← Chapters

သခင်လေးလင်းပဲ မင်းကို ကူညီနိုင်မယ်

Vol. 137 Ch. 2045

သခင်လေးလင်းပဲ မင်းကို ကူညီနိုင်မယ်

Vol. 137 Ch. 2045

ရန်စီ၏ မျက်ဝန်းတို့ အပြုံးဖြင့် တောက်ပသွားခဲ့သည်။

“ ငါ့မှာ တခြား ရည်ရွယ်ချက်တွေရှိနေတယ်ဆိုတာ နင် ဘယ်လိုသိလဲ …”

ပြောရင်းဖြင့် ရန်စီသည် သူမ၏ ပခုံးတစ်ဖက်ခြမ်းရှိ အင်္ကျီကို အောက်သို့ ချလိုက်ပြီး လျှာဖြင့် လျှက်လိုက်ကာ ပြင်းပြနေသည့် သူမ၏ စိတ်ဆန္ဒကိုတော့ မျက်ဝန်းအစုံက ပြောပြနေပြီး တစ်စုံတစ်ယောက်၏ စိတ်ကူးစိတ်သန်းတို့အား အရိုင်းဆန်သွားစေသည်အထိပင်။

“ မင်း ဒီနေ့ ပြောတာကို ငါမှတ်ထားတယ်နော်… ငါ့ ဒဏ်ရာ သက်သာလာတာနဲ့ အချီသုံးရာလောက် သွားပေးပြီး အကြွေးတွေ ချေပေးမယ်ဆိုတာ …”

“ လာခဲ့လိုက်စမ်းပါ … နင့်ကို ကြောက်လိမ့်မယ်များ ထင်နေလား …” ရန်စီ တခစ်ခစ် ရယ်ရင်း ပြောလိုက်သည်။

“ ဒါပေမယ့် ငါ ဒီနေ့နင့်ကို တကယ် ကျေးဇူးတင်တယ် သိလား … သူတို့ ဒီလိုမျိုး တောင်းဆိုလာမယ်လို့ ငါ ထင်ကို ထင်မထားတာ … “

ရန်စီသည် အနည်းငယ် ရှက်ရွံ့စရာ ကောင်းသည်ဟု ခံစားနေရသည်။ ယင်းက မသင့်လျော်သည့် တောင်းဆိုမှုတို့ ပြုလုပ်လာခြင်းကြောင့် မဟုတ်ဘဲ သူမ၏ ဆွေမျိုးများက လင်းရီ၏ ရှေ့တွင် ဆက်တိုက်ဆိုသလို မော်ကြွား ဟိတ်ဟန်ထုတ်နေခဲ့ကြလေသည်။ ဤသည်က သူမကို အတော်လေး အရှက်ရစေခဲ့၏။

“ အဲ့ကိစ္စလား … ဒါပေါ့ … မင်း မျက်နှာပျက်အောင်တော့ ငါ ဘယ်လုပ်လို့ ဖြစ်မှာ …” လင်းရီ သာမန်လျှံကာ ပြောဆိုလိုက်ပြီး “ ဆိုတော့ ဒီအကြောင်း ထပ်မပြောနဲ့တော့ ဟုတ်ပြီလား … ဘာမှ ထွေထူးဟုတ်တာလည်း မဟုတ်ဘူး …”

“ ဒါပေမယ့် သန်ဘက်ခါကျရင် ငါနင့်အကူအညီကို ထပ်ပြီး လိုဦးမှာ … ငါ့အန်တီက သူ မပြန်ခင် ချန်ထန်ရဲ့ မိဘတွေနဲ့ တွေ့သွားချင်တယ်တဲ့လေ… ငါ နင့်ကိုယ်စား ငြင်းလိုက်တယ် … ဒါပေမယ့် အန်တီက နင့်ကို လာပဲ လာစေချင်နေတာ … နင်က အစွမ်းအစ ရှိတယ်.. သူတို့ထက်လည်း အမြင်ပိုကျယ်တယ်ဆိုတော့ အကဲဖြတ်တဲ့ နေရာမှာ ပိုတော်တယ်ဆိုပြီးလေ .. ငါ့ကို ငြင်းခွင့်လေးတောင် မပေးဘူး …”

