← Chapters

ချန်းယွမ်ကုန်းမြေ

Vol. 151 Ch. 2150

ချန်းယွမ်ကုန်းမြေ

Vol. 151 Ch. 2150

ရှန်ချင်းနယ်မြေအတွင်း အဆင့်မြင့်ကောင်းကင်ကိုးလွှာသည် ပိရမစ်ကဲ့သို့ တည်ဆောက်ထားသော ကုန်းမြေအစုအဝေးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ရှန်ချင်းကုန်းမြေသည် အမြင့်ဆုံးတွင် တည်ရှိပြီး အခြားသော အရေးသိပ်မပါသည့် ကုန်းမြေများဖြင့် ဝန်းရံခံထားရသည်။ ရှန်ချင်းကုန်းမြေသည် ရှန်ချင်းနယ်မြေအတွင်း အခရာကျသော နေရာဖြစ်သည်မှာ မေးခွန်းထုတ်စရာမလိုပေ။ နယ်မြေသခင်အိမ်တော် တည်ရှိရာ ရှန်ချင်းကုန်းမြေအပြင် အခြားသော ကုန်း​မြေများတွင်လည်း အစွမ်းထက် အင်အားစုကြီးများစွာ ရှိပြီး ပုံမှန်အားဖြင့် အတော်လေး သြဇာလွှမ်းမိုးနိုင်ပေသည်။

လက်ရှိနေ့ရက်များတွင် ကောင်းကင်​ဒေသအတွင်း သတင်းများက ဖြေးညင်းစွာ ပျံ့နှံ့နေပြီး အဆင့်မြင့်ကောင်းကင်ကိုးလွှာအတွင်း ကုန်းမြေများသို့ပင် ရောက်ရှိလာပေသည်။ ထိုအချိန်တွင် အမျိုးမျိုးသော အင်အားစုများမှ ကိုယ်စားပြုသူများကို နယ်မြေသခင်အိမ်တော်မှ လာရောက်ရန် တောင်းဆိုသည့် အသိပေးချက်က ရှန်ချင်းနယ်မြေအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားပေသည်။ အခြေအနေကို သိချင်နေကြသော အစွမ်းထက်တန်ခိုးရှင်များအပါအဝင် လူအများသည် ရှန်ချင်းကုန်း​မြေသို့ ထွက်လာခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် တန်ခိုးရှင်တစ်စုက တိမ်တိုက်များကြား ခရီးဆက်နေခဲ့သည်။ ရီဖူရှင်း၊ လေးမျက်နှာကျေးရွာမှ အခြားလူများနှင့် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ တန်ခိုးရှင်များ ပါဝင်သော ထိုအဖွဲ့က အလွန် အထင်ကြီးလောက်စရာ အဖွဲ့ပင် ​ဖြစ်သည်။

သူတို့က အဝေးသို့ ကြည့်လိုက်ကြလျှင် လေဟာနယ်အတွင်း မျောလွင့်​နေသည့် ကုန်းမြေများကို မြင်နိုင်ပေသည်။ ဝေးကွာလှမှုကြောင့် ကုန်းမြေအဖွဲ့အစည်းက ပုံမှန်သဏ္ဌာန်မရှိသော လှုပ်ရှား​နေသည့် ပန်းကန်ပြားချပ်တစ်ခုနှင့် အလားသဏ္ဌာန်တူပေသည်။

သူတို့၏ ခရီးစဥ်၌ ကုန်းမြေများစွာကို ​ဖြတ်သန်းသွားလာခဲ့သည်။ သူတို့က ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ အဝေးတွင် တောက်ပသော ကောင်းကင်နန်းတော်ကို ခပ်ရေးရေးမြင်နိုင်ပြီး ကုန်း​မြေအလယ်ဗဟို၌ အရာအားလုံးထက် မြင့်မားစွာ မားမားမတ်မတ် ရပ်တည်နေပေသည်။

