← Chapters

မင်းကို တာ၀န်ယူတယ်

Vol. 137 Ch. 2042

မင်းကို တာ၀န်ယူတယ်

Vol. 137 Ch. 2042

“ ငါ သူ့ထက်ပိုပြီး ပိုက်ဆံရှိတယ်… ဆိုတော့ရော ဘာထူးလဲ … သူ့အရှေ့မှာ ဒီတိုင်းကြီး ငါမင်းထက် ပိုချမ်းသာတယ်ကွ ဆိုပြီး သွားပြောလို့မှ မရတာ … “

“ ငါ ပြောချင်တာ အဲ့လို မဟုတ်ဘူးလေ …” ကျိုးရှင်းယွီ ပြန်ပြောလိုက်၏။ “ ဒီနေ့ခေတ်မှာ ပေါင်မုန့်က(ပိုက်ဆံက) အရာရာတိုင်းရဲ့ အုတ်မြစ်ပဲဟာ … “

“ အဲ့ဒီတော့ … မင်းက ငါ့ကို ဘာလုပ်စေချင်တာ …”

ချန်ထန်က လူလူချင်း ဆက်ဆံရေးတွင် ကျိုးရှင်းယွီကို ညွှန်ကြားပြသပေးနိုင်သော်လည်းပဲ ဟိတ်ဟန်ထုတ် ဝင့်ကြွားသည့် အခန်း ကဏ္ဍတွင်တော့ ကျိုးရှင်းယွီက သူ့ထက်ပိုတော်သည်။

“ သုံးဖြုန်းတဲ့ နေရာကျ နင် သူ့ထက်ပိုပြီး ရက်ရောပြလိုက်ရင် လုံလောက်ပြီ မဟုတ်ဘူးလား ….” ကျိုးရှင်းယွီ အကြံပြုလိုက်သည်။ “ ပိုက်ဆံကို သုံးပြီး သူ့ထက် ပိုပြီး စွမ်းအားကြီးပြလိုက် …”

ချန်ထန်၏ မျက်ဝန်းတို့ အရောင်လက်ခနဲ ဖြစ်လာခဲ့သည်။ “ အကြံကောင်းပဲ … ငါ စမ်းကြည့်လိုက်မယ်…”

မကြာမီ အုပ်စုမှာ ဆေးရုံထဲက ထွက်ခွာလာခဲ့သည်။ ရန်စီသည် ဆေးရုံဝင်ပေါက်ဝရှိ ဆေးဆိုင်မှတဆင့် ထန်လိအတွက် သောက်ဆေးများ ဝယ်ပေးလိုက်၏။ ဆေးစစ်မှုလည်း ပြီးဆုံးသည်နှင့် အရာအားလုံး ပြီးမြှောက်သွားခဲ့လေပြီ။

“ အန်တီ …. ဆေးလည်း စစ်ပြီးပြီဆိုလည်း ဒီနားတစ်ဝိုက် လည်ပတ်ကြရအောင်လား …”

“ တော်ပါပြီကွယ်… နင်လည်း အန်တီနဲ့ တစ်နေ့လုံး အတူနေပေးနေတာ ဒီတိုင်း အိမ်ပြန်ပြီးပဲ နားတာပေါ့ …”

“ ကျွန်မတို့ကတော့ အဆင်ပြေတယ်… ဒါပေမယ့် အန်တီက ပိုပြီး အနားယူဖို့ လိုတယ်ဆိုတော့ အိမ်ပဲ ပြန်ကြတာပေါ့ ….”

