အပိုင်း (၁၅၆)
Vol. 12 Ch. 156
ခေါင်းစဉ်ကို ကြိုတင်ခန့်မှန်းနိုင်ရန်အတွက် ရှမ့်လန်သည် ဘုရင်မင်းမြတ်နေရာ၌ ဝင်ရောက်ကာဖြင့် ကိုယ်စား စဉ်းစားပြီး မရေမတွက်နိုင်သော အချက်အလက်များကို ထည့်သွင်းသုံးသပ်ခဲ့သည်။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်း နှစ်သက်စွာ ဖတ်ရှုသော စာအုပ်များ၊ ပြောဆိုလေ့ရှိသော စကားများ၊ အဓိကအချက်မှာ သူ၏ စရိုက်နှင့် အလေ့အထပင် ဖြစ်၏။
ဤဘုရင်မင်းမြတ်သည် မည်သို့သော စရိုက်ရှိသနည်း။
ဉာဏ်ကောင်းသည်၊ အစွန်းရောက်သည်၊ ကြင်နာမှု ကင်းမဲ့သည်။
သမိုင်းတစ်လျှောက် ဘုရင်မင်းမြတ်များသည် ကြင်နာမှုကင်းမဲ့လေလေ၊ မိမိတို့မည်မျှ ကြင်နာတတ်ကြောင်း လောကကို ပြသလိုလေလေ ဖြစ်၏။ ဥပမာအားဖြင့် ကျားကျင့်ဘုရင်မင်းမြတ်သည် အလွန်အကျွံ ဖြုန်းတီးပြီး သဘောထားသေးသိမ်သူ ဖြစ်သော်လည်း သူတော်စင်တစ်ဦးကဲ့သို့ လောကီအရေးတွင် မမွေ့လျော်ဟန် ဆောင်ခဲ့၏။
ချင်မင်းဆက်၏ ယိုယွင်းလာသော အခြေအနေကို ပြန်လည်ထိန်းသိမ်းခဲ့သော ယုံးကျန့်ဘုရင်မင်းမြတ်သည် အကြင်နာကင်းမဲ့သူ၊ ညီအစ်ကို မောင်နှမများကို သတ်ဖြတ်သူ၊ ဖခင်ကို သစ္စာဖောက်ပြီး မိခင်ကို ဒုက္ခပေးသူ၊ သစ္စာရှိသူများကို သတ်ဖြတ်ပြီး ကောက်ကျစ်သူများကို မြှောက်စားသော ဘုရင်မင်းမြတ်ဟု နိုင်ငံရှိ ပညာရှိများက ဝေဖန်ကြသောအခါ စိတ်ထဲတွင် မကျေမနပ်ဖြစ်ပြီး ‘အမှန်တရားအခြေခံမူ’ ကဲ့သို့သော စာအုပ်ကို ရေးသား၍ ခုခံချေပခဲ့သည်။
သို့ပေမည့် လက်ရှိဘုရင်မင်းမြတ်သည် မူဝါဒသစ်ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ကာ နှစ်ပေါင်းရာချီ သက်တမ်းရှိသော တော်ဝင်မျိုးနွယ်များ၏ စံအိမ်များကို ဖျက်သိမ်းခြင်း၊ ယင်းတို့၏ ကိုယ်ပိုင်စစ်အင်အားကို ပြန်လည်ရယူခြင်းတို့ဖြင့် ဩဇာကြီးမားသော တော်ဝင်မျိုးနွယ်များကို အလုံးစုံ ဖျက်ဆီးခဲ့၏။
သူ့ကို ကြင်နာမှုကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သူ၊ ဘဏ္ဍာတိုက်ထဲ ငွေနည်းနေ၍ ထိုတော်ဝင်မျိုးနွယ်များကို သတ်ဖြတ်ကာ ငွေစုဆောင်းနေသည်ဟု လူအချို့က ဝေဖန်ကြမည်မှာ သေချာသည်။ ထို့ကြောင့် ဤဘုရင်မင်းမြတ်သည် မိမိမှာ ကြင်နာတတ်သူဖြစ်ကြောင်း လောကကို ပြသရပေမည်။ မူဝါဒသစ်ကို အကောင်အထည်ဖော်ခြင်းသည်လည်း ပြည်သူနှင့် နိုင်ငံတော်၏ အကျိုးအတွက်၊ ရွှဲ့တိုင်းပြည် နှစ်တစ်သောင်း တည်တံ့မည့် ရေရှည် စီမံကိန်းတစ်ခုဖြစ်ကြောင်း ပြသရမည်။
အပြစ်ဒဏ်ပေးခြင်းနှင့် ဆုချီးမြှင့်ခြင်းသည် ဖြောင့်မတ်တည်ကြည်မှုအပေါ် အခြေခံခြင်းအကြောင်း ….။
ဤခေါင်းစဉ်သည် ဖြောင့်မတ်တည်ကြည်မှုနှင့် ဆုပေး၊ဒဏ်ပေးခြင်းကြားမှ ဆက်နွယ်မှုကို ဆိုလိုသည်။ စကားလုံးများသည် နှလုံးသားထဲမှ အသံကို ပဲ့တင်ထပ်စေပြီး ဘုရင်မင်းမြတ်၏ မိမိကိုယ်ကိုယ် ကောင်းမွန်ကြောင်း ဖြောင့်ချက်ပေးစေလိုသော ဆန္ဒနှင့် အပြည့်အဝ ကိုက်ညီနေ၏။
