အပိုင်း (၁၅၅)
Vol. 12 Ch. 155
တောင်၏ထိပ် ရဲတိုက်ကြီးအတွင်းမှာတော့ ကျန်းချုံး၏ စကားများကို နားထောင်ပြီးနောက် ဘုရင်မင်းမြတ်၏ ဦးရီးတော် နင်ချီသည် ရုတ်တရက် ကြောင်အသွားမိ၏။ “ကျန်းချုံး မင်း ငါတို့ကို မယုံဘူးလား”
ပြီးနောက် သူသည် ဟောခန်းထဲတွင် ရှိနေသည့် သေတ္တာဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ “အတတ်ပညာပြိုင်ပွဲရဲ့ မေးခွန်းတွေက အဲထဲမှာ ရှိနေတယ်။ ဘယ်သူမှလည်း မမြင်ရသေးဘူး။ ဒါတွေအားလုံး ကိုလည်း စည်းခတ်ထားသေးတယ်။ ရှမ့်လန်က နတ်ဘုရား ဖြစ်နေတယ်ဆိုရင်တောင် ဒီကိစ္စကို ကြိုပြီးသိချင်မှ သိလိမ့်မယ်”
ကျန်းချုံးသည် တိုက်ရိုက်ဆိုသလိုပဲ ဒူးထောက်ကာ ပြောဆိုလိုက်၏။ “ကျုပ် စိုးရွံ့မိပါတယ်။”
နင်ချီက ပြောလိုက်သည်။ “သေသေချာချာကြည့်။ ဒီသေတ္တာအပေါ်မှာ ဖယောင်းနဲ့ စည်းခတ်ထားသေးတယ်။ ဒီစည်းက ပျက်စီးနေလား မပျက်စီးဘူးလားဆိုတာ”
ကျန်းချုံးသည် သေသေချာချာ ကြည့်ရှုလိုက်၏။ မည်သည့် ယိုယွင်းပျက်စီးမှုကိုမှ မတွေ့ချေ။
နင်ချီက ပြောလိုက်၏။ “အုပ်ချုပ်ရေးမှူးကျန်း.. မင်းက လုပ်နိုင်စွမ်းရှိတဲ့ အုပ်ချုပ်ရေးမှူး တစ်ယောက်ပါပဲ။ ပြီးတော့ နင်ကလန်က ဘုရင့်မျိုးနွယ်အဖြစ် တည်ရှိနေခဲ့တာ မင်းတို့လိုမျိုး အုပ်ချုပ်ရေးမှူးတွေရဲ့ ရှိနေလို့ပဲ။ ဒါပေမဲ့ တစ်ခါတစ်လေမှာ မင်းအနေနဲ့ သံသယတွေကိုလျှော့ဖို့လိုတယ်”
ကျန်းချုံးသည် ဦးတိုက်ကာ ပြောဆိုလိုက်သည်။ “ကျုပ် စိုးရွံ့မိပါတယ်”
နင်ချီက ပြောလိုက်၏။ “သွား.. ဒီကိစ္စက ကြီးတဲ့အရာပဲ။ ဒီမေးခွန်းကို ကျုပ်တို့ ပြောင်းလဲလို့ မဖြစ်နိုင်ဘူး”
ကျန်းချုံးသည် ဦးတိုက်ကာ ပြောဆိုလိုက်သည်။ “ဒါဆိုရင် သွားလိုက်ပါအုံးမယ်”
သူသည် ဆုံးဖြတ်ချက်ခိုင်မာသည့် လူဖြစ်၏။ အနည်းငယ်လေးသော ငြင်းပယ်မှုကို ခံရသည်နှင့် လက်လျှော့ အရှုံးပေးလိမ့်မည် မဟုတ်ချေ။ တောင်၏ထိပ် ရဲတိုက်ဆီမှ ထွက်ခွာပြီးနောက် ကျန်းချုံးသည် ပြည်နယ်အုပ်ချုပ်ရေးမှူး ကျူးကျွင်းကို အမြန်ဆုံး သွားရောက်ကာ တွေ့ဆုံ၏။ အုပ်ချုပ်ရေးမှူးသည် သူ့၏နောက်ခ ံဖြစ်သည် မဟုတ်ပါလား။ သူသည် အရာကိစ္စအားလုံးကို သေသေချာချာ ရှင်းလင်းပြောပြလိုက်၏။
“ဘာတစ်ခုမှ မှားယွင်းနိုင်မျိုး မဖြစ်ချင်ဘူးဆိုရင် အတတ်ပညာပြိုင်ပွဲရဲ့ မေးခွန်းကို ပြောင်းလဲမှ ဖြစ်လိမ့်မယ်။ အုပ်ချုပ်ရေးမှူး... ကျေးဇူးပြုပြီးတော့ ကူညီပါအုံး”
အုပ်ချုပ်ရေးမှူးကျူးကျွင်းသည် ကျန်းချုံးကို အလွန်ယုံကြည်သည်။ “လိုအပ်မယ်လို့ မင်း တကယ်ထင်လို့လား။ ရှမ့်လန့်က ဒီမေးခွန်းတွေကို ကြိုပြီးသိနေတယ်လို့ မင်းတကယ် ထင်လို့လား”
“မသေချာပါဘူး”
ကျန်းချုံးက ပြောလိုက်၏။ “ဒါပေမဲ့ ပြီးမှ ဝမ်းနည်းနေတာထက် ကြိုပြီး ကာကွယ်ထားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ အလှည့်အပြောင်းတွေ ၊ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ကျုပ်တို့ ကြိုပြီး မသိနိုင်ဘူး မဟုတ်လား။ ကျင်းချန်ကျွန်းတိုက်ပွဲမှာ ရွှမ်ဝူအိမ်တော်သာအနိုင်ရမယ်ဆိုရင် ကျုပ်တို့ အရင်တုန်းက ပြင်ဆင်ထားသမျှ ကျုပ်တို့အသုံးပြုခဲ့တဲ့ အရင်းအမြစ်အားလုံးက တစ်ခါတည်း ပြောင်သွားမှာပဲ”
