အပိုင်း (၁၅၃)
Vol. 12 Ch. 153
ကျင်းဟိုင်မြို့စားကြီးအိမ်တော်
ဤအချိန်မှာတော့ တိုက်ပွဲ၏ဦးဆောင်သည် ထန်ကျုံးဖြစ်၏။ ကျင်းဟိုင်မြို့စားကြီးအိမ်တော်၏ အကြီးဆုံး သားဖြစ်သည်။ သို့ပေမည့် သူသည် ဆက်ခံသူတစ်ယောက် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ကိုယ်လုပ်တော် တစ်ယောက်ဆီမှ မွေးဖွားလာခဲ့သောကြောင့်ပင်။ သို့ပေမည့် ဤအရာက ကိစ္စကြီးမဟုတ်ချေ။ ကျင်းဟိုင်မြို့စား အိမ်တော်၏ စစ်သည်အားလုံးကို သူကထိန်းချုပ်ထားခဲ့၏။
ထန်မိသားစုသည် တကယ့်ကို ပါရမီရှင်များနှင့် ပြည့်နှက်လျက်ရှိနေ၏။ တစ်ဦးချင်းတိုက်ခိုက်သည့် တိုက်ပွဲတွင် ထန်ယင်၊ အတတ်ပညာပြိုင်ပွဲတွင် ထန်ယွင်၊ စစ်ပြိုင်ပွဲတွင်တော့ ထန်ကျုံးရှိနေ၏။ ပြောရမည်ဆိုလျှင် ထန်လွမ်၌ ဒါဇင်ကျော်သော သားများ တည်ရှိနေ၏။ ရွှမ်ဝူကျင်းကျိုးနှင့် မတူညီလှပေ။ ရွှမ်ဝူကျင်းကျိုးမှာတော့ သားတစ်ယောက်၊ သမီးတစ်ယောက်သာလျှင်ရှိသည်။
ကြည့်ရသည်မှာ ကလေးများများ မွေးဖွားခြင်း၏ ကောင်းကျိုးကလည်း ရှိနေသေး၏။ ထန်လွမ်ထံတွင် ကိုယ်လုပ်တော်ပေါင်း တစ်ဒါဇင်ကျော်နှင့် ကလေးပေါင်း တစ်ဒါဇင်ကျော် ရှိလို့နေခဲ့၏။ ထိုထဲတွင် တော်တော်များများက ထူးချွန်လွန်းကြ၏။
ရွှမ်ဝူသည် သူ၏ဘဝတွင် စုဖေ့ဖေ့တစ်ယောက်တည်းကိုသာလျှင် လက်ထပ်ခဲ့၏။ သူမသည် ကျင်းမူကုန်းကို မွေးဖွားခဲ့ပြီးသည့်နောက် အန္တရာယ်အခြေအနေတစ်ခုကြုံဆုံခဲ့ရပြီး ထပ်မံကာဖြင့် ကိုယ်ဝန် ဆောင်နိုင်ခြင်း မရှိတော့ချေ။
ထန်ကျုံး၏ စစ်တိုက်သည့်အတတ်ပညာသည် နန်းကုန်းရှဲ့လောက်မကောင်းမွန်သော်လည်း လူငယ် မျိုးဆက်များကြားထဲမှာတော့ တကယ့်ကို ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ပင်။
“အဝတ်အစားတွေလဲဝတ်လိုက်တော့” အမိန့်ပေးလိုက်၏။ ကျင်းဟိုင်မြို့စားကြီး၏ စစ်သည်တော် တစ်ရာကျော်တို့သည် အဝတ်အစားများကိုပြောင်း အဝတ်အစားများကို ပြောင်းလဲကာ ဝတ်ဆင်လိုက်ကြ၏။ ၎င်းတို့အားလုံးသည် ချပ်ဝတ်အသစ်၊ ဒိုင်းကာအသစ်၊ ဓားမော့အသစ်များကိုကိုင်ဆောင်ကြ၏။
ဟုတ်ပေ၏။ တခြားတော်ဝင်မျိုးနွယ်များ၏ လက်ရွေးစင် စစ်တပ်ဆီမှ ငှားရမ်းထားခဲ့သည့် စုစုပေါင်း စစ်သည်တော် လေးဆယ်ကျော်ရှိ၏။ ထိုသူတို့ တစ်ယောက်ချင်းစီတိုင်းသည် သူ၏စစ်သည် တစ်ရာဦးရေထဲတွင် ပါဝင်လာခဲ့၏။ ကျန်းပေနယ်စားကြီး အိမ်တော်သည် လူဦးရေနှစ်ဆယ်ကို ပေးအပ်ခဲ့ပြီး ချင်းကန်မြို့စား အိမ်တော်က ဆယ်ယောက်ကိုပေး၏။ ကျန်းယွမ်နယ်စားအိမ်တော်က ဆယ်ယောက်ကို ပေးခဲ့သည်။
စစ်သည်တော်တစ်ရာကို လှမ်းကာကြည့်ရှုပြီးသည့်နောက် ကျင်းဟိုင်မြို့စားကြီးသည် စိတ်လှုပ်ရှားသွားမိ၏။ အောင်ပွဲသည် သူ၏လက်ထဲတွင် ရှိလို့နေခဲ့၏။ တိုက်ပွဲမစခင် သူသည် မိန့်ခွန်းပြောရပေလိမ့်မည်။
