ဘိုးဘေးတွေရဲ့ ကောင်းချီး
Vol. 137 Ch. 2053
“ သူစိမ်းတွေလည်း မဟုတ်တာကို ဘာလို့ ရှုပ်ထွေးအောင် လုပ်နေရတာလဲ … ဒီတိုင်း အတူအိပ်တာ မကောင်းဘူးလား …”
“ စဉ်းတောင် မစဉ်းစားနဲ့ … “ ကျီချင်းရန် နှာခေါင်းရှုံ့လိုက်၏။ သူမ ဒေါသထွက်နေသည်မှာ အသိသာကြီးပင်။
“ အရင်ကလည်း အတူအိပ်ခဲ့ဖူးတာကို ဘာရှက်စရာရှိလို့ …”
“ နင်နဲ့ စကားမပြောချင်ဘူး … မြန်မြန်အိပ်တော့ .. ငါ့အိပ်ချိန်တွေကို လာဖြုန်းတီးမနေနဲ့ … မနက်ဖြန် အလုပ်သွားရဦးမှာ …”
ကျီချင်းရန်သည် အဝတ်ဗီရိုထဲက စောင်နှင့် အိပ်ရာခင်းကို ထုတ်၍ ကြမ်းပြင်တွင် ခင်းလိုက်ပြီး တစ်ဖက်သို့ ကျောပေးအိပ်လိုက်သည်။ လင်းရီနှင့် စကားမပြောချင်သည်မှာ မြင်သာနေသည်။
ကျီချင်းရန်၏ ခေါင်းမာလှသည့် နောက်ကျောကို ကြည့်ရင်း လင်းရီ ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။
ပြောပလောက်သည့် တိုးတက်မှုတို့ မရှိသော်လည်းပဲ ဤသည်ကလည်း ကောင်းမွန်သည့် အစပျိုးမှု တစ်ခုပင်။ နောင်တွင် ဤအတိုင်း ဆက်လက် တိုးတက်စေနိုင်ဖို့ကို သူ မျှော်လင့်မိ၏။
နောက်တစ်နေ့နံနက် စောစောတွင် လီရှန်းဟွေ့၏ ဖုန်းခေါ်လာမှုကြောင့် လင်းရီ နိုးလာခဲ့လေသည်။ သူ့အား စခန်းသို့ လာခဲ့ရန်အတွက် ခေါ်ဆိုလာခဲ့ခြင်းပင်။
ကျီချင်းရန်လည်း သူနှင့် တစ်ချိန်တည်း အိပ်ရာထလာသည်။ သူမမှာ လျန်ရူရွှယ်ကဲ့သို့ နေဖင်ထိုးအောင် အိပ်တတ်သည့် အမျိုးအစား မဟုတ်ပေ။
“ ဟယ် ရီလေး … ဘာလို့ အစောကြီးထတာလဲ … အခုမှ ခြောက်နာရီထိုးပဲ ရှိသေးတာကို …”
စုန့်မင်ဟွေ့က မီးဖိုချောင်ထဲတွင် မနက်စာပြင်နေရင်း လင်းရီကို တွေ့တော့ မေးလိုက်မိ၏။
“ ဌာနမှာ ကိစ္စ တချို့ ပေါ်လာလို့လေ … အဲ့တာ အစောကြီးသွားမှ ဖြစ်မှာ …”
လင်းရီ အလုပ်သွားရတော့မည်ကို သိတော့ စုန့်မင်ဟွေ့ များများစားစား မပြောတော့ချေ။
“ အန်တီ အီကြာကွေး နည်းနည်းကြော်ပြီး ပဲနို့လည်း လုပ်ထားပေးတယ်… စားဖို့ ယူသွားလိုက် …”
“ ဗျာ .... ဟုတ် အန်တီ …”
လင်းရီ စစချင်းတုန်းက ငြင်းရန် ဟန်ပြင်လိုက်သော်လည်းပဲ ပြင်ဆင်ပြီး ဖြစ်နေသည်ကို သိလိုက်ရတော့ သူ့တွင် ငြင်းဖို့ အားအင်ကင်းမဲ့သွားရသည်။
