← Chapters

လျှို့ဝှက် လူသတ်သမား

Vol. 137 Ch. 2051

လျှို့ဝှက် လူသတ်သမား

Vol. 137 Ch. 2051

လင်းရီ၏ စကားကို ကြားတော့ စုန့်ကန်းနှင့် ဟွမ်ရှောင်လီတို့ နှစ်ဦးလုံး အံ့ဩဘနန်း ဖြစ်သွားခဲ့ကြသည်။ ယခုလို အခြေအနေမျိုးအား ကျွမ်းကျင်သူတစ်ဦး၏ ရှုထောင့်အမြင်မှ ခွဲခြမ်းစိတ်ဖြာလာလိမ့်မည်ဟု သူတို့တွေ မျှော်လင့်မထားခဲ့ကြပါချေ။ သူတို့အတွက် … ယခုလို အမြင်မျိုး ရှိနိုင်ရန်က အင်မတန် မြင့်မားသည့် ကျွမ်းကျင်မှုတို့ လိုအပ်ပြီး သာမန်လူတစ်ယောက်က ဤအရာများအား မသိရှိနိုင်ချေ။

မကြာမီ သူတို့နှစ်ဦးလုံး မူဟကိုယ်ဟန်အနေအထားသို့ ပြန်ရောက်သွားခဲ့ကြပြီး ဟွမ်ရှောင်လီက ပြောဆိုလိုက်သည်။

“ အရာရှိလင်း … ရှင်က လူနာကို အသတ်ခံလိုက်ရတယ်လို့ သံသယ ရှိနေတာလား …”

“ ကျုပ် တပ်အပ်ကြီး သံသယရှိတယ်ရယ်တော့ မဟုတ်ပါဘူး … ဒါပေမယ့် ဖြစ်နိုင်ချေရှိတယ်လို့ ကျုပ် ထင်တယ်…” လင်းရီ ခွန်းတုံ့ပြန်လိုက်သည်။ “ တကယ်လို့ လူနာကတာ ခွဲစိတ်ပြီးနောက် ရောင်ရမ်းမှုကြောင့် ဆုံးသွားတယ်ဆိုရင် ဘာမှ ထပ်ပြောစရာ အကြောင်း မရှိဘူး .. ဒါပေမယ့် ပြင်ပ ပယောဂကြောင့် သေဆုံးသွားခဲ့ရတယ်ဆိုရင်တော့ သေချာလေး စုံစမ်းစစ်ဆေးဖို့ လိုနေပြီ …”

“ ငါ ပြန်စစ်ကြည့်လိုက်မယ်…”

ပြောပြီးသည်နှင့် စုန့်ကန်းသည် ခန္ဓာကိုယ်အား ပြန်လည် စစ်ဆေးကြည့်လိုက်ပြီး ဟွမ်ရှောင်လီကလည်း သူနှင့်အတူ လိုက်ပါစစ်ဆေးသည်။

“ အရောင်ကာလာက ပိုပြီး နက်မှောင်နေတာ အမှန်ပဲ … ဒါပေမယ့် အရာရှိလင်း ပြောသလိုမျိုးတော့ ကျွန်မတို့ ကောက်ချက်မချနိုင်ဘူး … တကယ်ပဲ လူနာ သေဆုံးရခြင်းရဲ့ အကြောင်းတရားခံကို သိချင်တယ်ဆိုရင် တခြား နည်းတစ်ခုတော့ ရှိတယ်…” ဟွမ်ရှောင်လီ ပြောဆိုလိုက်ပြီး “ ကျွန်မတို့ သွေးထဲမှာရှိတဲ့ ဟီမိုဂလိုဘင်နဲ့ ဖိုက်ဘရစ်နိုဂျင် လယ်ဗယ်ကို စစ်ဆေးကြည့်လို့ရတယ်… ဒီရဲ့ အချက်အလက်က ဘာကြောင့် သေသွားတယ်ဆိုတာကို အတည်ပြုနိုင်ပြီးတော့ တရားရုံးမှာလည်း သက်သေ အချက်အလက်အနေနဲ့ တင်သွင်းလို့ ရသေးတယ်…”

“ ဒါဆို စစ်ဆေးပေးဖို့ ဒုက္ခပေးရတော့မှာပဲ … သိပ်မကြာခင် ရလဒ် ထွက်လာရင်တော့ အကောင်းဆုံးပေါ့ …”