ထို့ကြောင့် ရှမ့်လန် ကြိုတင်ခန့်မှန်းထားသော နိုင်ငံရေးစာတမ်း ၁၉ ခုတွင် ဤစာတမ်းသည် ဒုတိယနေရာတွင် ရှိနေသည်။
ဒုတိယမေးခွန်းဖြစ်သော ရွှမ်ဝူ (လိပ်နက်) ကို အခြေခံ၍ ကဗျာရေးခြင်းမှာမူ အလွန်ပင် ပရိယာယ်ကြွယ်ဝ သည်။ လွန်ခဲ့သော နှစ်ပေါင်းရာချီက လောကကြီး ဖရိုဖရဲဖြစ်ချိန်တွင် ကျင်းမိသားစု၏ ဘိုးဘေးသည် မိသားစု ပိုင်ဆိုင်မှုများကို ရောင်းချကာ စစ်သည်တော်များကို စုဆောင်းခဲ့၏။ အာဏာလုရန်မဟုတ်ဘဲ နယ်စပ်ကို ကာကွယ်ပြီး ပြည်သူများကို အေးချမ်းစေရန်သာ ဖြစ်၏။
နှစ်ပေါင်းနှစ်ဆယ်ကြာ သတ်ဖြတ်တိုက်ခိုက် ခဲ့ကြသည်။ မြစ်ကိုဖြတ်ကူးသော ငါးကြင်းများကဲ့သို့ မရေမတွက်နိုင်သော မိသားစုများသည် အောင်မြင်လိုက်၊ ကျရှုံးလိုက် ဖြစ်ခဲ့ကြ၏။ ကျင်းမိသားစု တစ်ခုတည်းကသာ စစ်သည်တော်ထောင်ပေါင်းများစွာကို ဦးဆောင်ပြီး ရွှမ်ဝူမြို့ပတ်ဝန်းကျင် လီပေါင်းရာချီရှိသော မြေကို ကာကွယ်ခဲ့သည်။ နယ်မြေချဲ့ထွင်ခြင်းမရှိ၊ နောက်ဆုတ်ခြင်းလည်း မရှိချေ။
‘ကျုပ်က တခြားသူကို မရန်စဘူး၊ ကျုပ်ကိုလည်း လာမစနဲ့’ ဆိုသည့် သဘောပင်။
အမှန်ပင် လိပ်တစ်ကောင်နှင့် တူလှသည်။
အခြားသူများက ရွှမ်ဝူမြို့ကို တိုက်ခိုက်လိုကြသော်လည်း အမှန်တကယ် မတိုက်ခိုက်နိုင်ခဲ့ပေ။ အကြောင်းမှာ ဤလူများသည် မိမိတို့၏အိမ်နှင့် မိသားစုကို ကာကွယ်ရန် အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်ကြသောကြောင့် ဖြစ်သည်။ တဖြည်းဖြည်းနှင့် လူတိုင်းသည် တိုက်ခိုက်ရန် ဆန္ဒမရှိတော့ပေ။
ဤလူများသည် အသိုက်ထဲတွင်သာ ကျုံ့ကျုံ့လေးနေပြီး မည်သူ့နယ်မြေကိုမျှ လုယက်မည်မဟုတ်ပေ။ ထို့နောက် ကျင်းမိသားစုသည် နာမည်ကြီးလာခဲ့သည်။ လူတိုင်းက သူတို့ကို လိပ်မိသားစု ဟု ခေါ်ကြသည်။ သို့ပေမည့် လိပ် ဟူသော စကားလုံးသည် နားထောင်၍ မကောင်းလှပေ။ ထို့အပြင် ကျင်းမိသားစုက နယ်စပ်ကို ကာကွယ်ပြီး ပြည်သူများကို အေးချမ်းစေခြင်းသည် မွန်မြတ်သော လုပ်ရပ်ဖြစ်သောကြောင့် လူတိုင်းက ဤသည်မှာ လိပ်နက်ဖြစ်သည်ဟု ညွှန်းဆိုလာကြသည်။
နောက်ပိုင်းတွင် လောကကြီး တဖြည်းဖြည်း ငြိမ်းချမ်းလာပြီး တာ့ယန်အင်ပါယာကြီးက လောကအာဏာကို သိမ်းပိုက်နိုင်ခဲ့သည်။ တောင်ပိုင်းဒေသကို နင်မိသားစုက သိမ်းပိုက်ပြီး ရွှဲ့တိုင်းပြည်ကို တည်ထောင်ခဲ့သည်။ ပထမမျိုးဆက် ရွှဲ့တိုင်းပြည် ဘုရင်မင်းမြတ်သည် စစ်ဘက်မှလာသူဖြစ်ပြီး အာဏာရှင်ဆန်သော စရိုက်ရှိ၏။
တောင်ပိုင်းဒေသအများစုကို အောင်နိုင်ပြီးနောက် သူသည် ကျင်းမိသားစုထံ လူလွှတ်ကာ “ကျုပ်နဲ့ အတူ ကမ္ဘာကြီးကို ငြိမ်းချမ်းအောင် ပြုလုပ်လိုသလား” ဟု မေးမြန်းခဲ့သည်။ ကျင်းမိသားစုက သဘောတူကြောင်း ပြန်ကြားခဲ့ပြီး ထိုအချိန်မှစ၍ ကျင်းမိသားစုသည် နင်မင်းဆက်၏ ဘွဲ့ခံဖြစ်လာခဲ့သည်။
