← Chapters

ရန်ငြိုးများကို သင်ပုန်းချေခြင်း

Vol. 151 Ch. 2147

ရန်ငြိုးများကို သင်ပုန်းချေခြင်း

Vol. 151 Ch. 2147

အဖေနှင့်သားဖြစ်သော ဖန်းကိုင့်နှင့် ဖန်းဟွမ်သည် ရီဖူရှင်းနှင့် အဘိုးမာတို့အား လာရောက်တွေ့ဆုံခဲ့သည်။ ဖန်းကိုင့်၏ အကြည့်များက ရီဖူရှင်းထံသို့ ကျရောက်လာသည်။ သူ၏ နှလုံးသားထဲ၌ စိတ်ခံစားချက်များနှင့် ပြည့်လျှမ်းနေခဲ့သည်။ ယခင်က ရီဖူရှင်းကို ထိုရာထူး အတင်းပေးခဲ့ခြင်းက မှန်ကန်သည့်ရွေးချယ်မှု ဖြစ်ပုံရလေသည်။ မည်သို့ပင်ဖြစ်စေ အဘိုးမာသည် ထိုအချိန်က ယနေ့ကဲ့သို့ အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။

ရီဖူရှင်းက သူတို့နှစ်ယောက်ကို ကယ်ဆယ်ရန် ရှေးဟောင်းတော်ဝင် မိသားစုအား တစ်ယောက်တည်း တိုက်ခိုက်ခဲ့သည်။ ထိုသည်မှာ သူနှင့် ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၏ အင်ပါယာအရှင်ကြားမှ တိုက်ပွဲ ဖြစ်သည်။ တိုက်ပွဲက အပြည့်အဝ အဆုံးမသတ်လိုက်သော်လည်း ရီဖူရှင်း၏ လွှမ်းမိုးနိုင်စွမ်းနှင့် ဖိနှိပ်နိုင်သော ခွန်အားသည် သွမ့်မိသားစု၏ အင်ပါယာအရှင် သွမ့်ထျန်းရှုံကို အခိုင်အမာယုံကြည်စေခဲ့သည်။

သူတို့သည် သွမ့်ထျန်းရှုံက သူတို့အား စောစီးစွာ လွှတ်ပေးခဲ့ခြင်းမှာ သွမ့်ထျန်းရှုံက ရီဖူရှင်း၏ အကန့်အသတ်မဲ့သော အလားအလာကို သဘောပေါက်နားလည်၍ ဖြစ်ကြောင်း သိရှိပေသည်။ သူက အနာဂတ်တွင် ရီဖူရှင်းနှင့် ရန်သူမဖြစ်လိုသောကြောင့် တိုက်ပွဲကို ဆက်လက်ရမည့်အစား နောက်တစ်လှမ်းပြန်ဆုတ်ကာ သူတို့နှစ်ယောက်ကို လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

"ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" ဖန်းကိုင့်က ရီဖူရှင်းကို ကျေးဇူးတင်စကားဆိုလိုက်သည်။

"ခင်ဗျားတို့ နှစ်ယောက်လုံး အဆင်ပြေလို့ ဝမ်းသာပါတယ်။" ရီဖူရှင်းက ပေါ့ပါးသော အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"ကျုပ် အဖေဆီက ကြားခဲ့တာ ဖန်းချွင့်က ဆရာတစ်ယောက် ရှာတွေ့ထားတယ်တဲ့။ ကျုပ်က ဆရာ ဘယ်သူဖြစ်မလဲဆိုတာနဲ့ ဖန်းချွင့်ကို သင်ပေးနိုင်ပါ့မလားဆိုတာ စိတ်ပူနေခဲ့တာ။ ဒါပေမယ့် အခု ကြည့်ရတာ ကျုပ် အလကား စိတ်ပူနေတဲ့ ပုံပဲ။ ဒါက ဖန်းချွင့်ရဲ့ ကံကောင်းခြင်းပါပဲ။" ဖန်းဟွမ်က ပြောလိုက်လျှင် ရီဖူရှင်းက သူ့အား ကြည့်လိုက်သည်။ ဖန်းဟွမ်၏ ဆံပင်က အနည်းငယ် ရှုပ်ပွနေသော်လည်း သူ၏ ထူးချွန်လှသော အရှိန်အဝါကို ခံစားမိနိုင်ဆဲ ဖြစ်သည်။ သူ၏ တောက်ပသော မျက်လုံးများနှင့် စူးရှသော အကြည့်များက သူ့တွင် ထူးခြားပြောင်မြောက်လှသည့် စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း ပြသနေသည်။