“ ပြဿနာ မရှိဘူး … “ စုန့်ကန်း ပြန်ဖြေလိုက်သည်။ “ ကျုပ်တို့ အချိန် တချို့ ယူရမယ်ဆိုပေမယ့် မနက်ဖြန်ဆိုရပြီ …”

“ အဆင်ပြေတယ်… ဒီအထိရောက်လာခဲ့ပြီးမှတော့ နောက်တစ်ရက် စောင့်လိုက်ရလည်း ကိစ္စ မရှိပါဘူး …”

သူတို့ စကားပြောဆိုနေစဉ်မှာပဲ ဟွမ်ရှောင်လီသည် အလောင်းထံမှ သွေးနမူနာကို စစ်ဆေးရန်အတွက် ယူဆောင်လိုက်သည်။

သုံးဦးသား အလောင်းခွဲစိတ်ခန်းထဲက ထွက်လာချိန်တွင် ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့နှစ်ဦးက အပြင်တွင် စောင့်ဆိုင်းနေသည်။

“ ညီကိုရီ … အခြေအနေ ဘယ်လိုရှိလဲ …”

“ သံသယ ဖြစ်ဖို့ ကောင်းတဲ့ အချက် တချို့တော့ တွေ့ရတယ်… ဒါပေမယ့် ပိုပြီး တိကျအောင် စစ်ဆေးဖို့ လိုသေးတယ်…”

ဤသည်ကို ကြားတော့ ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။

“ လူနာက တကယ်ပဲ အသတ်ခံလိုက်ရတာ ဖြစ်နိုင်တယ်ပေါ့ …” ကျန်းဇီရှင်း အံ့အားသင့်စွာ မေးမြန်းလာသည်။

“ အင်း … ဖြစ်နိုင်တယ်… ဒီရဲ့ အလောင်းခွဲစိတ်မှုက အချည်းနှီးတော့ မဖြစ်သွားဘူး …” လင်းရီ ပြန်ဖြေလိုက်ပြီး “ အခု … အဲ့ဒီနေ့မှာ တာဝန်ကျတဲ့ ဒေါက်တာနဲ့ နာ့စ်တွေကို သေချာ စစ်ဆေးဖို့ လိုပြီ….”

“ နားလည်ပြီ …”

ပြီးသည့်နောက် အုပ်စုမှာ ဆေးရုံ အပြင်ဘက်သို့ ထွက်လာ၍ စုန့်ကန်းနှင့် ဟွမ်ရှောင်လီတို့ နှစ်ဦးအား လိုက်ပို့ပေးလိုက်ကြသည်။ လင်းရီ နာရီကို တစ်ချက် ငုံ့ကြည့်လိုက်ရာ ညနေ ၄ နာရီထိုး နေပြီကို သတိပြုမိလိုက်လေသည်။

“ ငါ တခြားကိစ္စ လုပ်စရာလေးတွေ ရှိသေးလို့ စစ်ဆေးမေးမြန်းတဲ့ ကိစ္စကို မင်းတို့နှစ်ယောက်နဲ့ပဲ လွှဲထားတော့မယ်…”

“ ရတယ်လေ…”

ညွှန်ကြားချက်များ ပေးပြီးနောက်တွင် လင်းရီသည် ဆေးရုံမှ မောင်းထွက်လာခဲ့လိုက်၏။

ဒီနေ့က သူ့ယောက္ခလောင်းကြီး၏ မွေးနေ့ဖြစ်သဖြင့် နောက်ကျလို့ မဖြစ်ချေ။

ဆေးရုံက ထွက်လာခဲ့ပြီးနောက် လင်းရီ အိမ်သို့ အရင်ပြန်ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က ရန်စီ သူ့အတွက် ဝယ်လာပေးသည့် အင်္ကျီအား ဝတ်ဆင်လိုက်၏။ ထို့နောက် ပြင်ဆင်ထားသည့် လက်ဆောင်အိတ်ကို သယ်ကာ ချင်းဟန်နှင့် လျန်ကျင်းမင်အား ကြိုရန်အတွက် ထွက်လာခဲ့၏။

ကောင်းကျုံးယွမ် အတွက်ကတော့ … ထိုကောင်က ငမွှေမလေး ဟော်ယွမ်ယွမ်နှင့် အတူ လာမည် ဖြစ်သဖြင့် သူ့ကို ကြိုပေးမနေတော့ချေ။