ကြီးမားသည့် ကစားပွဲတစ်ခုကို အဆုံးသတ်နိုင်ရန်အတွက် ရွှမ်ဝူအိမ်တော် တစ်ခုတည်းကတင် အားစိုက်ထုတ်ခဲ့ ရခြင်း မဟုတ်ချေ။ သူတို့သည်လည်း အများအပြား အားစိုက်ထုတ်ခဲ့ရ၏။ ကျန်းပေနယ်စားကြီး ပြီးနောက် ယင်ယွမ်အဖွဲ့အစည်း၊ ကျင်းဟိုင်မြို့စားအိမ်တော် ထိုသူအားလုံးတို့သည် အရင်းအမြစ်များကို စိုက်ထုတ်ပေးထားရသည်။
အုပ်ချုပ်ရေးမှူးကျူးကျွင်းက ပြောလိုက်၏။ “ရှမ့်လန်က စာပေတတ်မြောက်မှု ရှိတယ်ဆိုရင်တောင်မှ ထန်ယွင်နဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး”
ကျန်းချုံးက ပြောလိုက်သည်။ “ဆယ်ရာခိုင်နှုန်း ဖြစ်နိုင်ချေပဲ ရှိတယ်ဆိုရင်တောင်မှ ကျုပ် မစွန့်စားချင် တော့ပါဘူး”
အုပ်ချုပ်ရေးမှူးကျူးကျွင်းက ပြောလိုက်၏။ “ဦးရီးတော်နင်ချီက တကယ့်ကို အတွေ့အကြုံများတယ်။ ပြီးတော့ တယူသန်ပြီး ခေါင်းမာလွန်းတယ်။ သူ့ကို ပြောဆိုဆွေးနွေးဖို့ဆိုတာ ခက်ခဲလွန်းတယ်”
ကျန်းချုံးက ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူး.. ဒီပြိုင်ပွဲအတွက် ဘုရင်မင်းမြတ်က အရံမေးခွန်းတစ်ခုကို ပြင်ဆင်ထားတယ် မဟုတ်လားတယ်။ တူညီတဲ့ သေတ္တာတစ်ခု ရှိနေသေးတာပဲ။ အဲသေတ္တာနဲ့ ပြောင်းလိုက်မယ်ဆိုရင် ဘာဖြစ်လဲ။ ဘယ်သူမှ မသိနိုင်ဘူး။”
အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ခေါင်းညိတ်လိုက်၏။ ကျန်းချုံး ပြောဆိုသည်မှာ တကယ်ပင် ဖြစ်၏။ ဘုရင်မင်းမြတ်၏ နန်းတွင်းစာမေးပွဲများတွင် အရံမေးခွန်းများကို စီစဉ်ထားတတ်သည်။ ပထမမေးခွန်း ပေါက်ကြားသွားသည်ဆိုပါက ထိုအရာဖြင့် ချက်ချင်း လဲလှယ်နိုင်၏။
အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ပြောလိုက်သည်။ “ဒီလိုဆိုရင်တောင် ဦးရီးတော်နင်ချီကို မေးခွန်းပြောင်းလဲပေးဖို့ ပြောရတာ အရမ်းခက်တယ်”
ကျန်းချုံးက ပြောလိုက်၏။ “ဒါက ခက်ခဲတဲ့အရာဖြစ်မှန်း သိပါတယ်။ ပထမမေးခွန်းသေတ္တာရဲ့ ဖယောင်းစည်းကို မတော်တဆ ဖျက်ဆီးလိုက်မိမယ်ဆိုရင် အရံမေးခွန်းသေတ္တာကို ထုတ်ရတော့မှာ မဟုတ်လား။ ဒါဆိုရင် ဦးရီးတော်နင်ချီ က ကျိန်းသေပေါက် မေးခွန်းကို ပြောင်းရတော့မှာပဲ”
အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည် မည်သို့မှ မနေနိုင်ဘဲ ကျန်းချုံးကို ကြည့်လိုက်၏။ ကျန်းချုံး၏ အတွေးအခေါ်နှင့် ပြုလုပ်ပုံနည်းလမ်းများသည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ဤနည်းလမ်းသည် ကောင်းမွန် လွန်းသည့် နည်းလမ်းတစ်ခု ဖြစ်သလို အန္တာရယ်လည်း များလွန်းလှသည်။
မိဖုရားကြီး၏အစ်ကို ... ထျန်းနန်စီရင်စု၏ ပြည်နယ်အုပ်ချုပ်ရေးမှူးသည်သာ သေတ္တာတွင်ရှိသည့် ဖယောင်းစည်းကို အမှတ်မထင် ဖျက်ဆီးမိသည်ဆိုပါက နင်ချီသည် အနည်းငယ် သတိပေးပေးလိမ့်မည်။ သို့ပေမည့် အပြစ်တင် လိမ့်မည်တော့ မဟုတ်ချေ။
ဘုရင်မင်းမြတ်ကလည်း အပြစ်တင်လိမ့်မည် မဟုတ်ချေ။ သေတ္တာတွင် ရှိနေသည့် ဖယောင်းစည်း ပျက်စီးသွားခဲ့သော်လည်း အထဲတွင်ရှိနေသော မေးခွန်းက ပျက်စီးသွားခဲ့ခြင်း မဟုတ်ချေ။ သို့ပေမည့် မေးခွန်း ပေါက်ကြားသွားပြီဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်၏။ ထို့ကြောင့် တခြားသော တစ်ခုနှင့် လဲလှယ်ရမှာ ဖြစ်၏။
အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ပြောလိုက်သည်။ “ကျန်းချုံး... ဒီလိုလုပ်ချင်တယ်ဆိုတာ သေချာလား”
ကျန်းချုံးက ပြောလိုက်၏။ “ဟုတ်ပါတယ်။ ဘာတစ်ခုမှ အမှားအယွင်း မဖြစ်သွားအောင် ကျုပ် သေသေချာချာ ပြုလုပ်ချင်ပါတယ်”
အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုလို့ရှိရင်လည်း မင်းပြောသလိုပေါ့”
.........
နာရီဝက်လောက် ကြာမြင့်ပြီးသည့်နောက် အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည် အလာပသလာပ စကားများကို ပြောဆိုနေရင်း စာမေးပွဲ မေးခွန်းပါဝင်သည့် သေတ္တာကို ခုံအောက်ကို တွန်းချလိုက်သည်။
နင်ချီသည် အောက်သို့ကျဆင်းသွားခဲ့သည့် သေတ္တာကို လှမ်းကာ ကြည့်ရှု၏။ ထိုပေါ်တွင် ရှိနေသည့် ဖယောင်းစည်းက ပျက်ကွက်သွားခဲ့၏။ စည်းသည် ကျိုးပျက်သွားခဲ့ပြီ ဖြစ်၏။
“ကျူးကျွင်း... မင်း ဘာလုပ်တာလဲ” နင်ချီသည် ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။
ကျူးကျွင်းသည် အလျင်အမြန်ဖြင့် ဦးညွတ်ကာ ပြောလိုက်၏။ “ဦးရီးတော်.... တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ ကျုပ် အမှားအယွင်းလုပ်မိတာပါ”
ပြီးနောက် အလျင်အမြန်ပဲ မြေပေါ်တွင်ရှိနေသည့် သေတ္တာကို ကောက်ယူပြီး အော်ဟစ်လိုက်သည်။ “ဟာ... ဒီပေါ်မှာ ရှိနေတဲ့ ဖယောင်းစည်းက ပျက်စီးသွားပြီကိုး”
ဦးရီးတော်နင်ချီသည် တုန်ယင်သွားမိ၏။ “ကျူးကျွင်း.. ဒါ မင်း ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်လား။ မင်း ကျိန်းသေပေါက် ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ ဖြစ်မယ်။ ဒီကိစ္စကို ကျန်းချုံးက အကြံပေးခဲ့တာပဲ ဖြစ်မယ်။ မင်းတို့ ဒီလောက်တောင် သတ္တိကောင်းနေတယ် ဟုတ်လား”
အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည် ဦးညွတ်ကာ ထပ်ပြောလိုက်သည်။ “တောင်းပန်ပါတယ် ဦးရီးတော်။ ကျုပ် အပြစ်ပါပဲ။ ဒါတွေအားလုံးက ကျုပ် အပြစ်ပါပဲ။ ကျုပ်ကို ခွင့်လွှတ်ပါ။ မဟုတ်ရင် ကျုပ်ကို ရိုက်ပါ”
အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည် အားလုံးသော သူတို့၏ ရှေ့တွင် ဂုဏ်သိက္ခာထည်ဝါစွာ နေထိုင်တတ်သူ တစ်ယောက်ဖြစ်၏။ သို့ပေမည့် ဦးရီးတော်နင်ချီ ရှေ့တွင်တော့ သူသည် လူပေါ့လူသွမ်း ကလေးလေး တစ်ယောက်ကဲ့သို့ပင်။ သူသည် မိဘုရားခေါင်ကြီး၏ အစ်ကိုဖြစ်သလို ဦးရီးတော်နင်ချီ၏ ဂျူနီယာ တစ်ယောက်လည်း ဖြစ်၏။ နှစ်ပေါင်းများစွာကြာ မိတ်ဆွေရင်းများအဖြစ် နေထိုင်ခဲ့သည့် လူများပင်။
“မြို့တော်ကို ပြန်ရောက်ပြီဆိုရင် ဘုရင်မင်းမြတ်ဆီကို ကိုယ့်ဘာကိုယ် သွားတောင်းပန်” ဦးရီးတော်နင်ချီသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ တခြားနည်းလမ်းလည်း မရှိချေ။ အဓိကမေးခွန်း၏ သေတ္တာစည်းသည် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် အရံမေးခွန်းကို ထုတ်ဖော် အသုံးပြုရန်သာ ရှိတော့၏။
“ဝူဝေမင်းကြီး၊ အမတ်ကြီးစော့ရွှမ်းတို့ ဒုတိယမေးခွန်း ... အရံမေးခွန်းကို ထုတ်ယူလိုက်ကြရအောင်”
ခဏလောက် ကြာပြီးသည့်နောက် အမတ်ကြီးစော့ရွှမ်းသည် လက်ထဲတွင် သေတ္တာတစ်လုံးကို ကိုင်ဆောင် လာခဲ့၏။ ထိုသေတ္တာသည် မြေပေါ်သို့ ကျဆင်းသွားသည့် သေတ္တာနှင့် တူညီသည့် အရာပင် ဖြစ်၏။ အရောင်အဆင်း၊ အထဲမှာ ရေးထားထားသည့် စာ၊ ဖယောင်းစည်းပြားများလည်း တူညီနေသည်။