ရန်စီ များများစားစား ပြောမနေတော့ပဲ သူမ အဒေါ်ကို အိမ်သို့ ပြန်ခေါ်သွားရန် ဟန်ပြင်လိုက်သည်။ မွန်းလွဲပိုင်းတွင်တော့ လင်းရီ၏ အကူအညီကို မလိုအပ်တော့ချေ။ ထို့ကြောင့် ဤနေရာတွင် အချိန်ဖြုန်းမနေဘဲ သူ လုပ်စရာရှိသည်များအား ပြုလုပ်၍ ရလေသည်။

“ အင်း … အိမ်ပြန်ပြီး နားကြစို့ … နင်တို့လည်း တစ်နေ့လည်း ငါ့အနားနေပြီး သွားလိုက်လာလိုက် လုပ်ပေးနေရတာ ပင်ပန်းရောပေါ့ …”

ရန်စီ ခေါင်းညိတ်လိုက်သည်။ “ ကောင်းပြီလေ… ပြန်ကြတာပေါ့ … ညစာကိုတော့ ကျွန်မ နေရာရှာပြီး စီစဉ်လိုက်မယ်…”

“ ရန်ရန်ရယ် … အန်တီတို့က အပြင်လူမှ မဟုတ်တာကို အဲ့လိုတွေ လုပ်ဖို့ မလိုပါဘူး … အိမ်မှာပဲ စားမယ်…”

“ ပြဿနာက ကျွန်မက ပုံမှန် အိမ်မှာ ထမင်းမချက်လို့ အန်တီရေ … ဒါကြောင့်မို့ မီးဖိုချောင်ထဲ ဘာချက်စရာမှ မရှိဘူး …”

“ နင် မနေ့က ပြောတာ ခဲအိုက တစ်ယောက်တည်းနေတယ်လို့ မလား … ငါတို့ သူ့နေရာ သွားကြရင်ကော …” ကျိုးရှင်းယွီ အကြံပြုလိုက်သည်။

“ ခဲအိုရဲ့ နေရာကို သွားမယ် ဟုတ်လား …”

ကျိုးရှင်းယွီမှာ ယခုလိုစကားမျိုး ပြောလာလိမ့်မည်ဟု ရန်စီ မျှော်လင့်မထားခဲ့ပါချေ။

“ ငါတို့က ဘာကိစ္စ သူ့အိမ်သွားမှာလဲ …” ထန်လိ ဝင်ပြီး ပြောလိုက်၏။ “ မေမေတို့ သူ့ကို ဒီတစ်နေ့လုံး ဒုက္ခပေးတာနဲ့တင် တော်ပြီလေ…”

“ နင့်ခဲအိုက တစ်ယောက်တည်းနေတာ ပစ်စလက်ခတ် ဖြစ်နေမှာပေါ့ … နင်က သူ့အိမ်သွားပြီး မျက်နှာပျက်အောင် လုပ်ချင်နေတာလား …”

ရန်စီ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရ၏။ ကျိုးရှင်းယွီက သူမ၏ အောက်စည်းကို လာစမ်းနေသည်ဟု ခံစားနေရသည်။ သူမ၏ အိမ်သို့ လာလည်သည်က ပြဿနာ မရှိသော်လည်းပဲ လင်းရီ၏ နေရာသို့ သွားလည်ရန် အကြံပြုနေသည်ကတော့ အတော်လေး လွန်ကျူးနေချေပြီ။

သူ ဘာတွေ စဉ်းစားနေတာလဲတဲ့ ….

“ နင်ပဲပြောတော့ ခဲအိုက တစ်ယောက်တည်းနေပြီး ဟင်းလည်း ချက်တတ်တယ်ဆို … ငါက ဒီတိုင်း ကြည့်ချင်ရုံတင်ပါပဲ …” ကျိုးရှင်းယွီ ပြောဆိုလိုက်သည်။ “ ပြီးတော့ ငါတို့ ဒီရောက်တုန်းလေး မေမေပြောတာ ခဲအိုကိုလည်း စစ်ဆေးကြည့်သင့်တယ်တဲ့ … အခုလည်း အခွင့်သင့်နေတာပဲ မဟုတ်ဘူးလား…”

ရန်စီ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျိုးရှင်းယွီအပေါ် မနှစ်သက်မှုက ပိုပြီး အနှုတ်လက္ခဏာ ဆန်လာခဲ့တော့၏။

