ရေခဲအရည်ပျော်သလို
Vol. 137 Ch. 2052
“ ဒဏ်ရာ ရထားတာလား …”
ဟော်ယွမ်ယွမ် အံ့အားသင့်သွားခဲ့သည်။
“ အွန်း … ၂၀ စင်တီမီတာလောက် ရှည်တယ်… အရင် တစ်ခါ ငါ့ကို ကယ်တုန်းက ရသွားတဲ့ ဒဏ်ရာနေမယ်…” ကျီချင်းရန် ပြောလိုက်၏။
ဟော်ယွမ်ယွမ် မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့ပြီး “ ဒါဆို တစ်ချက် သွားကြည့်လိုက်မယ်…”
မီးဖိုချောင်ထဲတွင်တော့ လင်းရီသည် ဟင်းအမယ်များအား ပြင်ဆင်ရင်း အလုပ်ရှုပ်နေသည်။ ဟော်ယွမ်ယွမ်ဝင်လာသည်ကို မြင်တော့ သူ ကောက်ကာငင်ကာ မေးလိုက်သည်။
“ မင်း ဒီကို ဘာလာလုပ်တာ…”
“ ကျွန်မကရော လာချင်လို့ လာတယ်များ ထင်လား …” ဟော်ယွမ်ယွမ် မျက်လုံးလှန်၍ “ အစ်မကျီက ကျွန်မကို လာခိုင်းပြီး ရှင့်ကို ဂရုစိုက်ပေးဖို့ ပြောလို့ …”
လင်းရီ၏ ရင်ဘက်ထဲ နွေးထွေးသွားခဲ့သည်။ ကြည့်ရသည်မှာ ထိုနေ့ည စကားဝိုင်းက အကျိုးသက်ရောက်မှု ရှိဟန်ပင်။
“ အင်း … အမှန်ပဲ … အနာက ပွင့်လွယ်တယ်… ဟင်းသီးဟင်းရွက်တွေ မင်း လှီးလိုက် …”
“ ချီးပဲ … နေ့ဘက်ကျတော့လည်း ရှင့်အတွက် ငွေရှာပေးရတယ် … ညနေကျတော့လည်း ရှင့်အတွက် ဟင်းသီးဟင်းရွက်တွေ လှီးပေးနေရသေးတယ် …”
“ လစာတိုးပေးမယ်လေ…”
“ ရက်စ်ဘော့စ် …”
ဟော်ယွမ်ယွမ် ထွက်ခွာမသွားခဲ့ချေ။ သူမ၏ အင်္ကျီလက်ကို ပင့်၍ လင်းရီနှင့်အတူ ညစာ ပြင်ဆင်သည်။
“ ဟဲ့ … ရှင် အဲ့မိန်းမနဲ့ အဆက်အသွယ် ဖြတ်ပြီးပြီလား …” သခွားသီး လှီးနေရင်း ဟော်ယွမ်ယွမ် မေးမြန်းလာခဲ့သည်။
“ ကျွန်မ အစ်မကျီရဲ့ အတွေးတွေကို နားလည်တယ်… ရှင်သာ အဲ့မိန်းမနဲ့ အဆက်အသွယ် အပြီးဖြတ်လိုက် … အစ်မကျီနဲ့ ပြန်ပြီး ပြေလည်ဖို့က ဖြစ်နိုင်တုန်းပဲ …”
“ လူကြီးတွေကိစ္စကို ကလေးတွေ ဝင်မပါရဘူး …” လင်းရီ မဖြေဆိုချင်ပေ။
“ ချီးပဲ … လက်ထဲကိုင်ထားတာ ဘာလဲ သိတယ်နော်… တစ်ချက်တည်းနဲ့ ဆေးရုံရောက်သွားမယ် ဘာမှတ်နေလဲ … ရှင်လည်း တကယ်တည်း မြှာပွေလွန်းတယ်…”
“ မင်းက ဘာသိလို့ … ဒါ ငါ့ကို စကြာဝဠာကြီးက ချစ်မြတ်နိုးတယ်လို့ ခေါ်တယ်…”