“အခု စိတ်ကျေနပ်ပြီလား။ ကျန်းချုံး စိတ်ကျေနပ်ပြီလား”
ဦးရီးတော်နင်ချီသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “သွားစမ်း”
အုပ်ချုပ်ရေးမှူး ကျူးကျွင်းက အလျင်အမြန် ထွက်ခွာသွားခဲ့၏။ ခြံဝင်း၏ အပြင်ဘက်မှာတော့ ကျူးကျွင်းသည် ကျန်းချုံးတစ်ယောက် မြေပေါ်တွင် ဒူးထောက်လျက် ထိုင်နေသည်ကို မြင်လိုက်ရသည်။
အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ပြောလိုက်၏။ “မြို့တော်ကို ပြန်ရောက်တဲ့အချိန်ကျရင် ဘုရင်မင်းမြတ်ဆီ သွားပြီး ခွင့်လွှတ်ဖို့ တောင်းပန်လိုက်မယ်။ မင်း ဒီမှာ ဒူးထောက်နေဖို့ မလိုဘူး။ ဦးရီးတော် ဒေါသထွက်နေရုံပါပဲ”
ကျန်းချုံးက ပြောလိုက်သည်။ “ဘာပဲပြောပြော လေးနက်မှုအတွက် ကျေးဇူးတင်ပါတယ်”
ပြီးနောက် သူသည် မထခဲ့ချေ။ ကျူးကျွင်းနှင့် ဦးရီးတော်နင်ချီတို့သည် တူညီသည့်ဘက်ခြမ်းတွင် ရှိနေ၏။ ထို့ကြောင့် သူ့ကို အပြစ်တင်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင်တောင် သူ ကျန်းချုံးသည် ဦးရီးတော်အိုကြီးအား ဤတစ်ကြိမ်တွင် ဆိုးဆိုးရွားရွားဖြင့် ကလန်ကဆန် ပြုလုပ်ခဲ့မိ၏။
ဤဦးရီးတော်အိုကြီးသည် မည်သည့် ရာထူးရာခံမှ မရှိတော့သောကြောင့် ကျန်းချုံးအား တကယ်တမ်း အပြစ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ယဉ်ကျေးမှုကို သူ့အနေနှင့် ထုတ်ဖော်ပြသနိုင်၏။ ရိုင်းစိုင်းမိပါက ကျိန်းသေပေါက် တောင်းပန်ရမှာ ဖြစ်၏။ သူသည် တစ်နေ့နှင့်တစ်ည ဒူးထောက်နေရမည်ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။
ခဏလောက် ကြာပြီးနောက် ဦးရီးတော်နင်ချီ၊ မင်းကြီးဝူဝေနှင့် အမတ်ကြီးစော့ရွှမ်းတို့ ထွက်လာခဲ့၏။ ၎င်းတို့၏ လက်ထဲတွင် အရံမေးခွန်းသေတ္တာကို ကိုင်ဆောင်ထားခဲ့ကြ၏။
ကျန်းချုံးတစ်ယောက် ခြံဝင်းထဲတွင် ဒူးထောက်ကာ ထိုင်နေသည်ကို မြင်ရသည့်အချိန်မှာတော့ ဦးရီးတော်နင်ချီက ပြောလိုက်သည်။ “ကျန်းချုံး... မင်း ဒါတွေအားလုံး စီစဉ်ထားခဲ့တာမလား”
ကျန်းချုံးသည် မြေပေါ်တွင် ဦးတိုက်ကာ ပြောလိုက်၏။ “ကျုပ် မှားယွင်းခဲ့မိပါတယ်”
သူ့အနေနှင့် ဘာတစ်ခုမှ ထပ်ကာ မတောင်းပန်တော့ချေ။
“ထ... ငါ့ရဲ့ ကြီးမားတဲ့ ရာထူးရာခံက ကုန်လွန်သွားခဲ့ပြီ။ ငါ မင်းရဲ့ အနာဂတ်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး” ဦးရီးတော်နင်ချီက ပြောလိုက်သည်။
ကျန်းချုံးသည် ထပ်မံကာ ဦးတိုက်လျက်ရှိ၏။ ဤတစ်ကြိမ်မှာတော့ သူသည် မြေပြင်ကို နဖူးနှင့် တိုက်ရိုက် ထိကာ ဦးတိုက်နေခြင်းပင်။ “ကျုပ် ... ကျုပ်မှားယွင်းခဲ့ပါတယ်”
အပြုအမူသည် တကယ့်ကို လေးနက်လျက်ရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ ဦးရီးတော်နင်ချီ၏ နှလုံးသားထဲတွင် ရှိနေသည့် ဒေါသတရားများသည် အနည်းငယ် လျော့ပါးသွားခဲ့၏။
“မင်း ဆက်ပြီး ဒူးထောက်ချင်ရင် ဆက်ထောက်ပေါ့။ ခဏကြာရင် မိုးရွာတော့မယ်” ဦးရီးတော်နင်ချီက ပြောလိုက်သည်။
ကျန်းချုံးသည် ပြန်လည်ကာ မဖြေဆိုရဲချေ။ မြေပြင်ကို နဖူးနှင့်သာ ထိတွေ့လျက်ရှိ၏။
ဂျိန်း..