"အဲဒါက ရှန်ချင်းကုန်းမြေပဲ။ ကျုပ်တို့က အခု ပကတိမျက်လုံးနဲ့ မြင်နိုင်နေပေမယ့် အဝေးကြီး ရှိသေးတယ်။" သွမ့်ချုံးက ပြောလိုက်သည်။ သူတို့သည် လမ်းခရီး၌ အခြားသော တန်ခိုးရှင်များကို ရံဖန်ရံခါ တွေ့ခဲ့ရသည်။ ၎င်းသည် ထိုပုဂ္ဂိုလ်များကလည်း ရှန်ချင်းကုန်းမြေသို့ ဦးတည်နေသည်ဟု ယူဆ၍ ရပေသည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက အလျင်မလိုခဲ့ပေ။ တုန်းဟွာနယ်မြေ၌ ရှိစဥ် ထိပ်သီးအင်အားစုတိုင်းက အာကာသခရီးသွားဝင်္ကပါနှင့် တုန်းဟွာကောင်းကင်ကို တိုက်ရိုက် ဆက်သွယ်ထားပေသည်။ သို့သော် ရှန်ချင်းနယ်မြေ၌ ထိုကဲ့သို့ မဟုတ်ပေ။ သွမ့်ချုံး၏ စကားအရ ရှန်ချင်းနယ်မြေမှ ထိပ်သီးအင်အားစု အားလုံးနီးပါးက အဆင့်မြင့်ကောင်းကင်ကိုးလွှာ၌ တည်ရှိပေသည်။ ထို့ကြောင့် အာကာသခရီးသွားဝင်္ကပါက မလိုအပ်ပေ။ အကယ်၍ တစ်စုံတစ်ခု ဖြစ်ပွားခဲ့လျှင်ပင် ဆရာသခင်အဆင့် ကျင့်ကြံသူများက ရှန်ချင်းကုန်းမြေသို့ အချိန်တိုအတွင်း ရောက်ရှိနိုင်ပေသည်။

သူတို့ ရှေ့ဆက်လာသည်နှင့် ဘေးချင်းကပ် တည်ရှိနေသော ကုန်းမြေနှစ်ခုအနီး ချဥ်းကပ်လာပေသည်။ ရီဖူရှင်းနှင့် အခြားလူများသည် ကုန်းမြေများထဲမှ တစ်ခုတွင် တန်ခိုးရှင်များစွာ ခရီးတစ်ထောက် ရပ်နားနေသည်ကို သတိပြုမိလိုက်သည်။

"ကျုပ်တို့ ဒီနေရာကို ဖြတ်သွားရတာ အံ့သြမိတယ်။" သွမ့်ချုံးက ပြောလိုက်သည်။ "ဒါက တန်ခိုးရှင်တွေ ဖြတ်သွားခဲတဲ့ အမွေအနှစ်ကုန်း​မြေတစ်ခုပဲ။ လူသားတွေ အခြေချနေထိုင်တာမျိုး မရှိဘဲ အပျက်အစီးတွေ ရုပ်ကြွင်းတွေပဲ ရှိတယ်။ ဟိုးအရင်တုန်းက မဟာအင်ပါယာတစ်ယောက် အဲဒီမှာ ကျင့်ကြံခဲ့တယ်တဲ့။ အဆင့်မြင့်ကောင်းကင်ကိုးလွှာက လူတွေကတော့ ချန်းယွမ်ကုန်းမြေလို့ ခေါ်ကြတယ်။"

"ဘယ်လိုပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ နှစ်တွေမှာ မရေတွက်နိုင်တဲ့ တန်ခိုးရှင်တွေက အမွေအနှစ်တွေ ရှာဖွေဖို့ လာကြတယ်။ သူတို့အားလုံးက ရှေးခေတ်အချိန်က ရတနာတွေ ရရှိဖို့ ဆန္ဒရှိကြတယ်။ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် ဒီကုန်းမြေက အမွေအနှစ်တွေ အားလုံး အပိုင်စီးသိမ်းယူတာ ခံခဲ့ရတယ်။ ဒါကြောင့် အဲဒီနေရာမှာ ကျင့်ကြံခြင်းအခွင့်အလမ်းတွေ ရှာဖို့ ခက်ခဲသွားပြီ။ ပြီးတော့ တချို့နေရာတွေမှာ အန္တရာယ်တွေ အပြည့်ပဲ။ ဒါကြောင့် လူအနည်းငယ်ကပဲ အဲဒီကုန်းမြေမှာ ရှာဖွေဖို့ ဆန္ဒရှိတော့တယ်။ ဒါပေမယ့်လည်း တခြားဝေးလံတဲ့ ကုန်းမြေတွေက လာခဲ့သူတွေကတော့ အဲဒီမှာ စူးစမ်းရှာဖွေကြည့်ဖို့ စိတ်အားထက်သန်နေတုန်းပဲ။ အဆုံးမတော့ ဒီနေရာမှာ တစ်ချိန်တုန်းက မဟာအင်ပါယာတစ်ပါး ကျင့်ကြံခဲ့တာလို့ အဆိုရှိတာပဲလေ။" သွမ့်ချုံးက ရီဖူရှင်းကို အသေးစိတ် ရှင်းပြလိုက်သည်။