“ ရှူး ရှူး ရှူး … ဝေးဝေးသွားစမ်း … ရှင့်ရဲ့ ပေါက်ကရ စကားတွေ မကြားချင်ဘူး …”
ဟော်ယွမ်ယွမ်မှာ လင်းရီနှင့် အတူ ညစာ ပြင်ဆင်နေရင်း ကုမ္ပဏီ ကိစ္စတချို့လည်း ပြောဆိုနေခဲ့သည်။
သူမ စိတ်ထဲ အနည်းငယ် မကျေနပ်ပါသော်လည်း လင်းရီနှင့် သူမ အစ်မကျီတို့ နှစ်ယောက်ကြား ကိစ္စထဲတွင် လိုသည်ထက် ပို၍ ဝင်မပါသင့်ကြောင်းကိုတော့ ကိုယ့်ဘာကိုယ် နားလည်သည်။
မည်သို့ပင်ဖြစ်စေ ကြိုးထုံးကို ချည်သည့်လူသာလျှင် ပြန်ဖြေသင့်၏။
လင်းရီနှင့် ဟော်ယွမ်ယွမ်မှာ ကောင်းမွန်စွာ ပူးပေါင်း လုပ်ကိုင်နေရင်း နှစ်နာရီအတွင်းမှာပဲ စားပွဲ အပြည့် ဟင်းပွဲများအား ချက်ပြုတ်ပြီးသွားခဲ့သည်။ စားပြီးသည့်နောက် အနံ့အရသာက လူတိုင်းကို ချီးမွမ်းစကားတို့ အလိုအလျောက် လျှံထွက်လာစေသည်။
ကောင်းမွန်သည့် ရာသီဥတု အခြေအနေကြောင့် ညစာစားပွဲကို အပြင်ဘက် ခြံဝန်းထဲ၌ ကျင်းပခဲ့၏။ လူတိုင်းလည်း စုန့်မင်ဟွေ့ထံသို့ ခွက်မြှောက်လိုက်ကြကာ ကောင်းမွန်သည့် မွေးနေ့ဆုတောင်းစကားတို့အား ရေရွတ်ပေးနေကြသည်။ ဤသည်က မွေးနေ့ပွဲ ဆိုသော်ငြားလည်း သာမန် မိသားစု စုံညီ ထမင်းဝိုင်းနှင့် ခြားနားခြင်း သိပ်မရှိပေ။
နှစ်နာရီကျော်ကြာအောင် စကားပြောရင်း စားသောက်ပြီးသည့်နောက် လင်းရီနှင့် ကျန်သူများသာလျှင် စားပွဲဝိုင်း၌ ဆက်လက်ရှိနေပြီး အရက်သောက်ရင်း စကားပြောနေခဲ့ကြသည်။
ဧည့်ခန်းထဲတွင် ရှိနေသည့် ကျီချင်းရန်ကတော့ အိမ်အပြင်ဘက်သို့ အချိန်တိုင်းလိုလို လှည့်ကြည့်နေကာ ကြုတ်ထားသည့် သူမ၏ မျက်မှောင်နှစ်ခုမှာ ပိုပိုပြီး တင်းကြပ်လာနေသည်။
“ အစ်မကျီရယ် .. သူ့ကို ဘာလို့ ဒီလောက်တောင် အရိပ်တကြည့်ကြည့် လုပ်နေရတာလဲ … သောက်စမ်းပါစေ …”
“ ငါ ဆရာဝန်ကို မေးထားပြီးပြီ … ဒဏ်ရာရထားတဲ့ အချိန် အရက်သောက်လို့ မရဘူး … အနာပိုရင်းစေတယ်…” ကျီချင်းရန် ပြောလိုက်သည်။ “ သူ့ကို ဝီချက် မေ့ဆေ့ချ်ပို့ပြီး မသောက်တော့ဖို့ ပြောလိုက် …”
“ သူကိုယ်တိုင်လည်း ဆရာဝန်ပဲဟာ သူ့ဘာသူ ဂရုစိုက်တတ်ပါတယ်… ခေါင်းထဲ ထားမနေနဲ့ …”