နေဦးရာသီ အဆုံးပိုင်းသို့ ရောက်ရှိလျက်ရှိနေပြီဆိုလျှင်တောင်မှ မိုးခြိမ်းသံများက ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ယံထက်တွင် တိမ်မည်းများ တလိမ့်လိမ့်နှင့် ဖြစ်တည်လာခဲ့၏။ ထင်မှတ်သည့်အတိုင်းပင် မကြာခင်တွင် မိုးရွာတော့မှာ ဖြစ်သည်။
မနက်ခင်းတွင် ဖြစ်ပျက်ခဲ့သမျှသော နေရောင်ခြည်နှင့် နွေးထွေးမှုများအားလုံးက ပျောက်ကွယ်သွားခဲ့၏။ စစ်သည် တော်တော်များများတို့သည် ကြီးမားသည့် ထီးကြီးများကို ဖွင့်ကာဖြင့် ဦးရီးတော်နင်ချီ၏ ခေါင်းအထက်၌ မြှောက်ကာ စောင်းပေးထား၏။
ဦးရီးတော်နင်ချီသည် နေ့လည်ခင်း အတတ်ပညာပြိုင်ပွဲ စတင်ရန်အတွက် ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။
မင်းကြီးဝူဝေ ပျံ့ရှောင်းသည် ကျန်းချုံး၏ ဘေးနားသို့ ဖြတ်သွားသည့်အချိန်တွင် တီးတိုးပြောလိုက်၏။ “ကျန်းချုံး... ခင်ဗျားမဆိုးဘူးပဲ”
ကျန်းချုံးသည် ခေါင်းကို မော့ကာဖြင့် ဦးညွတ်လိုက်သည်။ “ကျုပ် တောင်းပန်ပါတယ်”
ဝူဝေမင်းကြီးက ထွက်ခွာသွားခဲ့၏။ ဤလူသည် တကယ့်ကို မောက်မာလွန်းလှချေသည်။ လောကတွင် ရှိနေသည့် သူ၏ လုပ်ဖော်ကိုင်ဖက်များကိုပင် ခေါင်းငုံ့ကာ ကြည့်ရှုတတ်သည့် လူတစ်ယောက်ဖြစ်၏။ ထိုကဲ့သို့သော သူဆီမှ မဆိုးဘူးဆိုသော ချီးကျူးစကားကို ကြားရခြင်းသည် ခန့်မှန်းထားသည့် အရာမျိုး မဟုတ်ချေ။
ယန်ကျိုးပြည်နယ်၏ အုပ်ချုပ်ရေးမှူး တည်နေရာသည် ဝူဝေမင်းကြီးကသာ ဝင်ရောက်ကာ ပြောဆိုပေးမည် ဆိုပါက အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။ သူ၏ ချီးမြှင့်မှုသည် ကြီးမားသည့် အကြောင်းအရာပင် ဖြစ်၏။
ဂျိန်း..