"ဖန်းချွင့်က ဉာဏ်ကောင်းပါတယ်။ သူက သိပ်အများကြီး သင်ပေးစရာ မလိုပါဘူး။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။

ဖန်းဟွမ်က ခေါင်းညိတ်ကာ အဘိုးမာကို အရိုအသေပြုလိုက်သည်။ "ဦးလေးမာ။"

"မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီးတော့ အခု ပြန်တွေ့ရတော့ မင်းက အရင်ကထက် ပိုပြီး ရင့်ကျက်လာပုံပဲ။" အဘိုးမာက ရယ်မောကာ ပြောလိုက်သည်။ အမှန်တွင် သူက အတွေ့အကြုံများစွာ ရရှိလာသည်။ သူ ထွက်ခွာသွားစဥ်က ပျိုမျစ်ငယ်ရွယ်သည့်အချိန်အခါ ဖြစ်ပြီး ယခုတွင် အသက်အရွယ်ရလာသည့် အရိပ်အယောင်တို့ ရှိနေခဲ့သည်။ ကြည့်ရသည်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်များ၌ အတွေ့အကြုံများစွာ ရလာခဲ့ပုံရလေသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ပြောလိုက်သည်။ "ဖန်းဟွမ်။"

သူတို့က အသံလာရာသို့ ကြည့်လိုက်လျှင် သွမ့်ထျန်းရှုံ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူက ကျယ်လောင်စွာ ပြောလိုက်၏။ "အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သတ်ပြီး နှစ်ဖက်လုံးက မှားခဲ့တာလို့ ယူဆလို့ရတယ်။ ဒါပေမယ့် ကျုပ် အကုန်မေ့ပစ်ပေးမယ်။ အရင်တုန်းက ဘာမှမဖြစ်ခဲ့သလိုမျိုး အရာအားလုံးကို မေ့ပစ်ပြီး နေကြရအောင်။ မင်း ဘာပြောချင်လဲ။"

ဖန်းဟွမ်က ခေါင်းညိတ်လိုက်သည်။ "အဲဒီအဖြစ်အပျက်မှာ ကျုပ်လည်း မှားခဲ့တာပါ။ အင်ပါယာအရှင်က ဒီအကြောင်းကို မေ့ပစ်ပေးဖို့ ဆန္ဒရှိတယ်ဆိုမှတော့ ကျုပ်ကလည်း ပြဿနာရှာဖို့ စိတ်ကူးမရှိပါဘူး။"

နှစ်ယောက်လုံးက ထူးကဲလှသည့် လူများဖြစ်သည်။ သူတို့သည် ကိစ္စတစ်ခုတွင် အချိန်အကြာကြီး ရစ်တွယ်နေတတ်သူများ မဟုတ်ပေ။ နှစ်ဖက်လုံးက မျက်နှာပျက်ခဲ့ရသော်လည်း ယခု သူတို့နှစ်ဖက်လုံးက ခြေတစ်လှမ်းနောက်ဆုတ်ကာ ဤရန်ငြိုးများကို သင်ပုန်းချေရန် ဆုံးဖြတ်လိုက်သည်။ သူတို့သည် အနည်းဆုံး ထိုမျှ သဘောထားကြီးမှု ရှိပေသည်။

"ကောင်းပြီ။ ဒီပြဿနာကို ဖြေရှင်းပြီးပြီဆိုတော့ စီနီယာမာနဲ့ လေးမျက်နှာကျေးရွာက တခြားလူတွေ အားလုံး အဝေးက လာကြတာ။ နန်းတော်မှာ ဝင်ထိုင်ပြီး အရင်တုန်းက ရန်ငြိုးတွေ ချေဖျက်ရင်းနဲ့ တစ်ခွက်တစ်ဖလားလောက် သောက်ကြရင် ဘယ်လိုလဲ။ ကျုပ်တို့ လေးမျက်နှာကျေးရွာ ကျင့်ကြံခြင်းလောကကို ဝင်ရောက်လာတာလည်း ဂုဏ်ပြုပေးလို့ရတာပေါ့။" သွမ့်ထျန်းရှုံက ပြောလိုက်သည်။ ထို့နောက် သူက မေးလိုက်သည်။ "ဘယ်လိုသဘောရလဲ။"

