← Chapters

ရန်ကျောက်ကဲလုပ်တဲ့ရေခဲသင်္ချိုင်း

Vol. 24 Ch. 342

ရန်ကျောက်ကဲလုပ်တဲ့ရေခဲသင်္ချိုင်း

Vol. 24 Ch. 342

အခန်း (၃၄၂) ရန်ကျောက်ကဲလုပ်တဲ့ရေခဲသင်္ချိုင်း

အေးစက်ပြင်းထန်လွန်းသော ဒီရေလှိုင်းများက ရေခဲဂူအတွင်းမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွင့်ပျံလာသည်။

ကြောက်မက်ဖွယ်ရာ အပြာရောင်အလင်းများက အောက်ဘက်မှ ရေခဲဂူတစ်ခုလုံးကို ချက်ချင်းဖုံးလွှမ်းသွားပြီး ထိုအပြာရောင်ရေခဲနှင့် ထိတွေ့သည့်အရာတိုင်း အေးခဲသွားသည်။

ရန်ကျောက်ကဲ ပကတိရေခဲသွေးကြောကို ပြောင်းလဲမှုပြုလုပ်နေစဉ် ရန်သူများရောက်လာကြသည်။ ထိုအခါ ရန်ကျောက်ကဲက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို ချက်ချင်းသိမ်းဆည်းလိုက်ပြီး အစီအရင်ကိုလည်း ခြေထောက်ဖြင့်နင်းကာ ဖျက်ဆီးလိုက်သည်။

ထိုသို့မဖြစ်ခင်က အစီအရင်က ပုံမှန်လည်ပတ်နေပြီး ကမ္ဘာမြေဖျက်ဆီးခြင်းအမွှေးတိုင်အိုးလေးကလည်း ပကတိရေခဲသွေးကြောမှ အအေးဓာတ်ချီစွမ်းအားများကို အဆက်မပြတ် စုပ်ယူနေလေရာ မျှချေတစ်ခု ဖြစ်တည်လျှက်ရှိသည်။ သို့သော် ရန်ကျောက်ကဲက အစီအရင်ကို ဖျက်ဆီးလိုက်ပြီး အမွှေးတိုင်အိုးလေးကို သိမ်းဆည်းလိုက်သည့်အခါ မျှချေပျက်ဆီးပြီး အချိန်တိုအတွင်း ဖိအားများဖြစ်ပေါ်လာကာ ပြင်းထန်သောစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။

ရန်ကျောက်ကဲ ရေခဲဂူအနက်ရှိုင်းဆုံးနေရာသို့ လွှင့်ပစ်လိုက်သည့် ရေခဲပြရောင်ကျောက်စိမ်းကို လိုက်လံကောက်ယူသည့် ကောင်းကင်မိုးကြိုးခန်းမမှ အကြီးအကဲသည် အအေးလှိုင်းဒီရေများ ပေါက်ကွဲထွက်လာသည်ကို ထိပ်တိုက်ကြုံတွေ့ခဲ့ရသည်။

သူက အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်ဖြစ်သော်လည်း ရုတ်တရက်ပေါက်ကွဲထွက်လာသည့် အပြာရောင်အလင်းတန်းကို ရှောင်တိမ်းရန် မတတ်နိုင်ခဲ့ပေ။

ဒေါသတကြီး အော်ဟစ်လိုက်ချင်သော်လည်း အသံမထွက်နိုင်တော့ပေ။

သူ့ခန္ဓာကိုယ်မှ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ မထုတ်လွှတ်နိုင်တော့ဘဲ သေခြင်းနိမိတ်ပမာ တိတ်ဆိတ်သွားသည်။

နာကျင်မှု လုံးဝမခံစားရသော်လည်း အာရုံများလွင့်ပါးလျှက် ထုံကျင်ခြင်းကို ခံစားနေရသည်။

မည်သည့်အရာကိုမှ မစဉ်းစားနိုင်တော့ဘဲ သူ့အတွေးများက တိတ်ဆိတ်သွားကာ အရာအားလုံးကို မေ့ပျောက်သွားသည်။

ကောင်းကင်မိုးကြိုးခန်းမမှ ကျန်ရှိသည့် အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်နှင့် အကြီးအကဲ’ကျန်’ တို့မှ ထိုမြင်ကွင်းကိုကြည့်ပြီး မျက်နှာပျက်သွားသည်။