ဘယ်လိုတောင် ကျိုးကြောင်း မဆီလျော်လိုက်တဲ့ စကားကြီးလဲ …

ရန်စီ၏ အမူရာကို မြင်တော့ ကျိုးရှင်းယွီ ဘဝင်ခိုက်သွားခဲ့၏။ သူမ၏ အကြံအစီမှာ တစ်ဝက်အောင်မြင်နေပြီဟု ခံစားမိနေသည်။

“ ရှင်းရှင်း … မင်းဘာတွေ လျှောက်ပြောနေတာလဲ .. ငါတို့က သူနဲ့ အဲ့လောက်ကြီးလည်း ရင်းနှီးတာ မဟုတ်ဘဲနဲ့ ဘာလို့ သူ့နေရာ သွားလည်မှာလဲ …”

“ နင် မသိပါဘူး …” ကျိုးရှင်းယွီ တီးတိုးလေသံဖြင့် “ ငါ့ ဝမ်းကွဲ တုံ့ဆိုင်းနေတာကို နင် မမြင်ဘူးလား …”

“ သူ တုံ့ဆိုင်းနေတော့‌ရော ဘာဖြစ်လို့ …”

“ အဲ့တာ သူ မရေရာဘူးလို့ ပြောချင်နေတာလေ…” ကျိုးရှင်းယွီ ပြောဆိုလိုက်ပြီး “ တကယ်လို့ သူတို့ရဲ့ ဘဝအခြေအနေကသာ ကောင်းမွန်နေတယ်ဆိုရင် အဲ့ဘက်ခြမ်းကို ပြသဖို့ စိတ်အားထက်သန်နေဦးမှာ .. ဒါပေမယ့် အခု ကြည့်လိုက် .. ချီတုံချတုံ ဖြစ်နေတယ် … ပြောချင်တဲ့ သဘောက သူတို့ရဲ့ အခြေအနေက ကောင်းမနေဘူး ဆိုတာကိုပဲ .. ပြီးတော့ အဲ့ဒီဘက်ခြမ်းကို ငါတို့ဆီ မမြင်စေချင်ဘူး … နင်နဲ့ နှိုင်းယှဉ်လိုက်ရင် ကွာဟမှုက ပိုပြီး သိသာသွားမယ်လေ…”

သူမ ဆိုလိုချင်သည်ကို ချန်ထန် သဘောပေါက်သွားခဲ့သည်။ ဤသည်က အတော်လေး ကောင်းမွန်သည့် အစီအစဉ်ပင်။

“ ဝမ်းကွဲရယ် … ခဲအိုရဲ့ နေရာက အဆင်မပြေလို့ ငါတို့ကို မလည်စေချင်ဘူးဆိုလည်း ဒီတိုင်း ပြောရောပေါ့ … ငါတို့က နားမလည်ပေးတဲ့လူတွေမှ မဟုတ်တာ … ဟုတ်တယ်မလား …”

“ ဒါဆိုလည်း သွားကြတာပေါ့ ..” ရန်စီ မတုံ့ပြန်မီ လင်းရီက ဦးအောင် ပြောလိုက်၏။

ရန်စီသည် လင်းရီထံသို့ ကျေးဇူးတင်စွာ ကြည့်လိုက်မိပြီး သူမ၏ စိတ်ခံစားချက်တို့မှာ ရောပြွမ်းသွားခဲ့သည်။ အကယ်၍ ကျိုးရှင်းယွီ သပ်သပ်သာ ဆိုပါက သူမ ငြင်းပယ်လိုက်ပေမည်။ သို့သော် ယခု သူမ အန်တီကလည်း ရှိနေသဖြင့် မရဘူးဟု ငြင်းဆိုရန် အင်မတန် အခက်တွေ့လှသည်။

“ ဟုတ်ပြီ .. သွားကြစို့ … ငါတော့ ခဲအိုရဲ့ ဟင်းချက်လက်ရာက ဘယ်လိုနေမလဲ သွားရည်ယိုနေပြီ …” ကျိုးရှင်းယွီက အဓိပ္ပာယ်ပါပါ ပြုံးလျက် ပြောလိုက်သည်။

