အဆက်အသွယ် ပြတ်တောက်သွားခြင်း
Vol. 137 Ch. 2055
လင်းရီ နားထင်ကို နှိပ်နယ်လျက် စိတ်အတွင်း၌ စနစ်အား တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။
ယီးမို့လို့ ဒီလောက် ရှုပ်တဲ့အမှုကို ဖြေရှင်းဖို့ ပေးလာရသလား …
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာသည်။ ရန်စီက ဆက်သွယ်လာခဲ့ခြင်းဖြစ်၏။
“ အလုပ်များနေလား …” ရန်စီ၏ ညင်သာသည့် အသံက ဖုန်းအတွင်းမှ ထွက်ပေါ်လာသည်။
“ သိပ်မများပါဘူး … ဘာကိစ္စလဲ …”
“ ငါ အရင် တစ်ခါ ပြောခဲ့ဖူးတဲ့ ကိစ္စလေ… ငါ့အန်တီက မနက်ဖြန်ပြောတော့မှာ … ဒါကြောင့်မို့ ဒီည ငါးနာရီမှာ နှစ်ဖက် မိသားစုဝင်တွေ ဝမ်ကျန်းဟိုတယ်မှာ ဆုံကြမှာ …”
“ အင်း … သိပြီ …”
“ အင်းပါ … အဲ့တာ တစ်ချက် ပြောပြတာ … နင့် ဒဏ်ရာကို ဂရုစိုက်ဖို့လည်း မမေ့နဲ့ဦးနော်…”
“ မပူနဲ့ … သက်တောင် သက်သာတော့မယ်…”
“ အိုကေ …”
စကားအနည်းငယ် ပြောပြီးနောက် လင်းရီ ဖုန်းချကာ လီရှန်းဟွေ့၏ ရုံးခန်းထဲသို့ ပြန်ရောက်လသည်။
အမွေဆက်ခံသည့် အငြင်းပွား ပြဿနာ အပြင် ဝေကျန်းလုံ ကိစ္စကလည်း ဖြေရှင်းရန် ကျန်နေသေးပြန်သည်။ သူ့တွင် လုပ်စရာ အလုပ်တို့က တပုံတပင်ကြီး ဖြစ်၏။
ဆိုဖာပေါ်သို့ ထိုင်ချလိုက်ပြီးနောက် လင်းရီ ချိုးယွီလော့၏ နံပါတ်ကို နှိပ်လိုက်သည်။
“ မင်း အားလား …”
“ မအားဘူး … အလုပ်ရှုပ်နေတာမှ သေမတတ်ပဲ …” ချိုးယွီလော့ သက်ပြင်းချပြလာခဲ့သည်။ “ ငါ့ကို ပေးထားတဲ့ မှတ်တမ်း အစီရင်ခံစာတွေကို ကြည့်ရုံနဲ့တင် ခေါင်းက ဆစ်ခနဲ ကိုက်လာပြီ …”
“ ငါ ထင်တာ မင်း တပ်ဖွဲ့အတွက် မစ်ရှင် တချို့ လုပ်နေတယ်လားပေါ့ …”
“ ခုနောက်ပိုင်း ဘာမစ်ရှင်မှ သိပ်မရှိဘူး … ဒါပေမယ့် ငါလည်း နင့်ကို ဖုန်းဆက်လိုက်တော့မလို့ပဲ သိလား …”
“ ဘာလို့ …”
“ ငါလည်း သေချာမသိဘူး …” ချိုးယွီလော့ ပြောလိုက်ပြီး “ အစာပိုင်းတုန်းက ခေါင်းဆောင်လျို ငါ့ကို ခေါ်ပြီး နင် ရန်ကျင်းကို ဘယ်အချိန် လာနိုင်မလဲ မေးခိုင်းနေတာ …”