“ သူ ဘာမှ ဂရုစိုက်တာ မဟုတ်ဘူး … ခေါင်းပူလာတာနဲ့ အသိတရားက ဘယ်နေမှန်းတောင် မသိဘူး … “
ဟော်ယွမ်ယွမ်မှာ နှုတ်ခမ်းကိုက်မိသွားခဲ့ပြီး စိတ်ထဲ ကြိတ်၍ သက်ပြင်းချလိုက်မိသည်။
ဘာတွေဘယ်လိုပဲ ဖြစ်နေပါစေ … သူဌေးစုတ်ကတော့ အစ်မကျီရဲ့ ရင်ထဲမှာ ရှိနေသေးတာပဲ …
ဟော်ယွမ်ယွမ်သည် လင်းရီထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။ ပြီးနောက် နှစ်ယောက်မှာ TV ဇာတ်လမ်း ကြည့်နေသယောင် ဟန်ဆောင်လိုက်ကြ၏။ သို့သော် သူတို့၏ မျက်လုံးများကတော့ ထောင့်ကပ်၍ လင်းရီကို စောင့်ကြည့် အကဲခတ်နေကြလေသည်။
သူ ဖုန်းအား တစ်ချက် ကြည့်လိုက်သည်ကို ဟော်ယွမ်ယွမ် မြင်တွေ့လိုက်ရသည်။ ထို့နောက် ပြန်ချထားပြီး အရက်အား ပါးစပ်ထဲ ပြန်လောင်းထည့်နေသည်ကို ဆွံ့အစွာ မြင်တွေ့လိုက်ရ၏။
“ သေစမ်း… ဒါ ဘာသဘောလဲ … ငါ့စကားကို လျစ်လျူရှုတာလား …” ဟော်ယွမ်ယွမ် ကျွဲမြီးတိုသွားခဲ့၏။ “ အစ်မကျီ … နင်ပဲ ပြောလိုက်တော့ … သူက ငါ့ကိုဆို အရေးတောင် မလုပ်ဘူး …”
ကျီချင်းရန် ပြန်ဖြေမလာချေ။ အပြင်ဘက်သို့ ကြည့်လိုက်သော အခါ လင်းရီက တစ်ခွက်ပြီး တစ်ခွက် မော့ချနေသည်ကို မြင်တွေ့လိုက်ရပြီး ရပ်တန့်မည့် ရည်ရွယ်ချက်ကိုလည်း မမြင်တွေ့ရချေ။ အတန်ငယ် ချင့်ချိန်ပြီးနောက် သူမ လင်းရီထံ မက်ဆေ့ချ်ပို့ဖို့ ဆုံးဖြတ်လိုက်၏။
သို့သော် ဤတစ်ကြိမ်တွင် လင်းရီကတော့ ဖုန်းကို ကောက်ကိုင်၍ပင် ကြည့်မလာချေ။
ဟော်ယွမ်ယွမ် မက်ဆေ့ချ်ပို့လာသည်ဟုသာ ထင်နေခဲ့သဖြင့် ဖုန်းအား လျစ်လျူရှုထားလိုက်၏။
ဟော်ယွမ်ယွမ် နှုတ်ခမ်းထော်သွားခဲ့ပြီး “ အခု ဘာဆက်လုပ်ကြမလဲ….”
ကျီချင်းရန်၏ မျက်နှာလှလှလေးမှာ အေးစက်သွားခဲ့ပြီး လင်းရီကို ပိတ်ကန်ချင်စိတ်တို့ ပေါက်ဖွားလာခဲ့သည်။
စောက်ကောင်က ဘာတွေ လုပ်နေတာလဲ … သောက်နေလိုက်တာများ တစ်ခါမှ မသောက်ဖူးတဲ့အတိုင်းပဲ …
ဒေါသတကြီး ဖြစ်စွာဖြင့် ကျီချင်းရန် မတ်တပ်ရပ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ ဟော်ယွမ်ယွမ်လည်း သူမနောက်ကနေ ကမန်းကတမ်း လိုက်ပါလာခဲ့၏။
“ နင် ဆက်သောက်နေတုန်းပဲလား ….”