"အင်ပါယာအရှင်က စားသောက်ပွဲကျင်းပပေးဖို့ ဆန္ဒရှိရင် ကျုပ်တို့က ဂုဏ်ယူစွာနဲ့ တက်ရောက်မှာပါ။" အဘိုးမာက ပြန်ဖြေလိုက်သည်။ သွမ့်ထျန်းရှုံက သူတို့အတွက် စားသောက်ပွဲကျင်းပပေးခြင်းမှာ သူတို့၏ အတိတ်မှ ရန်ငြိုးများကို ချေဖျက်ရုံမျှမက လေးမျက်နှာကျေးရွာက ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်လာသည့်အတွက် ဂုဏ်ပြုပေးခြင်းလည်း ဖြစ်ပေသည်။ ယခုလက်ရှိ လေးမျက်နှာကျေးရွာသည် ထူးခြားလှသော အဓိပ်ပါယျရှိပသေညျ။ သူတို့အနေဖြင့် အစွမ်းထက် အင်အားစုတစ်ခု၏ အားပေးထောက်ခံမှု ရရှိခြင်းကလည်း အဆိုးချည်းမဟုတ်ပေ။.

ရန်သူများသည်ပင် မိတ်ဆွေ ဖြစ်နိုင်ပေသည်။ အနာဂတ်၌ မည်သို့ဖြစ်ပျက်မည်ကို မည်သူပြောနိုင်ပါမည်နည်း။ ယခု သူတို့က ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်လာပြီးဖြစ်ရာ ကိစ္စအများအပြား စဥ်းစားဆုံးဖြတ်ရမည်မှာ သဘာဝပင် ဖြစ်လေသည်။

"အရမ်းတည့်တိုးဆန်တာပဲ။ ကျေးဇူးပြုပြီး ဒီဘက်ကြွပါ။" သွမ့်ထျန်းရှုံက ပြောလိုက်သည်။ ထို့နောက် သူက အောက်ဘက်သို့ ဆင်းသွားခဲ့၏။

အဘိုးမာနှင့် အခြားလူများက နောက်မှ လိုက်သွားကြသည်။ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုနန်းတော်၏ အတွင်းအပြင်မှ ကျင့်ကြံသူအားလုံးသည် အိပ်မက်အတွင်း ရှိနေသလို ခံစားရပေသည်။ ပြင်းထန်လှသော တိုက်ပွဲကရုတ်တရက် ရပ်ဆိုင်းသွားသည်။ ထို့အပြင် တိုက်ပွဲတွင် ပါဝင်ခဲ့သည့် နှစ်ဖက်လုံးက ဤကဲ့သို့ ရန်ငြိုးကို ချေဖျက်လိုက်လျှင် သူတို့က အတူတကွပင် အရက်သောက်ကြပေလိမ့်ဦးမည်။

သိပ်မကြာခင်က ဖန်းကိုင့်သည် ရှေးဟောင်းတော်ဝင် မိသားစု၏ အကျဥ်းသား ဖြစ်နေဆဲ ဖြစ်သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် သူက အထူးဧည့်သည်တော်တစ်ယောက် ဖြစ်လာသည်လား။

ထိုသို့သော အလှည့်အပြောင်းက အလွန် ပြင်းထန်ကာ မြန်ဆန်လှသည့်အတွက် လူအများ၏ အတွေးများက ပုံမှန်အခြေအနေသို့ ပြန်မရောက်ကြသေးပေ။

ထို့အပြင် ထိုအရာအားလုံးကို ဖြစ်စေခဲ့သူက လေးမျက်နှာကျေးရွာမှ ပုဂ္ဂိုလ်ကြီးများ မဟုတ်ဘဲ ရီဖူရှင်းဟု ခေါ်သော ထူးချွန်ထက်မြက်လှသည့် ဆံပင်အဖြူနှင့် လူငယ်လေး ဖြစ်ပေသည်။

ထိုတိုက်ပွဲကြောင့် သူ့အမည်က ဝေးကွာလှသော နေရာများထိ ပျံ့နှံ့သွားပေလိမ့်မည်။ ထို့အပြင် ၎င်းသည် ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၏ အင်ပါယာအရှင်အား သူ့ခွန်အားကို အသိအမှတ်ပြုကာ သူနှင့် အဆက်အသွယ် ပြုလုပ်ချင်လာအောင် ဖြစ်စေခဲ့သည်။

တိုက်ပွဲအတွင်း ရီဖူရှင်း ဖော်ပြခဲ့သော ခွန်အားကို အကဲဖြတ်၍ သွမ့်ထျန်းရှုံ၏ လေးစားခြင်းနှင့် အသိအမှတ်ပြုမှုက မျှော်လင့်ထားသည်ထက် ပိုပေသည်။

............