"တစ်ချက်လောက် သွားကြည့်ချင်လား။" သွမ့်ရိက ရီဖူရှင်းကို မေးလိုက်သည်။

"ကျုပ်တို့လည်း ဒီက ဖြတ်သွားတာဆိုတော့ တစ်ချက်လောက် သွားကြည့်ကြတာပေါ့။ အချိန်အများကြီး မကုန်လောက်ပါဘူး။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ၎င်းက သူတို့ သွားရာ လမ်းပေါ်တွင် ရှိနေသည့်အတွက် ရှောင်ကွင်းသွားရန် မလိုပေ။ ရီဖူရှင်းသည် ထိုအကြွင်းအကျန် ကုန်းမြေကို သွားလည်ချင်သော်လည်း ကျင့်ကြံခြင်းအခွင့်အလမ်းတစ်ခုခု တွေ့ကြုံရရန် မျှော်လင့်မထားပေ။

"ကောင်းပြီ။ အဲဒီတော့ တစ်ချက်လောက် သွားကြည့်ရအောင်။" သွမ့်ချုံးက ပြောလိုက်သည်။ ချက်ချင်းပင် သူတို့က ချန်းယွမ်ကုန်းမြေလို့ရှိရာ ဘက်သို့ အရှိန်မြှင့်ကာ ပျံသန်းသွားခဲ့သည်။

သူတို့သည် သိပ်မကြာခင်မှာပင် ချန်းယွမ်ကုန်းမြေသို့ ရောက်ရှိသွားပေသည်။

ကောင်းကင်မှ ဆင်းသက်လာစဥ် သူတို့သည် အရပ်မျက်နှာအသီးသီးမှ ချန်းယွမ်ကုန်းမြေသို့ လာသော တန်ခိုးရှင်များစွာကို မြင်တွေ့နိုင်ပေသည်။

ပြိုကျနေသော နံရံများနှင့် နေရာအနှံ့တွင် ပျက်စီးနေသည့် မြင်ကွင်းများ ဖြစ်နေသည်။ ကြီးမားလှသော ကျောက်တုံးများက ကွဲကြေနေပြီး ခမ်းနားကြီးကျယ်သော ရှေးဟောင်းအဆောက်အဦးများက အပျက်အစီးများအတွင်း ရှိနေပေသည်။ ရီဖူရှင်းသည်လည်း ပေရာချီမြင့်မားပြီး အက်ကြောင်းများစွာ ဖြစ်ပေါ်နေသော နတ်ဘုရားဂိတ်တစ်ခုကို သတိပြုမိလိုက်သည်။

အလွန်များပြားသည့် ကျိုးပဲ့နေသော ကျောက်တုံးများနှင့် မြေပြင်သို့ ပြိုကျနေသော ကျောက်တိုင်များက ကုန်းမြေ၏ အဝင်အထွက်တံခါးပေါက်အဖြစ် အသုံးပြုရာနေရာ ဖြစ်ပေလိမ့်မည်။

ရီဖူရှင်းသည် ကုန်းမြေပေါ်သို့ ခြေချချခြင်း ရှေးကျသည့်  သမိုင်းဝင် ​နေရာတစ်ခု၏ အငွေ့အသက်ကို ခံစားမိလိုက်ပေသည်။