“ ယောက်ဖရဲ့ လက်ရာက သိပ်ကောင်းတယ်ဆိုတော့ အမယ်တွေကိုတော့ ငါကပဲ တာဝန်ယူလိုက်မယ်…” ချန်ထန် ကမ်းလှမ်းလိုက်၏။ “ ဒီနားမှာ နိုင်ငံခြားက တင်ပို့တဲ့ အရည်အသွေးမြင့်တဲ့ အော်ဂဲနစ် အသီးအရွက်တွေ ရောင်းတဲ့ ကုန်စုံဆိုင်ကို သိတယ်… သွားကြမလား …”

“ သွားကြတာပေါ့ … ဈေးဝယ်ပြီးတာနဲ့ စချက်ပြုတ်လို့ရပြီ…”

“ ကောင်းပြီလေ…. ငါလည်း လတ်တလော ဟင်းပွဲ အသစ်တွေ လေ့လာထားတာနဲ့ အတော်ပဲ … ဒီနေ့တော့ စကေးတွေ ချပြရတော့မှာပဲ … “ လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး ရန်စီ၏ ခါးကို သိုင်းဖက်လိုက်သည်။

“ အွန်း အွန်း ….”

ရန်စီ ရွှင်မြူးစွာ တုံ့ပြန်လိုက်၏။ လင်းရီက သူမကို အများကြီး မျက်နှာသာပေးနေသည်။

၎င်းတို့၏ နောက်သွားမည့် နေရာကို အတည်ပြုပြီးသည်နှင့် လူတိုင်း ကားထဲသို့ ဝင်ကာ ကုန်စုံဆိုင်သို့ ဦးတည်လိုက်ကြ၏။

“ ကျေးဇူးပဲ …” ရန်စီ ကျေးဇူးတင်စွာ ပြောဆိုလိုက်၏။ “ ငါ့အတွက်နဲ့ အချိန်တွေ အများကြီး ဖြုန်းခဲ့ရတယ်… အခု သူတို့ကိုတောင် ချက်ကျွေးရဦးမယ်…”

“ ဒီတိုင်း တစ်နပ်လေးပဲမလား … ထွေထူး မဟုတ်ပါဘူး …” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၍ “ မင်းအတွက် ချက်ပေးတယ်ပဲ သဘောထားလိုက်လေ….”

“ ဒါပေမယ့် နင့်အနေအထားနဲ့ဆိုရင် သူတို့က နင့်လက်ရာကို မြည်းစမ်းကြည့်ဖို့ မတန်ပါဘူး …”

“ ကဲပါ … စိတ်သဘောထားကြီးလိုက် .. ဟုတ်ပြီလား … မင်း အန်တီအတွက် လုပ်ပေးတယ်ပဲ သဘောထားလိုက် … သူက မင်းအပေါ် ဒီလောက် ကောင်းပေးခဲ့တာ အခု ပြန်ပေးရမယ့် အချိန်ရောက်ပြီလေ…”

“ ဒါပေမယ့် သူက ငါ့ အန်တီလေ… ငါကပဲ ပြန်ပေးသင့်တာကို နင်မှ မဟုတ်တာ …”

“ မင်းပြောသလိုမျိုးပဲ … ငါတို့က အိပ်လည်း အိပ်ပြီးပြီ … လုပ်စရာရှိတာလည်း လုပ်ပြီးပြီ …ဒီတော့ မင်းကို တာဝန်ယူရမှာက ငါပဲ .. ငါတို့ကြား ခွဲခြားခွဲခြား လုပ်နေစရာ မလိုပါဘူး …”

ရန်စီသည် လင်းရီကို ကလူကျီစယ်စွာ တစ်ချက် ကြည့်လိုက်၏။

“ ဟွန့် … လူကို ကျေနပ်အောင် စကား ဘယ်လို ပြောရမလဲ ဆိုတာတော့ အရမ်းသိ …”