ပထမမျိုးဆက် ဘုရင်မင်းမြတ်သည် အလွန်ဝမ်းမြောက်ပြီး ကျင်းမိသားစု၏ ခေါင်းဆောင်အား ရွှမ်ဝူမြို့စား ဟု သတ်မှတ်ပြီး စခန်းချရာ မြေတည်နေရာကို ရွှမ်ဝူမြို့ဟု အမည်ပေးခဲ့သည်။ ဤသည်မှာ ရွှမ်ဝူမြို့စားစံအိမ်၏ ဇာစ်မြစ်ပင် ဖြစ်၏။ သို့ပေမည့် ပထမမျိုးဆက် ဘုရင်မင်းမြတ်သည် ယဉ်ကျေးမှုမရှိသည့်အပြင် မူးမတ်များ၏ တတွတ်တွတ် ပြောဆိုခြင်းကို နာမးထောင်ချင်ပေ။
နောက်ပိုင်း ဘုရင်မင်းမြတ်များမှာမူ ယဉ်ကျေးမှုရှိလာကြသည်။ လိပ်နက် သည် ရှေးခေတ်နတ် တိရစ္ဆာန်များထဲမှ တစ်ကောင်ဖြစ်သည်။ တော်ဝင်မျိုးနွယ်တစ်ဦးအနေဖြင့် အဘယ့်ကြောင့် ထိုဘွဲ့ကို သုံးစွဲနေရသနည်း။ ထို့ကြောင့် မျိုးဆက်တိုင်းမှ ဘုရင်မင်းမြတ်များသည် ဤဘွဲ့ကို ပြောင်းလဲလိုကြသည်။
အဓိကအချက်မှာ နိုင်ငံတော်၏ မြို့တော်တွင် ရွှမ်ဝူတံခါး ဟူ၍လည်း ရှိနေ၏။ ဤတံခါးကို ဖြတ်သွားတိုင်း ကျင်းမိသားစု၏ တံခါးပေါက်ကို ဖြတ်သွားရသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် နောက်ပိုင်း ဘုရင်မင်းမြတ် များသည် တစ်ကြိမ်နှစ်ကြိမ် စမ်းသပ်ကြည့်သော်လည်း ပယ်ချခံခဲ့ရ၏။ အထူးသဖြင့် ကျင်းကျူး မြို့စား လက်ထက်တွင် နာမည်ပြောင်းလဲခြင်းကိစ္စသည် အလွန်ကြီးမားသော လှုပ်ခတ်မှုတစ်ခု ဖြစ်ခဲ့၏။
ဤနောက်ပိုင်းတွင် နာမည်ပြောင်းလဲခြင်းကိစ္စကို လက်လျှော့လိုက်ရ၏။ အကြောင်းမှာ ရွှဲ့တိုင်းပြည်သည် လောကကို အုပ်စိုးသော နိုင်ငံတစ်ခုမဟုတ်သောကြောင့်ပင်။ ဤမျိုးဆက်မှ ဘုရင်မင်းမြတ်သည် ကြင်နာမှု ကင်းမဲ့သူဖြစ်ပြီး စိတ်ထဲတွင်လည်း ဤကိစ္စကို အလေးထားနေ၏။ ထို့ကြောင့် ခေါင်းစဉ်ထုတ်သောအခါ လိပ်နက် ဟူသော ခေါင်းစဉ်ကို အလိုအလျောက် သတ်မှတ်မိသွားသည်။
ဘုရင်မင်းမြတ်များသည် ခေါင်းစဉ်ထုတ်သောအခါ မေးခွန်းကြိုတင်မှန်းဆခြင်းကို သေချာပေါက် ထည့်သွင်း စဉ်းစားကြပြီး သူ၏မေးခွန်းကို မည်သူမှ ကြိုတင်ခန့်မှန်းနိုင်မည်မဟုတ်ဟု ယူဆကြ၏။ ထို့ကြောင့် ပထမ ခေါင်းစဉ်သည် သဘာဝအားဖြင့် အလွန်ရှုပ်ထွေးပြီး ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်ပေ။ သို့ပေမည့် အပိုမေးခွန်းမှာမူ အများအားဖြင့် အသုံးမပြုရသောကြောင့် မိမိဆန္ဒအတိုင်း၊ နှလုံးသားထဲ၏ လားရာအတိုင်း မေးခွန်းထုတ်လေ့ရှိ၏။
ထို့ကြောင့် ဤမေးခွန်းနှစ်ခုစလုံးသည် ရှမ့်လန်၏ ကြိုတင်ခန့်မှန်းမှုနှင့် တိုက်ဆိုင်သွားခဲ့သည်။ ဒုတိယ မေးခွန်းဖြစ်သော လိပ်နက်ကို အခြေခံ၍ ကဗျာရေးခြင်းမှာမူ ကြိုတင်ခန့်မှန်းရန် မခက်ခဲလှပေ။
“ထန်ဆက်ခံသူ၊ ကျင်းဆက်ခံသူ၊ ခေါင်းစဉ်ကို ရှင်းရှင်းလင်းလင်း မြင်ကြရဲ့လား”နင်ချီက မေးလိုက်သည်။
“မြင်ပါတယ်… ဦးရီးတော်ကို ကျေးဇူးတင်ပါတယ်” ထန်ယွင်က ပြောလိုက်၏။