“ ငါ ပြောပြီးပြီကိုပဲ .. ဘာမှ ထွေထူး မဟုတ်ပါဘူးဆိုတာကို … အဲ့မတိုင်ခင်သာ ငါ့ကို ဖုန်းတစ်ချက် ဆက်လိုက် …”

“ အွန်း မွ …”

ဗွီဒီယိုထဲ၌ ရန်စီသည် လင်းရီထံသို့ ဖလိုင်းကစ် ပေးလာခဲ့၏။

“ သန်ဘက်ခါ နောက်ဆုံးတစ်ခေါက် ဒုက္ခပေးခြင်းပဲ .. အဲ့တာပြီးရင် နင့်ကို ထပ်မနှောင့်ယှက်တော့ဘူး … သူတို့ကို ပြန်ပို့ပြီးရင် နင့်ကို သေချာလေး အကြွေးပြန်ဆပ်မယ်နော်…”

“ အဲ့လိုကြားရတာ ဝမ်းသာစရာပဲ …”

ရန်စီသည် ဆွဲဆောင်မှုရှိစွာဖြင့် ခေါင်းအား ငဲ့စောင်းကြည့်လာခဲ့ပြီး “ ဟွန့် .. တစ်ချိန်လုံး အဲ့ကိစ္စပဲ အတွေးရောက်နေတယ်…”

နှစ်ယောက်မှာ ဖုန်းမချမီ အချိန်အတော်ကြာအောင် စကားပြောဆိုခဲ့ကြသည်။ ပြီးသည့်နောက် လင်းရီသည် အချိန်တစ်ချို့ဖြုန်း၍ လျန်ရူရွှယ် ၊ ဝမ်ရင်းတို့နှင့်အတူ စကား ပြောဆိုလိုက်လေသည်။ ထို့နောက် ကိုယ်လက်ဆေးကြောသန့်စင်ကာ အိပ်ရာသို့ ဝင်လိုက်သည်။

…………..

ယောင်ကျားရွာသည် ကျိုးဟိုင်နှင့် ယွီဟန်မြို့ နယ်နိမိတ်ကြားတွင် တည်ရှိသည့် ရွာလေးတစ်ရွာဖြစ်၏။

စုစုပေါင်း အိမ်ခြေ နှစ်ဆယ်ခန့်နှင့် မထင်မရှား ရွာလေးတစ်ရွာဖြစ်ပြီး အများစုမှာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပင်။ သူတို့၏ နေ့စဉ်အထောက်အပံ့က ယာကွင်းထဲ စိုက်ပျိုးသည့် ၎င်းတို့၏ သီးနှံများထံမှ လာသည်။

ရိတ်သိမ်းမှု ကောင်းမွန်သည့် အချိန်၌ ပို၍ ဝဝလင်လင်စားသောက်နိုင်ပြီး ရေကြီးရေလျှံမှုနှင့် မုန်တိုင်း ဖြစ်ပွားသည့် အခါတွင်တော့ ဝဝလင်လင် စားသောက်ဖို့ကို အိပ်မက်သာ မက်နိုင်ပြီး အစိုးရ၏ အထောက်အပံ့ အကူအညီကို မျှော်လင့်ရသည်။

ညဉ့်နက်ပိုင်း အချိန်တွင် အနက်ရောင် Passat Sedan ကားတစ်စင်းက ရွာထဲသို့ မောင်းဝင်လာပြီး လူ အမြင် သိပ်မသိသာသည့် နေရာတစ်ခုတွင် ရပ်တန့်လိုက်သည်။ လူနှစ်ယောက်က ကားထဲမှ အလျင်အမြန် ဆင်းလာခဲ့ပြီး အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့၏။

ထို လူနှစ်ဦးကတော့ ပိုင်ရုံရှိုနှင့် ဝမ်ရှုကွမ်းတို့ပင်။

ဖြိုခွင်းမှု မစတင်မီကပင် ပိုင်ရုံရှိုသည် ၎င်းသတင်းအစအနကို ရရှိခဲ့ပြီး နာရီဝက်ကြိုစော၍ ထွက်ခွာကာ ဝမ်ရှုကွမ်းနှင့်အတူ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

