သွားဖမ်းနေတယ် ဟုတ်လား … မင်း ဘယ်လိုများ လုပ်လိုက်တာ….” လီရှန်းဟွေ့ မေးမြန်းလာခဲ့သည်။
“ ကျုပ်က ဒီဘက်အပိုင်းမှာ အဆက်အသွယ် နည်းနည်း ရှိတယ်လေ… ပြီးတော့ ကျုပ်က ရဲအရာရှိဆိုတာလည်း သူတို့ မသိဘူး … သူတို့ ဘယ်နေရာမှာ ရှိနေလဲဆိုတာ စုံစမ်းဖို့က လွယ်လွယ်လေး … ဒါကြောင့်မို့ အသာလေး ဖမ်းလာနိုင်ခဲ့တာ …”
“ သိပ်ကောင်းတယ်… မင်းက ရေးကြီးခွင်ကျယ်တွေ မလုပ်ဘဲ လှလှပပလေး လုပ်ပြသွားခဲ့တာ အခုဆို စခန်းထဲမှာ မင်းက ပိုပြီးတောင် နာမည်ကြီးတော့မယ်…”
“ ကျုပ်က ကျော်ကြားမှုတွေကို စိတ်မဝင်စားပါဘူး … ဒီတိုင်း လူတွေကိုပဲ ရင်ဘက်ကြီးနှင့် အကျိုးပြုချင်တာ …”
လူတိုင်း တဟားဟား ရယ်မောလိုက်ကြသည်။ လင်းရီ မည်သို့သော လူစားမျိုးဖြစ်နေသည်ကို သိနေသဖြင့် သူ ယခုလို စကားမျိုး ပြောဆိုလာသည်အား မည်သူကမျှ အံ့အားတကြီး ဖြစ်မနေကြချေ။
မကြာမီ စိတ်လှုပ်ရှားမှုတို့က အနည်ထိုင်သွားခဲ့ပြီး လူတိုင်းကလည်း ကိုယ်စီ တာဝန်များ ထမ်းဆောင်ရန် အတွက် အသီးသီး ပြန်ထွက်သွားခဲ့ကြသည်။ ကျန်ရှိသည့် စစ်ဆေးမေးမြန်းရေး အတွက်ကတော့ လီရှန်းဟွေ့နှင့် သူ့အသင်းကို လွှဲထားခဲ့လိုက်သည်။ ကနေဦးတုန်းက လင်းရီသည် စစ်ဆေးမေးမြန်းသည့် ကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ဖို့ တွေးကြည့်ခဲ့ဖူး၏။ သို့သော် ဒုတိယ အတွေးဝင်လာသည်တွင် စနစ်၏ မစ်ရှင်က နောက်ကွယ်ရှိ လက်သည်တရားခံကို ရှာဖွေဖို့ ဖြစ်နေခဲ့၏။
ပိုင်ရုံရှိုနှင့် ဝမ်ရှုကွမ်းတို့ ကြည့်ရသည်မှာ ထိုအချင်းအရာနှင့် ဆက်စပ်နေသည့်ပုံ မပေါ်ချေ။ မဟုတ်ပါက ၎င်းတို့နှစ်ဦးကို ဖမ်းဆီးရမိသည်နှင့် စနစ်၏ မစ်ရှင်လည်း ပြီးမြောက်သွားလိမ့်မည်။ သို့သော် စနစ်က မည်သို့မျှ တုံ့ပြန်မလာသဖြင့် တာဝန်က အဆိုပါ လူမိုက်ဂိုဏ်း ခေါင်းဆောင်နှစ်ဦးနှင့် ဆက်စပ်နေခြင်း မရှိဟု လင်းရီ အလိုအလျောက် သိလိုက်၏။ ထို့ကြောင့် စစ်ဆေးမေးမြန်းမည့်အစား ကျန်းဖန့်ရှိရာ နေရာသို့ ဦးတည်လာခဲ့ကာ အမွေဆက်ခံသည့် ကိစ္စက စနစ်၏ တာဝန်ကို တစ်စုံတစ်ရာ လှုံ့ဆော်နိုင်လိမ့်မည်ဟု ထင်သည်။