စုန့်မင်ဟွေ့သည် ပဲနို့ကို ဗူးနှင့် သေချာထည့်ပေးပြီး ကြော်ထားသည့် အီကြာကွေး အနည်းငယ်ကို စက္ကူစနှင့် ထုပ်ပိုးကာ လင်းရီအား ကားသို့ ရောက်သည်အထိ လိုက်ပို့ပေးသည်။
ထွက်ခွာသွားသည့် လင်းရီ၏ ကားနောက်ကျောကို ငေးမောရင်း ကျီချင်းရန် တစ်စုံတစ်ရာကို ပြောလိုက်ချင်သည်။ သို့သော် သူမ ချုပ်တည်းထားလိုက်၏။
နဂို လင်းရီမှာ အလုပ်ကို မဖြစ်မနေ လိုအပ်သည့် အချိန်မှသာ လုပ်လေ့ ရှိပြီး ယခုလင်းရီကတော့ မနက်စောစောစီးစီး အလုပ်သွား၍ ကြိုးစားနေသည်။ ဘာကြောင့်လဲဆိုတာကို သူမ နားမလည်နိုင်တော့ချေ။
ရဲစခန်းသို့ မောင်းနှင်လာရင်း ကားထဲမှာပင် မနက်စာကို အပြတ်ဖြတ်လိုက်သည်။ ထို့နောက် လီရှန်းဟွေ့၏ ရုံးခန်းသို့ ရောက်လာသည်။
ရုံးခန်းထဲတွင်တော့ လီရှန်းဟွေ့က လွဲပြီး အခြား မည်သူမျှ ရှိမနေသည်ကို လင်းရီ သတိထားမိလိုက်၏။ ကြည့်ရသည်မှာ သူတစ်ယောက်တည်း လှမ်းခေါ်ခံခဲ့ရဟန်ပင်။
လီရှန်းဟွေ့မှာ ဆိုဖာပေါ်တွင် မှေးနေရင်း ပန်ဒါမျက်ကွင်းတို့က ကောင်းမွန်စွာ အိပ်စက်ရခြင်း မရှိသေးသည်ကို ညွှန်ပြနေလျက် ရှိသည်။
“ အစ်ကိုလီ …”
လင်းရီ ရောက်လာသည်ကို မြင်တော့ လီရှန်းဟွေ့ ထထိုင်လိုက်ပြီး သူ့ မျက်မှောင်နှစ်ခုကြားသို့ ပွတ်သပ်လိုက်သည်။ “ ဘယ်တုန်းကတည်းက ဒီရောက်နေတာ …”
“ အခုလေးတင် ရောက်တာပဲ …” လင်းရီ ပြန်ဖြေလိုက်၏။
“ ဘာကိစ္စရှိလို့ ကျုပ်ကို မနက်အစောကြီး လှမ်းခေါ်လိုက်တာ …”
“ ပိုင်ရုံရှို ကိစ္စပဲ …” လီရှန်းဟွေ့ ပြောဆိုလိုက်ပြီး “ ငါတို့ သူ့ကို တစ်နေ့နဲ့ တစ်ည စစ်မေးနေတာ ဘာအသုံးဝင်တာမှ မရဘူး … မင်းမှာ နည်းလမ်းတချို့ ရှိလောက်မယ်ထင်လို့ ခေါ်လိုက်တာပဲ …”
“ အစ်ကိုလီက ဘာကို သိချင်တာ …” လင်းရီ မေးမြန်းလိုက်ပြီး “ ကျုပ်မှတ်မိသလောက်ဆို သူတို့ပြစ်မှုမှတ်တမ်းတွေထဲမှာ ပြင်းထန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ မှတ်တမ်းတွေ ရှိတယ်… ဒီတော့ ပြစ်ဒဏ် စီရင်ဖို့က ပြဿနာ မရှိဘူးမလား …”