တစ်နေ့နှင့် တစ်ည ထွက်ပြေးပြီးနောက်တွင် ရဲများအား ခြေရာဖျောက်နိုင်ခဲ့ပြီး ယောင်ကျားရွာသို့ ရောက်ရှိလာလေသည်။

ပိုင်ရုံရှို ဤနေရာအား ရွေးချယ်ခဲ့ခြင်းမှာ တစ်ချိန်က ဤရွာသူနှင့် ချစ်ကြိုက်ခဲ့ဖူးသောကြောင့်ပင်။ ထို့ကြောင့် ရွာနှင့် ရင်းနှီးနေပြီး အတော်လေး လူပြတ်လပ်သည်ကို နားလည်နေသည်။ သူတို့နှစ်ဦး ပုန်းခိုဖို့ရာအတွက် အကောင်းဆုံး နေရာတစ်ခုပင်။

နှစ်ယောက်မှာ ယာကွင်းပြင် အစွန်းဘက်ခြမ်း၌ ကုပ်ကုပ်လေး ပုန်းအောင်းနေရင်း ခြင်များကိုက်သည့် ဒဏ်ကို ကြံ့ကြံ့ခံနေလျက်ရှိ၏။ ထိုစဉ် ဝမ်ရှုကွမ်း တီးတိုးပြောလာခဲ့သည်။

“ ဘော့စ်ပိုင် … ကျုပ်တို့ အခု ဘာဆက်လုပ်ကြမလဲ … ဒီ အတိုင်းဆို မဖြစ်တော့ဘူးနော်.. နိုင်ငံခြားကို ထွက်ပြေးမှပဲ ဖြစ်တော့မှာ .. နိုင်ငံထဲ နေလို့ကတော့ ကျုပ်တို့ အဆုံးသတ်ပြီ …”

“ ငါ သိတယ်… ဒါပေမယ့် ပြဿနာက နိုင်ငံထဲကနေ ဘယ်လိုထွက်မလဲ ဆိုတာပဲ … ငါ့လက်ထဲ ပိုက်ဆံလည်း မရှိဘူး … ပြီးတော့ ငါတို့ ခိုးထွက်ချင်ရင်တောင် အဆက်အသွယ်က မရှိဘူး … ဒီ အရှုပ်ထုပ်ကြီးကို ဖြေရှင်းပေးပြီး နိုင်ငံခြားကို အန္တရာယ်ကင်းကင်းနဲ့ ပို့ပေးနိုင်မယ့် တစ်ယောက်ယောက်ကို ရှာဖို့လိုတယ်…”

“ ကျုပ်တို့အခု အားကိုးလို့ရမယ့်လူက ဝေရိဟွာ တစ်ယောက် ရှိတော့တာပဲ … ကျုပ်တို့ သူ့ဆီ ဖုန်းခေါ်ကြည့်ရင်ကော …”

ပိုင်ရုံရှို ခေါင်းညိတ်လိုက်ပြီး ဖုန်းထုတ်ကာ ဝေရိဟွာထံ ဆက်သွယ်လိုက်သ်ည။

သို့သော် ပိုင်ရုံရှိုက ဉာဏ်တော့ကောင်းသည်။ သူ၏ ပုံမှန် အသုံးပြုနေကြ နံပါတ်နှင့် ဝေရိဟွာကို မဆက်သွယ်ခဲ့ချေ။ ယခုလို အခြေအနေမျိုး၌ လူတိုင်းက သူနှင့် ဝေးဝေးနေချင်ကြမည်မှာ ပုံမှန်ပင်။ အကယ်၍ သူသာ သူ၏ ပုံမှန် နံပါတ်ဖြင့် ဆက်သွယ်လိုက်မည်ဆိုပါက မည်သူမျှ ဖုန်းကိုင်ကြမှာ မဟုတ်ပေ။

ဝေရိဟွာပင် စွန့်စားလိုစိတ် မရှိသည်မှာ သေချာသည်။

သူတို့ အသိုင်းဝိုင်း၌ စစ်မှန်သည့် မိတ်ဆွေဟူသည် မရှိပေ။ လူတိုင်းက တစ်ယောက်ကိုယ်တစ်ယောက် အသုံးချနေကြခြင်း ဖြစ်၏။

“ ဘယ်သူလဲ ..”

