အပိုင်း (၁၅၇)
Vol. 12 Ch. 157
အရိုးသားဆုံး ပြောရမည် ဆိုလျှင် ထန်ယွင်၏ စကားပြေသည် တကယ်ကို ကောင်းမွန်လွန်းလှ၏။ အထူးသဖြင့် သုံးနှုန်းထားသည့် အသုံးအနှုန်းများပင် ဖြစ်ပြီး တကယ့်ကို အံ့အားသင့်စရာပင် ဖြစ်လေ၏။ ဤစကားပြေနှင့် ကဗျာတစ်ခုတည်းကိုသာ တစ်စုံတစ်ယောက်က သေသေချာချာ ကြည့်ရှုမည် ဆိုပါက အလွန်အမင်း ပျော်ရွှင်ပြီး ချီးကျူးချင်သည့် စိတ်ဆန္ဒမျိုးပင် ပေါ်ပေါက်လာမှာ သေချာ၏။
သို့ပေမည့် ကျင်းမူကုန်း၏ စကားပြေနှင့် ကဗျာကို ကြည့်ရှုသည့် အချိန်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့၏။ ထန်ယွင်၏ စကားပြေနှင့် ကဗျာသည် ထုတ်ကာပြောဆိုရလောက်အောင်ပင် ထိုက်တန်ခြင်း မရှိတော့ချေ။ တစ်စုံတစ်ယောက် အနေနှင့် မည်ကဲ့သို့ ဖော်ညွှန်းရမည်နည်း။
ဤအရာသည် အလွန်လှပသော မိန်းကလေးနှင့် အိပ်ပြီး အပြင်ဘက်သို့ ထွက်လာသည့် အချိန်တွင် စင်တင်မှ မိတ်ကပ်ဗရဗွနှင့် မိန်းကလေးတစ်ယောက်က သင့်ကို ဖိတ်ခေါ်လျက် ရှိနေသည့် အခြေအနေမျိုးပင် ဖြစ်၏။ သင်အနေနှင့် နေထိုင်မကောင်းသလို၊ ရွံရှာဖို့ကောင်းသလိုမျိုးပင် ခံစားနေမိမှာ သေချာ၏။ ပုံမှန်ဆိုလျှင် သင်သည် ထိုကဲ့သို့သော မိန်းကလေးနှင့် သွားရောက်ကာ အိပ်လိုက်မှာ သေချာ၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ မဖြစ်နိုင်တော့ချေ။
ဦးရီးတော် နင်ချီသည် ဤကဲ့သို့ အခြေအနေမျိုးကို ကြုံဆုံနေရ၏။ ထန်ယွင်၏ စကားပြေသည် သူ့၏ မျက်လုံးထဲတွင် ဘာမှ အဓိပ္ပာယ် မရှိလှချေ။
အခြားတစ်ဖက်ခြမ်းတွင် ရှိနေသည့် အမတ်ကြီး စော့ရွှမ်းမှာလည်း ကျင်းမူကုန်း၏ စာမေးပွဲ အဖြေလွှာကို သေသေချာချာ ကြည့်ရှုနေ၏။ သူသည် အထက်တန်းစား မိန်းကလေးတစ်ယောက်၏ ပြုစုခြင်းကို ခံနေရသကဲ့သို့ပင်။ စောဏတုန်းက သူသည် ထန်ယွင်၏ အလွန်ကောင်းမွန်သည့် စကားပြေကို ချီးကျူးခဲ့၏။ လက်ရှိအခြေအနေမှာတော့ ကျင်းမူကုန်း၏ အဖြေလွှာကို ကြည့်ရှုရသည့် အချိန်မှာတော့ ချက်ချင်းဆိုသလိုပင် သူ၏ ခံစားချက်များ အားလုံးသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားသလိုပင်။
“ငါ .. ငါ အရင်တုန်းက ချီးလို စကားပြေကို ဖတ်ခဲ့တာပဲ။ ငါ့ရဲ့ စာပေပညာနဲ့ ပတ်သက်တဲ့ အရသာက ဒီလောက်ကြီး နိမ့်ကျသွားခဲ့ပြီလား”