“ အဲ့ဒီ အတွက်က ငါတို့မှာ သက်သေရှိပြီးသား … ဒါပေမယ့် သူတို့ရဲ့ အဓိက ရာဇဝတ်မှုက မူးယစ်ဆေး ရောင်းတာပဲ … ငါတို့ သူ့ဆီကနေ တဆင့်လိုက်ပြီး အထက်မှာ ရှိတဲ့ ဂိုဏ်းတွေကို ဖြိုချချင်တယ်…”
“ သဘောပေါက်ပြီ …”
လင်းရီ သမ်းဝေလိုက်ပြီး “ ဒီအတွက် ကျုပ်ကိုအစောကြီး နိုးလိုက်တယ်ပေါ့ … ဟုတ်ပြီလေ… ခင်များ ခဏသွားအိပ်နေလိုက် … ကျုပ် တစ်ချက် သွားကြည့်လိုက်ဦးမယ်…”
“ ကောင်းပြီ… မင်းနဲ့ လွှဲထားတော့မယ်…” လီရှန်းဟွေ့လည်း သမ်းဝေရင်း ဆိုဖာပေါ်သို့ လဲလျောင်းကာ ဆက်အိပ်လိုက်သည်။
ရုံးခန်းထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် စစ်ကြောရေး အခန်းထဲသို့ ဦးတည်လိုက်သည်။ မကြာမီ ပိုင်ရုံရှိုနှင့် ဝမ်ရှုကွမ်းတို့နှစ်ဦး အထဲသို့ ခေါ်ဆောင်လာခြင်း ခံရ၏။
လင်းရီက စားပွဲထိပ်တွင် ထိုင်နေသည်ကို မြင်တော့ နှစ်ယောက်လုံး အနည်းငယ် ဂနာမငြိမ်ဖြစ်သွားခဲ့ကြသည်။ သို့သော် အလျင်အမြန်ပဲ ပြန်လည် တည်ငြိမ်သွားခဲ့၏။ သူတို့နှစ်ဦး၏ အခြေအနေမှာ ယခုကဲ့သို့ ဖြစ်နေပြီသဖြင့် မည်သည့် ကြောက်စရာမျှ မရှိတော့ချေ။
“ ကျုပ် ဒီကို ဘာကြောင့် ရောက်နေလဲ ခင်များတို့နှစ်ယောက်လုံး သိမယ်လို့ ထင်တယ်.. ဆိုတော့ အချိန်မဖြုန်းနဲ့ … ခင်များတို့ကို ထောက်ပံ့ပေးနေတဲ့လူက ဘယ်သူလဲ ကျုပ်ကိုပြော … ပြစ်ဒဏ်တစ်ချို့ကို လျော့ပေါ့ပေးရင် ပေးလို့ရတယ်…”
“ သခင်လေးလင်း … ဒီအခြေအနေရောက်ပြီးမှတော့ ဒီလို စကားမျိုးတွေ ပြောနေလို့ အသုံးဝင်မယ်ထင်လား …” ပိုင်ရုံရှို နှာမှုတ်လိုက်သည်။ “ ငါတို့ရဲ့ လက်ရှိ အနေအထားနဲ့ ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …”
“ အဲ့လောက်ထိတော့ ဘယ်ရိုးရှင်းမှာ … ဥပဒေတွေက တစ်လျောက်လုံး ပြောင်းလဲနေတယ် .. ပြီးတော့ ပြစ်ဒဏ်တွေပေးတာကလည်း ပိုပြီး ညင်သာလာပြီ … ပြစ်ဒဏ်လျော့ချပေးဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး … မင်းတို့ ဘယ်လို ပူးပေါင်းပေးမလဲဆိုတဲ့ အပေါ် မူတည်တာပေါ့ …”
“ ငါတို့ ဘက်ကတော့ရှင်းတယ်… ဘာပြောစရာမှမရှိဘူး … ရှိလည်း မပြောဘူး … လာပြီး အချိန်ဖြုန်းမနေနဲ့ …” ပိုင်ရုံရှို ပြောလိုက်သည်။ “ ဒါပေမယ့် ငါတို့ကို နောက်ဆုံး တစ်နပ် ထမင်းလိုက်ကျွေးတာကိုတော့ ကျေးဇူးတင်တယ်… လမ်းပေါ်က လူတိုင်း မင်းကို သခင်လေးလင်းဆိုပြီး ခေါ်နေကြတာ မဆန်းတော့ဘူးပဲ … ငါတောင် မင်းကို လေးစားမိတယ်…”