ဖုန်းဝင်သွားသည့် အချိန်၌ ဝေရိဟွာ၏ ဩဇာညောင်းသည့် အသံကြီးမှာ ထွက်ပေါ်လာသည်။

“ ကျွန်တော်ပါ … ပိုင်ရုံရှို …”

ပိုင်ရုံရှို၏ အသံကို ကြားသည်နှင့် ဝေရိဟွာ၏ လေသံမှာ ဒေါသထွက်သွားခဲ့လေသည်။

“ ယီးပဲပေါ့ ပိုင်ရုံရှို … ငါ့ဆီ ဖုန်းဆက်ပြီး မင်းငါ့ကို သေစေချင်နေတာလားကွ ဟမ် …”

ပိုင်ရုံရှို၏ အခြေအနေကို ဝေရိဟွာ သိနေသည်မှာ အသိသာကြီးပင်။ မဟုတ်ပါက ဤမျှ ဒေါသထွက်သွားမှာ မဟုတ်ချေ။

အကယ်၍ ရဲဘက်က ဖုန်းကောကို မီးခိုးကြွက်လျှောက် လိုက်လာခဲ့မည်ဆိုပါက သူသည်လည်း ပြဿနာ တက်ပြီ ဖြစ်သည်။

“ ဝေသခင်ကြီး … ကျေးဇူးပြုပြီး ဖုန်းမချလိုက်ပါနဲ့ဦး … ကျွန်တော် ဒုက္ခရောက်နေလို့ပါ … ကျေးဇူးပြုပြီး ကူညီပါဦးဗျာ …” ပိုင်ရုံရှို အောက်ကျစွာဖြင့် တောင်းပန်လိုက်၏။

“ ဒီတစ်ခေါက် အရှုပ်ထုပ်ကို မင်းကိုယ်မင်း ဖန်တီးလိုက်တာပဲ … ငါလည်း မင်းကို မကယ်နိုင်ဘူး …” ဝေရိဟွာ ပြောဆိလိုက်သည်။ “ ငါ့ကို မကြင်နာဘူးလို့ အပြစ်မတင်နဲ့ .. ဒီတစ်ခေါက် ဖြိုခွင်းတဲ့ စစ်ဆင်ရေးက တကယ်တင်းကြပ်တာ … အထက်အကြီးအကဲတွေက မင်းကို ဝရမ်းတောင် ထုတ်နေပြီ … ငါ တတ်နိုင်တာ မရှိတော့ဘူး …”

“ ကျွန်တော့်ကို ထွက်ပြေးလို့ရအောင် လှေလေးတစ်စင်းတောင် မဖန်တီးပေးနိုင်တော့ဘူးလားဗျာ …”

“ မင်း စဉ်းစားနေတာကို ငါသိတယ်… မင်းက နိုင်ငံထဲက ခိုးထွက်ချင်နေတာပဲ …” ဝေရိဟွာ ပြောလိုက်ပြီး “ ဒါပေမယ့် ငါက အဲ့လို ကိစ္စတွေက အနားယူထားတာ ကြာပြီ .. ထပ်ပြီး ပတ်သက်တော့မှာ မဟုတ်ဘူး … ဒီတော့ မင်းကို မကူညီနိုင်ဘူး … ဆောရီးပဲကွာ …”

“ သခင်ကြီးဝေ … ကျွန်တော်တို့ချင်း သိလာတာ ဆယ်နှစ်တောင် ကြာလာပြီလေ … အနည်းဆုံးတော့ ကျွန်တော့်ကို ကူပြီး စဉ်းစားပေးစမ်းပါ … သခင်ကြီးဝေ မကူညီနိုင်ဘူးဆိုရင် ကူညီပေးနိုင်မယ့် တခြားတစ်ယောက်ကို ညွှန်းပေးလို့မရဘူးလား … ဘယ်လို ပမာဏမျိုးကိုမဆို ကျွန်တော် ပေးဖို့ ဆန္ဒရှိပါတယ်… ဒီကျေးဇူးတွေ မမေ့ပါဘူးဗျာ …”

ဖုန်းတစ်ဖက်ခြမ်းရှိ ဝေရိဟွာသည် အတန်ငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

“ ငါ မင်းကို မကူညီနိုင်ဘူး ကောင်လေးပိုင် … ဒါပေမယ့် ကျိုးဟိုင်မှာ ကူညီပေးနိုင်မယ့် တစ်ယောက်တော့ သိတယ်…”