ရှေး​ဟောင်းတော်ဝင် မိသားစု၏ နန်းတော်အတွင်းတွင် ကြီးမားလှသော ခန်းမကြီးရှေ့၌ စားသောက်ပွဲတစ်ခု တည်ခင်းထားပေသည်။ ထိုစားသောက်ပွဲသို့ ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၏ အဓိက ပုဂ္ဂိုလ်များအားလုံး တက်ရောက်ကြသည်။ ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၏ အင်ပါယာအရှင် သွမ့်ထျန်းရှုံ၊ အိမ်ရှေ့စံ သွမ့်ချုံး၊ မင်းသား သွမ့်ရိ၊ မင်းသမီး သွမ့်ရှန်းနှင့် အခြားလူများ ပါဝင်သည်။

သွမ့်ထျန်းရှုံက အဓိကထိုင်ခုံတွင် ထိုင်နေသည်။ ဧည့်သည်ဘက် ထိုင်ခုံနေရာမှ ထိပ်ဆုံးတွင် ထိုင်နေသူက အဘိုးမာဖြစ်ပြီး သူနှင့် ဆန့်ကျင်ဘက်နေတွင် အိမ်ရှေ့စံ သွမ့်ချုံး ထိုင်နေပေသည်။

အဘိုးမာပြီးနောက် ဖန်းကိုင့်၊ ရီဖူရှင်းနှင့် အခြားသူများက နေရာယူလိုက်ကြသည်။

သိပ်မကြာခင်မှာပင် စားကောင်းသောက်ဖွယ်များ တည်ခင်းလာသည်။ လှပသော အမျိုးသမီးများက သူတို့၏ ဘေးမှ အစားအစာနှင့် အရက်များ တည်ခင်းပေးနေသည်။ ၎င်းက အလွန် သဟဇာတဖြစ်သော အခြေအနေပင် ဖြစ်သည်။ ဤနေရာ၌ တိုက်ပွဲနှင့် ရန်ငြိုးရန်စ မည်သည့် လက္ခဏာမှ ရှိမနေပေ။ ၎င်းသည် လာလည်သူများက သူတို့၏ မိတ်ဆွေဟောင်းများ ဖြစ်နေသကဲ့သို့ပင်။

"ကျုပ်က အမြဲ လေးမျက်နှာကျေးရွာကို သွားရောက်လည်ပတ်ပြီး ဆရာသခင်နဲ့လည်း တွေ့ဆုံချင်နေခဲ့တာ ကြာပြီ။ ဒါပေမယ့် စည်းမျဥ်းသတ်မှတ်ချက် အမိန့်တော်ကြောင့် ဘယ်တော့မှ ကိုယ်တိုင် မလာနိုင်ခဲ့ဘူး။ ဘယ်လိုဖြစ်ဖြစ် ကျုပ်က လေးမျက်နှာကျေးရွာကို လေးစားနေခဲ့တာ ဟိုးအရင်ကတည်းကပါ။ ဒီတစ်ကြိမ် ကျုပ် နတ်ဘုရားနည်းစနစ်ကို လိုချင်တယ်ဆိုတာ လေးမျက်နှာကျေးရွာရဲ့ နတ်ဘုရားနည်းစနစ်တွေထဲ တစ်ခုက ကျုပ်တို့ တော်ဝင်မိသားစုရဲ့ ကျင့်ကြံခြင်းနည်းစနစ်နဲ့ ဆင်တူနေတာကြောင့် ကျုပ်က တစ်ချက်လောက် ကြည့်ချင်မိတာပါ။" သွမ့်ထျန်းရှုံက ပြောလိုက်သည်။ သူသည် မည်သည့် အတွေးမှမရှိဘဲ သူ၏ စိတ်ကို ဖော်ပြလာသည်။ သူတို့က အချင်းချင်း ငြိမ်းချမ်းရေး ယူလိုက်ပြီဆိုကတည်းက စကားပြောရာ၌ အကြောင်းအရာကို ရှောင်ရှားရန် မလိုအပ်ပေ။