(ကြို = ခေါ် / သွားကြို = သွားခေါ်)

ကားမောင်းနေစဉ်တွင် လင်းရီ အတွေးနက်နေလျက် ရှိ၏။ ကြည့်ရသည်မှာ စနစ်၏ တာဝန်က စတင်ပြီး အဓိပ္ပာယ်ရှိလာသည့်ပုံပင်။ အကယ်၍ ကျန်းလီရှား၏ ခင်ပွန်းကသာ အမှန်တကယ် လူသတ်ခံခဲ့ရသည်ဆိုပါက ၎င်းနောက်တွင် လက်သည်တရားခံ တစ်ယောက်က ကျိန်းသေပေါက်ကို ရှိသည်။

စနစ် ညွှန်းဆိုချင်နေသည်က ထိုလူဖြစ်ပုံရ၏။

ဤသည်ကို တွေးတောမိတော့ လင်းရီ မေးစေ့ ပွတ်သပ်လိုက်မိသည်။ သာမန် အမွေလုသည့် အမှုတွင် ဖုံးကွယ်ထားသည့် ကိစ္စရပ်တို့က ဤမျှ များပြားနေလိမ့်မည်ဟု မည်သူက တွေးတောမိလိမ့်မည်နည်း။

ကမ္ဘာကြီးက တကယ်ပဲ ခန့်မှန်း မရသည့်လူတို့ဖြင့် ပြည့်နှက်နေလေသည်။

များမကြာမီ လင်းရီသည် ပန်နီဆူလာဟိုတယ်သို့ ရောက်လာခဲ့ပြီး ချင်းဟန်နှင့် လျန်ကျင်းမင်တို့အား ကြိုလိုက်၏။ သူတို့နှစ်ဦး ကားပေါ်သို့ ရောက်သည်နှင့် နှစ်ကောင်သားက လင်းရီအား ဘလင်းဘလင်း ဖြစ်နေသည့် အကြည့်တို့ဖြင့် စူးစိုက်ကြည့်လာသည်။

“ လင်းကော … ငါကြားတာ မင်း မနေ့က ဥက္ကဌကျီရဲ့ အိမ်မှာ ညအိပ်တယ်ဆို …”

“ ဒါလည်း မင်းတို့ကောင်တွေ သိတာပဲလား ….”

“ ကောင်းကြီး ငါတို့ကို ပြောပြတာ …” လျန်ကျင်းမင် ပြောဆိုရင်းဖြင့် လင်းရီအား လက်မထောင်ပြလိုက်သည်။

“ လင်းကော … မင်းက အမေးဇင်းပဲ … ဦးလေးချင်က မင်းကို ဘာကြောင့် ကောင်စုတ်လေးလို့ ခေါ်နေလဲဆိုတာ အခုမှပဲ နားလည်တော့တယ်… မျိုးဆက်ဟောင်းတွေက လူဖတ်တာ တကယ် တော်တာပဲ …”

“ ဟေ့ကောင် … မင်း ငါ့ကို ချီးကျူးနေတာလား စော်ကားနေတာလား ဟမ် …”

“ မင်းကလည်း … အဲ့လောက်အသေးစိတ်ကြီးထိ ဂရုစိုက်နေစရာ မလိုပါဘူး … အဓိက အချက်က မင်းအခု အဆင်ပြေသွားပြီမလား … ငါတို့မှာတော့ မင်းကို ကူညီဖို့ ခေါင်းမူးနောက်အောင် စဉ်းစားလိုက်ရတာ မင်းကတော့ မင်းဘာမင်း အဆင်တွေ ပြေနေပြီ …”

“ ဒီတိုင်း ကံကောင်းသွားလို့ပါကွာ .. မင်းတို့ ထင်သလောက်လည်း ရိုးရှင်းမနေဘူး …”

မောင်းရမည့် ခရီးက ရှည်ကြာသဖြင့် လင်းရီသည် ဖြိုခွင်းသည့် စစ်ဆင်ရေး၌ ကြုံတွေ့ခဲ့ရသည်များအား ချင်းဟန်တို့ နှစ်ယောက်ထံ ပြန်ပြောင်းပြောပြလိုက်သည်။ စစချင်းတွင် နှစ်ဦးမှာ ကြက်သေသေနေမိကြ၏။ ထို့နောက် အားပါးတရ ရယ်မောလာသည်။