“ ရန်ကျင်းကိုလား … တစ်ခုခု ဖြစ်လို့လား …”
“ အသေးစိတ်တော့ ငါလည်း သေချာ မသိဘူး … ပြီးတော့ သူ့ကြည့်ရတာလည်း တော်တော် အလုပ်ရှုပ်နေတဲ့ပုံပဲ … ဒီတော့ ငါလည်း သိပ်မမေးရဲဘူး … နင် ရန်ကျင်းကို ဘယ်အချိန် လာနိုင်မလဲပဲ မေးခိုင်းလိုက်တာ …”
“ ငါ နင်ချဲ့ဆီက ကြားတာ အသင်း ၄ က လူရွေးပွဲလုပ်တော့မယ်ဆို … အဲ့တာနဲ့များ ပက်သတ်နေလောက်လား …”
“ မဖြစ်နိုင်လောက်ဘူးနော်… အသင်း ၄ ကလည်း အရင်နဲ့ မတူတော့ဘူးဆိုတော့ လူရွေးပွဲမှာ နင့်ကို မလိုအပ်လောက်ဘူး … တခြား ကိစ္စ နေမှာ…” ချိုးယွီလော့ သုံးသပ်ပြလာခဲ့သည်။ “ စကားမဆက် နင် ငါ့ကို ခေါ်လိုက်တာ ဘာကိစ္စလဲ …”
“ ထွေထူး မဟုတ်ပါဘူး … ရန်ကျင်းမှာ ဝေကျန်းလုံဆိုတဲ့ လူနာမည် ကြားဖူးလား မေးမလို့ပါ …”
“ ဝေကျန်းလုံလား …”
ချိုးယွီလော့ ရေရွတ်၍ “ တစ်ခါမှ မကြားဖူးဘူး … ကြည့်ရတာတော့ ငါတို့ အသိုင်းအဝိုင်းက မဟုတ်ဘူးထင်တယ်… သူ နင့်ကို ပြဿနာ ရှာလို့လား …”
“ မင်း အတွေးလွန်နေပြီ …” လင်းရီပြောလိုက်ပြီး “ အဲ့လူက တရားမဝင် မူးယစ်ဆေးရောင်းဝယ်တဲ့ အမှုပါ ပတ်သက်နေတာ … ပြီးတော့ ငါ ကြားထားတာ သူ စစ်ဆင်ရေး အကြီးကြီး တစ်ခုလည်း ရထားသေးတယ်ဆိုပဲ … ရဲတွေက သူ့နောက်ကို ခြေရာခံနေတာလေ… ဒါပေမယ့် တစ်ခုခု မှားယွင်းသွားမှာ ကြောက်လို့ မင်း အချိန်ရတယ်ဆိုရင် အဲ့လူ အကြောင်း ကူပြီး စုံစမ်းပေးစမ်းပါ …”
ချိုးယွီလော့က ထောက်လှမ်းရေး ကျွမ်းကျင်သူ ဖြစ်သဖြင့် ဤတာဝန်က သူမအတွက်တော့ ကိတ်မုန့်လှီးစားရသလိုပင်။
“ နင် ရန်ကျင်းလာပြီး သူ့ကိုဖမ်းမလို့လား …”
“ ဆိုပါတော့ … ပြီးတော့ ငါတို့ ဒေသခံရဲနဲ့ ပူးပေါင်းပြီးမှ လုပ်ရလောက်တယ်… ဒါပေမယ့် အသေးစိတ်တော့ သေချာ မသိသေးဘူး … တကယ်လို့ မင်း အချိန်ရတယ်ဆိုရင် အဲ့တာ လုပ်ထားပေးဦးလို့ …”