မကြာမီ ချန်ထန်၏ ဦးဆောင်မှုဖြင့် အုပ်စုမှာ အရည်အသွေးမြင့် အော်ဂဲနစ် ဟင်းအမယ်တို့ ရောင်းချသည့် ကုန်စုံဆိုင် ဝင်ပေါက်ဝသို့ ရောက်ရှိလာခဲ့သည်။

လင်းရီကတော့ ကျီချင်းရန်နှင့် ဈေးဝယ်ထွက်ရင်း ဤနေရာသို့ ရောက်ဖူးသဖြင့် အတော်လေး ရင်းနှီးနေသည်။

ဆိုင်နှင့် ပတ်သက်၍ကတော့ ဈေးကြီးသည်မှတပါး လင်းရီတွင် တခြား အမြင်မရှိချေ။ အထဲသို့ ရောက်သည်နှင့် ကျိုးရှင်းယွီနှင့် ချန်ထန်တို့က ဦးဆောင်ပြီး ဈေးတွန်းလှည်းကို ကိုင်ကာ ပစ္စည်းများအား တိုင်တိုင်ပင်ပင်နှင့် ရွေးချယ်နေကြတော့၏။

ထို့ပြင် ၎င်းတို့ ရွေးချယ်လိုက်သည့် အမယ်တိုင်းကလည်း အင်မတန် ဈေးကြီးလှကာ သာမန်လူတို့ မရွေးချယ်မည့် ပစ္စည်းများပင်။ တစ်နာရီခန့် ဈေးဝယ်ထွက်ပြီးနောက်တွင် အုပ်စုမှာ ငွေရှင်းသည့် နေရာသို့ ရောက်လာခဲ့ကြ၏။

“ ဒီနည်းနည်းလေးကို ယွမ် ၂,၀၀၀ ကျော်တယ် ဟုတ်လား …”

ကျသင့်ငွေကို သိရှိလိုက်ရပြီးသည့်နောက် ထန်လိမှာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ရသည်။

သူမလည်း ပုံမှန် အိမ်အတွက် ဟင်းချက်စရာများ ဝယ်ယူနေသည့်လူပင်။ သူမ၏ အမြင်၌ ဤတွန်းလှည်းထဲရှိ ပစ္စည်းများက အလွန်ဆုံး ယွမ် ၂၀၀ ခန့်သာ ရှိသင့်သည်။

ယွမ် ၂,၀၀၀ ကျော် ကျသင့်လိမ့်မည်ဟု သူမ စိတ်ကူးပင် မယဉ်ခဲ့ဖူးပါချေ။

“ မေမေကလည်း .. အော်ဂဲနစ်စတိုးပါဆို .. ဒီက ပစ္စည်းတိုင်းက နိုင်ငံခြားက တင်သွင်းတဲ့ အရည်အသွေးပြည့်မီတဲ့ဟာတွေချည်းပဲ … အသားတွေရောပေါ့ … ကျန်းမာရေးနဲ့ ညီညွှတ်ရုံတင် မကဘူး … အရသာလည်း ရှိတယ်.. ဒါပေါ့ .. ဒီလောက် ဈေးမြင့်တာက ပုံမှန်ပါပဲ …”

“ နိုင်ငံခြားကပဲ သွင်းသွင်း … ကမ္ဘာ့အပြင်ကပဲ သွင်းသွင်း .. ဒီပစ္စည်းတွေကို ဒီလောက်ဈေးပေးရတာကတော့ လူကို ဓားပြနေတာပဲ …”

“ ဘာမှ မဖြစ်ဘူး … ဒီ ပိုက်ဆံနည်းနည်းလေးက မေမေ့ အနာဂတ် သားမက်လောင်းအတွက် ရေပုံးထဲက ရေစက်သာသာပဲ … ဘာမှ ပြောပလောက်တဲ့အရာမဟုတ်ဘူး …” ကျိုးရှင်းယွီ လေကြီးလိုက်၏။

All Chapters