နှစ်များစွာကြာသည့်တိုင် ထိုပျက်စီးနေသည့် ကုန်းမြေက မရေတွက်နိုင်သော တိုက်ပွဲ၏ စမ်းသပ်မှုများနှင့် အကြွင်းအကျန် အမွေအနှစ်များကို လုယူခြင်းများကို ခံခဲ့ရပေသည်။

"ပြောကြတာတော့ ချန်းယွမ်ကုန်းမြေရဲ့ မူလအုပ်ချုပ်သူက ကျင့်ကြံခြင်းအထွတ်အထိပ်အဆင့် ရောက်နေခဲ့တာတဲ့။ သူ ရေးထွင်းထားတဲ့ ဘယ်လို အက္ခရာမဆို ကောင်းကင်လမ်းစဥ်ကို ကိုယ်စားပြုနိုင်တယ်။ သူက 'ကောင်းကင်' လို့ ရေးထွင်းလိုက်ရင် ကောင်းကင်ရဲ့ လွှမ်းမိုးနိုင်တဲ့ အင်အားက ဖွဲ့တည်လာပြီး သူက 'သတ်ဖြတ်ခြင်း' ဆိုတဲ့ စာလုံးကို ရေးထွင်းလိုက်ရင် ပြိုင်ဘက်ကင်းပြီး ရပ်တန့်မရနိုင်တဲ့ သေဆုံးခြင်းစွမ်းအားတွေ ထွက်ပေါ်လာလိမ့်မယ်။ သူ့ စာလုံးတွေ ဆင်းသက်လာတဲ့ ဘယ်နေရာမဆို သတ္တဝါအားလုံး သုတ်သင်ခံရလိမ့်မယ်။" သွမ့်ချုံးက ပြောလိုက်သည်။ သူသည် ရှေးဟောင်းတော်ဝင် မိသားစုမှ ပိုင်ဆိုင်သော သမိုင်းစာအုပ်များမှ တွေ့ဖူးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ထိုမူလအုပ်ချုပ်သူ ထွင်းထုခဲ့သည့် ထိုစာလုံးအချို့က ချန်းယွမ်ကုန်းမြေ၌ တည်ရှိနေဆဲ ဖြစ်ပြီး ထိုသည်ကပင် ယနေ့ထိ မည်သည့်အတွက်ကြောင့် ကုန်းမြေပေါ်၌ ဖုံးကွယ်ထားသော အန္တရာယ်များ ရှိနေရသနည်းဟူသည်ပင် ဖြစ်လေသည်။ ကျင့်ကြံခြင်းအခွင့်အလမ်းများ ရှာဖွေရန် ချန်းယွမ်ကုန်းမြေသို့ လာရောက်ကြသော တန်ခိုးရှင်အချို့က မည်သို့သေမှန်းမသိ သေသွားကြပေသည်။

ရီဖူရှင်းသည် ထိုဇာတ်လမ်းကြောင့် အံ့အားသင့်သွားပေသည်။ သူသည် ထိုရှေးခေတ်မှ မဟာအင်ပါယာက မည်သို့သော စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း မသိပေ။ မည်သို့ပင်ဖြစ်စေ သူသည် ထိုမဟာအင်ပါယာက အခြား မည်သည့် ရန်​ဟောင်ထက်မဆို ထူးခြားသာလွန်ကြောင်း သေချာပေသည်။ အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသအတွင်း ထိုအဆင့်ထိ ရောက်ရှိသော တစ်ဦးတည်းသောသူဖြစ်လေသည်။ သူက ကျယ်ပြောလှသော ကောင်းကင်ဒေသကို အုပ်ချုပ်နိုင်သည့်အတွက် မည်မျှ အစွမ်းထက်ကြောင်း သိနိုင်ပေသည်။

ရီဖူရှင်းနှင့် အခြားလူများက ရှေ့သို့ လှမ်းလိုက်ပြီး ကုန်းမြေအတွင်းပိုင်းကို လျင်မြန်လှသော အရှိန်နှင့် ဝင်ရောက်သွားလေသည်။