“ အိုကေ … ငါ့ကို အားကိုးထားလိုက် …” ချိုးယွီလော့ ပြောလိုက်သည်။ “ နင် ဒီအခွင့်အရေးကို အသုံးချပြီး စခန်းကို အလည်လာပါဦး … သူ နင့်ကို မေးနေတာ အကြောင်း တစ်ခုခုတော့ ရှိလို့နေမှာ … ခေါင်းဆောင်လျို ပြောတာတော့ နောက်လာမယ့် လူရွေးပွဲမှာ နင့်အသင်းကိုလည်း အင်အားဖြည့်ဦးမယ်ဆိုပဲ … တကယ်လို့ အဆင်ပြေမယ့် လူတချို့ ရှိတယ်ဆို နင့်အသင်းက အရင် ဦးထားလိုက်ပေါ့ …”
“ အင်း …” လင်းရီ ခေါင်းညိတ်လိုက်သည်။
“ နိုင်ငံခြားက အခြေအနေရော ဘယ်လိုရှီလဲ … ငါ ဂျပန်ကနေ ပြန်လာပြီးကတည်းက အဲ့ဒီ ဆန်းကြယ်တဲ့ အဖွဲ့အစည်းကြီးလည်း ငြိမ်နေသလိုပဲ … ပုံမှန်တော့ မဟုတ်ဘူး …”
“ ငါ အဲ့ကိစ္စ နင်ချဲ့ကို ပြောပြပြီးပြီ … ငါတော့ သူတို့ လက်လျှော့လိုက်ပြီလို့ ထင်တာပဲ …” ချိုးယွီလော့ ပြောဆိုလိုက်ပြီး “ စီ အဆင့် သွေးရည်ကြည်ရဲ့ ဒေတာတွေ အကုန်လုံးက ရန်ကျင်းမှာ .. သာမန်လူဆို ဒီကို လာရဲမှာ မဟုတ်ဘူး … ပြီးတော့ ဆေးကလည်း နင့်ကိုယ်ထဲ ရောက်သွားပြီလေ … လူတွေ လွှတ်လာလည်း အချည်းနှီး ဖြစ်သွားတာ ရှိမှာပဲ …”
“ မင်း ပြောတာ မှန်လောက်တယ်…” လင်းရီ ပြောလိုက်ပြီး “ လောလောဆယ် ငါ့မှာတခြား မရှိသေးဘူး … အဆက်အသွယ်တော့ မပြတ်စေနဲ့ …”
“ အိုကေ …”
ဖုန်းချပြီးနောက် လင်းရီသည် လက်နှစ်ဖက်ကို ခေါင်းအုံးလုပ်လျက် သူ့အား အမဲလိုက်ခဲ့ဖူးသည့် ဆန်းကြယ်သည့် အဖွဲ့အစည်းကြီး အကြောင်း တွေးတောမိသွားခဲ့သည်။
ကျုံးဝေ့တပ်ဖွဲ့၏ သုတေသန စင်တာတွင် နမူနာတချို့ ရှိနေဆဲဖြစ်ပြီး အရေးပါသည့် သုတေသနများကို ပြုလုပ်နေဆဲပင်။ ထိုအရာများက မယုံကြည်နိုင်လောက်အောင် အဖိုးတန်ပြီး အခြေစိုက်စခန်းက ရန်ကျင်းတွင် တည်ရှိပေမယ့် မိမိတို့ဘက်က သတိလက်လွတ် နေ၍တော့ မဖြစ်ပေ။ တစ်ဖက်သူ နောက်သို့ တစ်လှမ်းဆုတ်သွားသည်က ရှေ့တိုးဖို့ အရှိန်ယူနေသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
တစ်ဖက်က လုံးလုံးလျားလျား လက်လျှော့သွားခြင်း ရှိမရှိကို အတည်ပြုဖို့ အချိန်ယူရဦးမည် ဖြစ်၏။
ကလင် ကလင် ကလင် …
လင်းရီ ဖုန်းသံက ထပ်ပြီး မြည်ဟည်းလာပြန်သည်။ အတွေးနွံထဲက ရုန်းထွက်ရင်း လင်းရီ တစ်ချက် ကြည့်လိုက်ရာ ဤတစ်ကြိမ်တွင်တော့ ကျန်းဇီရှင်း ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
