ရှုပ်ထွေးတဲ့ ကိစ္စ
Vol. 137 Ch. 2054
ပိုင်ရုံရှို ငြိမ်ကျသွားခဲ့သည်။ ယခုတွင်တော့ တကယ့်တကယ် ရက်စက်ကြမ်းကြုတ်သည့် လူစားမျိုးတို့က မည်သို့လဲ ဆိုတာကို သူ နားလည်သွားပြီ ဖြစ်၏။
ဝေရိဟွာက သူ့ကို နောက်ဆုတ်ဖို့ရာ အတွက် သတိပေးခဲ့သည်မှာ သူ့အကျိုးအတွက်ပင်။ အဘယ်ကြောင့်ဆိုသော် … သူ့အရှေ့ရှိလူက မည်သည့် ကျင့်ဝတ်စည်းကမ်းကိုမျှ စောင့်ထိန်းတတ်သည့် လူတစ်ယောက် မဟုတ်သောကြောင့်ပင်။
ဤလူက သူ ကြုံတွေ့ခဲ့ဖူးသည့် ဝယ်သူ တချို့ထက်ပင် ကြမ်းတမ်းနေသေး၏။
“ ငါ ပြောပြလို့ရတယ်… ဒါပေမယ့် ငါ တစ်ခုလောက် တောင်းဆိုချင်တယ်…”
ပိုင်ရုံရှို သေချာ စဉ်းစားပြီး ဖြစ်၏။ အကယ်၍ သူသာ စစ်တပ်လက်ထဲ အပ်ခံလိုက်ရမည်ဆိုပါက သူ၏ ကံကြမ္မာသည် ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားပေလိမ့်မည်။ သူမည်သို့သော ညှင်းပန်းမှုများနှင့် ကြုံတွေ့ရမည်လဲဆိုတာကို မည်သူကမျှ မခန့်မှန်းနိုင်ချေ။
သို့သော် သေချာသည့် အရာတစ်ခုကတော့ ထိုအရာများအား သူ တောင့်ခံနိုင်မှာ မဟုတ်ဟူ၍ပင်။ ထို့ပြင် သူ့တွင် မိသားစုလည်း ရှိသေး၏။ ၎င်းတို့အား စွန့်ပစ်ဖို့ မဖြစ်နိုင်ချေ။
သူ့ရှေ့ရှိ လူက ဘာမဆို လုပ်ကိုင်ဝံ့သည့် အရူးတစ်ယောက်ပင်။
“ ပြော .. ကျုပ် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်…” လင်းရီ အေးစက်စွာ ဆိုလိုက်၏။
“ ငါ့ဘာငါ သေဒဏ်ပေးခံရတာပဲ ဖြစ်ဖြစ် ၊ တစ်ကျွန်းကျတာပဲ ဖြစ်ဖြစ် ၊ မင်း ငါ့မိသားစုကို ကာကွယ်ပေးပါ …”
“ ပြဿနာ မရှိဘူး … ကျုပ် တခြားတော့ ကတိမပေးနိုင်ပေမယ့် ဒီလို အသေးမွှားလေးလောက်ကတော့ အာမခံနိုင်တယ်….”