သူ ကျန်းဖန့်၏ ရုံးခန်းကို ရောက်တော့ ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့က ပစ္စည်းများ သိမ်းဆည်းရင်း ထွက်ခွာရန် အလျင်လိုနေသည်ကို မြင်တွေ့လိုက်ရသည်။
“ မင်းတို့နှစ်ယောက် ဘယ်သွားကြမလို့လဲ …”
“ ဟင် .. အစ်ကိုရီ … ရှင်ရောက်လာတာလား …” ကျန်းဇီရှင်း သူ့အား အပြုံးလေးဖြင့် နှုတ်ဆက်လာပြီး “ ဆေးရုံက ICU မှာ တာဝန်ကျ ဒေါက်တာတွေရဲ့ စာရင်းကို စုစည်းထားပြီးပြီလေ… ကျွန်မတို့ အခု အဲ့တာကို စစ်ဆေးဖို့ ဆေးရုံသွားမလို့ …. ပြီးတော့ ကျန်းလီရှားကလည်း အလောင်းခွဲစိတ်ဖို့ကို သဘောတူလိုက်ပြီ … ဆေးမှုခင်း အသင်းကလည်း ဆေးရုံကို သွားတဲ့ လမ်းမှာပဲ .. ကျွန်မတို့ မြန်မြန်လေး သွားဖို့လိုနေလို့ …”
“ ဒါဆိုလည်း ဘာတွေ စောင့်နေတာ .. သွားစို့လေ … ငါပါ လိုက်ခဲ့မယ်…”
“ အစ်ကိုရီလည်း လိုက်လာမယ်ဆိုတော့ ပိုကောင်းတာပေါ့ …” ကျန်းဇီရှင်း အပြုံးလေးဖြင့် ပြောဆိုလိုက်၏။
မိနစ် လေးဆယ်ခန့် ကြာပြီးသည့်နောက် သုံးဦးသားမှာ ဆေးရုံသို့ ရောက်လာခဲ့ကြသည်။ ထိုနေရာတွင် ဆေးမှုခင်း အသင်းဝင်များနှင့် တွေ့ဆုံလေသည်။ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး နှစ်ဦးလုံးက အသက်လေးဆယ် အရွယ်များ ဖြစ်ကြာကာ အရွယ်ကောင်း၌ ရှိနေကြသည်။ သူတို့နှစ်ဦး ကြည့်ရသည်မှာ လင်းရီတို့ ရောက်အလာကို စောင့်ဆိုင်းနေကြဟန်ပင်။
အမျိုးသမီး ဖြစ်သူက ရင့်ကျက်ပြီး ဆွဲဆောင်မှု ရှိသည့် အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေကာ အလောင်းခွဲစိတ်သူ တစ်ဦးဖြစ်နေသည်ကိုပင် ယုံရခဲယဉ်းလှ၏။ မသိသူ ဆိုပါက မော်ဒယ်သရုပ်ဆောင်အလား ထင်မှတ်သွားစေနိုင်သည်။
ကျန်းဖန့် သူတို့နှစ်ဦးအား အကြမ်းဖျင်း မိတ်ဆက်ပေးလိုက်သည်။ လင်းရီလည်း စကားဝိုင်းမှတဆင့် အမျိုးသား၏ နာမည်က စုန့်ကန်း ဖြစ်ကြောင်းနှင့် အမျိုးသမီး၏ နာမည်က ဟွမ်ရှောင်လီ ဖြစ်သည်ကို သိရှိလိုက်ရသည်။ နှစ်ဦးလုံးက ကျွမ်းကျင်သူများ ဖြစ်ကြ၏။
စကားအနည်းငယ် ပြောဆိုပြီးသည့်နောက် ကျန်းဖန့် အကြံပြုလာခဲ့သည်။