"အဟုတ်ပဲ။" အဘိုးမာက ခေါင်းညိတ်လိုက်သည်။ ရှီမိသားစု ဆက်ခံထားသော နတ်ဘုရားနည်းစနစ်က ရှေးဟောင်းတော်ဝင် မိသားစု၏ ကျင့်ကြံခြင်းနည်းစနစ်နှင့် ဆင်တူပေသည်။ ၎င်းသည် သူတို့ ဘိုးဘေးများမှ ဆင်းသက်လာသော နတ်ဘုရားနည်းစနစ်ခုနစ်ခုမှ တစ်ခုဖြစ်သော 'ကြယ်စင်များ၏စစ်တေးသွား' နည်းစနစ်ပင် ဖြစ်သည်။ ၎င်း၏ တိုက်ခိုက်မှုစွမ်းအားက အလွန် အားကောင်းလှပြီး ကြောက်မက်ဖွယ် သက်ရောက်မှု ရှိပေသည်။

ရီဖူရှင်းသည်လည်း ဤနည်းစနစ်အကြောင်း သိရှိပေသည်။ သူသည်ပင် အနည်းငယ် ကျင့်ကြံခဲ့သေးသည်။

"လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ရှန်ချင်းနယ်မြေတစ်ခွင်လုံး လေးမျက်နှာကျေးရွာကို လေးစားကြတယ်။ မဟုတ်ရင် ကျုပ်တို့က မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် မဟာလမ်းစဥ် အမွေအနှစ်တွေ ရရှိဖို့အတွက် လူတွေ စေလွှတ်မှာ မဟုတ်ဘူး။ ဒါပေမယ့်် လေးမျက်နှာကျေးရွာက ကျင့်ကြံခြင်းလောကထဲ ဝင်လာဖို့ ဆုံးဖြတ်လိုက်တာကြောင့် အင်အားစုတော်တော်များများကို သတိအနေအထား ဖြစ်စေခဲ့တယ်။ အဲဒါကပဲ လူတိုင်းက ခင်ဗျားတို့ကို စမ်းသပ်ချင်ရတဲ့ အကြောင်းရင်းပဲ။ ဒါပေမယ့် ဒီနေ့အဖြစ်အပျက် ပြီးတဲ့နောက်မှာ ကျုပ်တို့ သွမ့်မိသားစုက လေးမျက်နှာကျေးရွာရဲ့ ရန်သူ မဟုတ်တော့ပါဘူး။ သူက ထိုသို့ဆက်ပြောပြီးနောက် ထိုခွက်ကို မော့ကာ သောက်လိုက်သည်။ အတိတ်မှ မပျော်ရွှင်ဖွယ် ကိစ္စများ အဖြစ်အပျက်များက ထပ်မံတည်ရှိတော့မည် မဟုတ်ပေ။

သူက ပြောရင်း အဘိုးမာနှင့် အခြားလူများထံ ခွက်မြှောက်လိုက်သည်။ လူတိုင်းက သူတို့၏ ခွက်များကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။ သူတို့က ပြုံးလိုက်ကြပြီး ရန်ငြိုးဟောင်းများနှင့် အခြားသော မပျော်ရွှင်ဖွယ် ကိစ္စများအား မေ့ပစ်လိုက်ကြပေသည်။

"လေးမျက်နှာကျေးရွာ ကိုယ်တိုင်က အရမ်း လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှတယ်။ ကျုပ် ဘယ်တော့မှ ထင်မထားမိတာက တုန်းဟွာနယ်မြေကနေ ဒီလောက် ထူးချွန်တဲ့ လူမျိုးကို လေးမျက်နှာကျေးရွာဆီ မောင်းထုတ်လိုက်မယ်ဆိုတာကိုပဲ။ တုန်းဟွာနယ်မြေသခင် နင်ယွမ်က ဘာတွေ စဥ်းစားနေလဲ သိချင်မိတယ်။" သွမ့်ထျန်းရှုံက ရီဖူရှင်းကို ကြည့်ပြီး ပြောလိုက်သည်။ သူက ဆက်ပြောလိုက်၏။ "သူက မင်းကို နယ်မြေသခင်အိမ်တော် ဝင်ဖို့ မသိမ်းသွင်းဘူးလား။"