ကျီချင်းရန်သည် ထမင်းစား စားပွဲ၏ ရှေ့တွင် မတ်တပ်ရပ်ပြီး တင်းမာသည့် မျက်နှာထားဖြင့် မေးလိုက်၏။
ချင်းဟန်နှင့် ကျန်သူများမှာ အရက်သောက်နေရင်း တန်းလန်း ရှော့ခ်ရသွားခဲ့ကြသည်။ ကျီချင်းရန်၏ ယခုလိုဘက်ခြမ်းကို သူတို့ တစ်ခါမျှ မမြင်တွေ့ဖူးကြချေ။
“ အများကြီး မသောက်ရသေးပါဘူး …” လင်းရီသည် စားပွဲပေါ်ရှိ ပုလင်းများအား ကြည့်ရင်း “ ရှစ်ပုလင်းလောက်ပဲ သောက်ရသေးတယ်…”
“ ရှစ်ပုလင်းနဲ့ လောက်မှာမဟုတ်ဘူး … အပေါ်လိုက်ခဲ့ …”
ထိုသို့ ပြောပြီးသည့်နောက် ကျီချင်းရန် အခြား ဘာမျှ ဆက်ပြီး မပြောဆိုတော့ချေ။ နေရာမှ လှည့်ထွက်၍ အိမ်အပေါ်ထပ်သို့ တက်သွားခဲ့သည်။
“ လင်းကြီး .. မင်းဘာတွေ စောင့်နေတာ … ဥက္ကဌကျီက မင်းကို အပေါ်ထပ် လိုက်ခဲ့လို့ ပြောနေတယ်လေ … ဒါ အခွင့်အရေးကောင်းပဲ … မလွဲချော်စေနဲ့ ….”
“ အမ် …”
သူ့အား အပေါ်ထပ်သို့ အဘယ်ကြောင့် လာဖို့ ခေါ်နေရလဲဆိုတာကို နားမလည်နိုင်ဖြစ်နေမိသည်။
ဒီတိုင်း အရက်သောက်တာလေးပဲ မဟုတ်လား …
ဘာတွေ ဖြစ်နေလဲ လင်းရီ မသိချေ။ သို့ပေမယ့်လည်း အနောက်က လိုက်သွားလိုက်၏။ မည်သို့ပင်ဖြစ်စေ ဤသည်က စကားပြောလို့ရမည့် အခွင့်အရေးကောင်းပင်။ အနောက်မှ လိုက်သွားရင်း ကျီချင်းရန်၏ အခန်းထဲသို့ ရောက်လာခဲ့သည်။
ထို့နောက် ကျီချင်းရန်က ဆေးသတ္တာကို ယူလာခဲ့ပြီး အမူအရာ ကင်းမဲ့သည့် မျက်နှာထားဖြင့် အမိန့်ဆန်ဆန် ဆိုလိုက်သည်။
“ ဆေးထည့်လိုက် …”
“ ဆေးထည့်ဖို့ ခေါ်လိုက်တာလား …”
“ တခြား ဘာဖြစ်ရဦးမှာ … နင့်ကိုယ်နင် ဒဏ်ရာရထားတာ မသိဘူးလား …”
“ အဆင်ပြေပါတယ်… အရက်လေး နည်းနည်းသောက်တာ သေမသွားပါဘူး …”
“ ဒါဆို သွားပြီး ဆက်သောက် … သောက်လို့ မသေရင် ငါကိုယ်တိုင် နင့်ကို သတ်ပေးမယ်….”
လင်းရီ ရယ်သွမ်းလိုက်၍ “ အဲ့လို လုပ်လို့တော့ ဘယ်ဖြစ်မှာ … ငါသာ သောက်ပြီး သေသွားခဲ့ရင် လင်းမိသားစု မျိုးဆက်ပြတ်သွားမှာ မဟုတ်ဘူးလား … ပြီးတော့ မင်းလည်း အဲ့ဒီအတွက် တာဝန်ယူရမှာနော်….”
“ ငါ့ကို စပ်ဖြီးဖြီး လာလုပ်ပြမနေနဲ့ … မြန်မြန် ပတ်တီးလဲတော့ ….”