“မင်းတို့ အားလုံးက ငါ့ရဲ့ဂုဏ်ယူစရာကိစ္စပဲ။ ဂုဏ်ယူစရာလူတွေပဲ။ အရင်တိုက်ပွဲတွေတုန်းက ကျင်းဟိုင်မြို့စားကြီး အိမ်တော်ကို နိုင်ခဲ့တယ်။ ဒီနေ့မှာလည်း ခြွင်းချက်မရှိဘူး။ အောင်ပွဲကို ဆုံးဖြတ်ခဲ့ပြီးပြီ။ ဒါပေမယ့် ငါမင်းတို့ဆီက ပိုပြီးကြီးမားတဲ့ လိုအပ်ချက်တစ်ခုကို တောင်းဆိုချင်တယ်။ နာရီဝက်အတွင်း တိုက်ပွဲကို ပြီးအောင် တိုက်ခိုက်ပါ။ မဟုတ်ရင် ငါတို့အားလုံး ရှုံးနိမ့်လိမ့်မယ်။ ထန်မိသားစုက ပြိုင်ဘက်ကင်းတဲ့ တိုက်ခိုက်ရေး စွမ်းအင်ကို ပိုင်ဆိုင်တယ်။ မင်းတို့ရဲ့ရန်သူတွေ အကုန်လုံးကို ဖိနှိပ်နင်းခြေပစ်လိုက်။ ပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ သတ်ပစ်လိုက်” ထန်လွမ်က အော်ဟစ်လိုက်၏။
ချက်ချင်းပဲ စစ်သည်တော်တစ်ရာကျော်တို့သည် သူတို့၏ ဓားများနှင့် ဒိုင်းကာများကို ပုတ်ခတ်ပြီး အော်ဟစ် လိုက်ကြသည်။
“သတ်မယ်၊ သေမယ်။ သတ်မယ်၊ သေမယ်”
စစ်သည်တော်တစ်ရာကျော်တို့သည် အဆုတ်ကွဲလုမတတ်ပင် အော်ဟစ်လိုက်ကြ၏။ သူတို့၏ တိုက်ခိုက်လို စိတ်များသည် ပိုမိုကာ တိုးတက်လာခဲ့၏။
ငှားရမ်းထားခဲ့သော ကျွမ်းကျင်သူ လေးဆယ်ကျော်တို့ပင်လျှင် သွေးများဆူပွက်လာ၏။ အဘယ့်ကြောင့်ဆိုသော် သူတို့သည်လည်း စစ်တပ်၏ လက်ရွေးစင်များ ဖြစ်သောကြောင့်ပင်။ သူတို့၏ ခန္ဓာကိုယ်အတွင်းတွင် သွေးဆာလောင်သည့် အရိပ်ရောင်များ ဖြစ်တည်လာခဲ့၏။ တိုက်ခိုက်ရေး တည်နေရာဆိုသည်မှာ သူတို့၏အိမ်ပင်။ သတ်ဖြတ်ခြင်းသည် သူတို့၏အောင်ပွဲပင်ဖြစ်၏။ သတ်ဖြတ်လိုခြင်းဆန္ဒများသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
အခြားသောတစ်ဖက်ခြမ်းမှာတော့ ရွှမ်ဝူ၏အိမ်တော်က တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ နှစ်ဖက်ကြားတွင် ရှိနေသည့် စိတ်ဓာတ်ပိုင်းဆိုင်ရာသည် အစောကြီးကတည်းက ဆုံးဖြတ်ချက် ချပြီးသကဲ့သို့ပင် ထင်ပေါ်နေ၏။ နှစ်ဖက်လုံးတွင်ရှိနေသော လက်ရွေးစင် စစ်သည်တစ်ရာကျော်တို့သည် ကွင်းထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ သူတို့သည် ငြိမ်ငြိမ်သက်သက်ဖြင့် ချီတက်လာခဲ့ကြ၏။
မြေတည်နေရာဆီသို့ တပ်ဖွဲ့နှစ်ခု ရောက်ရှိ လာသည့်အချိန်မှာတော့ နှစ်မိုင်ကျော်သာလျှင် ကွာဝေးတော့သည်။
ချပ်ဝတ်အသစ်၊ ဓားမော့နှင့် ဒိုင်းကာအသစ်များကို မြင်ရသည့်အချိန်မှာတော့ ကျန်ချုံး၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။
ထန်လွမ်သည်လည်း အံ့ဩသွားခဲ့၏။ ကျွမ်းကျင်သူ တစ်ယောက်အနေနှင့် ထိုအရာကို တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် သိ၏။ ရွှမ်ဝူအိမ်တော်က ပြောင်းလဲသွားခဲ့လေပြီ။ ဝတ်ဆင်ထားသည့် ချပ်ဝတ်များနှင့် လက်နက်များကလည်း အထူးကောင်းမွန်လွန်းလှသည်။
“စိတ်မပူနဲ့ ... ရွှမ်ဝူအိမ်တော်ရဲ့လက်နက်အသစ်တွေက ပိုပြီးတိုးတက်အောင် ပြုလုပ်ထားခဲ့တယ် ဆိုပေမယ့် ကျုပ်တို့မိသားစုတွေနဲ့နှိုင်းယှဉ်ရမယ်ဆိုရင် ကွာခြားချက် ရှိသေးတယ်။ ဒီတိုက်ပွဲက တကယ့်ကို ကြီးမားတဲ့ အောင်ပွဲတစ်ခုပဲလေ”