သူသည် တုန်းဟွာနယ်မြေ၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို ကြားဖူးနားဝ ရှိပေသည်။ ၎င်းက အတော်လေး ပြဿနာကြီး ဖြစ်ခဲ့သည်။ ဆေးအင်ပါယာသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အား သယ်ဆောင်၍ နယ်မြေသခင်နင်ယွမ်အား ဆန့်ကျင်ခဲ့သည်။ ထို့ကြောင့်ပင် ဤသတင်းများက အခြားသော နယ်မြေများထိ ပျံ့နှံ့သွားခဲ့ရပေသည်။ ထိုအဖြစ်အပျက်က နင်ယွမ်အပေါ်တွင် ကောင်းမွန်သော အမြင်များ ချန်ရစ်ခဲ့ခြင်း မရှိပေ။ သို့သော် အသေးစိတ်ဖြစ်ပျက်ခဲ့သော အကြောင်းအရာများနှင့် ပတ်သတ်ပြီး သွမ့်ထျန်းရှုံက ရှင်းလင်းစွာ မသိရှိခဲ့ချေ။ သူက အသေးစိတ်သိရရန်အတွက်လည်း ကြိုးစားခဲ့ခြင်း အမရှိပေ။

"စီနီယာ ခင်ဗျားက ဒါကို ရယ်စရာလို့ တွေးနိုင်ပေမယ့် အဲဒီတုန်းက နယ်မြေသခင်အိမ်တော်ကနေ ကျင်းပတဲ့ တုန်းဟွာအခမ်းအနားကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က လူတွေနဲ့ လိုက်သွားတဲ့အချိန်မှာ ကျုပ်ရဲ့ မူလရည်ရွယ်ချက်က နယ်မြေသခင်အိမ်တော်ကို ဝင်ရောက်ဖို့ပါပဲ။" ရီဖူရှင်းက ရယ်မောရင်း ပြောလိုက်သည်။ ထိုအချိန်က သူသည် ခြိမ်းခြောက်မှုအချို့အား ရင်ဆိုင်ရန် နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ချင်ခဲ့သည်။

"အိုး။" သွမ့်ထျန်းရှုံက တအံ့တသြကြည့်လိုက်သည်။ ဤကဲ့သို့သော မကောင်းဆိုးဝါးဆန်လောက်အောင် အစွမ်းထက်သူက သူတို့နှင့် ပူးပေါင်းချင်သည့်အခါ၌ပင် သူတို့က သူ့ကို မည်သည့်အတွက်ကြောင့် လက်မခံခဲ့ရသနည်း။

"အမှန်တော့ ကျုပ် တုန်းဟွာအခမ်းအနားမှာ မပါဝင်ခင် နယ်မြေသခင် နင်ယွမ်က လင်းရှောင်နန်းတော်၊ ရှေးဟောင်းတော်ဝင် ယန်မိသားစုတို့နဲ့ ပူးပေါင်းပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ရင်ဆိုင်ဖို့ ကြံစည်ပြီးသား။ ဒါပေမယ့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က အဲဒီနှစ်ဦးတည်းက သူတို့ကို ပစ်မှတ်ထားနေတယ်လို့ တွေးခဲ့တာ။ အစီအစဥ်တစ်ခုလုံးရဲ့ နောက်ကွယ်မှာ နင်ယွမ် ရှိနေတာ သူတို့ မသိခဲ့ကြဘူး။ ကျုပ်တို့ရဲ့ ရန်သူတွေက ကျုပ်အပါအဝင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ကျင့်ကြံသူအားလုံးကို သတ်ပစ်ဖို့အတွက် သေချာ အကွက်ချ စီစဥ်ထားပြီးသားဆိုတာ ကျုပ်တို့ မသိခဲ့ကြဘူးလေ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

"နားလည်ပြီ။" သွမ့်ထျန်းရှုံက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။ "ဆိုလိုတာက မင်းနဲ့ မတွေ့ခင်ကတည်းက သူတို့ မင်းကို သတ်ပစ်ဖို့ စီစဥ်ပြီးသား။ နင်ယွမ်က မင်းရဲ့ ပါရမီကို သတိပြုမိသွားတော့ အနာဂတ် ပြဿနာတွေကို ရှောင်ရှားဖို့အတွက် မင်းကို ဖြစ်နိုင်သမျှ မြန်မြန် သတ်ချင်သွားတာပေါ့။ ဟုတ်တယ်မလား။"

"အဲဒါမှန်တယ်။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

"နင်ယွမ်က အနာဂတ်မှာ နောင်တရမှာကိုပဲ စိုးမိတယ်။" သွမ့်ထျန်းရှုံက ရယ်မောရင်း ပြောလိုက်သည်။ "ကျုပ်သာ နင်ယွမ်ဆိုရင် မင်းကို မဖြစ်မနေ ရအောင် သတ်ဖို့ ကြိုးစားမှာပဲ။ မဟုတ်ရင် အနာဂတ်မှာ ပြဿနာအရမ်းများလိမ့်မယ်။ မင်း နောက်ပိုင်း အပြင်ဘက်မှာ လှုပ်ရှားသွားလာတဲ့အခါ သေချာဂရုစိုက်သင့်တယ်။"