“ ကောင်းပြီ… အခု မင်းသိချင်တာ မေးတော့ …”
“ ခင်များကို နောက်ကွယ်ကနေ ထောက်ပံ့ပေးနေတဲ့သူနဲ့ ထောက်ပံ့ရေး ကွင်းဆက်အကြောင်း ပြောပြ …”
“ ငါ့ကို ထောက်ပံ့ပေးနေတဲ့လူက ယွဲ့နန်သား ၊ နာမည်က ရွှမ်တုံကျားလို့ ခေါ်တယ်… သူ့မှာ နိုင်ငံထဲ လုပ်ငန်းတွေ တာဝန်ယူထားတဲ့အထွေထွေ အေးဂျင့်တစ်ယောက် ရှိတယ်… နာမည်က ဝေကျန်းလုံ … ငါတို့အသိုင်းအဝိုင်းမှာတော့ ဒါရိုက်တာဝေဆိုပြီးလည်း လူသိများတယ်… သူ အခြေစိုက်တာက ရန်ကျင်းမှာ … သူတို့ အင်အား ဘယ်လောက်ရှိလဲ သိချင်ရင် မင်းသူ့ဆီသွားပြီး ခြေရာခံလို့ရတယ်…”
“ ခင်များနဲ့ အမြဲတမ်း တွေ့တာက သူ့လက်အောက်ငယ်သားတွေလား …”
“ ဟုတ်တယ်… သူ့ လက်အောက်ငယ်သားတွေပဲ …” ပိုင်ရုံရှို ဖြေဆိုလိုက်သည်။ “ ဒါပေမယ့် အခု ငါက ဖမ်းခံလိုက်ရပြီဆိုတော့ ကြားထဲ အဆက်အသွယ်တွေလည်း ဖြတ်တောက်ခံလိုက်ရပြီ … ငါကနေတဆင့် သူ့ဆီရောက်နိုင်မှာ မဟုတ်တော့ဘူး … သူ့ကို ကိုင်တွယ်ချင်တယ်ဆိုရင်တော့ တခြား နည်းလမ်း ရှာမှပဲ ရမှာ …”
လင်းရီ ခေါင်းညိတ်ပြီး ပိုင်ရုံရှို၏ ထွက်ဆိုချက်ကို ထောက်ခံလိုက်သည်။
စစ်ဆေးမေးမြန်းသည့် လုပ်ငန်းစဉ်က တစ်နာရီကျော်ကြာပြီး သက်ဆိုင်ရာ သတင်းအချက်အလက်များ အားလုံးကို လင်းရီ ရေးမှတ်ထားခဲ့သည်။ ထို့နောက် စစ်ကြောရေး အခန်းထဲက ထွက်လာခဲ့ပြီး မှတ်ထားသည်များ အားလုံးကို လီရှန်းဟွေ့လက်ထဲ ထည့်ပေးလိုက်သည်။
“ အစ်ကိုလီ .. ဒီမှာ ပြီးပြီ …"
လင်းရီ ကမ်းပေးလာသည့် စာရွက်ကို မြင်တော့ လီရှန်းဟွေ့၏ မျက်နှာအရောင်မှာ ဝင်းပလာခဲ့၏။
“ မင်းမှာ တကယ်ပဲ လူတွေနဲ့ အထိုက်အလျောက် ဆက်ဆံနိုင်တဲ့ အရည်အချင်း ရှိနေတာပဲ … အခု ဒီကိစ္စကို ငါတို့ အထက်လူကြီးဆီ တင်ပြလို့ရပြီ …”
ယခု စစ်ဆင်ရေးတွင် ပိုင်ရုံရှိုကို ဖမ်းဆီးသည်က ထောင်ချဖို့ အတွက်မဟုတ်ဘဲ သူတို့၏ အဓိက ရည်မှန်းချက်မှာ ဤနယ်ပယ်ကွန်ရက်အတွင်းရှိ အခြား အကောင်ကြီးကြီးများနှင့် ဆက်စပ် သတင်းများကို ရယူနိုင်ရန် အတွက်ပင်။ အဆိုပါ အကြောင်းပြချက်ကြောင့်ပဲ လီရှန်းဟွေ့သည် ပိုင်ရုံကို စစ်ဆေးမေးမြန်းရန်အတွက် စိတ်အားထက်သန်နေခြင်းပင်။ မဟုတ်ပါက သူ့ အထက်လူကြီးက ဖြေရှင်းချက် တောင်းလာသည့် အချိန်၌ သူ့ဘက်က အခက်တွေ့နေရပေမည်။
“ ပိုင်ရုံရှိုလို လူစားမျိုးကို ကလေးချော့သလို သွားချော့နေလို့ မရဘူး … ခပ်ကြမ်းကြမ်းလုပ်မှ ရတာ … မဟုတ်ရင် နားထဲ ဝင်မှာ မဟုတ်ဘူး …”
“ ငါတို့အားလုံးက မင်းလောက် သတ္တိမကောင်းလို့ပေါ့ … မဟုတ်ရင် ခေါ်တောင် ခေါ်မနေဘူး …”
လီရှန်းဟွေ့သည် လင်းရီ ပေးလာသည့် အချက်အလက်များအား ကြည့်ပြီးနောက် “ အခု အဓိက ပြဿနာက ဝေကျန်းလုံ ဖြစ်သွားပြီ … မင်းကိုယ်မင်း ပြင်ဆင်ထား … သိပ်မကြာခင် ရန်ကျင်းဆီ ခရီးထွက်ရကိန်းရှိတယ်….”