ပကတိရေခဲသွေးကြော ပေါက်ကွဲထွက်လာသည်ကို ခံစားမိသည့်အတွက် ရေခဲတုံးဖြစ်သွားသော သူ့အဖော်အနးသို့ ပေါ့ပေါ့ဆဆ ချဉ်းကပ်မသွားဝံ့ပေ။ သူက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်သံကြိုးတစ်ခု ပေါ်လာပြီး ရေခဲတုံးဖြစ်သွားသူထံသို့ ပစ်လွှတ်လိုက်သည်။

ခရမ်းရောင်သံကြိုးက အေးခဲနေသော သိုင်းဆရာသခင်၏ခန္ဓာကိုယ်ထက် ရစ်ပတ်သွားသည်။ တတိယ သိုင်းဆရာသခင်က ကြိုးကိုဆွဲယူလိုက်သည့်အခါ ခရမ်းရောင်သံကြိုးတစ်ခုလုံး အေးခဲသွားပြီး ရွေ့လျားနိုင်ခြင်း မရှိတော့ပေ။

အေးခဲသွားသည့်ခရမ်းရောင်ကြိုးတစ်လျှောက် မှိန်ဖျော့ဖျော့အပြာရောင်အလင်းတန်းလေး ပျံ့နှံ့လာပြီး ကြိုးကိုကိုင်ဆောင်ထားသူ၏ လက်ဆီသို့ ရွေ့လျားလာသည်။

ထိုသိုင်းဆရာသခင်က အလယ်ဆင့်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော ခရမ်းရောင်သံကြိုး ပျက်ဆီးသွားသည်ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

သို့သော် ကြိုးကိုဆက်ကိုင်ထားလျှင် သူ့လက်သည်လည်း အေးခဲသွားမည်ဖြစ်ရာ ကြိုးကိုလွှတ်ချလိုက်ရသည်။ သူပိုင်ဆိုင်သည့် မှော်ဝင်ပစ္စည်းပျက်ဆီးသွားသဖြင့် တုန်လှုပ်သွားသည် အမှန်ပင်။

သူ လက်လွှတ်လိုက်သည်နှင့် ခရမ်းရောင်သံကြိုးတစ်ခုလုံးသည်လည်း ရေခဲကြိုတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။

သူက ကြိုးကိုလွှတ်လိုက်သည့်တိုင် အခြားတစ်ဖက်မှ ပကတိရေခဲသွေးကြောနှင့် ချိတ်ဆက်ထားသဖြင့် သံကြိုးသည် အောက်သို့ ကျဆင်းမသွားဘဲ တင်းမာသော ရေခဲမျဉ်းကြောင်းတစ်ခုအဖြစ် ကျန်ရှိနေသည်။

တစ်ဆက်တည်းပင် ပြင်းထန်သော ရေခဲပြာရောင်အလင်းတန်းသည် တဟုန်ထိုးမြင့်တက်လာပြီး ဖြတ်သန်းသွားရာလမ်းကြောင်းတစ်လျှောက် အရာအားလုံးကို အေးခဲသွားစေသည်။

စောစောက ရေခဲဂူထဲတွင် ပြည့်နက်နေသည့် မိုးကြိုးသွားများ ၊ အနက်ရောင်မုန်တိုင်းများအားလုံး ယခုတော့ အပြည့်အဝ ငြိမ်သက်သွားပြီ ဖြစ်သည်။

အနက်ရောင်မုန်တိုင်းနှင့် မိုးကြိုးသွားများသည် မူလအသွင်အပြင် မပြောင်းလဲဘဲ ရေခဲထဲတွင် အလုံပိတ်ခံထားရသည်။ မရေမတွက်နိုင်သော လျှပ်စီးမြွေများပမာ ရေခဲအက်ကြောင်းများနှင့် ဟာရီကိန်းမုန်တိုင်းအသွင် ရေခဲသဏ္ဌန်များအဖြစ် ပန်းချီကားတစ်ချပ်ပမာ ထင်ကျန်ရစ်ပြီး ထူးဆန်းကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

လူ ၊ အရာဝတ္ထု ၊ သို့မဟုတ် ကြယ်တာရာချီစွမ်းအား ၊ ကြယ်တာရာချီစွမ်းအားအနှစ်သာရ ...။

ထိုအရာများအားလုံး ရေခဲဂူအတွင်းမှ အေးစက်သည့်ဒီရေလှိုင်းကြောင့် အေးခဲသွားရမည်သာပင်။

စောစောက သူ၏ အဖော်ကိုကယ်တင်ရန် ခရမ်းရောင်သံကြိုးပစ်လွှတ်ပြီး ကြိုးပမ်းခဲ့သော အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်က ကိုယ့်ကိုယ်ကိုယ် အန္တရယ်ကင်းအောင် သတိထားခဲ့သော်လည်း  ကြောက်မက်ဖွယ်ရာ ပကတိရေခဲသွေးကြော ‌ပေါက်ကွဲထွက်မှုကို မည်သို့မှ မတတ်နိုင်စွာ ရင်ဆိုင်ခဲ့ရသည်။