ရီဖူရှင်း အစောပိုင်းက ခံစားခဲ့ရသော အချိန်ကာလ၏ ကြီးမားသော ကွာခြားချက်က တဖြေးဖြေး ပိုပြင်းထန်လာသည်။ သူတို့သည် အဝေးမှ တန်ခိုးရှင်များစွာကို သတိပြုမိလိုက်ပြီး အဝေးမှ ပေါက်ကွဲထွက်လာသော စွမ်းအားကို ခံစားမိကြပေသည်။ သူတို့က ခေါင်းကိုမော့ကာ ကောင်းကင်သို့ ထိုးတက်လာသော အလင်းတန်းတစ်ခုက တိမ်တိုက်များကြား ထိုးဖောက်ဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ကြသည်။

"အဲဒါက ဘာလဲ။" သူတို့သည် အလင်းလာရာဘက်သို့ ကြည့်ကာ အချင်းချင်း တီးတိုးပြောဆိုလိုက်ကြသည်။

အပျက်အစီးကုန်းမြေအတွင်း တစ်စုံတစ်ယောက်က အမျိုးအမည်မသိ ကျင့်ကြံခြင်းအခွင့်အလမ်းတစ်ခု ရှာဖွေတွေ့ရှိသွားသည်လား။

"သွားကြစို့။"

သူတို့က လျင်မြန်စွာ ခြေလှမ်းလိုက်ပြီး ထိုနေရာသို့ ချီတက်သွားကြသည်။ သူတို့ ယခင်က ခံစားမိသော စွမ်းအားက အားကောင်းသည်ထက် အားကောင်းလာ၏။ သူတို့သည် အလင်း၏ အနီးတွင် တန်ခိုးရှင်များစွာ စုစည်းနေသည်ကို မြင်လိုက်ရသည်။ သိသာစွာပင် သူတို့ကဲ့သို့ပင် လူများစွာက ဤပျက်စီးနေသော ကုန်းမြေသို့ ဆင်းသက်ခဲ့ကြပေသည်။ ထို့အပြင် တစ်စုံတစ်ယောက်က တစ်ခုခု ရှာတွေ့သွားပုံရသည်။

သူတို့က ထိုနေရာသို့ ချဥ်းကပ်လာသည်နှင့် ပြိုကျပျက်စီးနေသော အဆောက်အအုံများက သူတို့မြင်ကွင်းထဲ ဝင်ရောက်လာပေသည်။ အဆောက်အဦးများက အပျက်အစီးများအဖြစ် ​ပြိုလဲနေသော်လည်း ၎င်းတို့သည် အတိတ်က မည်မျှ ခမ်းနားခဲ့မည်ဖြစ်ကြောင်း ခန့်မှန်းရန် မခက်ပေ။

ထို့အပြင် အဆောက်အဦးများသည် ကျယ်ပြောလှသော နယ်မြေတစ်ခွင်၌ တည်ရှိနေပေသည်။ ၎င်းသည် မဟာအင်ပါယာ ကျင့်ကြံရန် အသုံးပြုသော နေရာဖြစ်နိုင်ပေသည်။

ပြင်ပဘုံများမှ လူအများကလည်း ဤနေရာ၌​ ရောက်ရှိနေကြသည်။ သူတို့သည်လည်း ထိုနေရာသို့ ကြည့်လိုက်ကြ၏။ သူတို့ထဲမှ အချို့သည် ထိုနေရာသို့ပင် လျှောက်သွားနေပြီ ဖြစ်သည်။ လူတိုင်းသည် ထိုနေရာ၌ မည်သည်တို့ ဖြစ်နေသည်ကို သိချင်သွားကြသည်။ ကျင့်ကြံခြင်းအခွင့်အလမ်း အသစ်တစ်ခု ထွက်ပေါ်လာခြင်း ဖြစ်နိုင်သလား။

သူတို့သည် အစက ဤနေရာသို့ စူးစမ်းလေ့လာကြည့်ရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ အမွေအနှစ်အသစ်များကို ရှာဖွေခြင်းက ကံတရား ကောင်းမွန်ခြင်းနှင့်လည်း သက်ဆိုင်နေသေးသည်။

"ဟမ်"