ဝတုတ်ကျင်းမူကုန်းမှာမူ စိတ်မရှည်နိုင်တော့ဘဲ စိတ်အားထက်သန်စွာဖြင့် ရေးသားတော့သည်။
‘ဒီမိုက်မဲတဲ့ ကလေး.. မင်း အရင်ဆုံး နာရီဝက်လောက် စဉ်းစားသင့်တယ်။ ပြီးမှ ရေးသင့်တယ်။ ခေါင်းစဉ်မြင်တာနဲ့ ချက်ချင်း ရေးတော့တာပဲလား’ တော်ဝင်ဦးရီးတော် နင်ချီက ပြုံး၍ ကြည့်ကာ အလေးမထားတော့ပေ။
ကျင်းမူကုန်း၏ နာမည်ဆိုးကို သူလည်း ကြားဖူးသည်။ ရိုးရိုးသားသားပြောရလျှင် သူသည် ထိုကဲ့သို့သော ကလေးကို မမုန်းသည့်အပြင် အလွန်ပင် သဘောကျသေး၏။ ဖြောင့်မတ်ရိုးသားပြီး နောက်လိုက်ဘွဲ့ခံအဖြစ် ခေါ်ယူရန် အကောင်းဆုံးပင်။ သို့ပေမည့် မူဝါဒသစ်သည် မီးဟုန်းဟုန်းတောက်နေသကဲ့သို့ ဖြစ်နေချိန်မှာတော့ ထိုသို့သော ဖြောင့်မတ်ရိုးသားမှုသည် မိသားစုအတွက် ရာဇဝတ်မှုတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် တော်ဝင်ဦးရီးတော် နင်ချီသည် စိတ်ထဲ၌ သနားဂရုဏာများစွာ သက်ခဲ့၏။
ကျင်းဟိုင်မြို့စားသည် ကျင်းမူကုန်းကို တစ်ချက်ကြည့်လိုက်ပြီး အထင်အမြင် သေးသွားမိသည်။
‘ခေါင်းစဉ် မြင်တာနဲ့ ချက်ချင်းရေးတယ်၊ မင်း ဘယ်လောက်တောင် အသုံးမကျတဲ့ကောင်လဲ’
လုံးဝ စဉ်းစားခြင်း မရှိခြင်းသည် ဘာကို ကိုယ်စားပြုသနည်း။ စာမေးပွဲတွင် အခြားစာတော်သော သူများသည် စာမေးပွဲမေးခွန်းကို အစအဆုံး ကြည့်ပြီးမှ အဖြေရေးကြသည်။ စာညံ့သူများမှာမူ ကြည့်ရန်မလိုပေ။ စဉ်းစားရန်လည်း မလိုပေ။ အကြောင်းမှာ စဉ်းစားလျှင်လည်း အတူတူပင်၊ မည်သို့ပင်ဖြစ်စေ အဖြေ မရနိုင်သောကြောင့်ပင်။
အားလုံး၏ စိတ်ထဲတွင် ကျင်းမူကုန်းသည် ထိုကဲ့သို့သော အလွန် ညံ့ဖျင်းသည့် ကျောင်းသား ဖြစ်၏။
ရွှမ်ဝူမြို့စားနှင့် ကျင်းဟိုင်မြို့စားတို့ ထွက်သွားကြသည်။
ထန်ယွင်က ဆက်လက်စဉ်းစားနေ၏။
ကျင်းမူကုန်း ကမူ လေအဟုန်ဖြင့် ရေးသားနေဆဲဖြစ်သည်။ ‘မူလကတော့ ဒါက အတတ်ပညာ စာပေယှဉ်ပြိုင်ပွဲလေ။ ဘာလို့ ကျုပ်က ပုံမှန်အိမ်စာကူးနေသလို ခံစားနေရတာလဲ။ ပြီးတော့ အရှိန်က ပိုတောင်မြန်နေသေးတယ်’
စာမေးပွဲစောင့်ကြည့်သူ သုံးဦးက အပေါ်တွင် ငြိမ်သက်စွာ ထိုင်နေကြ၏။
တစ်နာရီ၏ လေးပုံတစ်ပုံအကြာတွင် ဝတုတ်သည် ရေးသား၍ ပြီးသွားပေပြီ။ အပြစ်ဒဏ်ပေးခြင်းနှင့် ဆုချီးမြှင့်ခြင်းသည် ဖြောင့်မတ်တည်ကြည်မှုအပေါ် အခြေခံခြင်းအကြောင်း ဟူသော မျက်မှောက်ရေးရာစာတမ်းကို သူ ဤသို့ ရေးခဲ့သည်။ အိုး … မဟုတ်သေးပေ။ သူ ဤသို့ ကူးရေးခဲ့သည်။
ဤစာတမ်းကို မည်သူရေးခဲ့သနည်း။ တရုတ်နိုင်ငံ၏ နှစ်ထောင်ပေါင်းများစွာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး စာပေပညာရှင်ကြီးများထဲတွင် ထိပ်ဆုံးသုံးဦးအတွင်း ဝင်နိုင်သော ဆုရှီ ပင်ဖြစ်သည်။ ဤဆောင်းပါးဖြင့် သူ၏ပြိုင်ဘက်များဖြစ်သော ပညာရှင်ကြီးများကို အပြတ်အသတ် အနိုင်ယူခဲ့သည်။ ထိုပညာရှင်ကြီးများထဲမှ တစ်ဦးကိုသာ ကျပန်းရွေးထုတ်လိုက်လျှင်ပင် ထန်ယွင် ထက် အဆနှစ်ဆယ်မက သာလွန်ပေ၏။ သို့ပေမည့် ဆုရှီသည် ထိုစာမေးပွဲတွင် ပထမ မရခဲ့ပေ။