“ အိုကေ အိုကေ …”
လင်းရီ ဆေးသတ္တာအား ယူ၍ ပတ်တီးလဲလိုက်သည်။
ပထမ အကြိမ် မြင်တွေ့ချင်း မဟုတ်သော်လည်းပဲ ကျီချင်းရန်သည် အနာကို မြင်လိုက်သည့် အချိန်တိုင်း ထွက်ပြေးချင်စိတ်တို့ ပေါက်လာသည်။ ထို့ပြင် သူ့ကိုယ်ပေါ်ရှိ အမာရွတ်တို့ကလည်း အတော်လေး ကြောက်မက်ဖွယ်ရာကြီးပင်။
ဆယ်မိနစ်ခန့် ကြာပြီးသည်နောက် အားလုံးပြီးစီးသွားခဲ့ပြီး လင်းရီ ပြုံးလိုက်၏။
“ နင် ဆေးထည့်ထားတယ်… ဆက်သောက်လို့ မရတော့ဘူး …”
“ အင်းပါ … မင်းပြောတာ နားထောင်ရမှာပေါ့ … ငါ မသောက်တော့ဘူး … ငါ့အနာ လုံးဝ မသက်သာခင်အထိ အရက်ကို မကိုင်တော့ဘူး …” လင်းရီ ပြောလိုက်သည်။
နာနာခံခံ မျက်နှာထားလေးနှင့် လင်းရီကို မြင်တော့ ကျီချင်းရန်၏ အမူအရာမှာ ပိုပြီး ကောင်းမွန်လာသည်။
သို့သော် ထိုအချိန်မှာပဲ စုန့်မင်ဟွေ့၏ အသံက တံခါးပေါက် အပြင်ဘက်ကနေ ထွက်ပေါ်လာခဲ့သည်။
“ နောက်ကျနေပြီ … နင်တို့နှစ်ယောက် စောစောနားကြတော့ …”
“ နားကြတော့ ဟုတ်လား …”
နှစ်ယောက်လုံး ကြက်သေသေသွားခဲ့ရသည်။ “ အန်တီ … ကျွန်တော်တို့ စားလို့ မပြီးသေးဘူးလေ …”
“ သူတို့ အကုန် ပြန်သွားကြပြီ … တကယ်လို့ နင် ထပ်စားချင်သေးတယ်ဆိုရင် မနက်ဖြန် ပြန်လာခဲ့လေ … အန်တီ နင့်ဖို့ လုပ်ထားပေးမယ်…”
“ ထွက်သွားကြပြီ … လခွမ်းတွေ ဖြစ်နေတာလား …”
လင်းရီ ပြတင်းပေါက်သို့ သွားပြီး အပြင်သို့ ကြည့်လိုက်သောအခါ ချင်းဟန်နှင့် အခြားသူများက တံခါးပေါက်ဝသို့ ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။
ညီကိုကောင်းတွေပဲ … ညီကိုကောင်းတွေပဲ …
“ အမေ … သမီးတို့ ………”
“ ဘာ သမီးတို့လဲ ….. အိပ်တော့ … လင်းရီက မနက်ဖြန် မနက် အလုပ်သွားရတော့မှာ … စောစောနားကြ …”
မူလတုန်းက ကျီချင်းရန်၏ မျက်နှာမှာ အေးတိအေးစက် ဖြစ်နေခဲ့သည်။ သို့သော် စုန့်မင်ဟွေ့၏ ကျီစယ်သည့် စကားသံကို နားထောင်ပြီးသည့်နောက် အနည်းငယ် ရှက်သွေးဖြန်းသွားခဲ့၏။
သူ့အမေ၏ အကျင့်စရိုက်ဖြင့် ဆိုပါက လင်းရီကို ဤည မောင်းထုတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။
စုန့်မင်ဟွေ့ ယခုလို ပြုလုပ်ရခြင်း အကြောင်းအရင်းကလည်း သူတို့နှစ်ဦးကြားရှိ မပြေလည်မှု ပြဿနာမှာ အပြီးတိုင် မဖြေရှင်းရသေးသည်ကို သတိပြုမိသောကြောင့်ပင်။ ထို့ကြောင့်ပဲ ယခုလို အတင်းအကြပ် တွန်းအားပေးသည့် နည်းလမ်းကို အသုံးပြု၍ နှစ်ယောက်ကို မြန်မြန်ဆန်ဆန် ပြန်လည် သင့်မြတ်လာစေချင်သည်။
လင်းရီ စိတ်ထဲ၌ တဟားဟားအော်ရယ်၍ ယောက္ခမကြီး၏ ဘိုးဘေး အစဉ်အဆက်အား ကျေးဇူးတင်စကားတို့ ဆိုနေမိသည်။
ကျီချင်းရန်သည် လင်းရီကို မည်းမှောင်သည့် အမူအရာဖြင့် ကြည့်လာခဲ့၏။
“ အရင်အတိုင်းပဲ … နင် ကုတင်ပေါ်အိပ် … ငါကြမ်းပြင်မှာ အိပ်မယ်…”