“ ဘယ်သူလဲ …” ပိုင်ရုံရှို အားတက်သရော လေသံဖြင့် မေးမြန်းလိုက်၏။

“ သခင်လေးလင်းပဲ …” ဝေရိဟွာ ပြောလိုက်သည်။ “ သူ့ အဆက်အသွယ်က ကျိုးဟိုင်မှာ နက်ရှိုင်းတယ်… သူ မင်းကို ဒီအခြေအနေကနေ ကယ်တင်ပေးနိုင်မယ်လို့ ငါ အာမ မခံနိုင်ဘူး … ဒါပေမယ့် မင်းကို နိုင်ငံထဲကနေ ထုတ်ပေးဖို့ကတော့ ပြဿနာ မရှိလောက်ဘူး …”

“ သခင်လေးလင်း …”

ဝေရိဟွာ၏ စကားက ပိုင်ရုံရှိုကို မှိန်ပျပျ မျှော်လင့်ချက် အလင်းရောင်လေး တစ်ခု ရရှိသွားစေခဲ့သည်။

“ ကျွန်တော် အခု ဘာဆက်လုပ်ရမလဲ သိပြီ … ကျေးဇူပါ သခင်ကြီးဝေ … ဒီတောင်ကို ကျော်နိုင်တာနဲ့ ကျွန်တော် ကိုယ်တိုင် ရောက်လာပြီး ကျေးဇူးဆပ်ပါ့မယ်…”

“ လောလောဆယ် အဲ့အကြောင်း မပြောသေးစမ်းနဲ့ … မင်းကိစ္စမင်းသာ အာရုံစိုက်စမ်းပါ …”

“ ကောင်းပြီ …”

ဝေရိဟွာနှင့် ဖုန်းပြောပြီးနောက် ပိုင်ရုံရှိုသည် လင်းရီ၏ နံပါတ်ကို ချက်ချင်းပဲ ဆက်သွယ်လိုက်သည်။

သို့သော် နှစ်ကြိမ်တိုင်တိုင် ဖုန်းမြည်ပြီးသည့်တိုင် တစ်ဖက်က ဖုန်းကိုင်မလာချေ။

“ ဘော့စ်ပိုင် … အခုက မနက် ၂ နာရီလေ … သခင်လေးလင်းလည်း အိပ်နေလောက်ရောပေါ့ … ဒီမှာ တစ်ညလောက် ပုန်းနေပြီး မိုးလင်းမှ ပြန်ခေါ်ကြည့်ရအောင်လား … သူက ကျုပ်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ … မစွန့်စားတာ ကောင်းမယ်…”

ပိုင်ရုံရှို ခေါင်းညိတ်လိုက်၏။ ဝမ်ရှုကွမ်း ပြောသည်က ယုတ္တိ ရှိသည်။ ထို့ကြောင့် ထပ်ပြီး မခေါ်တော့ရန် ဆုံးဖြတ်လိုက်၏။

……

နောက်တစ်နေ့ နံနက်ခင်း ခုနစ်နာရီတွင်။

လင်းရီသည် ပုံမှန်အတိုင်း အိပ်ရာက နိုးလာခဲ့၏။ ဖုန်းကြည့်လိုက်သောအခါ လွတ်သွားသည့် ဖုန်းကော နှစ်ခု ရှိနေသည်ကို သတိထားမိလိုက်လေသည်။

လင်းရီ တစ်ချက်သာ ကြည့်လိုက်ပြီး ထွေထူးစဉ်းစားမနေဘဲ နှောင့်ယှက်သည့် ဖုန်းကောများ အဖြစ်သာ မှတ်ယူလိုက်သည်။

သို့သော် သူ မျက်နှာသစ် ၊ သွားတိုက်နေစဉ်မှာပဲ ဖုန်းက တစ်ဖန် မြည်လာခဲ့လေသည်။ တူညီသည့် ဖုန်းစိမ်းနံပါတ်ပဲ ဖြစ်၏။

လင်းရီ များများစားစား တွေးတောမနေဘဲ ဖုန်းကိုင်လိုက်သည်။

“ သခင်လေးလင်း .. ငါပါ … ပိုင်ရုံရှို …”

All Chapters