သူ၏ အလယ်ဆင့်မှော်ဝင်ပစ္စည်းဖြစ်သော ခရမ်းရောင်ကြိုးကို စွန့်လွှတ်လိုက်ပြီး ချက်ချင်းထွက်ပြေးရန် ဟန်ပြင်သော်လည်း နောက်ကျသွားခဲ့သည်။

ကြောက်မက်ဖွယ်ရာ ရေခဲပြအလင်းက သူ့ထက် လျှင်မြန်သည်။

ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းပညာက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အလျှင်မြန်ဆုံး ဖြစ်သည်။ ထိုအချက်ကို ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားတိုင်း ဂုဏ်ယူမဆုံး ဖြစ်ကြသည်။

သို့သော် လျှင်မြန်လှပါသည်ဆိုသော သိုင်းပညာသည် ကြောက်မက်ဖွယ်ရာ သဘာဝ အအေးဓာတ်စွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါ အလွန်နှေးကွေးသွားတော့သည်။

တတိယ သိုင်းဆရာသခင်သည် ပြေးလွှားနေရင်း သူ၏ ခြေထောက်ထုံကျင်လာသည်ကို ခံစားလိုက်ရသည်။

အခြေအနေမကောင်းသည်ကို ရိပ်မိသဖြင့် သူက ခြေထောက်ကို လက်ဝါးစောင်းဖြင့်ရိုက်ကာ ဖြတ်တောက်ပစ်လိုက်ပြီး အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကိုဆီသို့ အပြာရောင်ရေခဲချီစွမ်းအား မကူးဆက်စေရန် တားဆီးလိုက်သည်။ သူ၏ဆုံးဖြတ်ချက်က ပြတ်သားလွန်း၏။

သို့သော် သူ့ခြေလျ၎်းများက အလွန်နှေးကွေးနေခဲ့ပြီး စောစောက သူ့အဖော်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရသည်။

သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရ ထုတ်လွှတ်မရတော့ဘဲ ခံစားချက်များအားလုံး ဆုံးရှုံးသွားကာ စိတ်အာရုံတစ်ခုလုံး ဗလာကျင်းသွားသည်။

ထို့နောက် အမတဝိညာဉ် ကနဦးအဆင့် သိုင်းဆရာသခင်၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်သော ‌ရေခဲစွမ်းအားများ လွှမ်းခြုံသွားတော့၏။

အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်သည်ပင် ထိုသို့ ကြုံတွေ့ရလျှင် ရေခဲဂူထဲရောက်နေသည့် အခြားသူများမှာ ပြောစရာပင် မလိုတော့ပေ။

ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများအားလုံး တစ်ယောက်ပြီးတစ်ယောက် အပြာရောင်အလင်းဖြင့် လွှမ်းခြုံခံရကာ ရေခဲရုပ်များအဖြစ် ပြောင်းလဲသွားကြသည်။

သူတို့၏ရုပ်အလောင်းများက ပကတိရေခဲသွေးကြောဖြင့် ဖုံးအုပ်ခံရပြီး ရေခဲထဲတွင် အလုံပိတ်ခံရသော်လည်း ပယင်းထဲတွင် ပိတ်မိနေသည့် အင်းဆက်ပိုးမွှားများကဲ့သို့ နဂိုအတိုင်း ပြီးပြည့်စုံစွာ ရှိနေဆဲ ဖြစ်သည်။

သို့သော် မကြာမီပင် သူတို့၏ရုပ်အလောင်းးများမှာ အေးစက်လွန်းသဖြင့် ပြာမှုန့်များပမာ လောင်ကျွမ်းခံလိုက်ရပြီး မည်သည့်ရုပ်ကြွင်းမှ ထင်ကျန်ရစ်ခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲနောက်သို့ လိုက်သွားကြသည့် အကြီးအကဲ’ကျန်’ နှင့် ကျန်းရှော်တို့က အခြားသူများနှင့်ယှဉ်လျှင် ရေခဲပြာရောင်အလင်းနှင့် အတော်လေး အလှမ်းဝေးသည်။

ကြောက်မက်ဖွယ်ရာ အအေးလှိုင်းများ ပေါက်ကွဲထွက်နေသဖြင့် သူတို့မျက်နှာများက အပြာရောင်အလင်းများ တောက်ပနေကြသည်။