လိပ်နက် ကို ကဗျာအဖြစ် စပ်ဆိုရန်အတွက် ရှမ့်လန်သည် သဘာဝကျကျပင် ချောင်းချောင်း (Cao Cao) ၏ လိပ်သက်ရှည်သော်လည်း ကဗျာကို ရွေးချယ်ခဲ့သည်။
[လိပ်သက်ရှည်သော်လည်း၊ တစ်နေ့တော့ ဆုံးခန်းတိုင်ရမည်သာ။
မြူခိုးကိုခွင်းပျံသော နဂါးပင်ဖြစ်လင့်ကစား၊ နောက်ဆုံးတွင် မြေမှုန့်သာ ဖြစ်ရမည်။
အိုမင်းသော်လည်း မြင့်မားသော ရည်မှန်းချက်များဖြင့် ပြည့်နှက်ဆဲ။
သူရဲကောင်းတို့၏ နေဝင်ချိန်၊ ရဲရင့်သောစိတ်ဓာတ်ကား မပြယ်။
ရှင်သန်မှုနှင့် သေဆုံးမှုသည်၊ ကောင်းကင်ဘုံ၌သာ တည်၏။
ပျော်ရွှင်ချမ်းမြေ့မှုကို ဆုပ်ကိုင်နိုင်လျှင်၊ ထာဝရအသက်ရှင်နိုင်မည်။
မျှော်လင့်ချက်များဖြင့်၊ ဤသီချင်းကို သီဆိုလိုက်ပါ၏။]
ဤကဗျာသည် အခြားကဗျာများလောက် မကျော်ကြားသော်လည်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး ရှားပါးသော လက်ရာမွန်တစ်ခု ဖြစ်သည်။ ရှမ့်လန်သည် ပို၍ ထက်မြက်ပြီး ရည်မှန်းချက်ကို ထုတ်ဖာ်ပြသသည့် ကဗျာမျိုးကို ကူးရေးရန် မဝံ့ရဲခဲ့ပေ။ ပုန်ကန်နိုင်သည်ဟု သံသယဝင်ခံရနိုင်သည် မဟုတ်ပါလား။
.............
အတတ်ပညာ ယှဉ်ပြိုင်ပွဲ၏ အချိန်သည် သုံးနာရီ သတ်မှတ်ထားသော်လည်း ဝတုတ်ကျင်းမူကုန်း၏ အရှိန်သည် အလွန်မြန်ဆန်သောကြောင့် တစ်နာရီ၏ လေးပုံတစ်ပုံမျှဖြင့် ကူးရေးပြီး ဖြစ်သည်။ စာလုံးများမှာလည်း သပ်ရပ်ပြီး လှပသည်။
‘ကောင်းကင်ဘုံ …. ဒါဆို ကျန်တဲ့ ငါးနာရီကျော်ကို ဘယ်လို ဖြတ်သန်းရမလဲ’
ဝတုတ်ကျင်းမူကုန်းသည် ခေါင်းကုတ်လိုက်မိ၏။ ‘အစောကြီးပြီးသွားရင် ယောက်ဖ ငါ့ကို သတ်လိမ့်မယ်။ ငါ ရေးထားပြီးတာတွေ ဆက်ရေးလိုက်မယ်။’
ထို့နောက် ဝတုတ် ကျင်းမူကုန်းသည် ဆက်လက်ကူးရေးတော့သည်။ ဤတစ်ကြိမ်တွင် သူသည် မိမိအရှိန်ကို အစွမ်းကုန် ထိန်းချုပ်ကာ စာလုံးတစ်လုံးချင်းစီကို သေချာရေးသားနေ၏။
‘ဘဝက အဓိပ္ပာယ်မဲ့လိုက်တာ၊ စာကူး ရေးရတာကမှ ပိုစိတ်ဝင်စားဖို့ကောင်းသေးတယ်’
နာရီဝက်ကြာ စဉ်းစားပြီးနောက် ထန်ယွင်သည် ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။ ထို့နောက် သဘာဝကျကျ မှင်သွေးကာ စုတ်တံကို ရွေးချယ်လိုက်၏။ အနုပညာဆန်သော နည်းလမ်းဖြင့် စုတ်တံတွင် မှင်အပြည့် နှစ်ပြီးနောက် တောက်ပစွာ ရေးသားတော့သည်။
‘ကျုပ် ထန်ယွင်က နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ တော်ဝင်မျိုးနွယ်ရဲ့ ဆက်ခံသူ၊ ရွှဲ့တိုင်းပြည်ရဲ့ နန်းတွင်းစာမေးပွဲမှာ တတိယရသူ။ ကျုပ်ဘဝက အမြဲတမ်း ခမ်းနားထည်ဝါနေဖို့ သတ်မှတ်ပြီးသားပဲ။ ကျုပ်ရဲ့ လှုပ်ရှားမှုတိုင်းက အလင်းတန်းတွေ ထုတ်လွှတ်နေသလိုပဲ။ မင်းတို့က ကျုပ်ကို အထင်ကြီးအောင် လုပ်နေတယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ ဒါက ကျုပ်ရဲ့ သာမန်အကျဆုံး နေ့စဉ်ဘဝအစိတ်အပိုင်းတစ်ခုပဲ။ မာနနဲ့ မောက်မာမှုက ကျုပ့်ရဲ့ သွေးကြောတွေနဲ့ အရိုးတွေထဲမှာ တည်ရှိပြီးသားပဲ’