ကျင်းဟိုင်မြို့စားကြီး၏ အတွေးကလည်း ထိုကဲ့သို့ပင် ဖြစ်၏။ အချိန်အတော်ကြာတည်းက သူတို့သည် ထိုအရာကို စုစုစည်းစည်းဖြင့် ကြိုးစားထားခဲ့ကြခြင်းဖြစ်၏။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာတည်းက ထန်မိသားစု၏ လက်နက်နှင့် အသုံးအဆောင်ပစ္စည်း၏ နည်းပညာများသည် ကျင်းမိသားစုထက် ပိုမိုကာ ရှေ့သို့ရောက်ရှိခဲ့၏။ ရွှမ်ဝူအိမ်တော်သည် ရုတ်တရက် အဘယ်သို့ သူတို့ကို လိုက်မီနိုင်မည်နည်း။
တစ်ဖက်လူများ၏ လက်နက်အသစ်က ကောင်းမွန်နိုင်ပေလိမ့်မည်။ သို့ပေမည့် သူတို့မိသားစု၏ လက်နက် အဆင့်သို့ ရောက်ရှိရန်တော့ လိုအပ်ချက်ရှိနေမှာ သေချာ၏။ ထိုကဲ့သို့ပင် ကျိန်းသေဖြစ်ရပေည်။ ထို့အပြင် သူသည် ကျွမ်းကျင်သူ လေးဆယ်ကျော်ကို ငှားရမ်းထားသေး၏။
“အံ့အားသင့်စရာပဲ”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် ကျန်ချုံးကို ကြည့်ရှုရင်း တကယ် အံ့အားသင့်နေသည်။ သေးငယ်လှသည့် သဲလွန်စလေးတစ်ခုကို အခြေခံကာဖြင့်၊ ရှမ့်လန်၏အမူအရာ ပျက်ယွင်းသွားသည့် အရာလေး တစ်ခုကို အခြေခံကာဖြင့် အခြေအနေတစ်ခုလုံးကို အစစ်အမှန်မြင်နိုင်၏။ ထိုသူသည် တော်ဝင်မျိုးနွယ်ဟောင်းများ၏ အိပ်မက်ဆိုး ဖြစ်နေခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ဒုန်း
စစ်စည်ကြီးကိုတီးလိုက်၏။
“စမယ်” အမိန့်ပေးလိုက်သည်။
လက်နက်ပြည့် ဝတ်ဆင်ထားခဲ့သည့် စစ်သည်တော်တစ်ရာကျော်တို့သည် ရှေ့ဆီသို့ အလျင်အမြန်နှင့် ပြေးသွားခဲ့ကြ၏။
“သတ်။ သတ်စမ်း”
ဤနေရာတွင် လူဦးရေနှစ်ရာသာ ရှိသည်ဆိုသော်လည်း လူပေါင်းများစွာတို့၏ နှလုံးသားများကို တုန်ယင်သွားစေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ဤလူနှစ်ရာတို့သည် အံကိုကြိတ်ကာဖြင့် ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားနေကြသောကြောင့်ပင်။ ၎င်းတို့ ပြေးသွားသည့် လမ်းတစ်လျှောက် မြေတည်နေရာကြီး တစ်ခုလုံးက တုန်ယင်လျက် ရှိနေသည်။
တဖြည်းဖြည်းနှင့် ကီလိုမီတာ အနည်းငယ် အနီးဆီသို့ ရောက်ရှိလာခဲ့၏။ နှစ်ဖက်ခြမ်းသည် ရူးရူးမူးမူးနှင့် ရှေ့ဆီသို့ပြေးသွားခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် နီးကပ်ရန် ချဉ်းကပ်လာခဲ့၏။ ရဲရင့်သည့် လူများသည် ရှေ့၌ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ပြီး အောင်မြင်မှုကို ရရှိပေလိမ့်မည်။
“တိုး .... ရှေ့ကိုတိုးကြ။ သတ် .... သတ်”
မည်သည့်တိုက်ပွဲ နည်းဗျူဟာကိုမှ အသုံးမပြုခဲ့ချေ။ တိုက်ရိုက်ဆိုသလိုပင် ရှေ့ဆီသို့လှမ်းတက်ကာ တိုက်ခိုက်ရုံသာရှိ၏။
နီးကပ်လာမည်။ တိုက်ခိုက်မည်။
ငါးဆယ်မီတာ၊ သုံးဆယ်မီတာ၊ ဆယ်မီတာ။
အားလုံးသောသူတို့သည် တဖြည်းဖြည်း နီးကပ်လာခဲ့၏။ အပြေးနှုန်းကလည်း ပိုမိုကာ မြန်ဆန် လာခဲ့၏။ ပြီးသည့်နောက် ....