“ လခွမ်း … ဒါ ခမည်းခမက်ကြီးရဲ့ နတ်ဘုရားဆန်တဲ့ ကူညီပေးမှုပဲမလား …”

လင်းရီ၏ ဇာတ်လမ်း အဖြစ်အပျက်ကို နားထောင်ပြီးနောက်တွင် နှစ်ကောင်သားမှာ အသက်ပင် အနိုင်နိုင်ရှူနေရသည်အထိ ရယ်မောနေမိကြတော့သည်။

“ မြင်လား … အရာရာတိုင်းမှာ အချိန်ကိုက် (တိုင်မင်)ဆိုတာ ရှိတယ် … ကိုယ့်ဘက်က စောင့်ပြီး အဲ့ဒီ အချိန်ကိုက် ရောက်လာမှာကို စောင့်ဖမ်းရုံပဲ …”

“ ငါ့ကောင် … မင်း စာအုပ်တောင် ထုတ်လို့ရနေပြီ…” ချင်းဟန် စနောက်လိုက်သည်။

“ စာအုပ်ထုတ်လည်း အသုံးမဝင်ဘူး .. မင်းတို့ကောင်တွေ သင်ယူနိုင်တဲ့ အရာမဟုတ်ဘူး …”

“ ဘာလို့ …”

“ မင်းတို့နှစ်ယောက်က ငါ့လောက်မှ မခန့်တာ …”

“ မင်း သူတောင်းစား …”

သုံးယောက်မှာ ကျီချင်းရန်၏ အိမ်သို့ သွားသည့် လမ်းတစ်လျှောက် အချင်းချင်း ကျီစယ်နေခဲ့ကြသည်။

ကျီချင်းရန်၏ အိမ်တွင်တော့ ချင်းဟန်နှင့် ကျန်သူများမှအပ အချို့ အင်မတန် ရင်းနှီးသည့် ဆွေမျိုးတချို့ကိုသာလျှင် ဖိတ်ကြားထားပြီး စားပွဲ တစ်လုံးဆန့်စာ လူဒါဇင်မျှသာ ရှိနေသည်။

အနည်းငယ် ရင်တုန်ပန်းတုန်ဖြစ်စွာ ခံစားနေရရင်း … လင်းရီသည် ကားထဲက ထွက်လာခဲ့ပြီးသည့်နောက် ကျီအန်းထိုက်ကို နှုတ်ခွန်းဆက်လိုက်သည်။

အိမ်ထဲတွင်တော့ ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့မှာ ဆိုဖာပေါ်တွင် ထိုင်နေလျက်သား ရှိပြီး သူ မသိသည့် အကြောင်း တစ်စုံတစ်ရာကို ပြောဆိုနေခဲ့ကြသည်။

ကျီချင်းရန် ကြည့်ရသည်မှာ တည်တည်ငြိမ်ငြိမ်ပင်။ သို့သော် ဟော်ယွမ်ယွမ်ကတော့ လင်းရီအား စူးရဲစွာ ကြည့်ရှုနေလျက် ရှိသည်။

မချိုမချဉ်ဖြစ်နေသည့် သူမမျက်နှာကို ကြည့်ရင်း လင်းရီ ဖိနပ်ချွတ်ပြီး ကောက်ပေါက်ချင်စိတ်တို့အား အနိုင်နိုင် ထိန်းထားရ၏။

“ မွေးနေ့မှာ ပျော်ရွှင်ပါစေ အန်တီ … ငွေတွေလည်း အများကြီး ဝင်ပြီး တစ်သက်လုံး ငယ်ရွယ်နုပျိုနေပါစေလို့ ဆုတောင်းပေးပါတယ်…”

လျန်ကျင်းမင်၏ ပျားသကာကဲ့သို့ ချိုသာသည့် စကားလုံးလေးများက စုန့်မင်ဟွေ့ကို အပြုံးပန်းတို့ ဝေဆာသွားစေခဲ့သည်။ သူက လင်းရီကဲ့သို့ စကေးမကြွယ်သော်ငြားလည်း စုန့်မင်ဟွေ့ အရွယ်ရှိသည့် ရင့်ကျက်သည့် အမျိုးသမီးများကို ဆွဲဆောင်သည့်နေရာတွင်တော့ အရည်အချင်း ရှိနေဆဲပင်။

“ အိုကွယ် … သူစိမ်းတွေလည်း မဟုတ်တာကို ဘာလို့ ဒီလို လက်ဆောင်တွေ ယူလာတာလဲ …”

“ ဘာမှ မဖြစ်ဘူးအန်တီ … ဒါ ကျွန်တော်တို့ဆီက ကျေးဇူးတင်တဲ့ တိုကင် အသေးစားလေးပါပဲ …”

“ အေးပါ အေးပါ …..”