‘ဟုတ်တယ်၊ အထင်သေးမှုပဲ။ ကျုပ် ထန်ယွင်က မင်းတို့အားလုံးကို အထင်သေးတယ်။ ကမ္ဘာပေါ်မှာ ကျုပ့်ထက် စာပေစွမ်းရည်ရှိတဲ့သူက ကျုပ်လောက် ရုပ်မချောဘူး။ ကျုပ်လောက် ရုပ်ချောတဲ့သူက ကျုပ်လောက် အရည်အချင်းမရှိဘူး၊ ကျုပ်လောက် မိသားစုနောက်ခံ မကောင်းဘူး။ ကျုပ်မျက်စိထဲမှာ အခုရှိနေတဲ့သူတွေ အားလုံးက အမှိုက်တွေပဲ၊ မင်း ရှမ့်လန် အပါအဝင်ပေါ့’
‘ကျင်းမူကုန်းလား။ အားနာတယ်။ မင်းက အမှိုက်တောင် မဟုတ်ဘူး၊ မင်းက အမှိုက်စားတဲ့ လောက်ကောင်ပဲ။ မင်းက ရှမ့်လန်ကိုတောင် မှီခိုနေရတာ’’
ထန်ယွင်သည် ရေးလေလေ မိမိဆောင်းပါးသည် အံ့ဖွယ်ကောင်းလေလေဟု ထင်လာသည်။
‘ဒီလောက်ကောင်းတဲ့ ဆောင်းပါး၊ ဒီလောက် နက်ရှိုင်းတဲ့ အတွေးအခေါ်၊ ကျုပ် ဘယ်လိုများ တွေးထုတ်နိုင်ခဲ့တာလဲ။ ကျုပ်ကိုယ်ကျုပ် လေးစားတယ်။ ကျုပ်ကိုယ်ကျုပ် အံ့ဩတယ်။ ထန်ယွင်၊ မင်းရဲ့ အရည်အချင်းက တကယ်ပဲ ဘယ်မှာ အဆုံးသတ်မှာလဲ’
ရေးလေလေ ထန်ယွင်သည် မိမိကိုယ်လုံး ပေါ့ပါးလာသလို ခံစားရလေလေ ဖြစ်၏။
‘ကျုပ် အရမ်းကောင်းအောင် ရေးနိုင်ခဲ့တယ်။ ကျုပ် ပညာရှင်ကြီး ဖြစ်ရတော့မယ်။ အကယ်၍ နန်းတွင်းစာမေးပွဲ တုန်းက ကျုပ်မှာ ဒီလိုအခြေအနေ၊ ဒီဆောင်းပါး ရှိခဲ့ရင် တတိယထက် အများကြီး ပိုသာမှာပဲ။ ပထမဆိုတာ လွယ်လွယ်လေးပဲ’ ထန်ယွင်၏ အံ့ဖွယ်ကောင်းသော ခံစားမှု၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ရေးသား၍ ပြီးဆုံးသွားနောက် ထန်ယွင်သည် မိမိဆောင်းပါးကို သုံးကြိမ် ပြန်ဖတ်ကြည့်သည်။ ကြည့်လေလေ ပိုကောင်းလေလေ ဖြစ်၏။
‘ပြီးပြည့်စုံတယ်’
ထို့နောက် ထန်ယွင် သည် ထိုင်ရာမှထကာ အကြီးအကဲသုံးဦးကို ဦးညွှတ်အရိုအသေပေးပြီး ထွက်ခွာသွားသည်။
အစမှအဆုံး သူသည် ကျင်းမူကုန်းကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။ သူခံစားရသည်မှာ လူတစ်ယောက် အိမ်သာထဲ ရောက်နေလျှင် လောက်ကောင်တစ်ကောင်ကို စိုက်ကြည့်နေမည် မဟုတ်ပေ။
‘ကျင်းမူကုန်းဆိုတဲ့ ပုရွက်ဆိတ်၊ မင်း ကျုပ် ထန်ယွင်ရဲ့ ခြေဖဝါးအောက်မှာ သေရတာ အကြီးမားဆုံး ဂုဏ်ယူစရာပဲ’
ဝတုတ်ကျင်းမူကုန်းမှာမူ စာလုံးတစ်လုံးချင်းစီကို အလှဆင် ရေးသားနေဆဲဖြစ်သည်။
‘ငါ ကမ္ဘာသစ်ရဲ့ တံခါးဝကို ရှာတွေ့သွားပြီနဲ့တူတယ်’
တော်ဝင်ဦးရီးတော် နင်ချီက ငုံ့ကြည့်လိုက်သည်။ ကျင်းမူကုန်းသည် တစ်လုံးချင်းစီ ရေးနေဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။
‘ဒီလောက်နှေးတာက လက်နှေးနေတာ မဟုတ်နိုင်ဘူး၊ ဦးနှောက်သေနေတာပဲဖြစ်ရမယ်’