ဘုန်း ...။
ကျယ်လောင်လွန်းသောအသံကြီးထွက်လာခဲ့၏။ သံမဏိနှစ်ခု ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်းပင်။ နှစ်ဖက်သားသည် ပြေးဝင်ကာ ဆောင့်လိုက်သည့် အချိန်မှာတော့ မီးပွင့်များပင် ထွက်ပေါ်လာခဲ့၏။
ကြည့်ရှုနေကြသည့် လူများအားလုံးတို့၏ ဆံပင်များပင်လျှင် ထောင်ထသွားခဲ့ကြ၏။ တကယ့်ကို ကြောက်လန့်စရာ ကောင်းသည့် မြင်ကွင်းမျိုးပင်။
ရှမ့်လန်၏ နှလုံးသားတစ်ခုလုံးမှာတော့ တည်ငြိမ်လျက် ရှိနေ၏။ သူ၏မျက်လုံးများသည် သူ့မိန်းမဆီသို့ ရောက်ရှိနေ၏။ သူမကို ကျင်းဝေ၊ ကျင်းချုံးနှင့် အခြားသောသူများက ကာကွယ်ပေးထားသည် ဆိုလျှင်တောင်မှ ရှမ့်လန်သည် သူမ နာကျင်ထိခိုက်သွားမည်ကို စိုးရိမ်ပူပန်လျက် ရှိနေသည်။
“သတ်၊ သတ်စမ်း”
စစ်သည်နှစ်ဖွဲ့တို့သည် တစ်ဖက်နှင့်တစ်ဖက် ရူးရူးမူးမူး တိုက်ခိုက်လျက်ရှိနေ၏။ လက်ထဲတွင် ရှိနေသည့် ဓားမော့ကြီးများကို ကြမ်းကြမ်းတမ်းတမ်း ဝှေ့ယမ်းပြီး ရန်သူများကို ခုတ်ပိုင်းနေ၏။ ပစ်မှတ်သည် အလွန် ရှင်းလင်းလှ၏။ နှစ်ဖက်ခြမ်းသည် ရှေ့တွင်ရှိသော အခြားသော တစ်ဖက်ခြမ်းကို တိုက်ခိုက်အနိုင်ယူနိုင်ရန် အစွမ်းကုန် ကြိုးစားနေခြင်းပင်။ လက်ပြတ်များသည် လေပေါ်သို့ လွင့်လာခဲ့၏။ ဓားမော့များသည်လည်း မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။
ကျင်းဟိုင်မြို့စားကြီး၏ ဆံပင်မွှေးများသည်ပင် ထောင်ထားသွားခဲ့ကြ၏။ သူ၏မျက်လုံးအိမ်သည် ပြူးလျက် ရှိနေ၏။ သူသည် ရလဒ်ကို စောင့်မျှော်နေခဲ့၏။ သို့ပေမည့် ကြည့်ရှုရသည်မှာ တစ်ဖက်လူများသည် မြက်ပင်ကို ခုတ်နေသကဲ့သို့ပင် ရှေ့ဆီသို့ တိုးဝင်ကာ ခုတ်လျက်ရှိနေသည်။
ဓားမော့များသည် တစ်ဖက်လူများ၏ဓားမော့အောက်တွင် လွယ်လွယ်ကူကူကျိုးကြေသွားခဲ့ပြီး ချပ်ဝတ်များ ကလည်း ရုတ်တရက် ပွင့်ထွက်သွားခဲ့၏။
ရွှမ်ဝူအိမ်တော်၏ ဓားမော့များ မဟုတ်ချေ။ ကျင်းဟိုင်မြို့စားကြီးအိမ်တော်မှ ဓားမော့များပင် ဖြစ်၏။ ချပ်ဝတ်များကလည်း ကွဲထွက်သွားခဲ့လေ၏။ ထိုအရာသည်ကလည်း ကျင်းဟိုင်မြို့စားကြီး၏ ချပ်ဝတ် အသစ်များပင် ဖြစ်သည်။
ပထမဦးဆုံး အနီးကပ်တိုက်ခိုက်ချက်သည် တကယ့်ကို ကြမ်းတမ်းလွန်းလှချေ၏။ ဒိုင်းများဖြင့် ကာကွယ်ထားသည် ဆိုသော်လည်း လူအနည်းငယ်တို့သည် ပိုင်းဖြတ်ခြင်းကိုခံခဲ့ရ၏။ လက်နက်နှင့် ချပ်ဝတ်များ၏ ကွာခြားချက်က သိသာလွန်းလှချေ၏။
ကျင်းဟိုင်မြို့စားကြီးအိမ်တော်မှ စစ်သည်များ၏ ချပ်ဝတ်များသည် ကြီးမားလွန်းသည့် အကွဲကြောင်းကြီးများအဖြစ် ပိုင်းဖြတ်ခြင်းကို ခံထားရပြီး သွေးများလည်း ထွက်ပေါ်လျက်ရှိ၏။ ရွှမ်ဝူမြို့စားကြီး အိမ်တော်၏ ချပ်ဝတ်များမှာတော့ ခုတ်ပိုင်းခြင်းကိုခံထားရသည် ဆိုလျှင်တောင်မှ အခြစ်ရာလေး တစ်ခုသာလျှင် ထင်ပေါ်သည်။
နှစ်ဖက်ခြမ်းတွင် ရှိနေသည့်စစ်သည်များသည် ကြောင်အသွားခဲ့ကြ၏။
မည်သို့ဖြစ်နိုင်မည်နည်း။ ရွှမ်ဝူအိမ်တော်၏ ဓားမော့သည် ဤမျှ ထက်မြက်လျက် ရှိနေသည်လား။ ချပ်ဝတ်များက ဤမျှ အားကောင်းနေလေသည်လား။ ကျင်းဟိုင်မြို့စားကြီးအိမ်တော်၏ ချပ်ဝတ်များသည် ကြွပ်ဆတ်ဆတ်နှင့် တစ်ချက် ခုတ်ပိုင်းလိုက်ရုံနှင့် ပိုင်းပြတ်သွားမည့် အရာမျိုးဖြစ်သည် မဟုတ်ပါလား။
ခဏအံ့သြသွားပြီးနောက် တကယ့်ကို ကြမ်းတမ်းသည့် တိုက်ပွဲအတွင်း သူတို့သည် အစွမ်းကုန်ထုတ်ဖော်ကာ တိုက်ခိုက်လျက် ရှိနေတုန်းပင်။
နှစ်ဖက်ခြမ်းတွင် ရှိနေသည့် စစ်သည်တော်အားလုံးသည် ရူးရူးမူးမူး ဝင်ရောက်တိုက်ခိုက်လျက်ရှိ၏။ မြေတည်နေရာကြီး တစ်ခုလုံးတွင် အော်ဟစ်သံ၊ ဟစ်ကြွေးသံ၊ နာကျည်းစွာ အော်ဟစ်လိုက်သံ စသည့်အသံများ နှင့် ပြည့်နှက်လျက်ရှိနေပြီး သွေးများကလည်းပျံ့နှံ့နေ၏။
တိုက်ပွဲ၏ အခြေအနေက ထူးဆန်းလို့နေ၏။ နှစ်ဖက်ခြမ်းတွင် တစ်ဖက်က သေဆုံးလျက်ရှိနေသည်။ အခြား တစ်ဖက်မှာတော့ ရွှမ်ဝူအိမ်တော်မှလူများသည် တစ်ဖက်သတ်ခုတ်ပိုင်းခြင်းကိုပြုလုပ်နေခဲ့ကြသည်။
နှစ်ဖက်ခြမ်းတွင် ရှိနေသည့် လက်နက်နှင့်ချပ်ဝတ်သည် တူညီသည့်အဆင့်တွင် မရှိချေ။
ကျင်းမိသားစု၏ ချပ်ဝတ်များသည် သုံးကြိမ်တိတိ တရစပ် ခုတ်ပိုင်းသည်ဆိုလျှင်တောင်မှ ကွဲအက်သွားခြင်း မရှိခဲ့ချေ။ သို့ပေမည့် ထန်မိသားစု၏ ချပ်ဝတ်များမှာတော့ တစ်ချက်ခုတ်ပိုင်းလိုက်ရုံနှင့်ပင် ပွင့်ထွက်သွားခဲ့၏။
ဓားမော့နှစ်စင်း အချင်းချင်း ခုတ်ပိုင်းသည့်နေရာတွင် ကျင်းဟိုင်မြို့စားကြီးအိမ်တော်၏ ဓားမော့သည် ကွေးညွတ်သွားခဲ့ခြင်း သို့မဟုတ် ကျိုးသွားခြင်း ထိုအရာများ ဖြစ်တည်ခဲ့၏။ ထို့ကြောင့် ခန့်မှန်းရသည်မှာ လွယ်ကူလာခဲ့၏။ ဤတိုက်ပွဲ၌ ကျင်းဟိုင်မြို့စားကြီးအိမ်တော်က စစ်သည်များသည် မြက်ပင်ကဲ့သို့ ခုတ်ပိုင်းခံနေရသည်
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် မြင်ကွင်းကိုကြည့်ရှုရင်း ပခုံးပင် တွန့်သွားမိ၏။ မည်သို့ဖြစ်နိုင်မည်နည်း။ ကျင်းဟိုင်မြို့စားကြီးအိမ်တော်၏ ပန်းပဲနည်းပညာအဆင့်သည် ပိုမိုကာ မြင့်မား၏။ သူတို့မိသားစု၏ လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများက အကောင်းဆုံးဖြစ်၏။ အဘယ့်ကြောင့် သူ၏ရှေ့တွင် ဤမြင်ကွင်းမျိုးက ပေါ်ပေါက်နေရသနည်း။
ကျင်းမိသားစုသည် အဘယ်သို့ နတ်ဆိုးမှော်ပညာမျိုးကို အသုံးပြုကာ ပြောင်းလဲခဲ့သနည်း။ သူတို့မိသားစု၏ လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများသည် တမဟုတ်ခြင်းတိုးတက်လာခဲ့၏။ အဓိပ္ပာယ် မရှိလှချေ။ သံမဏိ ပြုလုပ်ခြင်း နည်းပညာဆိုသည်မှာ အလွန်ရှုပ်ထွေးပြီး လုပ်ရသည့် လုပ်ငန်းစဉ်ကလည်း များပြားလွန်းလှချေ၏။ တစ်ညအတွင်း ပြောင်းလဲပြုလုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။
ကျင်းဟိုင်မြို့စားကြီးထန်လွမ်သည် ရလဒ်ကိုကြည့်ရှုဖို့ပင် မေ့လျော့လို့နေခဲ့ပြီး အတွေးများလျက် ရှိနေကြ၏။ သံမဏိပြုလုပ်ခြင်း နည်းပညာသည် သူတို့မိသားစု၏ ဂုဏ်ကျက်သရေပင်ဖြစ်၏။ ယခု ထိုဂုဏ်ကျက်သရေသည် တစစီ ပျောက်ကွယ်သွားခဲ့ပြီဖြစ်လေ၏။
.........................
ကျန်ချုံး၏ ခန္ဓာကိုယ်ကလည်း အနည်းငယ်တုန်ယင်လာ၏။ သူထင်မှတ်ထားသည့် မြင်ကွင်းမျိုး ပေါ်ပေါက်လာသည် ဆိုသော်လည်း သူ့ရှေ့တွင်ရှိနေသည့် မြင်ကွင်းကိုကြည့်ရှုရင်း တုန်လှုပ်မိနေတုန်းပင်။ သံသယရှိစရာ မလိုဘဲ ထိုအရာသည် ရှမ့်လန်၏ လက်ချက်ပင်ဖြစ်ပေလိမ့်မည်။
ဤခွေးကောင်လေးသည် အရာအားလုံးကို ပြုလုပ်နိုင်စွမ်းရှိနေ၏။ ကဗျာကိုရေးသားနိုင်၏။ စာအုပ်ကိုလည်း ရေးသားထုတ်ဝေနိုင်၏။ ဆိုဆေးနည်းပညာကို ဖန်တီးနိုင်၏။ မိန်းကလေးတစ်ယောက်ကို မည်ကဲ့သို့ သိမ်းသွင်းရမည်ဖြစ်ကြောင်း ကောင်းကောင်းသိရှိနေသလို သံကိုအရည်ပျော်သည့် နည်းစနစ်ကိုပါ ကျွမ်းကျင်လို့ နေသေး၏။ တခြားဘာလုပ်နိုင်သေးသနည်း။ နတ်ဘုရားများသည် မမျှတလှချေ။
ကျန်ချုံးသည် မည်သို့မှမနေနိုင်ဘဲ သူ၏သမီးကို လှမ်းကာကြည့်ရှုလိုက်၏။
ထိုအချိန်မှာတော့ ကျန်းချွင်းဟွာသည် ရှမ့်လန်ကို တစ်ချက်တည်းသာ ကြည့်၏။ သူမသည် တိုက်ပွဲက အာရုံစိုက်လျက်ရှိ၏။ သူမ၏နှလုံးသားများသည် တင်းကျပ်လျက်ရှိနေပြီး မျက်နှာသွင်ပြင် တစ်ခုလုံးကလည်း မှုန်ကုတ်နေ၏။ သူမမိသားစု၏ ကံကြမ္မာ၏ရှေ့တွင် ချစ်ခြင်းမေတ္တာဆိုသည်မှာ ဘာတစ်ခုမှ မဟုတ်တော့ချေ။ သူမသည် ရလဒ်တစ်ခုတည်းကိုသာ လိုချင်၏။ ရွှမ်ဝူအိမ်တော်ကို ရှုံးနိမ့်အောင် တိုက်ခိုက်ခြင်းပင်။
ရွှမ်ဝူအိမ်တော်၏ လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများသည် ပိုမို၍ အားကောင်းသည် ဖြစ်ကြောင်းကို အခြေအနေ သိရှိလာခဲ့၏။ တိုက်ပွဲသည် တစ်ဖက်သတ် တိုက်ခိုက်သလိုပင်ဖြစ်လာခဲ့၏။ ကျင်းဟိုင်မြို့စားကြီး အိမ်တော်၏ စစ်သည်တော်များသည် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ ကျဆင်းလာခဲ့၏။ တကယ့်ကို ဆိုးဆိုးရွားရွား အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခံနေရခြင်းပင်။
သို့ပေမည့် တိုက်ပွဲ၏ အခြားတစ်ဖက်ခြမ်းမှာတော့ အလွန်ပင် အန္တရာယ်များလို့နေခဲ့၏။ ကျင်းဟိုင်မြို့စားကြီး ငှားရမ်းထားသည့် ကျွမ်းကျင်သူလေးဆယ်ကျော်တို့ပင်ဖြစ်၏။ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် တကယ့်ကို အံ့ချီးလောက်စရာပင် ဖြစ်သည်။
အထူးသဖြင့် ထိပ်တန်းကျွမ်းကျင်သူ လေးယောက်တို့ပင် ဖြစ်၏။ ကျန်းပေနယ်စားအိမ်တော်မှ နန်းကုန်းချိုး၊ ကျင်းဟိုင်မြို့စားကြီးအိမ်တော်၏ အကြီးဆုံးသား ထန်ကျုံး၊ ကျန်းယွမ်နယ်စားအိမ်တော်၏ အားအကိုးရဆုံးကျွမ်းကျင်သူ စုထန်အန်း၊ ချင်းကန်မြို့စားအိမ်တော်၏ မွေးစားသား ဝူယွမ်ပေါင်...
ဤကျွမ်းကျင်သူလေးယောက်တို့သည် ကျင်းဟိုင်မြို့စားအိမ်တော်မှ စစ်သည်တော် တစ်ဒါဇင်ကျော်တို့ကို တိုက်ခိုက် သတ်ဖြတ်လျက် ရှိနေ၏။ ရွှမ်ဝူအိမ်တော်၏ စစ်သည်တော်များသည် ထိုသူတို့ကို မယှဉ်နိုင်ကြချေ။ လက်နက်နှင့် အသုံးအဆောင်ပစ္စည်း ကောင်းမွန်ခြင်းသည် တကယ်တမ်း တိုက်ပွဲတွင် အကျိုးကျေးဇူးကို ရရှိသည်ဆိုသော်လည်း နှစ်ဖက်ခြမ်းတွင် ရှိနေသည့် လက်ရည်က အလွန်ကွာခြားနေချိန်မှာတော့ လက်နက်ကောင်းမွန်ခြင်းကလည်း အသုံးမဝင်တော့ချေ။
ရွှမ်ဝူအိမ်တော်၏ဘက်ခြမ်းတွင် ကျွမ်းကျင်သူငါးယောက်ရှိ၏။ ကျင်းမူလန်၊ ကျင်းရှိယန်၊ ကျင်းဝေ၊ ကျင်းကျုံးနှင့် ကျင်းချန်တို့ပင်ဖြစ်၏။
ဘယ်ဘက်ခြမ်းတွင်ရှိနေသည့်တိုက်ပွဲကို မြင်ရသည့်အချိန်မှာတော့ ထိုလူ ငါးယောက်တို့သည် ရှေ့ဆီသို့ လှမ်းတက်သွားခဲ့၏။ လူငါးယောက်တို့သည် အကောင်းဆုံး လက်နက်များကို ကိုင်ဆောင်ကာဖြင့် ရှေ့ဆီသို့ လှမ်းတက်ကာ တိုက်ခိုက်လိုက်ကြသည်။
ဘယ်ဘက်ခြမ်းမှာတော့ ရွှမ်ဝူအိမ်တော်သည် အကြီးအကျယ် အနိုင်ယူနိုင်လျက်ရှိ၏။ ညာဘက်ခြမ်းမှာတော့ ကျင်းဟိုင်မြို့စားကြီးအိမ်တော်သည် အကြီးအကျယ်နှင့် အနိုင်ယူလျက်ရှိနေ၏။ မူလန်၏ တိုက်ခိုက်ရေး ပညာသည် တကယ့်ကို အဆင့်အတန်းမြင့်လွန်းလှ၏။ သို့ပေမည့် ထိပ်တန်းကျွမ်းကျင်သူ နှစ်ယောက် ဖြစ်သော ကျန်းယွမ်နယ်စားအိမ်တော်စီမှ စုထန်အန်း၊ ကျင်းဟိုင်မြို့စားအိမ်တော်စီမှ ထန်ကျုံးတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်သည့် အချိန်မှာတော့ သူမသည် အသာစီး မရရှိနိုင်ခဲ့ကြချေ။
ကျင်းရှိယန်၊ ကျင်းဝေ၊ ကျင်းကျုံး၊ ကျင်းချန်တို့အားလုံးသည် ရန်သူနှစ်ယောက်စီနှင့် ရင်ဆိုင်တိုက်ခိုက် နေရ၏။ မူလန်၏ အခြေအနေက တော်သေး၏။ အဘယ့်ကြောင့်ဆိုသော် သူမသည် တစ်ယောက်တည်း တိုက်ခိုက်သည့် သိုင်းပညာကို လေ့ကျင့်သည်သာမကပေ။ စစ်ပွဲတိုက်ခိုက်မှုသိုင်းပညာကိုလည်း လေ့ကျင့်ထားခဲ့သောကြောင့်ပင်။ ထို့ကြောင့် သူမသည် တိုက်ခိုက်ရေးတည်နေရာထဲတွင် လူနှစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရင်း အဆင်ပြေနေသေး၏။
ကျင်းရှိယန်၏ အခြေအနေမှာလည်း အဆင်ပြေသေး၏။ ၎င်းသည် အလုံးစုံသောအားအင်အဆင့်ဖြင့် ယှဉ်ပြိုင် တိုက်ခိုက်လျက် ရှိနေ၏။ ကျင်းဝေ၏ ခန္ဓာကိုယ်လှုပ်ရှားမှုများက ထူးဆန်းလွန်းလှချေ၏။ သူ့၏ဓားသွား လှုပ်ရှားမှုကလည်း အလွန်မြန်ဆန်လွန်း၏။ တစ်ယောက်တည်းဖြင့် နှစ်ယောက်ကို ယှဉ်ပြိုင်တိုက်ခိုက် နေသည်။
သို့ပေမည့် ကျင်းကျုံးနှင့် ကျင်းချန်တို့မှာတော့ ခုခံမနိုင်တော့ချေ။ အချိန်မရွေး ရှုံးနိမ့်တော့မည့် အခြေအနေမျိုးကို ရောက်ရှိနေ၏။
“စုထန်အန်း”
ကျင်းမူလန်က ရုတ်တရက် အော်ဟစ်လိုက်၏။ ရုတ်တရက် ကျန်းယွမ်နယ်စားအိမ်တော်၏ စုထန်အန်းသည် တုန်လှုပ်သွားခဲ့၏။ ခဏလောက် တန့်ကနဲဖြစ်သွားသည်။
ဆွစ် ...။
ရုတ်တရက် ၎င်း၏မျက်နှာက အေးစက်သွားခဲ့၏။ မူလန်သည် ဓားကို အသာဝှေ့ယမ်းကာဖြင့် ဝင်ကာ တိုက်ခိုက်၏။
ရုတ်တရက် ရွှမ်ဝူသည် ပေါက်ကွဲလုမတတ်ဖြစ်သွားသည်။ ပွဲကြည့်စင်မှလည်း အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ အားလုံးသောသူတို့သည် မည်သို့မှ မနေနိုင်ဘဲ စုကျန့်ထင်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ စုကျန့်ထင်သည် ရွှမ်ဝူမြို့စားကြီး အိမ်တော်ဘက်တွင် ထိုင်လျက်ရှိနေ၏။ မည်သူက ထင်မှတ်မည်နည်း။ ဤကဲ့သို့သော လူသည် နောက်ကျောကို ဓားနှင့်ထိုးလျက် ရှိနေသည်။
“ကျန်းယွမ်နယ်စားအိမ်တော်က တော်ဝင်မျိုးနွယ်ဟောင်းတွေရဲ့ ခေါင်းဆောင်တစ်ယောက်လေ။ ကျင်းမိသားစု နဲ့လည်း ခမည်းခမက် တော်တယ်မလား။ ကျင်းမိသားစု ဒုက္ခရောက်နေတဲ့အချိန်မှာ မကူညီဘဲ ရန်သူဘက်ကိုတောင် အကူအညီပေးလိုက်သေးတယ်။ ဒါတင်မကသေးဘူး။ ရွှမ်ဝူအိမ်တော်ဘက်မှာ ခပ်တည်တည်နဲ့ ထိုင်နေသေးတယ်။ တကယ့်ကို အံ့အားသင့်စရာ ကောင်းတဲ့လူပဲ”
ပထမ စုကျန့်ထင်က မျက်နှာပြောင်းလဲသွားခဲ့၏။ သို့ပေမည့် မကြာခင်မှာပင် ပုံမှန်အတိုင်း ပြန်လည် ဖြစ်တည်သွားခဲ့၏။ ဘာတစ်ခုမှ အပြောင်းအလဲ မဖြစ်ခဲ့သကဲ့သို့ပင်။
ရွှမ်ဝူသည် မသိချင်ယောင်ဆောင်သည့် နေရာတွင် အားနည်းလှသူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် အသာလှည့်ကာ ပြောလိုက်၏။ “စုကျန့်ထင်.. မင်းဒီမှာ မထိုင်တာ ကောင်းလိမ့်မယ်”
စုကျန့်ထင်သည် ခပ်တည်တည်ဖြင့် ပြောလိုက်သည် “ဦးလေး... ဘာတွေဖြစ်နေတာလဲ ကျွန်တော် မသိဘူး။ ဒီကိစ္စကိုပြီးမှ ပြင်းပြင်းထန်ထန် အပြစ်ပေး ပေးပါ့မယ်”
.............