“ ကျုပ်က ဒီတိုင်း ခွေးသွားစိပ်လေး တစ်ခုပါပဲလေ… ကျုပ်ကို လိုတဲ့အချိန်တိုင်း အမြဲရှိနေမှာပဲ … ခင်များတို့ ကြိုက်သလိုသာလုပ် …”
“ ငါ သဘောကျတာ အဲ့လို စိတ်ဓာတ်မျိုးပဲ …” လီရှန်းဟွေ့ တဟားဟား ရယ်ရင်း ပြောလိုက်သည်။ “ ကောင်းပြီ … အခု ဒီမှာ မင်းဖို့ အလုပ် မရှိတော့ဘူး … အားတဲ့ အချိန်ကို မင်းဘာမင်း ကြိုက်တာလုပ်နေ … ခေါ်မထားတော့ဘူး …”
“ အစ်ကိုလီ … ခင်များက အကောင်းဆုံးပဲ … ဒီလို နားလည်ပေးတတ်တဲ့ ခေါင်းဆောင် ရှိတာ ကျုပ် သိပ် ဝမ်းသာတာပဲ …”
ရယ်မောရင်းဖြင့် လင်းရီသည် လီရှန်းဟွေ့၏ ရုံးခန်းထဲက ထွက်လာခဲ့ကာ ကျန်းဖန့်ထံသို့ ဦးတည်လိုက်သည်။
အမွေဆက်ခံသည့် အငြင်းပွာ ပြဿနာက ယခုလောက်ဆို တိုးတက်မှု တချို့ ရှိသင့်နေပြီ။ ၎င်းဘက်ခြမ်းကိုလည်း သူ့ဘက်က ကိုင်တွယ်ဖို့ လိုအပ်၏။
“ ညီကိုရီ … မင်း ရောက်လာတာ အတော်ပဲ … မဟုတ်တောင် ငါ မင်းဆီ လာခဲ့တော့မလို့ …”
လင်းရီ ဝင်လာသည်နှင့် ကျန်းဖန့် ပြောလာခဲ့၏။
“ အခြေအနေ ….”
“ အသုံးဝင်တဲ့ သတင်းတွေတော့ မရှိသေးဘူး..” ကျန်းဖန့် ပြန်ဖြေလိုက်သည်။ “ ဒီတိုင်း သာမန် ဆေးရုံဆိုတော့ လူနာကလည်း သိပ်မရှိဘူး … အဲ့နေ့ ICU လူနာက ရှစ်ယောက်တည်းရယ် .. လူနာ ငါးယောက်ကို ဆရာဝန် တစ်ယောက်နဲ့ နာ့စ်နှစ်ယောက် ….”