သို့သော် လောလောဆယ်တွင် ရန်ကျောက်ကဲနှင့် မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကို အရေးမစိုက်နိုင်ကြတော့ပေ။ ကြောက်မက်ဖွယ်ရာ အအေးလှိုင်းများ သူတို့ဆီ ဘယ်အချိန်ရောက်လာမလဲဆိုသည်က သေရေးရှင်ရေးကိစ္စ ဖြစ်နေသည်။

အေးစက်သည့်ဒီရေလှိုင်းများက အောက်ခြေမှအပေါ်ဘက်သို့ ပေါက်ကွဲထွက်လာပြီး ရေစီးကြောင်းငယ်တစ်ခုအလား လွင့်ပျံလာသည်။ ထိုအအေးဓာတ်စွမ်းအားများကို မည်သူမှ မတားဆီးနိုင်ပေ။

အကြီးအကဲ’ကျန်’ နှင့် ကျန်းရှော်တို့က ချက်ချင်းပင် သူတို့နှင့်အနီးဆုံး ရေခဲအလွှာကို ထိုးဖောက်ဝင်ရောက်ရန် ဆုံးဖြတ်ချက်ချလိုက်ကြသည်။

အမတဝိညာဉ်သိုင်းဆရာသခင်များအတွက် ရေခဲအလွှာများကို ထိုးဖောက်ဝင်ရောက်ရန် မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကဲ့သို့သော ရှုတ်ထွေးသည့်နည်းပညာများ မလိုအပ်ပေ။ သူတို့၏ သိုင်းစွမ်းကပင် ရေခဲလွှာများကို ထိုးဖောက်ဝင်‌ရောက်ရန် လုံလောက်၏။

အကြီးအကဲ’ကျန်’ နှင့် ကျန်းရှော်တို့ ရေခဲလွှာများအတွင်း အသီးသီး ထိုးဖောက်ဝင်ရောက်သွားကြသည်နှင့် အအေးလှိုင်းများက သူတို့ရှိရာကို ဖြတ်ကျော်ကာ အပေါ်ဘက်သို့ ဆက်တက်သွားသည်။

သို့ရာတွင် သူတို့ အသက်ရှူရန် အခွင့်အရေးမရခဲ့ပေ။ ရေခဲပြာရောင်အလင်းတန်းက သူတို့ဝင်ရောက်သွားရာ ရေခဲအလွှာများအတွင်းသို့ လိုက်ပါလာသောကြောင့် ဖြစ်သည်။

အထက်သို့ တိုက်ရိုက်တက်သွားသည့် အပြာရောင်အလင်းများနှင့် ယှဉ်လျှင် သူတို့နောက်သို့ ကွေ့ပတ်လိုက်လ‌ောသာ အလင်းစီးကြောင်းများက အတော်လေး နှေးကွေးသည်။ သို့သော် ရပ်တန့်သွားခြင်းမရှိဘဲ အကြီးအကဲ’ကျန်’ နှင့် ကျန်းရှော်နောက်သို့ လိုက်နေဆဲဖြစ်သည်။

အမတဝိညာဉ်အဆင့် သိုင်းဆရာသခင် (၂)ယောက်သည် တစ်ချက်မတုံ့ဆိုင်းရဲဘဲ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးလွှားရင်း သူတို့၏သိုင်းစွမ်းဖြင့် ရေခဲလွှာများကြား ဥမင်များတူးကာ နောက်မှအရိပ်ပမာလိုက်လာသည့် ရေခဲပြာရောင်အလင်းကို ရှောင်တိမ်းသွားကြသည်။

သူတို့အားလုံးနှင့်ဝေးရာ ၊ ရေခဲဂူနှင့် အဝေးဆုံးတွင် ရှိနေသော လင်ကျိုးကတော့ အေးစက်သည့် ဒီရေလှိုင်းပေါက်ကွဲထွက်သော ကြောက်မက်ဖွယ်ရာ သဘာဝဘေးဒဏ်ကို ချက်ချင်း မခံစားခဲ့ရပေ။

သို့သော် သူတို့ဂိုဏ်းမှ အကြီးအကဲများ ရင်ဆိုင်ရသည့်ကံကြမ္မာကိုကြည့်ရင်း ဒူးတုန်နေပြီ ဖြစ်သည်။