"ဒီဂျူနီယာ သိပါပြီ။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက ထိုအကြောင်းကို သေချာနားလည်ပေသည်။

"အခု မင်းရဲ့နောက်မှာ လေးမျက်နှာကျေးရွာ ရှိနေတာ။ နင်ယွမ်က မင်းနဲ့ ပတ်သတ်ပြီး ပိုလို့တောင် သတိထားရတော့မယ်။ သူ အခု တော်တော်လေး နေမထိထိုင်မသာ ဖြစ်နေမယ်ဆိုတာ ပြောရဲတယ်။" သွမ့်ထျန်းရှုံက ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။ နင်ယွမ် မည်သို့ ခံစားနေရမည်ကို နားလည်ရန် သူ့အတွက် လွယ်ကူပေသည်။ သူ အစောပိုင်း ဆုံး​​ဖြတ်ချက်ချစဥ် ထိုကဲ့သို့ တူညီသော အချက်များကို ထည့်သွင်းစဥ်းစားခဲ့သည်။

"ကျုပ် သတိပြုမိတာတော့ မင်းမှာ ကျင့်ကြံခြင်းနည်းစနစ်တွေ အမျိုးမျိုး ရှိပုံပဲ။ သေချာတာတော့ မင်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာပဲ ကျင့်ကြံခဲ့တာ မဟုတ်လောက်ဘူး။ မင်းက အရမ်းကို ပါရမီရှိပြီး အံ့သြစရာ ကောင်းနေပြီလို့ ကျုပ် ထင်မိတယ်။ ပြီးတော့ မင်းက ဆေးဖော်စပ်ခြင်းမှာလည်း ထူးချွန်သေးတယ်။ မင်းမှာ ကိုယ်ပိုင်ကလန်အင်အားစု ရှိလား။" ထိုအချိန်၌ အိမ်ရှေ့မင်းသား သွမ့်ချုံးက ရီဖူရှင်းကို ကြည့်ကာ စူးစမ်းမေးမြန်းလိုက်သည်။

"ကျုပ်က မူလဘုံကနေ လာခဲ့တာပါ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ထိုသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ သူတို့သည် တုန်းဟွာနယ်မြေမှ အဖြစ်အပျက်ကို တူးဆွလိုက်သည်နှင့် သူ မည်သည့်နေရာမှလာကြောင်း အလွယ်တကူ သိနိုင်ပေလိမ့်မည်။

သွမ့်ချုံးက အံ့သြမှင်တက်သွားခဲ့သည်။ သူသည် ယခင်က မူလဘုံအကြောင်း ကြားခဲ့ဖူးသည်။ သူသည် ရီဖူရှင်းက မူလဘုံမှလာသည့် ကျင့်ကြံသူတစ်ဦး ဖြစ်လိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်ထားခဲ့ဖူးခြင်း မရှိသည့်အတွက် အလွန် ထိတ်လန့်သွားခဲ့သည်။

ထိုကြောင့်ပင် အရာအားလုံးက ဖြစ်နိုင်ချေ ရှိသွားပေသည်။ သူတို့သည် မူလဘုံအကြောင်းကို နားမလည်ဘဲ မူလဘုံက အရာအားလုံး၏ အရင်းအမြစ်ဖြစ်ကြောင်းကိုသာ ကြားဖူးကြပေသည်။ သို့သော် ၎င်းက အချိန်ကြာမြင့်စွာကပင် အရေးပါမှု လျော့နည်းသွားပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာအကြာက မူလဘုံကို ဆက်သွယ်နိုင်သည့် လမ်းကြောင်းက ဖွင့်လှစ်ထားခဲ့သည်။ လူအများကြီးက အခွင့်အရေးများ ရှာဖွေရန် ထိုနေရာသို့ သွားကြသည်။ သူတို့ထဲတွင် ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုအချို့ ပါဝင်ပေသည်။ အချို့သော အင်အားစုများက မူလဘုံနှင့် ချည်နှောင်ထားပြီး ဖြစ်လေသည်။