ထို့ကြောင့် တော်ဝင်ဦးရီးတော် နင်ချီက သနားစွာဖြင့် သက်ပြင်းချလိုက်သည်။
နောက်ထပ် နာရီဝက်ကြာပြီးနောက် စာမေးပွဲပြီးဆုံးရန် နာရီဝက်သာ လိုတော့သည်။ ကျင်းမူကုန်းသည် နောက်ဆုံးစာလုံးကို ရေးသားပြီးစီးခဲ့၏။
‘သက်တောင့်သက်သာရှိလိုက်တာ’
နောက်ဆုံးစာလုံးကို ရေးသားပြီးနောက် ကျင်းမူကုန်းက မော့ကြည့်လိုက်သည်။
‘ဟမ်.. ထန်ယွင်ဆိုတဲ့ကောင် ထွက်သွားပြီလား။ ဘယ်တုန်းက ထွက်သွားတာလဲ။ ငါလည်း သွားမယ်’
ကျင်းမူကုန်းက ထိုင်ရာမှထကာ ဒိုင်လူကြီး အကြီးအကဲသုံးဦးကို ဦးညွှတ်အရိုအသေပေးလိုက်သည်။ ခြေထောက်များ ယိုင်နဲ့သွား၏။
‘တော်တော် ပင်ပန်းတာပဲ’
ထို့နောက် ကျင်းမူကုန်း၏ ဝတုတ်တုတ်ခန္ဓာကိုယ်သည် ယိုင်တိုင်တိုင်ဖြင့် ထွက်ခွာသွားသည်။ စိတ်ဓာတ်ကျ ညှိုးငယ်နေပုံလည်း ပေါ်သည်။
တော်ဝင်ဦးရီးတော် နင်ချီက ပြောလိုက်၏။ “အတတ်ပညာပေယှဉ်ပြိုင်ပွဲ ပြီးဆုံးပြီ၊ ဝင်ခဲ့ကြ”
ရွှမ်ဝူမြို့စား၊ ကျင်းဟိုင်မြို့စားတို့ ဝင်လာကြသည်။ သူတို့နှင့်အတူ နန်းတွင်းမှ စာကူးရေးရန် တာဝန်ရှိသော မိန်းမစိုးအချို့လည်း ပါလာသည်။
တော်ဝင်ဦးရီးတော် နင်ချီက အမိန့်ပေးလိုက်၏။ “မင်းတို့နှစ်ယောက် တစ်ယောက်စီ စာကူးရေးမယ့် မိန်းမစိုးတစ်ဦးကို ရွေးချယ်ပြီး ဆက်ခံသူ နှစ်ဦးရဲ့ စကားပြောနဲ့ ကဗျာတွေကို ကူးရေးခိုင်းလိုက်။ ပြီးရင် နာမည်ကို တံဆိပ်ခတ်ပြီး ကျုပ်တို့ဆီကို စာရွက်တွေ စစ်ဆေးဖို့ ပေး”
“ကောင်းပါပြီ”
အလှပဆုံး မိန်းမစိုးက ရှေ့ထွက်လာပြီး ပထမဆုံး ထန်ယွင်၏ စကားပြေနှင့် ကဗျာကို ကူးရေးသည်။ မျက်နှာအမူအရာမပြောင်းပေ။ ထို့နောက် သူက ကျင်းမူကုန်း၏ စကားပြေနှင့် ကဗျာကို ထပ်မံကူးရေး၏။ မျက်နှာအရောင် အနည်းငယ် ပြောင်းလဲသွားသည်။ ချက်ချင်းပဲ ထိန်းချုပ်ပြီး ဆက်လက်ကူးရေးသည်။
ဤအသေးစိတ်ကို လူအများက မြင်လိုက်ကြသည်။ ကျင်းမူကုန်း၏ စကားပြေသည် မည်မျှဆိုးရွားပြီး ညစ်နွမ်းနေသောကြောင့် မျက်နှာ ပျက်ရသနည်းဟု တွေးမိလိုက်ကြ၏။
အဖြေစာရွက်နှစ်ခုလုံးကို ကူးရေးပြီး နာမည် တံဆိပ်ထုနှက်လိုက်သည်။ ထို့နောက် စာရွက်များကို စစ်ဆေးရန် စီစဉ်တော့သည်။
စာရွက်များကို စစ်ဆေးခြင်းကို အဓိကအားဖြင့် တော်ဝင်ဦးရီးတော် နင်ချီနှင့် အမတ်ကြီးစော့ရွှမ်းတို့က တာဝန်ယူထားသည်။
အမတ်ကြီးစော့ရွှမ်းသည် ထန်ယွင်၏ မျက်မှောက်ရေးရာစာတမ်း စကားပြေဆောင်းပါး နှင့် ကဗျာဖြစ်မည်ဟု ယူဆရသော စာရွက်ကို ဖတ်ရှုလိုက်၏။
“ကောင်းတယ်။ အရမ်းကောင်းအောင် ရေးထားတယ်။ ဒီမျက်မှောက်ရေးရာစာတမ်းက ဒီနေ့ အတတ်ပညာ ယှဉ်ပြိုင်ပွဲမှာ ထားရုံမကဘူး၊ နန်းတွင်းစာမေးပွဲမှာ ထားရင်တောင် လုံလောက်တာထက် ပိုနေသေးတယ်။ ထူးချွန်တယ်၊ လူငယ်လေးက ကြောက်စရာကောင်းတယ်”
“ဒီကဗျာလည်း ကောင်းတယ်၊ ပြင်းထန်တယ်၊ ပြင်းထန်တယ်”