ထိုအခိုက်တွင် လူတစ်ယောက်သည် အခြားအဆောက်အဦးဘက်မှနေ၍ ရီဖူရှင်းနှင့် သူ့လူများကို ကြည့်လိုက်သည်။ သူ၏ စူးရှသော မျက်လုံးများက အေးစက်ကာ ထက်ရှသည့် ဓားတစ်လက်ကဲ့သို့ ရီဖူရှင်းထံ၌ စူးစိုက်နေခဲ့သည်။ ရီဖူရှင်းသည် သူ၏ လည်ဂုတ်နောက်မှ ဆံပင်များ ထောင်ထသွားရလောက်အောင် စူးရှစွာ ကြည့်နေသည့် အကြည့်များကို ခံစားမိလိုက်ပေသည်။

သူက ပြန်လှည့်ကာ ကြည့်လိုက်လျှင် မောက်မာလှသည့် လူငယ်လေး မုယွင်ရှုကို မြင်လိုက်ရသည်။

ယခု မုယွင်ရှုက အရွယ်ရောက်သူတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သူသည် ကလေးဆန်မှုများကို ဖယ်ခွာ၍ လက်ရှိတွင် ရင့်ကျက်လာပုံပေါ်လေသည်။ ရီဖူရှင်းကို သူ နောက်ဆုံးမြင်တွေ့ခဲ့ရသည်မှာ နှစ်အနည်းငယ် ကြာသွားလျှင်ပင် သူ၏ အမုန်းတရားများက အနည်းငယ်မျှ ပျောက်ကွယ်မသွားသေးပေ။

မုယွင်မိသားစုသည် လေးမျက်နှာကျေးရွာ၌ မြင့်မားသော အဆင့်အတန်းရှိပြီး သူက ကလေးအားလုံး၏ ဦးဆောင်သူအဖြစ် အသားကျနေခဲ့သည်။

သို့သော် အရာအားလုံးက ရီဖူရှင်း လေးမျက်နှာကျေးရွာသို့ ရောက်ပြီးနောက် ပြောင်းလဲသွားလေသည်။ သူသည် ရွာမှ နှင်ထုတ်ခံရလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ပေ။ နောက်ပိုင်းတွင် သူ့ အဖေနှင့် သူ့မိသားစုမှ လူတိုင်းသည်လည်း ထုတ်ပယ်ခံခဲ့ရသည်။ ထိုသည်မှာ သူ မည်သည့်အခါမှ မမေ့နိုင်မည့် ကြီးမားသော အရှက်ရမှုပင် ဖြစ်လေသည်။

ယခု သူသည် ချန်းယွမ်ကုန်းမြေ၌ ရီဖူရှင်းနှင့် တစ်ဖန် ဆုံတွေ့ရပြန်သည်။

"သူက ဘယ်သူလဲ။" မုယွင်ရှု၏ ဘေးမှ အမျိုးသမီးက ရုတ်တရက် သူ့ အမူအရာအပြောင်းအလဲကို သတိထားမိသွားပြီး မေးလိုက်သည်။ သူမက နန်ဟိုင်မိသားစုအတွင်း မြင့်မားသော အဆင့်အတန်းရှိသည့် အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါးဖြစ်သည်။

မုယွင်မိသားစုသည် လေးမျက်နှာကျေးရွာမှ ထုတ်ပယ်ခံရပြီးနောက် မုယွင်လန်နှင့်အတူ နန်ဟိုင်မိသားစုသို့ လိုက်လာခဲ့သည်။ မုယွင်ရှုသည်လည်း သူ၏ ထူးချွန်သော ပါရမီနှင့် ကောင်းမွန်သော အလားအလာတို့ကြောင့် နန်ဟိုင်မိသားစုအတွင်း တန်ဖိုးထား လေးစားခံရပေသည်။ နန်ဟိုင်မိသားစုက သူ့ကို အလေးထားဆက်ဆံပြီး သူ့အား ကာကွယ်ရန်နှင့် လေ့ကျင့်ပေးရန် ထူးချွန်သော ကျင့်ကြံသူများ သူ့အနားသို့ စေလွှတ်ပေးထားသည်။ ဤအလယ်အလတ်အဆင့် အမျိုးသမီးရန်ဟောင်က မုယွင်ရှု၏ ကျင့်ကြံခြင်းနည်းပြတစ်ဦး ဖြစ်သည်။ ထိုသည်မှာ သူတို့က မုယွင်ရှုအား မည်မျှ အလေးထားကြောင်း သိသာစေပေသည်။