ကောင်းကင်အထက်တွင် မိုးခြိမ်းသံများသည် ယခင်ကထက် ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။ နောက်ဆုံး မှာတော့ အမဲရောင်တိမ်လိပ်များသည် အကန့်အသတ်မဲ့ များပြားစွာဖြင့် စုဝေးလာခဲ့၏။ နောက်ဆုံးမှာတော့ မိုးများသည် သည်းသည်းထန်ထန် ရွာသွန်းလေသည်။
ကျန်းချုံးသည် ခြံဝင်းထဲတွင် ဒူးထောက်လျက်ရှိနေပြီး တစ်ချက်ကလေးမှ လှုပ်ရှားခြင်းမရှိချေ။ မိုးများသည် အလုံးစုံပင် ရွာချလျက်ရှိ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးများဖြင့် စိုရွှဲသွားခဲ့၏။ ခဏလောက် ကြာပြီးနောက် မြေပြင်နေရာတစ်ခုလုံးသည် ရွှံ့ကဲ့သို့ပင် ဖြစ်တည်လာခဲ့၏။ ပတ်ဝန်းကျင်နေရာတစ်ခုလုံးက ဆိုးဆိုးရွားရွားဖြစ်တည်နေ၏။
ကျန်းကျင်းနှင့် ကျန်းချွင်းဟွာတို့သည် အနားသို့ ပြေးလာခဲ့ပြီး ကျန်းချုံး၏ ခေါင်းပေါ်သို့ ထီးတစ်လက် ဆောင်းပေးထားသည်။
“သွားကြတော့”ကျန်းချုံးက ပြောလိုက်၏။
ကျန်းကျင်းက ပြောလိုက်သည်။ “အဖေ မူဒါဝအသစ်အတွက်ကြိုးစားနေတာက အားလုံးကောင်းဖို့အတွက်ပဲလေ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ခုလောက်ထိ နှိမ့်ချပစ်ဖို့ မလိုဘူးထင်တယ်”
“ကလေးဆန်လိုက်တာ”
ကျန်းချုံးက ပြောလိုက်၏။ “အရှင်မင်းကြီးရဲ့ အကြောင်းကို မင်း ဘယ်လောက်သိလို့လဲ။ မင်း ပြောနေစရာ မလိုဘူး”
ကျန်းကျင်းသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ကျင်းချန်ကျွန်း တိုက်ပွဲမှာ ကျင်းဟိုင်မြို့စားအိမ်တော်၊ ချင်းကန်မြို့စားအိမ်တော်၊ လန်ရှန်မြို့စားလေးအိမ်တော်တို့က အကျိုးအမြတ် ရမယ့်လူတွေလေ။ သူတို့က အခု အောင်ပွဲခံနေကြပြီ။ ဒါပေမဲ့ ကျုပ်တို့က ဒီမှာလာပြီး ဒုက္ခခံနေရတယ်”
“မင်း ... မင်းနဲ့အတူ လက်တွဲလုပ်တဲ့ လူတွေအပေါ်မှာ အပြစ်တင်နေမယ်ဆိုရင် မပြည့်ဝတဲ့ လူတစ်ယောက် ဖြစ်သွားလိမ့်မယ်။ ဘယ်လိုလုပ်ပြီး အားကောင်းလာတော့မှာလဲ”
ကျန်းချုံးက ပြောလိုက်၏။ “အခု သွားတော့။ ဒီနေရာမှာ ဝေ့လည်ဝေ့လည် လုပ်မနေနဲ့။ တစ်နေ့တစ်ညလုံး မိုးက ရွာနေမှာ”
.........
အပြင်ဘက်တွင်တော့ မိုးများသည် ရွာသွန်းလျက် ရှိနေ၏။
နုကျန့်အမဲလိုက်ကွင်း၏ စာကြည့်ခန်း အတွင်းမှာတော့ ကျင်းချန်ကျွန်း၏ တတိယတိုက်ပွဲသည် စတင်တော့မည် ဖြစ်၏။ သို့ပေမည့် ဤတစ်ကြိမ်တွင်တော့ မည်သည့်ပွဲကြည့်ပရိသတ်မှ မရှိချေ။ ပြိုင်ပွဲကျင်းပချိန်၌ ထန်ယွင်နှင့် ကျင်းမူကုန်းတို့ နှစ်ယောက်တည်း သာလျှင် ရှိပေမည်။ ၎င်းတို့နှင့် ဒိုင်လူကြီး သုံးယောက်မှလွဲလျှင် တခြားသူ မရှိချေ။
နင်ချီသည် စားပွဲပေါ်သို့ မေးခွန်းများ ပါဝင်သော သေတ္တာကို အသာတင်လိုက်၏။ “ရွှမ်ဝူ၊ ကျင်းဟိုင် သေသေချာချာ စစ်ဆေးကြ။ ဒီမှာရှိနေတဲ့ ဖယောင်းစည်းက ပျက်စီးနေလား၊ မပျက်စီးဘူးလားဆိုတာ”