“ အစ်ကိုရီရေ … ပြဿနာ တစ်ခုတော့ ရှိနေပြီ…. စွေ့ရှင်းလို့ ခေါ်တဲ့ နာ့စ်တစ်ယောက်ကို ကျွန်မ ဖုန်းနဲ့ ဆက်သွယ်ကြည့်တာ ဖုန်းက ဝင်ပေမယ့် ဘယ်သူမှ မကိုင်ဘူး …”
“ ဘယ်လောက်ကြာပြီလဲ …”
“ စခန်းက ထွက်လာပြီးတော့ ကျွန်မ သူတို့ သုံးယောက်ကို ဆက်သွယ်လိုက်တယ်… ICU ဒေါက်တာနဲ့ တခြား နာ့စ်တစ်ယောက်က မေးခွန်းမေးဖို့ ဆက်သွယ်လို့ရတယ်… ဒါပေမယ့် စွေ့ရှင်းလို့ ခေါ်တဲ့ တစ်ယောက်ကတော့ ဖုန်းမကိုင်ဘူး …” ကျန်းဇီရှင်း ပြောလိုက်သည်။ “ ပြီးတော့ ဒီနေ့က သူ ဂျူတီကျတဲ့ နေ့ပဲ … ဆေးရုံကိုလည်း မလာဘူး …”
“ သူ့ဖုန်းက မကိုင်တာလား .. ဒါမှမဟုတ် ပိတ်ထားတာလား …”
“ မကိုင်တာ …”
“ သူ ဘယ်မှာနေလဲ မင်းသိလား …”
“ အွန်း သိတယ်…”
“ငါ့ကို လိပ်စာပို့လိုက် … ငါသွားကြည့်လိုက်မယ်…”
“ အိုကေ …”
အမှုတွင် တိုးတက်မှု တချို့ ရှိလာသည်နှင့် လင်းရီ ရုံးခန်းထဲက ထွက်လာသည်။
“ အလျင်စလိုနဲ့ ဒါဘယ်တုန်း …”
လက်ထဲတွင် စကယ်လီယမ် ပန်ကိတ်ကို ကိုင်ထားရင်း ကူရိရန် မေးမြန်းလာသည်။
“ အမွေဆက်ခံတဲ့ အမှုမှာ အခြေအနေတချို့ ရှိလာလို့ … နာ့စ်တစ်ယောက်ကို ဆက်သွယ်လို့ မရတော့ဘူး … ပုံစံက နည်းနည်းတော့ သံသယ ဝင်ဖို့ကောင်းတယ်….”
“ ငါ အခုအားတယ်… နင်နဲ့ လိုက်ခဲ့မယ်လေ…”
“ ကောင်းပြီလေ…”
နောက်ထပ် လူတစ်ယောက် အပိုပါလာသည်က အခြေအနေအား အကဲဖြတ် သုံးသပ်ရာတွင် ပိုပြီး အကူအညီ ဖြစ်စေသည်။ မကြာမီ ကျန်းဇီရှင်းဘက်က စွေ့ရှင်း၏ လိပ်စာကို ပို့လာခဲ့ပေးပြီး လင်းရီနှင့် ကူရိရန်တို့ မောင်းထွက်လာခဲ့ကြရာ နာရီဝက်ခန့် ကြာပြီးသည့်နောက် သူမ နေထိုင်ရာ တိုက်ခန်းသို့ ရောက်ရှိလာသည်။
ရရှိထားသည့် သတင်းအချက်အလက်အတိုင်း ဆိုပါက စွေ့ရှင်းသည် ပေ့ဟော် စီရင်စုက ဖြစ်ပြီး ကျိုးဟိုင်ကို တက္ကသိုလ်တက်ရန် ရောက်ရှိလာခဲ့ခြင်းပင်။ သို့သော် သူမ၏ ကျောင်းက သာမန်သာဖြစ်ပြီး စာလေ့လာရာ၌ ထူးချွန်မှုလည်း မရှိသဖြင့် ဘွဲ့ရပြီးနောက် ကျိုးဟိုင် ဒုတိယ ဆေးရုံ၌သာ အလုပ်လုပ်နိုင်ခဲ့သည်။