လေးမျက်နှာကျေးရွာမှ ထွက်သွားပြီးနောက် မုယွင်ရှုသည် နန်ဟိုင်မိသားစု၌ ချမ်းသာကြွယ်ဝသော ဘဝမျိုးနှင့် ပျော်မွေ့နေခဲ့သည်။ ရွာမှာ ဖြစ်ခဲ့သမျှက မည်သို့မှ မဟုတ်သလိုပင်။ ၎င်းသည် သူ့ကို အပြင်လောကအား မြင်တွေ့စေရန် အခွင့်အရေး ပေးခဲ့ပေသည်။ သို့ဆိုလျှင်ပင် မုယွင်ရှုသည် ရီဖူရှင်းက သူ့အပေါ် အနိုင်ကျင့်စော်ကားခဲ့သည်အား မေ့ပစ်နိုင်လိမ့်မည် မဟုတ်ပေ။

"ရီဖူရှင်း" မုယွင်ရှုက အေးစက်ကာ ရန်လိုသော အသံနှင့် ပြောလိုက်သည်။ မုယွင်ရှုအနီးမှ အမျိုးသမီးရန်ဟောင်နှင့် အခြားတန်ခိုးရှင်များက ရီဖူရှင်းဘက်သို့ လှည့်ကြည့်လိုက်ကြပေသည်။

ရီဖူရှင်းက လတ်တလောတွင် ကျော်ကြားနေသူ​ဖြစ်၏။ ကောလာဟလများက ပြောသည်မှာ သူသည် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုအတွင်း တစ်ဦးတည်း ဖောက်ဝင်ခဲ့သည်ဟု ဖြစ်သည်။ သူ၏ ဂုဏ်သတင်းက ရှန်ချင်းနယ်မြေတစ်ခွင် ကျော်ကြားပေသည်။ နန်ဟိုင်မိသားစုအတွင်း တန်ခိုးရှင်များသည်ပင် သူ့အကြောင်းကို ကြားဖူးကြသည်။

ရီဖူရှင်းသည်လည်း မုယွင်ရှုအား စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်၏။ သူက ထိုလူငယ်လေးအား အမြဲ စက်ဆုပ်ခဲ့ပြီး သူ၏ အထင်သေးမှုကို ပြသရန် မတွန့်ဆုတ်ခဲ့ပေ။ မုယွင်ရှုက မည်မျှ ပါရမီရှိနေပါစေ သူက အလွန် စက်ဆုပ်မိပေသည်။

"မင်း လေးမျက်နှာကျေးရွာကနေ ထွက်လာရဲတာ အံ့သြမိတယ်။" မုယွင်ရှုက ရီဖူရှင်းအား အေးစက်စွာ ပြောလိုက်သည်။ "ငါသာ မင်းဆိုရင် တစ်သက်လုံး ရွာထဲမှာပဲ ပုန်းနေမိမှာ။"

ရီဖူရှင်းအနီးမှ လူတိုင်းက သဘောမကျစွာ မျက်မှောင်ကြုတ်လိုက်သည်။ သိမ်းငှက်လေးက မုယွင်ရှုအား ဆူငေါက်လိုက်၏။ "လူယုတ်မာလေး မင်း ရွာကထွက်သွားပြီးတဲ့နောက် ဘယ်လိုလုပ် တုံးအသွားရတာလဲ။ ကြည့်ရတာ အဲဒီတုန်းက ရခဲ့တဲ့ သင်ခန်းစာက မလုံလောက်ပုံပဲ။"

"ယုတ်ညံ့တဲ့ တိရစ္ဆာန်... မင်းက သေချင်နေတာပဲ။" မုယွင်ရှုက သူ၏ ဒေါသကို သိမ်းငှက်လေးထံ ပြောင်းလဲလိုက်သည်။ သူ့မျက်လုံးများတွင် ရက်စက်မှုတို့နှင့် ပြည့်နေခဲ့ပြီး သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ သူက သိမ်းငှက်နက်လေးထံ ချက်ချင်း ပြေးဝင်သွားလေ၏။

***

All Chapters