ရှမ့်လန်သာ ဤနေရာတွင် ရှိသည်ဆိုပါက မေးခွန်းပြောင်းလဲသွားပြီဖြစ်ကြောင်းကို ကောင်းကောင်းသိရှိပေ လိမ့်မည်။ သို့ပေမည့် သူသည် ယခုစာမေးပွဲခန်းတွင်းသို့ ဝင်ရောက်ရန်အတွက် အရည်အသွေးမပြည့်မီချေ။ ထို့အတူ ရွှမ်ဝူနှင့် ကျင်းဟိုင်တို့မှာတော့ သေတ္တာထဲတွင် ရှိနေသည့် အကြောင်းအရာများကို မမြင်နိုင်ကြချေ။
“ဘာပျက်စီးမှုမှ မရှိပါဘူး”
“ဘာပျက်စီးမှုမှ မရှိပါဘူး”
နင်ချီက ပြောလိုက်၏။ “ဒီလိုဆိုရင် စည်းကို ကျုပ်ဖယ်လိုက်မယ်။ သေတ္တာကို ဖွင့်တော့မယ်”
“ကောင်းပါပြီ”
ပြီးနောက် နင်ချီသည် ဖြည်းညှင်းစွာဖြင့် စည်းကို ဖယ်ရှားလိုက်၏။ ပြီးနောက် သူသည် သေတ္တာကို ဖွင့်လိုက်သည်။ အထဲတွင် ရှိနေသည့် စာရွက်ကို ထုတ်ယူပြီး အသာဖွင့်လိုက်သည်။
ထန်ယွင်၊ ကျင်းမူကုန်းတို့သည် ထိုအရာကို သေသေချာချာ မြင်နေရ၏။ ယနေ့ အတတ်ပညာပြိုင်ပွဲ၏ မေးခွန်းပင် ဖြစ်၏။ ဘုရင်မင်းမြတ်၏ အရံမေးခွန်းလည်း ဖြစ်၏။
ပထမခေါင်းစဉ်၊ နိုင်ငံရေးစာတမ်း …
ခေါင်းစဉ်မှာ - အပြစ်ဒဏ်ပေးခြင်းနှင့် ဆုချီးမြှင့်ခြင်းသည် ဖြောင့်မတ်တည်ကြည်မှုအပေါ် အခြေခံခြင်းအကြောင်း ဖြစ်သည်။ ဒုတိယခေါင်းစဉ်မှာ ကဗျာတစ်ပုဒ်ဖြစ်၏။ ရွှမ်ဝူ ဟု ခေါင်းစဉ်တပ်၍ ကဗျာတစ်ပုဒ် စပ်ဆိုရန်။
ထန်ယွမ်သည် ဤမေးခွန်းနှစ်ခုကို မြင်ချိန်မှာတော့ ချက်ချင်းပင် စိတ်ထဲ၌ ရွှင်လန်းသွားပြီ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။ ဤအရေးအသားနှစ်မျိုးစလုံးသည် သူ အလွန်ကျွမ်းကျင်သည့်အရာများ ဖြစ်သည်။ ဤမေးခွန်းများဖြင့်သာ နန်းတွင်းစာမေးပွဲ ဝင်ဖြေခဲ့ရပါက တတိယနေရာမဟုတ် ဒုတိယနေရာပင် ရနိုင်လောက်သည်။ ကျင်းမူကုန်းကဲ့သို့သော အသုံးမကျသည့်ကောင်ကို အပြတ်အသတ် အနိုင်ယူရန်လား။ အလွန် လွယ်ကူလွန်းလှသည်။
ကျင်းမူကုန်းသည် ရှမ့်လန်ကို ယုံကြည်အားကိုးထားခဲ့သည်။ ပြီးခဲ့သည့်ညက ရှမ့်လန်သည် ယနေ့ မည်သည့်ခေါင်းစဉ်ကို စစ်ဆေးမည်ဖြစ်ကြောင်း သူ့ကို ပြောပြခဲ့ပြီး မျက်မှောက်ရေးရာစာတမ်းတစ်ပုဒ်နှင့် ကဗျာတစ်ပုဒ်ကို ရေးပေးကာ အလွတ်ကျက်ခိုင်းခဲ့သည်။
ကျင်းမူကုန်းက ချက်ချင်း ယုံကြည်လိုက်၏။ ထို့နောက် သူသည် နာရီပေါင်းများစွာကြာအောင် အကြိမ်ပေါင်းများစွာ ကူးရေးခဲ့သည်။ စာတစ်လုံးမှ မလွတ်အောင် အကုန်အစင် ကျက်မှတ်ခဲ့၏ အကြောင်းမှာ သူသည် ယောက်ဖကို အလွန်ယုံကြည်ပြီး တခြားအကြောင်းများကို ထူးထူးခြားခြား မမေးမြန်းခဲ့ပေ။
ယောက်ဖက ဤအရာကို မေးလိုက်မည်ဟု ဆိုလျှင် သူ ဤအရာကိုသာ ကျက်မှတ်ရပေမည်။ ထိုအရာသည် အလုံးစုံ ယုံကြည်မှုဖြစ်သည်။ ထို့ကြောင့် ယနေ့ စာမေးပွဲမေးခွန်းသည် မနေ့ညက ယောက်ဖ သူ့ကို ပြောပြခဲ့သော နှစ်ခုဖြစ်မည်ဟု ခံစားနေခဲ့သည်။ စာမေးပွဲခန်းထဲ ဝင်ခါနီးအချိန်အထိ သူသည် တိတ်တဆိတ် ရွတ်ဆိုနေခဲ့၏။