ကျန်းဖန့် ဆေးဝန်ထမ်းသုံးယောက်၏ မှတ်တမ်းများအား ကြည့်ပြီး ပြောလိုက်သည်။
“ သူတို့ သုံးယောက်လုံးမှာ ဘာ ပြစ်မှု မှတ်တမ်းမှလည်း မရှိထားဘူး … ဆေးရုံမှာလည်း ကောင်းကောင်းလုပ်နေတယ်… တကယ်လို့ ကျန်းလီရှားရဲ့ အမျိုးသားကသာ မှားယွင်းတဲ့ တစ်ခုခုကြောင့် သေသွားခဲ့တယ် ဆိုရင်တောင် သူတို့ ပါဝင် ပတ်သက်နေတာတော့ မဖြစ်နိုင်လောက်ဘူး …”
“ ငါ့ တစ်ချက် ပြကြည့်စမ်းပါ …”
“ ဒီမှာ ရော့ …”
ကျန်းဖန့် မှတ်တမ်းများအား လင်းရီထံ ကမ်းပေးလိုက်ပြီး လင်းရီလည်း ခေတ္တ ဖတ်ရှုကြည့်လိုက်ကာ မည်သည့် မူမမှန်မှုကိုမျှ မမြင်တွေ့ရချေ။
“ အစ်ကိုရီ … သွေးစစ်တဲ့ ရလဒ်ကလည်း အခုထိ မသိရသေးဘူး ဆိုတော့ လူသတ်မှုပါလို့ တပ်အပ်ကြီး ပြောမရသေးဘူး … ပြီးတော့ ကျွန်မတို့မှာ အခုထိ သံသယ တရားခံဆိုလို့ တစ်ယောက်လေးတောင် မရှိသေးဘူး … ကျွန်မတို့တော့ မှားယွင်းတဲ့ ဦးတည်ရာဘက်ခြမ်းကို သွားမိနေပြီလို့ ခံစားနေရတယ်… ဒီတိုင်း ခွဲစိတ်ပြီးတဲ့နောက် ဘေးထွက်ဆိုးကျိုးက လူနာရဲ့ အသက်ကို ယူဆောင်သွားလားမှ မသိဘဲ …” ကျန်းဇီရှင်း ပြောဆိုလိုက်သည်။
“ အမှန်အတိုင်း ပြောရရင် ငါလည်း စုန့်ကန်းတို့ကို မျှော်နေတာ … သူတို့ဆီက ရလဒ်ကို စောင့်ကြတာပေါ့ ….”
“ နားလည်ပြီ …”
မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် ဝါရင့် အရာရှိကြီး ကျန်းတဲ့မင်က ရုံးခန်းထဲ ရောက်လာခဲ့သည်။
“ အိုး … လူတွေ စုံလို့ပါလား …” ကျန်းတဲ့မင် အပြုံးလေးဖြင့် ဆိုလိုက်ပြီး လက်ထဲတွင် A4 စာရွက်တစ်ရွက်ကို ကိုင်ထားသည်။ “ ဒါ အခုလေးတင် ရောက်လာတာပဲ … ရီလေး … ဒါမင်းဆီလာတာ …”
လင်းရီ စာရွက်ကို အတွေးများမနေဘဲ ချက်ချင်း လက်ခံလိုက်သည်။ သို့သော် ဖတ်ရှုပြီးသည့်နောက်တွင်တော့ သူ၏ မျက်နှာအမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။
“ ဘာမှားနေလို့လဲ အစ်ကိုရီ …” ကျန်းဇီရှင်း သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလာခဲ့၏။
“ အတည်ပြုလိုက်ပြီ … ဒါ လူသတ်မှုပဲ ….”