( သခင်လေးလင်းဆိုတာက ဒီနေရာမှာ လေးစားသမှုနဲ့ ခေါ်ဝေါ်တဲ့ နာမည်ပါ။ သခင်ကြီးဆိုတာရောပေါ့။)
“ ခင်များ ကြည့်ရတာ ပါးစပ်ဖွင့်မယ့်ပုံ မပေါ်ဘူးပဲ ဟက် …”
“ ငါ့ဘက်က ဘာပြောစရာမှ မရှိဘူး … ငါ အထဲဝင်ရမယ်ဆိုရင်တောင် ဂုဏ်သိက္ခာရှိရှိပဲ ဝင်ချင်တယ်… လမ်းပေါ်က လူတွေ ငါ့အကြောင်း ပြောတဲ့ အချိန်မှာ ငါ့ကို လေးစားနေရမယ်… သူတို့ လက်မထောင်ပြတာပဲ ငါလိုချင်တယ်….”
လင်းရီ ထိုင်ခုံနောက်ကျောသို့ မှီ၍ စားပွဲပေါ် ခြေထောက်တင်လိုက်သည်။
“ ဝမ်မာဇီ ပြီးတော့ ဝေရိဟွာ … သူတို့နှစ်ယောက်လုံးကို ကျုပ်ပဲ ရှင်းလင်းခဲ့တယ်…. ခင်များထင်နေတာ ကျုပ်မှာ ရှိတဲ့ ပိုက်ဆံကြောင့် သူတို့ ကြောက်ရွံ့နေတယ်လို့ ထင်လား … ဒါမှမဟုတ် ကျုပ် ဒီယူနီဖောင်းကို ဝတ်ထားလို့ပဲ အရာရာတိုင်းကို စာအုပ်ကြီး အတိုင်းလုပ်ပြီး ခင်များတို့ကို ဘာမှလုပ်လို့ မရဘူးထင်နေတာလား …”
ပိုင်ရုံရှိုနှင့် ဝမ်ရှုကွမ်းတို့ ဘာမျှ ပြန်ဖြေမလာခဲ့ချေ။ ထိုအတိုင်းပဲ သူတို့ စဉ်းစားနေခဲ့ကြတာဖြစ်၏။
“ ခင်များတို့နှစ်ယောက်က ဉာဏ်ကောင်းပါတယ်… ကျုပ်တို့ဘက်က ခင်များဆီကနေ သတင်းအချက်အလက် လိုချင်နေတာကို သိတော့ ဈေးကိုင်ချင်တယ်ပေါ့ … ဒီလိုလုပ်တာက တခြားလူတွေ အပေါ်ပဲ အလုပ်ဖြစ်လိမ့်မယ်… ကျုပ် အပေါ်မှာတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး …”
“ ကျုပ် ခင်များတို့ကို အချိန်ငါးမိနစ် ပေးမယ်… ကျုပ် ကျေနပ်လောက်မယ့် အဖြေမျိုး မရဘူးဆိုရင်တော့ ခင်များတို့ကို ခေါ်သွားပြီး ကျုပ်နည်း ကျုပ်ဟန်နဲ့ ရအောင်လုပ်မယ်…”
ပိုင်ရုံရှို မော့ကြည့်လာခဲ့သည်။ “ မင်း ဘာပြောချင်တာလဲ …”
လင်းရီသည် အိတ်ထောင်ထဲက သူ၏ အိုင်ဒီကို ထုတ်၍ နှစ်ဦးလုံးအား ပြသလိုက်သည်။ “ ဒါ ကျုပ်ရဲ့ စစ်တပ်အိုင်ဒီပဲ … တကယ်လို့ ရဲတွေက ခင်များတို့ကို မကိုင်တွယ်နိုင်ဘူးဆိုရင် ကျုပ် စစ်တပ်ထဲ ခေါ်သွားမယ်… အကျိုးဆက်ကိုတော့ ခင်များတို့ ကိုယ့်ဘာကိုယ် စဉ်းစားကြည့်ပေါ့ …”