တစ်ချိန်တည်းမှာပင် ထန်ယွမ်၏ ကျောပြင်ကို အံကြိတ်ကာ ကြည့်လိုက်မိသည်။ ‘ကျုပ်လို ဝတုတ်သခင်လေးလည်း ကံကြမ္မာကို စိန်ခေါ်တော့မယ်။ ထန်ယွမ်.. မင်းကို ကျုပ်လိုအသုံးမကျတဲ့သူက အပြတ်အသတ် အနိုင်ယူတော့မယ်’
ယခု သူသည် မေးခွန်းခေါင်းစဉ်ကို မြင်လိုက်ချိန်မှာတော့ လုံးဝထိတ်လန့်သွားခဲ့သည်။ ‘မဟုတ်ဘူး။ ကောင်းကင်ဘုံ … ဒါ မဟုတ်ဘူး။ ဒါက မနေ့ညက ယောက်ဖ ငါ့ကို ပြောပြခဲ့တဲ့ မေးခွန်းနှစ်ခု မဟုတ်ဘူး။ ဘာဖြစ်သွားတာလဲ။ ဘယ်နေရာမှာများ အမှားအယွင်း ဖြစ်သွားတာလဲ။ ယောက်ဖ မှားစရာ အကြောင်းမရှိဘူး။ သူက အဲ့ဒီခေါင်းစဉ်နှစ်ခုကို စစ်ဆေးမယ်လို့ ပြောခဲ့တာပဲ။ သေချာပေါက စစ်ဆေးရမှာပေါ့။ ဘာလို့ ဒီနေ့ မစစ်ဆေးရတာလဲ။’
‘သေပြီ၊ သေပြီ။ ဒါဆို ငါ ဘယ်လိုလုပ် ကံကြမ္မာကို စိန်ခေါ်နိုင်တော့မလဲ။ ငါထန်ယွမ်ကို ဘယ်လို အနိုင်ယူနိုင်တော့မလဲ။ ငါ သူ့လက်ထဲမှာ အပြတ်အသတ် ရှုံးနိမ့်ရမယ့် အသုံးမကျတဲ့သူ ဖြစ်သွားတော့မှာပဲ။ တကယ့်အရည်အချင်းအရဆိုရင် ထန်ယွမ်က ဆံပင်တစ်ချောင်း ဆွဲထုတ်လိုက်ရုံနဲ့ ငါ့ကို အနိုင်ယူနိုင်တယ်။ ကျင်းချန်ကျွန်းပြိုင်ပွဲမှာ ရှုံးတော့မယ်။ မိသားစုရဲ့ ကံကြမ္မာက ငါ ….ကျင်းမူကုန်းကြောင့် ပျက်စီးတော့မယ်’
ဝတုတ်ကျင်းမူကုန်းသည် ငိုတော့မတတ် ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။ တစ်စုံတစ်ခ မှားယွင်းနေသည်ကို သူ သိလိုက်မိသည်။ ထို့နောက် သူ အလျင်အမြန် ပြန်စဉ်းစားလိုက်၏။ ‘ဒီခေါင်းစဉ်နှစ်ခုကို ငါ ဘယ်မှာ မြင်ဖူးသလိုလို ဖြစ်နေပါလိမ့်’
ဝတုတ်သည် စဉ်းစားလိုက်သည်။ ‘ဟုတ်ပြီ။ အရင်က ယောက်ဖ ငါ့ကို ခေါင်းစဉ်တွေ ထုတ်ပေးခဲ့တယ်။ နိုင်ငံရေးစာတမ်း ၁၉ ခု၊ ကဗျာ ၁၅၀။ ဒါတွေအားလုံးက ဘုရင်မင်းမြတ်ရဲ့ အကြိုက်နဲ့ အလေ့အထ၊ အနှစ်သက်ဆုံး စာအုပ်တွေထဲက ထုတ်နှုတ်ပြီး မေးခွန်းလုပ်ထားတာ။ အခု ဒီခေါင်းစဉ်နှစ်ခုက ယောက်ဖ ထုတ်ပေးခဲ့တဲ့ မေးခွန်းထဲကဟာတွေပဲ။ ပြီးတော့ ဒီမေးခွန်းနှစ်ခုအတိုင်း ယောက်ဖက မျက်မှောက်ရေးရာ စာတမ်းတစ်ပုဒ်နဲ့ ကဗျာတစ်ပုဒ်ကိုလည်း ပြင်ဆင်ပေးခဲ့တယ်။ ပြီးတော့ ယောက်ဖ ပြောတာ ဒီမျက်မှောက်ရေးရာစာတမ်းက ကမ္ဘာပေါ်မှာ အကောင်းဆုံး လက်ရာဖြစ်ပြီး၊ ရွှမ်ဝူကဗျာက နှစ်တစ်ထောင်အတွင်း ထိပ်တန်း စာပေလက်ရာမွန် ဖြစ်လာလိမ့်မယ်တဲ့’
ထိုအချိန်တုန်းက ကျင်းမူကုန်းသည် အသေအလဲ ကူးရေးခဲ့၏။ အသေအလဲ ကျက်မှတ်ခဲ့သည်။
‘ဟုတ်ပြီ၊ ဟုတ်ပြီ’
မျက်မှောက်ရေးရာစာတမ်းနှင့် ထိုကဗျာသည် ဝတုတ်၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာခဲ့၏။ ‘ယောက်ဖ.. ခင်ဗျား တော်တော်မုန်းဖို့ကောင်းတယ်။ ကျုပ်ကို စနောက်နေတာပဲ။ ကျုပ်ကို လန့်ပြီးသေအောင် လုပ်နေတာလား။ ဟားဟားဟား။ ကျုပ် ကျင်းမူကုန်း ကံကြမ္မာကို ပြောင်းပြန်လှန်တော့မယ်။ ထန်ယွမ် ….. မင်း စောင့်နေလိုက်။ ဒီဝတုတ်သခင်လေးက မင်းကို အပြတ်အသတ် အနိုင်ယူပြမယ်။ ဟား ဟား ဟား…’