နာမည်မခေါ်သော်လည်း အမတ်ကြီးစော့ရွှမ်း၏ စိတ်ထဲတွင် ဤသည်မှာ ထန်ယွင်၏ စကားပြေဖြစ်ကြောင်း သေချာနေသည်။
တစ်ချိန်တည်းမှာပင် တော်ဝင်ဦးရီးတော် နင်ချီကလည်း ကျင်းမူကုန်း၏ အဖြေလွှာကို ဆွဲထုတ်လိုက်သည်။ သူ လုံးဝ ထိတ်လန့်သွားခဲ့သည်။ အစပိုင်းတွင် သူသည် စားပွဲကို ထုကာ ချီးကျူးလိုစိတ် ပေါ်လာသည်။ သို့ပေမည့် လက်ကို မရိုက်ခင် ရပ်တန့်လိုက်သည်။ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းသည် အလွန် ပေါ့ပျက်ပျက်နိုင်သောကြောင့် ဖြစ်၏။
အချို့သော စကားပြေ ဆောင်းပါးများသည် လူကို အဆက်မပြတ် ချီးကျူးစေသည်။ သို့ပေမည့် အချို့ဆောင်းပါးများမှာမူ လူကို တုန်လှုပ်စေပြီး ဖတ်ရှုသူကို အားငယ်သွားစေ၏။ ဤမျက်မှောက်ရေးရာ စာတမ်း စကားပြေသည် ထိုသို့ပင် ဖြစ်သည်။ အထူးချီးကျူးစရာမှာ ဤမျက်မှောက်ရေးရာစာတမ်းတွင် ကြီးကျယ်ခမ်းနားသော စာလုံးအလှအပများ မပါဝင်ပေ။ သို့ပေမည့် ဆုံးဖြတ်ချက်မှာ နက်ရှိုင်းပြီး အခြားဆောင်းပါးများကဲ့သို့ မြှောက်ပင့်ဖားယားခြင်း လုံးဝမရှိပေ။ စာလုံး ၆၀၀ သာ ရှိသော်လည်း ဖတ်ရှုရသည်မှာ ကြေးစည်သံကဲ့သို့ ညက်ညောပြတ်သားလှသည်။
ဤမျက်မှောက်ရေးရာစာတမ်းကို ကြည့်ပြီးနောက် တော်ဝင်ဦးရီးတော် နင်ချီသည် လိပ်သက်ရှည်သော်လည်း ကဗျာကိုဆက် ကြည့်လိုက်သည်။ ကြည့်ရင်းဖြင့် သူသည် အသံထွက်၍ မဖတ်ဘဲ မနေနိုင်တော့ပေ။
“အိုမင်းသော်လည်း မြင့်မားသော ရည်မှန်းချက်များဖြင့် ပြည့်နှက်ဆဲ။ သူရဲကောင်းတို့၏ နေဝင်ချိန်၊ ရဲရင့်သောစိတ်ဓာတ်ကား မပြယ်”
ကြက်သီးမွေးညင်းများ ထသွားသည်။ အထူးသဖြင့် ၇၈ နှစ်အရွယ် တော်ဝင်ဦးရီးတော် နင်ချီအတွက် ဤကဗျာသည် သူ၏ နှလုံးသားကို ထိမှန်စေသည်။
‘ထန်ယွင်က တကယ်ပဲ ဒီလောက် အရည်အချင်းရှိတာလား။’
တော်ဝင်ဦးရီးတော် နင်ချီ၏ စိတ်ထဲတွင် ဤသည်မှာ ထန်ယွင်၏ လက်ရာဖြစ်မည်ဟု အလိုလို တွေးမိသည်၊ အကြောင်းမှာ ကျင်းမူကုန်းသည် အသုံးမကျသူ ဖြစ်သောကြောင့်ပင်။
‘မဟုတ်သေးဘူး။ ဒါက ထန်ယွင်ရဲ့ ရေးပုံရေးနည်း မဟုတ်ဘူး’
တစ်ချိန်တည်းမှာပင် အနီးရှိ အမတ်ကြီးစော့ရွှမ်းက ပြောလိုက်၏။ “တော်ဝင်ဦးရီးတော် နင်ချီ.. ကျုပ်လက်ထဲက စကားပြေကို အမြန်ကြည့်ပါအုံး။အရမ်းတုန်လှုပ်စရာကောင်းတယ်”
ထို့နောက် သူတို့နှစ်ယောက်သည် အဖြေလွှာစာရွက်များ လဲလှယ်လိုက်ကြသည်။
တော်ဝင်ဦးရီးတော် နင်ချီသည် ထန်ယွင်၏ မျက်မှောက်ရေးရာစာတမ်း စကားပြေကို ဖွင့်ပြီး တစ်ချက်ကြည့်လိုက်၏။ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ အကယ်၍ သာမန်အချိန်သာဆိုလျှင် သူ ထိတ်လန့်သွားပေလိမ့်မည်။ သို့ပေမည့် ကျင်းမူကုန်း၏ အဖြေလွှာကို ဖတ်ရှုပြီးသည့်နောက် ထန်ယင်၏ စကားပြေမှာ တကယ့်ကို ပေါ့ရွှတ်လွန်းသည်ဟု ခံစားမိ၏။ မည်ကဲ့သို့ သောက်ကျိုးနည်း အခြေအနေမျိုးပေနည်း။