“ ညီကိုရီ … ငါတို့ လူခွဲပြီး သွားရအောင် … လူကြီးမင်းစုန့်နဲ့ မိန်းကလေးဟွမ်တို့ အလောင်းခွဲစိတ်နေတုန်း ငါတို့ အဲ့နေ့တုန်းက တာဝန်ကျတဲ့ ဒေါက်တာနဲ့ နာ့စ်တွေကို စစ်ဆေးလို့ရတယ်…”
လင်းရီ စကားမဟမီ စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းသွားခဲ့သည်။
“ အလျင်လိုစရာ မလိုပါဘူး … အလောင်းခွဲစိတ်တဲ့ ရလဒ် ဘယ်လို ရှိလဲဆိုတာ အရင်ကြည့်ကြတာပေါ့ … တကယ်လို့ ပုံမှန် မဟုတ်တာ ဘာမှ မရှိဘူးဆိုရင် တာဝန်ကျ ဝန်ထမ်းတွေရဲ့ အမှားမဟုတ်ဘူး .. ဒါပေမယ့် တစ်ခုခု မှားယွင်းနေတယ်ဆိုရင်တော့ စစ်ဆေးတဲ့အခါကျ ငါတို့ ပိုပြီး အာရုံစိုက်ထားလို့ ရတာပေါ့ …”
“ ငါကတော့ ကျန်းလီရှားက စိတ်ကူးယဉ်ဆန်နေတယ်လို့ပဲ ထင်တယ်… ဘာပြဿနာမှ မရှိလောက်ဘူး … “ ကျန်းလီရှား ပြောဆိုလိုက်သည်။
“ ငါလည်း ထောက်ခံတယ်… ဒါပေမယ့် မိသားစုက တောင်းဆိုလာမှတော့ သူတို့ရဲ့ ဆန္ဒအတိုင်း ငါတို့ သေချာ လုပ်ပေးရမှာပဲလေ…” လင်းရီ ပြန်ပြောလိုက်၏။
“ ဇီရှင်း … မင်းက ကျန်းလီရှားဆီ သွားပြီး တခြားအတွေးတွေ ရှိနေသေးလား မေးလိုက် … သူကိုယ်တိုင်က တကယ်ပဲ သေချာတယ်ဆိုရင် ငါတို့ အလောင်းခွဲစိတ်တာကို ဆက်လုပ်မယ်….”
“ ဟုတ် အစ်ကိုရီ …”
ကျန်းဇီရှင်း ဖုန်းထုတ်၍ ကျန်းလီရှားထံသို့ ခေါ်ဆိုလိုက်ပြီး အလောင်းခွဲစိတ်မှု ကိစ္စကို ပြောဆိုလိုက်သည်။ တစ်ဖက်သူကလည်း အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြဲမြံစွာ ပြောဆိုလာပြီး အလောင်းအား ခွဲစိတ်၍ သူ ခင်ပွန်းဖြစ်သူ၏ သေမှုသေခင်းကို သေချာလေး သိချင်နေသည်။
“ သူက မငြင်းဘူးဆိုမှတော့ စကြတာပေါ့ …”
သို့နှင့် ငါးဦးသားလုံး ဆေးရုံ၏ အလောင်းခွဲစိတ်ခန်း ဝင်ပေါက်ဝထဲသို့ ဝင်လာခဲ့ကြသည်။ ဖျော့တော့ဟန် ရှိသည့် မီးအလင်းရောင်နှင့် အဲကွန်းထံမှ ထုတ်လွှတ်နေသည့် အေးစက်စက် လေတို့မှာ ကျန်းဖန့်နှင့် ကျန်းဇီရှင်းအား ကြက်သီးဖြန်းသွားစေသည်။
ယခုလို နေရာမျိုးသို့ ရောက်လာပြီဆိုပါက မသိစိတ်ထဲတွင် ကြောက်ရွံ့မှုတို့ ပေါက်ဖွားလာမည်မှာ သဘာဝပင်။