ရီဖူရှင်း၏ အတွေ့အကြုံက အလွန် ရှုပ်ထွေးပုံရလေသည်။

မည်သို့သော ပတ်ဝန်းကျင်မျိုးက ထိုကဲ့သို့ ထူးချွန်ထက်မြက်လှသော လူကို မွေးထုတ်ပေးထားကြောင်း သိရန် သူတို့အတွက် မဖြစ်နိုင်ပေ။

"ညီအစ်ကိုရီရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေက အရမ်းအစွမ်းထက်တယ်။ ခင်ဗျားက မဟာလမ်းစဥ် စွမ်းအားအမျိုးမျိုးကို ကျွမ်းကျင်ပြီး ခွန်အားကလည်း နက်နဲသိမ်မွေ့လွန်းတယ်။ အဲဒါက ကျုပ်တို့ကို အရှက်ရအောင် လုပ်နေတာပဲ။" သွမ့်ချုံးက ပြောလိုက်သည်။ အစောပိုင်းတိုက်ပွဲ၌ ရီဖူရှင်းသည် မတူညီသော စွမ်းအားအမျိုးမျိုးကို ပြသခဲ့ပြီး တစ်ခုချင်းစီက အလွန် အစွမ်းထက်လှသည်။

"အရှင်မင်းသား ချီးကျူးလွန်းနေပါပြီ။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်လုံးက အနာဂတ်မှာ အတော်တကာ့ အတော်ဆုံးတွေ ဖြစ်လာကြမှာ။ အချင်းချင်း ပိုပြီး ရင်းရင်းနှီးနှီး နေသင့်တယ်။" သွမ့်ထျန်းရှုံက ပြောလိုက်သည်။ သူသည် ရီဖူရှင်းကို သူ့မျိုးဆက်နှင့် မိတ်ဆွေများ ဖြစ်လာစေချင်ပေသည်။

"သေချာတာပေါ့။ ပြီးတော့ ကျုပ်က ညီလေးသွမ့်၊ မင်းသမီးရှန်းနဲ့လည်း ရင်းနှီးပါတယ်။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ သူက သူ၏ ခွက်ကို မြှောက်ကာ ထိုနှစ်ယောက်အား တောင်းပန်လိုက်သည်။

"ဆရာသခင် ပြောတာ မှန်ပါတယ်။" သွမ့်ရိက ခွက်ကို မြှောက်ကာ အတင်းအကျပ် ပြုံးရယ်လိုက်ရသည်။ သူက သူ့ကိုယ်သူ အနည်းငယ် လှောင်ပြောင်ချင်မိပေသည်။

"အရှင်မင်းသားနဲ့ မင်းသမီးတို့ ရန်ငြိုးမထားဖို့ မျှော်လင့်ပါတယ်။" ရီဖူရှင်းက အားတုံ့အားနာနှင့် ပြောလိုက်သည်။ ထို့နောက် သူက ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း သောက်လိုက်၏။ ထိုနှစ်ယောက်ကလည်း သူတို့၏ ခွက်များကို သောက်လိုက်သည်။ အခြေအနေက ဤအဆင့်ထိ ရောက်သွားသည့်အတွက် သူတို့က အတိတ်ကို အတိတ်မှာ ထားခဲ့ရုံသာ တတ်နိုင်ပေသည်။ ထို့အပြင် သူတို့ကြားမှ ပြဿနာက ​ကြီးကြီးမားမား မရှိခဲ့ပေ။

"ဟားဟား.." သွမ့်ထျန်းရှုံသည် လူငယ်လေးများက စိတ်ဝင်စားဖွယ်ကောင်းသည်ကို မြင်ရသောအခါ အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ ထို့နောက် သူက အဘိုးမာနှင့် ဖန်းကိုင့်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ခွက်ကို မြှောက်ကာ ပြောလိုက်သည်။ "ကျုပ်တို့လည်း သောက်ကြတာပေါ့။"

အဘိုးမာနှင့် ဖန်းကိုင့်က သူတို့၏ ခွက်များကို မြှောက်ကာ အတူတူ သောက်လိုက်ကြသည်။ စားသောက်ပွဲ၌ ရယ်မောသံများနှင့် ပြည့်နှက်နေပြီး လေထုအခြေအနေက ကောင်းမွန်သာယာနေ၏။ ထိုစားသောက်ပွဲ အခြေအ​နေကို မြင်လျှင် မည်သူကမှ သူတို့ကြားတွင် ကုန်းမြေတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေနိုင်သော တိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။

***

All Chapters