ကျန်းဇီရှင်းနှင့် ကျန်းဖန့်တို့ နှစ်ဦးလုံး တောင့်တင်းသွားခဲ့ကြ၏။ ယခု သံသယရှိနေရန် မလိုတော့ချေ။ သေဆုံးမှု၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူ တစ်ဦး ရှိနေသည်။
“ အစ်ကိုရီ … ဒါဆို ကျွန်မတို့ အမှုဖွင့်လို့ ရပြီပေါ့နော်…” ကျန်းဇီရှင်း ပြောလိုက်သည်။
“ အမှုဖွင့်တာက ပြဿနာ မဟုတ်ဘူး … အခုက လူသတ်သမား ဘယ်သူဆိုတာ ရှာရမှာ …” ကျန်းဖန့် သုံးသပ်ပြလိုက်၏။ “ ကျန်းလီရှားရဲ့ အမျိုးသားကို သတ်လောက်မယ့် ရည်ရွယ်ချက် ရှိတဲ့လူတွေက ကျန်းကော်ဖျင်နဲ့ သူ့ဇနီးပဲ … ဒါပေမယ့် ICU လိုနေရာမျိုးမှာ သူတို့ ဒီလို လုပ်နိုင်တဲ့ အခွင့်အရေး မရှိဘူး … တာဝန်ကျတဲ့ ဒေါက်တာနဲ့ နာ့စ်နှစ်ယောက်လည်း အပြစ်ကင်းနေတယ်… သေစမ်း … ငါတို့တော့ ပိတ်မိနေပြီ …”
ကျန်းဖန့်၏ သုံးသပ်သွားမှုတို့က သူတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုကို မီးမောင်းထိုးပြသွားခဲ့သည်။ အမှုက သပွတ်အူလိုက်နေသကဲ့သို့ ဖြစ်ပြီး မည်သည့် ရှင်းလင်းသည့် လမ်းကြောင်းကိုမျှ မမြင်တွေ့ရချေ။
“ ကျန်းလီရှားကို ဒီအကြောင်း ပြောပြပြီး သူ့အနားဝန်းကျင်မှာ သံယသ ဖြစ်ဖို့ကောင်းတဲ့ တစ်စုံတစ်ယောက် ရှိမရှိ စုံစမ်းကြည့်တာပေါ့ …” လင်းရီ ပြောလိုက်သည်။ “ ကျန်းကော်ဖျင်နဲ့ သူ့ ဇနီးကိုလည် ချိတ်ထဲက လွှတ်မသွားစေနဲ့ … သူတို့က လောလောဆယ် သံသယ တရားခံတွေပဲ …”
“ နားလည်ပါပြီ..”
လင်းရီ အတန်ငယ်ကြာအောင် တွေးတောပြီးနောက် “ ကျန်းဖန့် … မင်းက ကျန်းကော်ဖျင်နဲ့ သူ့မိန်းမကို စုံစမ်းတဲ့ နေရာမှာ အာရုံစိုက် … ဇီရှင်း … မင်းက ICU ဒေါက်တာနဲ့ နာ့စ်ကို အာရုံစိုက် … သူတို့ဆီကနေ အသုံးဝင်တဲ့ အချက်အလက်တချို့ ရမရ ကြည့်ကြည့်ပေါ့ …”
“ နားလည်ပြီ အစ်ကိုရီ …”
တာဝန်ခွဲဝေပေးပြိးနောက် လင်းရီ တစ်ယောက်တည်း ဆိုဖာပေါ်တွင် ထိုင်ကာ အမှုအား အသေးစိတ်ကို သုံးသပ်နေလျက် ရှိသည်။
အမွေဆက်ခံသည့် အငြင်းပွားပြဿနာတွင် ကျန်းလီရှား ခင်ပွန်းက အရေးမပါသည့် လူတစ်ယောက်မျှသာ ဖြစ်သည်။ ကျန်းကော်ဖျင်က ပိုက်ဆံအတွက် စွန့်စားဝံ့လျှင် ကျန်းလီရှားကိုပဲ ပစ်မှတ်ထားသင့်သည်။ သူမ၏ ခင်ပွန်းကို သတ်သည်က ပိုက်ဆံရရှိဖို့အတွက် မည်သို့ အကူအညီ ဖြစ်လိမ့်မည်နည်း။
ဆိုတော့ … ပြဿနာက ဘယ်နေရာမှာ ရှိနေတာလဲ …
လူသတ်သမားကရော ဘယ်သူလဲ …
ပြီးတော့ ဒီလို လုပ်ရတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ ….