အပိုင်း (၁၅၄)
Vol. 12 Ch. 154
နောက်ဆုံးမှာတော့ နှစ်ဖက်ခြမ်း၏ တိုက်ပွဲသည် အချိန်မရွေး ပြိုလဲတော့မည့် အခြေအနေမျိုး ဖြစ်နေ၏။ ညာဘက်ခြမ်းတွင် ကျင်းဟိုင်မြို့စားကြီးအိမ်တော်မှ စစ်သည်တော် တစ်ဒါဇင်ကျော်တို့သည် ဒဏ်ရာရရှိခြင်း၊ သတ်ဖြတ်ခံရခြင်းတို့ဖြင့် ကြုံနေရ၏။ ဘယ်ဘက်ခြမ်းတွင်တော့ ကျင်းချန်နှင့်ကျင်းကျုံးတို့သည် အချိန်မရွေး မြေပေါ်သို့ လဲကျတော့မည့် အခြေအနေမျိုးပင်။
မူလန်သည် လူသုံးယောက်၏ တိုက်ခိုက်ခြင်းကို ခံနေရပြီး အန္တရာယ်အတွင်းသို့ သက်ဆင်းနေ၏။ ကံကောင်းစွာဖြင့် ရန်သူ၏ ဦးခေါင်းထဲတွင် သံမဏိစည်းကမ်းတစ်ခုရှိ၏။ ထိုအရာသည် ကျင်းမူလန်ကို မသတ်ဖြတ်ရခြင်းပင်။ သူမ၏ ခန္ဓာကိုယ်ကို ဒဏ်ရာအနည်းငယ်လေးတောင်ဖြစ်အောင် ပြုလုပ်၍ မရခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် ရွှမ်ဝူအိမ်တော်၏ တန်ဖိုးကြီးမားသည့် ပိုင်ဆိုင်မှုများထဲတွင် သူမက တစ်ခုအပါအဝင် ဖြစ်၏။
သူမ၏လှပမှုသည် တကယ့်ထိပ်တန်း ဆရာကြီးများဆီသို့ လက်ဆောင်အဖြစ် ပေးအပ်ရန် ထိုက်တန်သည့် အရာမျိုးဖြစ်ခဲ့၏။ သို့ပေမည့် ထိုသို့ဆိုလျှင်တောင်မှ လူသုံးယောက်တို့သည် ကျင်းမူလန်ကို တိုက်ခိုက်လျက် ရှိနေပြီး ၎င်းတို့၏ ဓားချက်များသည် အလွန်ပင် ပြင်းထန်၏။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ချပ်ဝတ်သည် အပိုင်းပိုင်း ပြတ်သွားခဲ့၏။ သူမ၏ သေးငယ်သည့် ခါးလေးက ပေါ်ပေါက်လာခဲ့၏။ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားခဲ့သည့် မြွေအရေခွံသည် လက်မဝက်လောက် ကွဲအက်သွားခဲ့သည်။
ကျင်းဟိုင်မြို့စားအိမ်တော်ဆီသို့ ငှားရမ်းထားသည့် လက်ရွေးစင် စစ်သည်လေးဆယ်တွင် နှစ်ဆယ်က သေဆုံး သွားခဲ့ပြီဖြစ်၏။ နှစ်ဆယ်သာလျှင် ကျန်ရှိတော့၏။ ရွှမ်ဝူအိမ်တော်မှ စစ်သည်တော်တစ်ရာတွင် သုံးဆယ်က သေဆုံးသွားခဲ့ပြီဖြစ်၏။ အခြေအနေသည် ထူးဆန်းစွာဖြင့် ဘက်မျှလျက်ရှိနေ၏။
မူလန်နှင့် သူမ၏အဖော် လေးယောက်တို့အား ရန်သူဘက်ခြမ်းမှ ကျွမ်းကျင်သူနှစ်ဆယ်တို့က ဝိုင်းရံကြ၏။ ရွှမ်ဝူအိမ်တော်၏ စစ်သည်တော် ခြောက်ဆယ်နီးပါးသည် ရန်သူ၏ ကျွမ်းကျင်သူနှစ်ဆယ်ကို ထပ်မံကာ ဝိုင်းပိတ်ထားသည်။
ရွှမ်ဝူသည် ရုတ်တရက် မတ်တပ်ထလိုက်၏။ “ဦးရီးတော်နင်းချီ.. မင်းကြီးပျံ့ရှောင်းနဲ့ အမတ်ကြီးစော့ရွှမ်းတို့ .. ကျုပ် တစ်စုံတစ်ခုကို အကြံပြုချင်ပါတယ်။ ဒီပွဲကို သရေ အဖြစ် သတ်မှတ်လိုက်ကြရအောင်”
ရွှမ်ဝူမြို့စားအိမ်တော်၏ လက်ရွေးစင် စစ်သည်သုံးဆယ်ကျော်တို့ သေဆုံးခြင်းသည် သူ့ကို တကယ်ပင် ဝမ်းနည်းစေခဲ့၏။ အကယ်၍ မူလန်၊ ကျင်းရှိယန် နှင့် အခြားသောသူများသည်သာ မတော်တဆကိစ္စ တစ်ခုခု ဖြစ်သည်ဆိုပါက သူ လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ဟုတ်ပေ၏။ ရှမ့်လန်သည် မူလန်ကို သက်တောင့်သက်သာ တိုက်ခိုက်ရန် မှားထား၏။ ရန်သူသည် မူလန်၏အသက်ကို ယူဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် သူ့၏မွေးစားသားဖြစ်သော ကျင်းရှိယန်၊ ကျင်းချန်၊ ကျင်းဝေနှင့် ကျင်းကျုံးတို့သည် ဆုံးရှုံးခံ၍ ရသည့်အရာမျိုး မဟုတ်ချေ။ ထို့ကြောင့်သူသည် ကောင်းမွန်သည့် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်၏။
ကျင်းဟိုင်မြို့စားကြီးသည် တင်းမာ ခက်ထန်သည့် အကြည့်ဖြင့် ကြည့်ကာပြောလိုက်၏။ “ဘာကြောင့် ကျုပ်က သရေဆိုတာကို လက်ခံရမှာလဲ။ ခင်ဗျားရှုံးတော့မယ်လေ”
သူသည် မတိုက်ခိုက်ဘူး ဆိုလျှင်တောင်မှ မျက်လုံးများသည် သွေးကဲ့သို့ပင် နီရဲနေခဲ့၏။ သူသည် ဤကျွမ်းကျင်သူများကို ငှားရမ်းရန်အတွက် ကြီးမားသည့် ပေးဆပ်မှုမျိုးကို ပေးအပ်ခဲ့ရ၏။ ထို့ကြောင့် ၎င်းတို့ကို အဆုံးစွန်ထိ အသုံးပြုရပေလိမ့်မည်။ ရွှမ်ဝူအိမ်တော်တွင် ရှိနေသည့် လက်ကျန်လူများ အားလုံးကို သတ်ဖြတ်ပစ်နိုင်မည် ဆိုပါက အကောင်းဆုံးပင်။ ငှားရမ်းထားသည့် ကျွမ်းကျင်သူများ၏ သေဆုံးခြင်း အတွက်တော့ သူဂရုစိုက်လိမ့်မည် မဟုတ်ချေ။
သေခြင်းတရားကို လက်မခံနိုင်သည်ဆိုပါက ကြီးကျယ်မြင့်မြတ်သည့် လူတစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ချေ။ သူ၏အကြီးဆုံးသား ထန်ကျုံး သေဆုံးသွားမည်ဆိုလျှင်တောင် သူက လက်ခံနိုင်၏။ သူသည် အနိုင်ရလဒ်ကိုသာလျှင် လိုချင်သည်။
ရွှမ်ဝူကပြောလိုက်၏။ “ကျုပ်ရှုံးတော့မယ် ဟုတ်လား။ မဟုတ်သေးပါဘူး။ ကျုပ်ဆီမှာ လူခုနှစ်ဆယ်ကျော် ရှိသေးတယ်။ ခင်ဗျားဆီမှာ နှစ်ဆယ်ပဲ ကျန်တော့တယ်။ အဆုံးထိ တိုက်ခိုက်မယ်ဆိုရင် ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့ခက်တယ်။ ကျုပ်တို့မိသားစုရဲ့ အောင်နိုင်မှုက ဖြစ်နိုင်ချေ ပိုပြီးတော့များတယ်”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “ဒါဆိုရင်လည်း အဆုံးထိ တိုက်ခိုက်ကြတာပေါ့”
မြို့စားကြီးရွှမ်ဝူက ပြောလိုက်၏။ “ခင်ဗျားတို့ ကျင်းဟိုင်မြို့စားကြီးအိမ်တော်ရဲ့ လူနှစ်ဆယ်က ဘယ်လောက် များလဲ။ သူတို့ရဲ့မျက်နှာဖုံးတွေကို ချွတ်လိုက်ရင်ရော။ ကျန်းယွမ်နယ်စားအိမ်တော်ရဲ့ စုထန်အန်းလည်း ဒီမှာရှိနေတယ်။ ခင်ဗျားတို့ ထန်မိသားစုက သူတို့ကို ဘယ်လိုခေါ်ထားတာလဲ။ ပြီးတော့ အဆုံးထိ တိုက်ခိုက်မယ်ဆိုရင် နောက်ဆုံး သွေးတစ်စက် ကျန်သည်အထိ တိုက်ခိုက်မှဖြစ်မယ်။ ခင်ဗျားငှားထားတဲ့ ကျွမ်းကျင်သူတွေက ခင်ဗျားအတွက် အသေခံပြီး တိုက်ခိုက်ပေးမယ် ထင်လို့လား။ သူတို့က ထန်မိသားစုအတွက် သေဆုံးပေးမယ် ထင်လို့လား”
ကျင်းဟိုင်မြို့စားကြီးသည် စိတ်ထဲတွင် အော်ဟစ်လျက်ရှိနေသည်။ ဒါ ခင်ဗျားနဲ့ဘာဆိုင်လဲ။ သူတို့သေချင်သေ၊ မသေချင်နေ ကျုပ်ဂရုမစိုက်ဘူး။ ကျုပ်နိုင်ဖို့က အဓိကပဲ။ ကျုပ်က ဒီလူတွေ ငှားဖို့အတွက် ကြီးမားတဲ့ ပေးဆပ်မှုကို ပေးအပ်ခဲ့ရတာ။
သို့ပေမည့် အမှန်တရားက အမှန်တရားသာဖြစ်၏။ ငှားရမ်းထားခဲ့သည့် ကျွမ်းကျင်သူများသည် သူ့အတွက် သတ်ပေးနိုင်၏။ သို့ပေမည့် သူ့အတွက် သေပေးလိမ့်မည် မဟုတ်ချေ။ ယခုအဆုံးထိ တိုက်ခိုက်ရမည့် အခြေအနေမျိုးဖြစ်၏။ ယခုတိုက်ပွဲက ခဏရပ်တန့်နေခဲ့၏။
ကျင်းဟိုင်မြို့စားကြီးအိမ်တော် ငှားရမ်းထားသည့် ကျွမ်းကျင်သူများသည် ၎င်းတို့၏ဓားမော့များကို မြောက်လိုက်၏။ သူတို့သည် သရေကို လက်သင့်ခံခဲ့သည်။
ဦးရီးတော်နင်ချီ ၊ ပျံ့ရှောင်းနှင့် စော့ရွှမ်းတို့က ခဏလောက်စဉ်းစားလိုက်၏။ “အင်း.. ဒီတိုက်ပွဲကို သရေအဖြစ် သတ်မှတ်တာ ကောင်းမယ်လို့ထင်တယ်။ ရွှမ်ဝူ၊ ကျင်းဟိုင်၊ ခင်ဗျားတို့ဘယ်လိုထင်လဲ”
ထန်ယွင်က ပြောလိုက်၏။ “အဖေ.. ဦးရီးတော်နင်ချီနဲ့ ကလန်ကဆန် မလုပ်နဲ့တော့။ ငှားရမ်းထားတဲ့ ကျွမ်းကျင်သူတွေကလည်း ဆက်ပြီး မတိုက်ခိုက်ချင်တော့ဘူး။ ပြီးတော့ ကျင်းမူကုန်းနဲ့ တိုက်ပွဲမှာ ကျုပ် အနိုင်ရအောင် ယှဉ်ပြိုင်ပေးပါ့မယ်”
“ဒါဆိုရင် သရေအဖြစ်ထားလိုက်တာပေါ့။ မင်းနဲ့ မူကုန်း ကြားမှာရှိတဲ့ နောက်ဆုံးတိုက်ပွဲက အရေးကြီးလာပြီ။ မင်းရဲ့အရည်အချင်းက သူ့ထက် အများကြီးသာတယ်နော်။ ပြီးတော့ ငါတို့မိသားစုက နိုင်နိုင်သေးတယ်။ ရွှမ်ဝူအိမ်တော်ကတော့ ဖျက်ဆီးခံရမှာပဲ”
ဒုတိယတိုက်ပွဲက ပြီးဆုံးသွားခဲ့၏။ အဆုံးသတ်မှာတော့ ကျင်းဟိုင်မြို့စားကြီးက သဘောတူညီလိုက်ရ၏။ ခဏလောက် တည်ငြိမ်ပြီးသည့်နောက် သူသည် အကောင်းဆုံးအဆုံးသတ် ဖြစ်လာမည်ကို သိရှိပြီးဖြစ်၏။ သူ၏ ဘယ်ဘက်ခြမ်းတွင် လူ ၂၀ သာလျှင် ကျန်ရှိတော့၏။ သို့ပေမည့် ထိုလူများအားလုံးသည် လူတစ်ရာဆီမှ ရွေးချယ်ထားခဲ့သည့် လက်ရွေးစင် စစ်သည်များ ဖြစ်၏။
ရွှမ်ဝူအိမ်တော်မှာတော့ လူခုနှစ်ဆယ်တည်ရှိနေ၏။ ထိုထဲတွင် ကျွမ်းကျင်သူဟူ၍ လေးယောက်သာလျှင် ကျန်ရှိတော့၏။ နှစ်ဖက်ခြမ်း၏ အားအင်အဆင့်သည် တူညီသည့် အခြေအနေဟု ပြောဆိုရ၏။ နောက်ဆုံး အခြေအနေထိ တိုက်ခိုက်သည်ဆိုပါက ရလဒ်ကို ခန့်မှန်းရန် ခက်ခဲပေမည်။
ပြောရမည်ဆိုလျှင် ကျင်းဟိုင်မြို့စားကြီးသည် အနိုင်ရရှိရန် အခွင့်အရေးပိုများ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ဘက်မှာ ရှိနေသည့် ကျွမ်းကျင်သူများ၏ လက်ရည်လက်စနှင့် အားအင်အဆင့်သည် ပိုမိုကာ ကောင်းမွန်လွန်းသောကြောင့်ပင်။
သို့ပေမည့် စိတ်ဓာတ်ပိုင်းဆိုင်ရာအရဆိုလျှင် ရွှမ်ဝူ၏ဘက်ခြမ်းသည် ပိုမိုကာ အားကောင်း၏။ တိုက်ပွဲမပြီးဆုံးသည့် အချိန်အထိ မည်သူနိုင်ရမည်ဆိုသည်ကို ခန့်မှန်းရန် ခက်ခဲလှ၏။ ထို့ကြောင့် ကျင်းဟိုင်မြို့စားကြီးသည် သရေဆိုသည်မှာ ကောင်းမွန်သည့်အရာဖြစ် သုံးသပ်လိုက်မိ၏။
“ရွှမ်ဝူ၊ ကျင်းဟိုင် ခင်ဗျားတို့နှစ်ယောက် သရေဆိုတာကို သဘောတူညီလား” ဦးရီးတော် နင်ချီက မေးမြန်းလိုက်သည်။
ရွှမ်ဝူသည် ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် ဦးညွတ်လိုက်၏။ “သဘောတူပါတယ်”
ကျင်းဟိုင်မြို့စားကြီးသည် ရှေ့ဆီသို့ လှမ်းတက်ကာ ဦးညွှတ်လိုက်သည်။ “ကျုပ်လည်း သဘောတူပါတယ်”
ကျင်းဟိုင်မြို့စားကြီး၏ အိမ်တော်ဘက်ခြမ်းမှာတော့ အောင်ပွဲခံရန်အတွက် အစောကြီးထဲက ပြင်ဆင်ထား ပြီးသား ဖြစ်၏။ သို့ပေမည့် မသေဆုံးဘဲ အသက်ရှင်ကျန်ရစ်ခြင်းကပင် ကြီးမားသည့် ခံစားချက်အဖြစ် ကျန်ရစ်ခဲ့ရ၏။ ဒုတိယတိုက်ပွဲသည် သူတို့ထင်မှတ်ထားသည်နှင့် အလွန်ပင် ကွဲပြားလျက်ရှိနေ၏။ မည်သို့ပင်ဆိုစေကာမူ အနည်းဆုံးတော့ သူတို့ မရှုံးခဲ့ချေ။
စောနတုန်းက မြင်ခဲ့ရသည့် အခြေအနေသည် သူတို့ကို တကယ်ပင် အံ့အားသင့်စေခဲ့စည်။ မည်သူက ထင်မှတ်မည်နည်း။ ရွှမ်ဝူအိမ်တော်၏ ချပ်ဝတ်အသစ်နှင့် လက်နက်များသည် တကယ့်ကို ကောင်းမွန်လွန်း လှချေ၏။ အားလုံးသော သူတို့ကို ရူးရူးမူးမူး သတ်ဖြတ်ခဲ့၏။
ကံကောင်းစွာဖြင့် ကျန်းချုံးသည် ကျင်းဟိုင်မြို့စားကြီးထက် ပိုမိုကာ အတွေးအခေါ် အမျှော်အမြင် ကောင်းမွန်လွန်း၏။ ထို့ကြောင့် တခြားသော မိသားစုများဆီမှ ထိပ်တန်းကျွမ်းကျင်သူများကို သွားရောက် ငှားရမ်းခဲ့၏။ မဟုတ်ပါက လက်ရှိအခြေအနေတွင် အလုံးစုံ ရှုံးနိမ့်နေပြီ ဖြစ်၏။ တတိယတိုက်ပွဲကို ဆက်လက် တိုက်ခိုက်ရန်ပင် လိုအပ်လိမ့်မည် မဟုတ်တော့ချေ။ အိမ်ကို တန်းပြန်သွားရုံသာ ရှိ၏။ ရှုံးနိမ့်မှု၏ အကျိုးဆက်သည် တွက်ချက်၍ မရနိုင်အောင် ကြီးမားလွန်းသည်။
ဆက်ခံသူ ထန်ယွင်သည် သူ၏ စိတ်ထဲတွင်တော့ အနည်းငယ် ကံကောင်းသည်ဟု ခံစားနေ၏။ နောက်ဆုံး တွင်တော့ သူသည် မိသားစုကို ကယ်တင်ရမည့်သူ ဖြစ်လာခဲ့၏။ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ရမည့် လူသည် သူဖြစ်လာခဲ့၏။ ကျင်းဟိုင်မြို့စားကြီးအိမ်တော်သည် သရေတစ်ပွဲနှင့် တစ်ပွဲရှုံးထားခဲ့၏။ သို့သော်ငြား အားလုံးသောသူတို့၏ နှလုံးသားထဲရှိ သူတို့၏ အနိုင်ရရှိမှုကတော့ တည်ရှိနေသေး၏။
နေ့လယ်ခင်း တိုက်ပွဲတွင်တော့ သူသည် ကျင်းမူကုန်းကို တစ်ခါတည်း အနိုင်ယူနိုင်မှာ ဖြစ်၏။ ဤအရာက စဉ်းစားနေစရာ မလိုအပ်ချေ။ အနောက်ဘက်မှာ နေထွက်မှသာ ရလဒ်ကို ပြောင်းလဲနိုင်ပေလိမ့်မည်။
ထန်ယွင်သည် တတိယတိုက်ပွဲကို အနိုင်ယူခဲ့သည်ဆိုလျှင်တောင်မှ အနိုင်ရရှိသူကို ဆုံးဖြတ်ရန် ထပ်တိုး တိုက်ပွဲတစ်ခု ဆက်လက်ယှဉ်ပြိုင်ရပေမည်။
ရွှမ်ဝူသည် ကျင်းဟိုင်နှင့် ရင်ဆိုင်တိုက်ခိုက်ရမည် ဖြစ်၏။ ဤတိုက်ပွဲတွင် ရွှမ်ဝူဘက်က ဘာလုပ်နိုင်မည်နည်း။ ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ရွှမ်ဝူ၏ သိုင်းပညာနှင့် ပါရမီသည် သာမန်သာလျှင် ရှိ၏။ သူသည် တော်ဝင်မျိုးနွယ်တစ်ယောက် ဖြစ်သည်ဆိုသော်လည်း တကယ်တမ်း တော်ဝင်မျိုးနွယ်အချင်းချင်း တိုက်ခိုက်သည့် နေရာတွင် ဘာတစ်ခုမှ ပိုသာလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် လူတော်တော်များများတို့သည် ရွှမ်ဝူအား လိပ်ကြီးဟု နောက်ပြောင်ကြခြင်းပင်။
ကျင်းကျိုးသည် ရွှမ်ဝူအိမ်တော်၏ တကယ့်လိပ်စစ်စစ်ဖြစ်၏။ ကျင်းမူကုန်းနှင့်ပတ်သက်၍ အားလုံးတော့ သူတို့က လှောင်ပြောင်နေသကဲ့သို့ပင် မြို့စားကြီးကျင်းကျိုးအားလည်း ခေါင်းကို အမြဲတမ်းဖွက်ထားခဲ့သည့် လိပ်ကဲ့သို့ လှောင်ပြောင်တတ်ကြ၏။ ရွှမ်ဝူအိမ်တော်၏ သိုင်းပညာသည် သာမန်သာလျှင် ဖြစ်၏။ ၎င်းတို့သည် ဇွဲကောင်းမှု၊ သတ္တိရှိမှုနှင့်သာ ရပ်တည်နေကြခြင်း ဖြစ်၏။
မြို့စားကြီးကျင်းဟိုင်မှာတော့ ထိပ်တန်း တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်သည်။ ကျင်းဟိုင်မြို့စားကြီးသည် အုပ်ချုပ်ရေးမှူး ကျန်းချုံး ရှေ့ဆီသို့ သွားပြီး ဦးညွတ်လိုက်သည်။ “ထန်လွမ်က အုပ်ချုပ်ရေးမှူးရဲ့ ကြင်နာတတ်မှုကို ကျေးဇူးတင်ပါတယ်”
သူ သိရှိသွားခဲ့ပြီဖြစ်သည်။ ကျန်းချုံးကြောင့်သာ မဟုတ်ပါက ကျင်းဟိုင်မြို့စားကြီး၏ အိမ်တော်သည် အဆုံးသတ်နေပြီ ဖြစ်၏။ ထို့ကြောင့် အားလုံးသော သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ကျန်းချုံးဆီသို့ ရောက်ရှိလာပြီး ချီးကျူးစကားဆိုကြ၏။ နိုင်ငံ၏ တကယ့်ပါရမီရှင်ဟု ပြောဆိုသုံးနှုန်းဖို့ ထိုက်တန်သည့် လူပင်ဖြစ်၏။ ၎င်း၏ အမြင်အာရုံသည် မီးရှူးမီးတိုင်ကဲ့သို့ပင် ထင်ရှားလင်းလက်စေ၏။
အုပ်ချုပ်ရေးမှူးသည် အားလုံးသော သူတို့၏ ကယ်တင်ရှင်ဖြစ်လာခဲ့၏။ သို့ပေမည့် ကျန်းချုံး၏ မျက်နှာပေါ်တွင်တော့ အပြုံးဟူ၍ မရှိချေ။ သူ၏ စိတ်ထဲတွင် ရှိနေသည့် မကောင်းသည့် ခံစားချက်များကို ဖယ်ရှား၍ မရနိုင်ချေ။ ထို့အပြင် ထိုခံစားချက်များသည် ပိုမိုကာ အားကောင်းလာခဲ့သည်။
မနေ့ညက ဤအဖွဲ့ ကြိုတင်အောင်ပွဲခံနေတည်းက သူ အကြံပေးစကား ပြောချင်၏။ သို့ပေမည့် သူသည် ထိုအရာကို လက်လျှော့ခဲ့ရ၏။
“လူကြီးမင်းတို့ ကျုပ်သွားလိုက်ပါအုံးမယ်” ကျန်းချုံးက ထွက်ခွာသွားခဲ့သည်။
အခန်းဆီသို့ ပြန်ရောက်ပြီးနောက် ကျန်းချုံးသည် ရေနွေးခွက်ထဲသို့ ရေနွေး အသာလောင်းထည့်လိုက်၏။ သူသည် ထိုအရာကို မသောက်သေးချေ။ သူ၏ စိတ်ထဲတွင် အသေးစိတ်အချက်အလက်များကို ဝေဖန်ပိုင်းခြားနေ၏။ သူ ဘာတွေလိုအပ်ခဲ့သနည်း ဆိုသည်ကို ပြန်လည်ကာ ကြိုးစားစဉ်းစားနေမိ၏။
ကျန်းကျင်းသည် အထဲသို့ ဝင်လာပြီးနောက် သူ၏အဖေ မျက်မှောင်ကုတ်ကာ စဉ်းစားလျက်နေကြောင်း မြင်ရချိန်မှာတော့ အသာပင် ပြောဆိုလိုက်သည်။ “အဖေ... ဒုတိယတိုက်ပွဲက သရေဆိုပေမဲ့ နောက်ဆုံးမှာ ကျုပ်တို့ နိုင်မှာပါပဲ”
ကျန်းချုံးက ပြောလိုက်၏။ “မင်း ဘာကြောင့် အဲလို ပြောရတာလဲ။ ရှမ့်လန် ဘာတွေ စီစဉ်ထားတယ်ဆိုတာ မင်းသိလား”
ကျန်းကျင်းက ပြောလိုက်သည်။ “ရှမ့်လန်ရဲ့ အစီအစဉ်အရဆိုလျှင် တိုက်ပွဲသုံးပွဲမှာ နှစ်ပွဲနိုင်ပြီးပြီလေ။ ဘယ်လိုပဲဖြစ်ဖြစ် အတက်ပညာတိုက်ပွဲကို ရှုံးနိမ့်မှာပဲ။ သူက ပါရမီရှင်တစ်ယောက်ဆိုရင်တောင်မှ ပြောင်းလဲလို့ မရနိုင်တဲ့ အရာတွေ ရှိသေးတယ်။ အဖေကြောင့်သာ မဟုတ်ဘူးဆိုရင် ရှမ့်လန်က နိုင်သွားခဲ့တာ သေချာတယ်”
“ဘယ်သူက ထင်မှတ်မှာလဲ။ ကြယ်ကြွေဓားသိုင်းကို ဖျက်ဆီးနိုင်မယ့် နည်းလမ်းကို သူရှာဖွေနိုင်လိမ့်မယ်လို့။ ပြီးတော့ ဘယ်သူက ထင်မှတ်မိမှာလဲ။ ဒီလို ချပ်ဝတ်တွေ၊ လက်နက်တွေကို ဖန်တီးနိုင်လိမ့်မယ်လို့ ။ ဒါပေမဲ့ ရှမ့်လန်ရဲ့ ကံကြမ္မာအလှည့်ပြောင်းက ဒီနေရာမှာအဆုံးသတ်ပြီ။ သူ့ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်က အကန့်အသတ် ရှိနေတယ်”
ကျန်းကျင်း၏ စကားများသည် တကယ့်ကို အမှန်ပင် ဖြစ်၏။ ထို့ကြောင့်ပင်လျှင် တော်ဝင်မျိုးနွယ်များသည် အောင်ပွဲကို ကြိုတင်ကာ ပြင်ဆင်နေကြခြင်း ဖြစ်၏။
ကျန်းကျင်းက ပြောလိုက်သည်။ “လူတွေက ပြောတယ်။ သစ်ဆွေးသစ်ဟောင်းကြီးကို ပန်းပုထုလို့ မဖြစ်နိုင်ဘူးတဲ့။ အဖေသိတဲ့အတိုင်းပဲ။ ကျင်းမူကုန်းက ဘယ်လိုမှ လေ့ကျင့်ပေးလို့မရတဲ့ အမှိုက်ကောင် တစ်ကောင်ပဲလေ။”
ဤစကားစုများသည် မှားယွင်းသည့်အရာမျိုး မဟုတ်ချေ။ ထန်ယွင်သည် ကောင်းကင်ယံထက်ဆီမှ စာတပ်ပေတတ်တစ်ယောက်ဖြစ်ပြီး နောက်ဆုံးနှစ် နန်းတွင်းစာမေးပွဲတွင်လည်း တတိယအဆင့်ဖြင့် အောင်မြင်ခဲ့သူ တစ်ယောက် ဖြစ်၏။ ၎င်း၏ စာပေပညာပါရမီသည် တကယ့်ကို ထွန်းပြောင်လွန်းလှချေ၏။ တောင်များ၊မြစ်များ ပျက်စီးသွားမည်ဆိုလျှင်တောင် ပညာ့ဂုဏ်ရည်သည် ပျက်စီးသွားနိုင်မည့်အရာမျိုး မဟုတ်ချေ။ သူ့အနေနှင့် ကျင်းမူကုန်းကို အနိုင်ယူနိုင်ဖို့ ဆိုသည်မှာ လွယ်ကူသည့်အရာပင် ဖြစ်၏။
ထို့အပြင် ဤတစ်ကြိမ် အတက်ပညာတိုက်ပွဲ၏ မေးခွန်းကို ဘုရင်မင်းမြတ်သာလျှင် သိ၏။ မေးခွန်းများအား သေတ္တာထဲတွင် စည်းခတ်ထား၏။ ရှမ့်လန်တစ်ယောက် ကျင်းမူကုန်းကို ကူညီချင်သည် ဆိုလျှင်တောင်မှ မည်သို့မှ မဖြစ်နိုင်ချေ။
ကျန်းချုံး၏ မျက်ခုံးများသည် လှုပ်လျက်ရှိ၏။ သူ၏ စိတ်ထဲတွင် အကြံတစ်ခုကို ရခဲ့သည်။ “ရှမ့်လန်က ထျန်းဟန်ရဲ့ လောင်းကစားရုံကို သွားတဲ့အချိန်မှာ ဆက်တိုက်အနိုင်ယူခဲ့တယ်လို့ ပြောတယ်။ သူက တစ်ခါတည်း ၁၃ ပွဲတိတိ အနိုင်ယူနိုင်ခဲ့တယ်လို့ ပြောတယ်။ ဟုတ်လား”
ကျန်းကျင်းက ကြောင်အသွား၏။ “ဟုတ်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ တကယ်ပဲ ဖြစ်ခဲ့ပါတယ်”
ကျန်းချုံး၏ စိတ်ထဲတွင်တော့ စိတ်ကူးစိတ်သန်းတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ဤအရာက ဖြစ်နိုင်သည့်အရာမျိုး မဟုတ်ချေ။ သို့ပေမည့် လောကကြီးတွင် ထူးဆန်းသည့် အရာမျိုး ဖြစ်မလာနိုင်ဟု မည်သူက ပြောမည်နည်း။ ဝိညာဉ်သရဲကဲ့သို့ အမြင်မျိုးကို ပိုင်ဆိုင်သည့် လူတစ်ယောက် မရှိနိုင်ဟု မပြောနိုင်ချေ။
ကျန်းချုံးက မေးမြန်းလိုက်သည်။ “ရှမ့်လန်က အတက်ပညာတိုက်ပွဲရဲ့ မေးခွန်းကို ကြိုပြီးသိနေတာမျိုး မဖြစ်နိုင်ဘူးလား။ သူက ဒီအရာတွေအားလုံးကို ကြိုသိပြီး အဖြေတွေရေးထားမယ်။ ပြီးတော့ ကျင်းမူကုန်းကို အဖြေတွေပေးပြီး ကျက်မှတ်ခိုင်းထားမယ်”
ကျန်းကျင်းသည် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဘယ်လို.. ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါ မဖြစ်နိုင်ပါဘူး”
ကျန်းချုံးက ပြောလိုက်သည်။ “ရန်သူကို အထင်မသေးရဘူး။ ရဲရဲတွေးရုံတင်မကဘူး သေသေချာချာ ဂရုစိုက်ပြီး လုပ်ရမယ်”
ပြီးသည့်နောက် သူက ပြောလိုက်၏။ “သွား ... ချွင်းဟွာကို အထဲကို ခေါ်လာလိုက်”
ခဏလောက် ကြာပြီးနောက် ကျန်းချွင်းဟွာ အထဲသို့ ဝင်လာခဲ့၏။ ဤနေရာမျိုးတွင် အမျိုးသမီးများ၏ အလိုလိုသိစိတ်က ပိုမိုကာ ထက်ရှသည်ဟု သူ ယုံကြည်မိ၏။ အထူးသဖြင့် သူ၏သမီးသည် အတွေးအခေါ်ပိုင်း ဆိုင်ရာတွင် ပိုမို၍ကောင်းမွန်၏။ ပိုမို၍အရေးကြီးမားသည်မှာ သူမသည် ရှမ့်လန်ကို ကြိုက်နှစ်သက်နေသောကြောင့် ရှမ့်လန် အကြောင်းကို ပိုမို သုံးသပ်နိုင်ပေလိမ့်မည်။
“ချွင်းဟွာ.. မနက်ခင်း စစ်ပွဲတုန်းက ရှမ့်လန်ရဲ့ အမူအရာကို မင်းသတိပြုမိလား”
ဟုတ်ပေ၏။ ကျန်းချွင်းဟွာသည် ထိုအရာနှင့်ပတ်သက်၍ လေးလေးနက်နက်ရှိ၏။ သူမက ပြန်လည်စဉ်းစား လိုက်၏။ “ရွှမ်ဝူ သရေအဖြစ်အကြံပြုတဲ့အချိန်တုန်းက ရှမ့်လန်ကို ကြည့်လိုက်တာ စိတ်သက်သာရာ ရသွားသလိုပဲ။ ဒါပေမဲ့ သူက မျက်မှောင်တော့ ကုတ်နေသေးတယ်”
“မဟုတ်သေးဘူး”
ကျန်းချုံးက ပြောလိုက်၏။ “ဒီထက်ပိုပြီး အသေးစိတ်ကျတဲ့ အရာမျိုး”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ဘယ်လိုအသေးစိတ်မျိုးလဲ”
ကျန်းချုံးက ပြောလိုက်၏။ “ကျင်းမူလန် သေဆုံးသွားမှာကို စိုးရိမ်နေတာမျိုး”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “အဲဒီမိန်းမက သေမှာကို ကြောက်တဲ့လူမျိုး မဟုတ်ဘူး။ အရမ်းကို ရဲရင့်တယ်။ ရွှမ်ဝူအိမ်တော်ရဲ့ ဂုဏ်သိက္ခာအတွက် သူမရဲ့ အသက်ကိုတောင် ပေးဆပ်ပြီး တိုက်ခိုက်ရဲတဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ ဒီနေ့မှာတော့ နည်းနည်းလေး တုန့်တုန့်ဆိုင်းဆိုင်းနဲ့ တိုက်ခိုက်နေတဲ့ ပုံပဲ။ သူမက အသက်ကို ပေးပြီး တိုက်ခိုက်ဖို့ အစီအစဉ်ပုံ မပေါ်ဘူး”
ကျန်းချုံးက ပြောလိုက်၏။ “ဒါ ပုံမှန် မဟုတ်ဘူး။ ပြောရမယ်ဆိုရင် ဒီတိုက်ပွဲကသာ ရွှမ်ဝူအိမ်တော်အတွက် အဆုံးအဖြတ် တိုက်ပွဲ ဖြစ်မယ်ဆိုရင် သူမ အားကုန်ထုတ်ပြီး တိုက်ခိုက်ခဲ့ရမှာပေါ့။ ဒါပေမဲ့ သတိအပြည့်နဲ့ တိုက်ခိုက်နေတယ်”
ထိုစကားကို ကြားရသည့်အချိန်မှာတော့ ကျန်းကျင်းနှင့် ကျန်းချွင်းဟွာတို့သည် သံသယဝင်လာခဲ့ကြ၏။ သိရှိပြီ ဖြစ်၏။ ကျန်းချုံးသည် နောက်ဆုံး ဘာတွေ မှားယွင်းနေသည်ဆိုသည်ကို သိရှိပြီ ဖြစ်သည်။
“အခု ကျင်းမူလန်က ဘယ်သူ့စကားကို နားထောင်ဆုံးလဲ။ ဟုတ်တယ်။ ရှမ့်လန်ရဲ့ စကားကို နားထောင်ဆုံးဖြစ်လိမ့်မယ်”
ကျန်းချုံးက ပြောလိုက်၏။ “ဒါဆိုရင် သူမက ဘာလို့ အသက်ကို စတေးပြီးတော့ မတိုက်ခိုက်တာလဲ။ ဘာလို့လဲဆိုတော့ ရှမ့်လန်က သူမကို မသေစေနဲ့။ သတိအပြည့်နဲ့ တိုက်ခိုက်ဖို့ မှာထားလို့ပဲ။ ရှုံးနိမ့်သွားမယ်ဆိုရင်တောင် ကိစ္စမရှိဘူး။ ဘာလို့လဲဆိုတော့ ရှမ့်လန်က အစီအစဉ်တစ်ခု ရှိနေလို့ပဲ။ ရှမ့်လန်ဆီမှာ ဘာလို့ ယုံကြည်မှုရှိနေတာလဲ။ သူက အတတ်ပညာတိုက်ပွဲမှာ အနိုင်ယူနိုင်မယ်လို့ သေချာနေလို့ပေါ့”
ကျန်းကျင်းက ပြောလိုက်၏။ “ဖြစ်နိုင်တယ်။ ရှမ့်လန်က ကျင်းမူလန်ကို အရမ်းချစ်တဲ့ပုံပဲ။ ဒါကြောင့် သူမကို ထိခိုက်နာကျင်စေမှာ မဟုတ်ဘူး”
ကျန်းချုံးက ပြောလိုက်သည်။ “ရှမ့်လန်ရဲ့ ယုံကြည်ချက်ကြောင့်သာ ကျင်းမူလန်က သူ့ရဲ့ စကားကို နားထောင် တာပေါ့။ ပြီးတော့ သူမရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာသေးသေးလေးတောင် မရခဲ့ဘူး။ ရှမ့်လန်က ဒီတတိယမြောက် တိုက်ပွဲမှာ ကျိန်းသေပေါက် အနိုင်ယူနိုင်မယ်လို့ သတ်မှတ်ထားလို့ပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် အသက်ကို စတေးစရာ မလိုဘူးလို့ မှာကြားထားတာပဲ”
သူမ အဖေ၏ စကားများသည် အကျိုးသင့်အကြောင်းသင့် ခိုင်လုံလှသည်ဟု ကျန်းချွင်းဟွာက ခံစားမိ၏။ “တတိယတိုက်ပွဲမှာ ရှမ့်လန်က ဘာကြောင့် ဒီလောက်ထိ ယုံကြည်ချက်ရှိနေတာလဲ။ ကျင်းမူကုန်းက ထန်ယွင်ကို အနိုင်ယူ တိုက်ခိုက်နိုင်လို့လား”
ကျန်းချုံးက ပြောလိုက်၏။ “မဖြစ်နိုင်ဘူး.. မေးခွန်းတွေကို ကြိုပြီးသိနေတာ တစ်ခုပဲ ရှိတယ်။ ကျင်းမူကုန်း အတွက် အဖြေတွေ ကြိုပြီး ရှာဖွေပေးထားတာပဲ”
ကျန်းကျင်းသည် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီမေးခွန်းတွေကို ဘုရင်မင်းမြတ်က သေသေချာချာနဲ့ ဖန်တီးပြီး ပေးလိုက်တာ။ သေတ္တာထဲမှာလည်း စည်းခတ်ထားသေးတယ်။ ဒီထဲက မေးခွန်းတွေ ပေါက်ကြားသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“အင်း.. ဒီမေးခွန်းတွေကို ဘယ်လိုလုပ် ရှမ့်လန် ကြိုပြီးသိနေတယ်ဆိုတာ ငါလည်း မသိဘူး”
ကျန်းချုံးက ပြောလိုက်၏။ “ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကြိုပြီးပြင်ဆင်ထားရတော့မယ်”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “အဖေ.. အဖေ့ရဲ့ သုံးသပ်ချက်ကို ကျွန်မ သဘောတူပါတယ်”
ကျန်းချုံးက ပြောလိုက်၏။ “ဒါဆိုရင် နေ့လယ်ခင်း အတတ်ပညာတိုက်ပွဲမစခင် နှစ်နာရီကျော် ကျန်သေးတယ်။ အချိန်က အရမ်းကိုကျပ်နေပြီ။ ဒါပေမဲ့ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်ဖို့ အချိန်တော့ ရှိပါသေးတယ်။”
ပြီးနောက် ကျန်းချုံးက ထွက်ခွာသွားခဲ့သည်။ ဦးရီးတော်နင်ချီနှင့် သွားရောက်တွေ့ဆုံရန်ပင် ဖြစ်သည်။