လင်းရီ၏ အိုင်ဒိကို မြင်တော့ နှစ်ဦးလုံး မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။ လင်းရီတွင် ဤသို့သော ကျောထောက်နောက်ခံ ရှိနေလိမ့်ဦးမည်ဟု သူတို့ ထင်မထားခဲ့ပါချေ။
ချွေးအေးတို့က ပိုင်ရုံရှို၏ မျက်နှာထက်နေ စီးကျလာခဲ့ပြီး နောက်ဆုံးတော့ ဝေရိဟွာ အဘယ်ကြောင့် ဤလူအား ကြောက်ရွံ့နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်းကြီး သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။ ယင်းက သူ၏ လျှို့ဝှက်ထားသော အထောက်အထားကြောင့်ပင်။
“ မှတ်တမ်းတွေ အရဆိုရင် ခင်များရဲ့ မွေးရပ်မြေ ရန်ချိန်မှာ အသက်ကြီးပိုင်း ရောက်နေတဲ့ ခင်များရဲ့အဖေ ရှိနေတယ်မလား … ကျုပ် ကြားမိတာတော့ သူ ကောင်းကောင်း အသက်ရှင်နေတယ်ဆိုပဲ…”
လင်းရီ ပြောလိုက်သည်။ “ တိုက်ဆိုင်ချင်တော့ ကျုပ်ရဲ့ မွေးရပ်မြေကလည်း ရန်ချိန်ပဲ … အဲ့က ဘော့စ်က ဝူထျန်းဖူ … ခင်များ သူ့နာမည် ကြားဖူးမှာ သေချာပါတယ်… တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် ခင်များ သူ့ဆီ ဖုန်းဆက်ပြီး ကျုပ် ဘယ်လိုလူစားမျိုးလဲ လှမ်းမေးကြည့်လိုက် …”
“ မင်း … မင်း ဝူထျန်းဖူကိုတောင် သိနေတယ် …” ပိုင်ရုံရှို ရှော့ခ်ရသွားခဲ့သည်။
“ အဲ့အဘိုးကြီးက ကျုပ်နဲ့ စကားပြောရင်တောင် ခေါင်းငုံ့ပြီးပြောရတယ် … ခင်များ ဘယ်လိုထင်လဲ …”
လင်းရီ သူ၏ ကိုယ်နေဟန်ထားကို ချိန်ညှိလိုက်ပြီး ပိုင်ရုံရှိုအား ကြည့်လိုက်သည်။
“ ခင်များရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသား … ဒါပေမယ့် ခင်များ သဘောပေါက်ဖို့ လိုတဲ့ တချို့ အရာလေးတွေ ရှိတယ်… လျှို့ဝှက်ချက် တချို့ကို ဆုပ်ကိုင်ထားပြီး ငရဲမှာ နေထိုင်ဖို့က မတန်ပါဘူး … ပြီးတော့ ခင်များတို့နှစ်ယောက်လုံးမှာ သွေးနီးတဲ့ ဆွေမျိုးတွေ ရှိကြတယ်… ကျုပ်က လူကောင်းမဟုတ်ဘူး … ဒီတော့ ရဲကောင်းလည်း မဟုတ်ဘူး … ကျုပ်ကို တိုက်ခိုက် ဆန့်ကျင်နေမယ့်အစား ကိုယ့်တစ်ကိုယ် ကောင်းစားဖို့ အပြောင်းအလဲလေး တစ်ခုလောက် ဘာလို့ မလုပ်နိုင်ရမှာလဲ ဟုတ်တယ်မလား …”