အလောင်းခွဲစိတ်ခန်းသို့ ရောက်လာပြီးသည့်နောက် လင်းရီသည် ဆေးရုံ ဝန်ထမ်းများနှင့် စကားပြောဆိုလိုက်၏။ ဝန်ထမ်းများကလည်း သူတို့ကို ချောချောချူချူနှင့် အလောင်းခွဲစိတ်ခွင့် ပြုလေသည်။
“ အစ်ကိုရီ … ရှင် အခုက ဘယ်သွားမလို့လဲ … ဘာလို့ ဒီ အဝတ်တွေ ဝတ်နေတာ …” ကျန်းဇီရှင်း မေးမြန်းလာခဲ့သည်။
“ ငါလည်း အထဲဝင်မလို့ … ဒီရောက်လာပြီးမှတော့ ဝင်ကြည့်လိုက်မယ်လေ…”
“ ဟင် … ရှင်က အလောင်းခွဲစိတ်ခန်းထဲ ဝင်မယ်ဟုတ်လား …”
“ ဘာလို့ … ဒီတိုင်း လူသေ အလောင်းလေးကို ဘာကြောက်စရာ ရှိလို့လဲ …”
“ အဲ့တာက …”
“ အရာရှိလင်း … ငါကတော့ မင်းကို အပြင်မှာပဲ နေဖို့ အကြံပေးချင်တယ်…” စုန့်ကန်း ပြောလာခဲ့ပြီး “ အလောင်းခွဲစိတ်တယ်ဆိုတာ မင်း ထင်ထားတာနဲ့ မတူဘူး … အခု လောလောဆယ် အေးအေးဆေးဆေး ဖြစ်နေတယ်ဆိုပေမယ့် အလောင်းဖွင့်ပြီးတာနဲ့ တူမှာ မဟုတ်တော့ဘူး …”
ဟွမ်ရှောင်လီလည်း ထောက်ခံလိုက်သည်။
“ ကျွန်မတို့လည်း အရင်က ဒါမျိုး ကြုံခဲ့ဖူးတယ်… အဆင်ပြေပါတယ် ဆိုတဲ့ လူတွေတောင် အလောင်းဖွင့်ပြီးတာနဲ့ အော့အန်တဲ့သူက အန် … တစ်ဝက်လောက် ရောက်တာနဲ့ မနေနိုင်ဘဲ ထွက်သွားကြတော့တာပဲ … မလိုအပ်ရင် အပြင်မှာပဲ နေတာ ကောင်းမယ်…”
“ အဆင်ပြေတယ်… ကျုပ်က သတ္တိအတော်ကောင်းတော့ အဆင်ပြေမှာပါ …”
သူ့ကောင်းကျိုးအတွက် ပြောဆိုနေခြင်းကို လင်းရီနားလည်သည်။ သို့သော် သူကား သွေးထွက်သံယို ကိစ္စအများအပြားနှင့် ရင်ဆိုင်ခဲ့ဖူးပြီးသူ တစ်ဦးပင်။ ဆရာဝန်တစ်ဦးလည်း ဖြစ်သည့်အလျာက် အလောင်းခွဲစိတ်သည်က သူ့အဖို့ အသစ်အဆန်း ဟုတ်မနေချေ။
“ အရာရှိလင်းက ဒီလောက်တောင် ဝင်ချင်နေမှတော့ ကျွန်မတို့လည်း မတားတော့ပါဘူး …”
“ ကျေးဇူးပါပဲ …”
မကြာမီ သုံးဦးသား အလောင်းခွဲစိတ်ခန်းထဲသို့ ရောက်လာခဲ့ကြသည်။ ကျန်းလီရှား၏ ခင်ပွန်းဖြစ်သူ၏ အလောင်းက စားပွဲပေါ်သို့ ရောက်နှင့်နေပြီး တစ်ခါတည်း ဖွင့်ရုံပင်။ နောက်ဆက်တွဲ လိုက်ပါလာသည်ကတော့ လင်းရီ တစ်ခါမျှ မကြုံဖူးသေးသည့် ထိတ်လန့်ဖွယ်ကောင်းသည့် အလောင်းခွဲစိတ်မှုပင်။ သူတို့က ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုချင်းစီတိုင်းကို ထုတ်ယူပြီး စစ်ဆေးနေသည်။