စွေ့ရှင်းနေထိုင်သည့် နေရာက တိုက်ခန်းအိုလေး တစ်ခုဖြစ်ပြီး ဆေးရုံနှင့် သိပ်မဝေးချေ။ အပြင်ဘက်မှ ကြည့်ရှုမည်ဆိုပါက အနည်းငယ် စုတ်ချာနေသော်လည်းပဲ နေထိုင်ရန် လိုအပ်သည်များအားလုံးတော့ ရှိလေသည်။
နှစ်ယောက်မှာ ဓာတ်လှေကားဖြင့် ၁၇ လွှာသို့ တက်လာခဲ့သည်။
ဓာတ်လှေကား လေးခုနှင့် တစ်လွှာလျှင် တိုက်ခန်း နှစ်ဆယ် ထားရှိပြီး နေထိုင်ရသည်က ကျဉ်းကြပ်မှုကို ပေးစွမ်းနေသည်။ လူသွားစင်္ကြံလမ်းကလည်း သန့်ရှင်းမှု မရှိပါဘဲ လေထု အငွေ့အသက်က အတော်လေးကို မသက်သာစရာပင်။
ဒေါက် ဒေါက် ဒေါက် …
လင်းရီသည် တိုက်ခန်းနံပါတ် 1713 တံခါးပေါက်ဝကို ခေါက်လိုက်သ်ည။
ကြိမ်ဖန်များစွာ ခေါက်ပြီးသည့်တိုင် အထဲက မည်သို့မျှ တုံ့ပြန်မလာချေ။
နောက်ဆုံးတွင်တော့ လင်းရီ ခွန်အားသုံး၍ တံခါးအား အကြိမ်ရေအနည်းငယ်ခန့် ကန်ကျောက်လိုက်သည်။ ဆူညံသံတို့က အနီးနားနေ တိုက်ခန်းသူ၊ တိုက်ခန်းသားတို့၏ အာရုံကို ဆွဲဆောင်ရန် လုံလောက်ပါသော်လည်း အခန်း 1713 ထဲကတော့ မည်သည့် တုံ့ပြန်မှုတို့မျှ ရှိမလာခဲ့ချေ။
လင်းရီလည်း အရူးတစ်ယောက်ကဲ့သို့ တံခါးကို ကန်ကျောက်မနေတော့ဘဲ ရပ်တန့်ပြီး ကျန်းဇီရှင်းထံ ဖုန်းဆက်လိုက်သည်။
“ စွေ့ရှင်းရဲ့ ဖုန်းက အခုထိ မကိုင်သေးဘူးလား …”
“ မကိုင်သေးဘူး… ငါခေါ်နေတာ အကြိမ် နှစ်ဆယ်လောက်ရှိနေပြီ…”
“ ကောင်းပြီ …”
ပြောဆိုပြီးနောက် လင်းရီ ဖုန်းချလိုက်၏။
“ ဇီရှင်းက အခုထိ ခေါ်လို့မရသေးဘူးလားတဲ့ …” ကူရိရန် မေးလာခဲ့သည်။
လင်းရီ ခေါင်းယမ်းပြလိုက်၏။ “ ဒီရဲ့ စွေ့ရှင်းက အခုထိ သံသယတရားခံ အဖြစ်ကနေ လွတ်သေးတာမဟုတ်ဘူး … အခုကျတော့ ဘာသတင်းမှ မကြားရဘဲ ပျောက်သွားတယ်… သူ့ကြည့်ရတာ ဒီအမှုနဲ့ ကျိန်းသေပေါက် တစ်ခုခု ဆက်စပ်နေလောက်တယ်…”
လင်းရီ မျက်မှောင်တင်းတင်းကြုတ်လျက် အတွေးနက်နေသည်။
“ ဒါပေမယ့် ဒါက သူများ မိသားစုချင်း အမွေပြဿနာဖြစ်တဲ့ ကိစ္စလေ … အဲ့ နာ့စ်နဲ့ ဘာဆိုင်လို့ …”
စာစဉ် (၁၃၇) ပြီး၏။