စုန့်မင်ဟွေ့ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ကဲ ကဲ ထိုင်ကြ ထိုင်ကြ … ညစာက ခဏဆို ရတော့မယ်…”

“ ဒါပေမယ့် ဒီနေ့က အန်တီ့မွေးနေ့လေ … မွေးနေ့ရှင်ကို ချက်ခိုင်းလို့ ဘယ်ဖြစ်မှာ … လင်းကြီးကိုပဲ သူ့ လက်စွမ်းတွေ ပြခိုင်းလိုက်စမ်းပါ …”

ချင်းဟန် ပြောရင်းဆိုရင်းဖြင့် လင်းရီကို ဟင်းချက်သည့် နေရာသို့ ဆွဲခေါ်သွားခဲ့ကာ သူ့အား အရည်အချင်း ထုတ်ပြရန် ကူညီပေးလိုက်သည်။ သူသည်လည်း လင်းရီနှင့် ကျီချင်းရန်တို့ နှစ်ဦးကြားရှိ တင်းမာမှုက လုံးလုံးလျားလျား ပျော့ပြောင်းချင်း မရှိသေးသည်ကို သတိထားမိသည်။

လင်းရီလည်း စိတ်မရှိပေ။ အကယ်၍ သူသာ ကျီချင်းရန်နှင့် ပြန်အဆင်ပြေလိုပါက စုန့်မင်ဟွေ့နှင့် ကျီအန်းထိုက်တို့၏ အကူညီကို လိုအပ်လေသည်။ ကျီအန်းထိုက်ကတော့ သူနှင့် တစ်ခရီးတည်းသွားတွေ ဖြစ်နေပြီး ယခု တစ်ကြိမ်၌ စုန့်မင်ဟွေ့ကို သိမ်းသွင်းဖို့ရန်သာ ကျန်ရစ်တော့သည်။

“ သားမက်လေးက ဒီလောက် အလုပ်ပင်ပန်းတာကို သူ့ကို ဟင်းချက်ခိုင်းလို့ ဘယ်ဖြစ်မလဲ ….”

အိမ်တွင်နေသွားသည့် ထိုညက အဖြစ်အပျက်ပြီးနောက် စုန့်မင်ဟွေ့သည် လင်းရီကို ‘ သားမက်လေး’ ဟု စတင်ခေါ်ဆိုနေပြီး သူတို့နှစ်ဦး အကြားတွင် မည်မျှ ရင်းနှီးလာနေသည်ကို ဖော်ပြနေသည်။

“ ကျွန်တော်က တစ်ချိန်လုံး အလေလိုက်နေတာ ဒုက္ခမများပါဘူးဗျာ …”

လင်းရီ အခြား ဘာမျှ မဆိုဘဲ အေပရွန်ကို ကိုယ်တွင် ဝတ်၍ မီးဖိုချောင်ထဲသို့ ဝင်ကာ ညစာအတွက် စတင် ပြင်ဆင်ချက်ပြုတ်တော့သည်။

လင်းရီ မီးဖိုချောင်ထဲ ဝင်သွားသည်ကို မြင်တော့ ကျီချင်းရန် မဆိုစလောက်လေး မျက်မှောင်ကြုတ်သွားခဲ့၏။

စောက်ကောင်က ဒဏ်ရာရထားတာကို ဟင်းသွားချက်နေတယ်… အနာပြန်ပွင့်ချင်နေတာလား မသိဘူး …

“ အစ်မကျီ … နင်ဘာ‌လို့ မျက်မှောင်ကြီး ကြုတ်နေရတာလဲ …” ဟော်ယွမ်ယွမ် မေးမြန်းလိုက်၏။

“ သူ့ကို မီးဖိုချောင်ထဲသွားပြီး ကူညီပေးလိုက် … သူ ဒဏ်ရာရထားတယ်… အနာပြန်ပွင့်သွားလိမ့်မယ်…” ကျီချင်းရန် ညင်သာစွာ ဆိုလိုက်၏။

All Chapters