ခွဲစိတ်နေရင်း စုန့်ဂန်းနှင့် ဟွမ်ရှောင်လီတို့မှာ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။ လင်းရီ၏ ထူးမခြားနားသည့် အနေအထားက သူမတို့ကို တော်တော်လေး အထင်ကြီးသွားခဲ့စေသည်။
နှစ်နာရီခန့် ကြာမြင့်ပြီးနောက် အလောင်းခွဲစိတ်မှုလည်း ပြီးဆုံးသွားခဲ့ပြီး သုံးဦးလုံးမှာ အလောင်းအား ဦးညွှတ်အရိုအသေးပေး၍ နောက်သို့ ပြန်ဆုတ်လိုက်ကြသည်။
“ အရာရှိလင်း … ကျုပ်တို့ ခွဲခြမ်းစိတ်ဖြာကြည့်ရသလောက်ကတော့ ဘာ ပြဿနာမှ မရှိဘူး … လူနာက အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းလို့ ခွဲစိတ်ပြီးနောက်မှာ သေသွားခဲ့တာပဲ…. ဒါကို ဆေးပညာ မသမာမှုဆိုပြီးလည်း ပြောလို့မရဘူး … ဒီလို ကိစ္စမျိုးက ခွဲစိတ်မှုတွေမှာ သာမန်ပဲ …”
လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး အလောင်းခွဲစိတ်နေစဉ်က ဖြစ်စဉ်များအား ပြန်လည် မြင်ယောင်ကြည့်လိုက်သည်။ ဟွမ်ရှောင်လီ ပြောသည့် စကားကို ချက်ချင်း လက်ငင်း မထောက်ခံလိုက်ချေ။
“ လူကြီးမင်းစုန့် … မိန်းကလေးဟွမ် … ကျုပ်တို့ ခွဲစိတ်နေတုန်းက အလာင်းရဲ့ နှလုံး၊ အသည်း၊ ဦးနှောက်၊ အဆုတ်နဲ့ ကျောက်ကပ်တွေက ပိုပြီး နက်မှောင်နေတာကို သတိထားမိလား …”
နှစ်ဦးမှာ အကြည့်ချင်း ဖလှယ်မိသွားခဲ့ကြသည်။ လင်းရီ ယခုလို ပြောဆိုလာသည့်အတွက် သူတို့ အံ့အားသင့်နေမိကြလေသည်။
“ ဒါက သွေးမလည်ပတ်တော့လို့ ဖြစ်တာလေ … ပုံမှန်ပါပဲ …”
“ ဒါပေမယ့် ဒီလို ဖြစ်စေတဲ့ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုလည်း ရှိသေးတယ်…” လင်းရီပြောဆိုလိုက်ပြီး” လူနာက အသက်ရှူဖို့ ခဲယဉ်းလာတဲ့အချိန်ကျရင် ရင်ဘက်ပေါ် သက်ရောက်တဲ့ အနှုတ်ဖိအားတွေက တိုးမြင့်လာပြီး သွေးစီးဆင်းမှုကို ညာဘက် အေထရီယမ်ထဲကနေ ဘယ်ဘက် အေထရီယမ်ထဲကို စီးဆင်းသွားစေမယ်.. ညာဘက် အေထရီယမ်ထဲကို သွေးမစီးဆင်းတော့ သွေးလည်ပတ်မှု ဖြစ်စဉ်ကို ဟန့်တားသလို ဖြစ်ပြီး အတွင်းအင်္ဂါအစိတ်အပိုင်းတွေက ပိုပြီး နက်မှောင်လာတယ်….”