လင်ကျိုး တစ်ချက်မတုံ့ဆိုင်းရဲဘဲ နောက်လှည့်ပြေးတော့သည်။

အပေါ်သို့တက်ပြေးပါက ကိုယ့်သေတွင်းကိုယ်တူးသည်ကို သိရှိသည့်အတွက် လင်ကျိုးက အပေါ်သို့ တက်မပြေးဘဲ ဘေးဘက်ရှိရေခဲအလွှာကို ထိုးဖောက်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ အကြီးအကဲ’ကျန်’ သည်ပင် အပြာရောင်အလင်းလက်မှလွတ်ရန် အသဲအသန် ကြိုးစားနေရလေရာ လင်ကျိုးမှာတော့ ဆိုဖွယ်ရာ မရှိပေ။

သို့ရာတွင် လင်ကျိုးက လက်တစ်ဖက်ကိုမြှောက်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ အလွန်အစွမ်းထက်သော လျှပ်စီးစွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

အမှောင်ထုထဲတွင် ထူးဆန်းသည့် ငွေရောင်ကြိုးမျှင် မိုးကြိုးအလင်းတန်းတစ်ခု တောက်ပသွားပြီး ကြီးမားပြင်းထန်သော စွမ်းအားဖြင့် သူ့အရှေ့မှ ရေခဲအလွှာကို ထိုးခွင်းပစ်ခတ်လိုက်သည်။

လင်ကျိုးက ချက်ချင်းပင် ရေခဲအလွှာဥမင်အတွင်းသို့ ဝင်ရောက်သွားသည်။

သေရေးရှင်ရေး အရေးကြီးသည့်တိုင် လင်ကျိုးက စိတ်မပြတ်နိုင်သေးဘဲ ရန်ကျောက်ကဲ ထွက်ခွာသွားရာနေရာသို့ လှည့်ကြည့်လိုက်သည်။ ယင်ယန်ကွင်းဆက်အတားအဆီးကြောင့် မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်က အနည်းငယ်နှေးကွေးနေသည့်တိုင် ရေခဲအလွှာများအတွင်း ထိုးခွဲဝင်ရောက်နေဆဲ ဖြစ်၏။

အကြီးအကဲ’ကျန်’ နှင့် ကျန်းရှော်တို့က ရန်ကျောက်ကဲကို ဆက်မလိုက်နိုင်တော့သော်လည်း ရေခဲပြာရောင်အလင်းတန်းကတော့ ရန်ကျောက်ကဲနောက်သို့ လိုက်နေပြီ ဖြစ်သည်။

“အဟက်... မင်းမှာလည်း ဒီလိုနေ့မျိုးရှိသေးလား”

လင်ကျိုးမျက်ဝန်းများက အေးစက်နေသော်လည်း သူ့မျက်နှာအမူအရာက ဖုံးမနိုင်ဖိမရ ပျော်ရွှင်နေဟန်ပင်။

မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်အတွင်းမှ ရန်ကျောက်ကဲက တစ်စုံတစ်ခုကို ခံစားလိုက်မိသဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအခါ သူ့ကိုကြည့်နေသည့် လင်ကျိုးနှင့် အကြည့်ချင်းဆုံသွားသည်။

လင်ကျိုး၏ မျက်ဝန်းများထဲမှ ပျော်ရွှင်သည့်ခံစားချက်များကို ယောင်ဝါးဝါး တွေ့မြင်ရသည့်အခါ ရန်ကျောက်ကဲ မသိမသာ ပြုံးလိုက်သည်။ ထို့နောက် သူက ‘ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေး’ ကို ထုတ်ယူလိုက်သည်။

ထို့နောက် ရန်ကျောက်ကဲက ကြောက်မက်ဖွယ်ရာ အအေးလှိုင်းများကို ကမ္ဘာမြေဖျက်ဆီးခြင်းအမွှေးတိုင်အိုးလေးဖြင့် စုပ်ယူလိုက်ပြီး တုန်လှုပ်မှင်တက်နေသည့် လင်ကျိုး၏မျက်ဝန်းများကို အရသာခံကြည့်ရင်း အေးအေးဆေးဆေးပင် ရေခဲအလွှာများအတွင်း ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ထို့နောက်တွင်တော့ ရေခဲဂူအတွင်းမှ အရူးအမူးထွက်ပေါ်လာသော အအေးလှိုင်းများက အချိန်မီလွတ်အောင်မပြေးနိုင်သူများအားလုံးကို မြှုပ်နှံသင်္ဂြိုလ်လိုက်လေ၏။

ထိုနေရာတစ်ခုလုံး ကြီးမားသောရေခဲခေါင်းတလားကြီးပမာ အလွန်အေးစက်သော သင်္ချိုင်းမြေကြီး ဖြစ်ခဲ့ရလေတော့၏။

All Chapters