စကားပြေ နှစ်ခုကြားတွင် ရှိနေသည့် ကွာခြားချက်က အလွန်ကို ကြီးမားလွန်းလှ၏။ ကဗျာနှစ်ခုကြားတွင် ရှိနေသည့် ကွာခြားချက်များကလည်း ထိုနည်းလည်းကောင်းပင်။ ထန်ယွင်သည် ချက်ချင်း ဆိုသလိုပင် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်လေ၏။ သံသယရှိစရာ အကြောင်းအရာပင် မရှိချေ။
စာပေတွင် ပထမမရှိ၊ စစ်ရေးတွင် ဒုတိယမရှိ ဆိုသည်မှာ သာမန်အခြေအနေတစ်ခုသာလျှင် ဖြစ်၏။ သို့ပေမည့် ဂန္တဝင်မြောက် အရာတစ်ခုခု ပေါ်ပေါက်လာသည့် အချိန်မှာတော့ ပထမ မရှိသော စာပေတွင် ပထမဆိုသည့် အရာက ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။
“တကယ့်ကို အရမ်းကောင်းတဲ့ လက်ရာတစ်ခုပဲ” ဦးရီးတော် နင်ချီက သက်ပြင်းချလိုက်၏။ သူသည် ထန်ယွင်၏ စကားပြေကို ဆုံးအောင် မဖတ်ခဲ့ချေ။ တစ်ချက် သာမန်ကာရှန်ကာ ကြည့်ရှုပြီးသည့်နောက် ဘေးတစ်ဖက်ဆီသို့ အသာချထား၏။ အဘယ်ကြောင့်ဆိုသော် စောဏက ဖြစ်တည်ခဲ့သည့် သူ၏ စိတ်အခြေအနေတစ်ခုလုံး ပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့်ပင်။
အမတ်မင်း စော့ရွှမ်းကလည်း ခေါင်းညိတ်လိုက်လေ၏။ “အင်း”
ဝူဝေမင်းကြီး ပျံ့ရှောင်သည် ပထမတုန်းက စိတ်မဝင်စားချေ။ သို့ပေမည့် ဘေးနှစ်ဖက်တွင် ရှိနေသည့် လူများ၏ ပြောဆိုသံကို ကြားရသည့် အချိန်မှာတော့ မည်သို့မှ မနေနိုင်ဘဲ လှမ်းကာ ကြည့်ရှု၏။ သူ့အနေနှင့် ဤအတတ်ပညာ စာပေနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စိတ်ဝင်စားမှု မရှိချေ။ သို့ပေမည့် ကျင်းမူကုန်း ရေးသားထားခဲ့သည့် ကဗျာကို မြင်ရသည့် အချိန်မှာတော့ သူ သေသေချာချာ ဖတ်ရှုလိုက်၏။ ထိုကဗျာကို သူ အကြိမ်ပေါင်း ၁၀၀ လောက် ထပ်တလဲလဲ ဖတ်ရှုနေမိသည်။
“တကယ့်ကို ကောင်းတယ်။ အရမ်းကောင်းအောင် ရေးထားတာပဲ”
ဝေဝူမင်းကြီး ကဲ့သို့သော စစ်သူကြီးတစ်ယောက်ပင်လျှင် ဤကဗျာကောင်းမွန်ကြောင်း သိရှိနေ၏။ ထို့ကြောင့် စာမေးပွဲ အဖြေလွှာနှစ်ခုကို အများပြည်သူ သိရှိရန် ထုတ်ဖော်ပြသသည့် အချိန်တွင် အားလုံးသော သူတို့သည် နှလုံးသားထဲ၌ ထိုကဲ့သို့သော ခံစားချက်မျိုး ရရှိမှာ သေချာ၏။
နင်ချီနှင့် စော့ရွှမ်းတို့ နှစ်ယောက်လုံးသည် ဤအရာသည် ကျင်းမူကုန်း၏ စကားပြေ ဖြစ်ကြောင်း ကောင်းကောင်း သိရှိကြသည်။
“ဒီအဖြေလွှာနဲ့ ကဗျာက ကျင်းမူကုန်းကိုယ်တိုင် ရေးထားတာ မဖြစ်နိုင်ဘူး” စော့ရွှမ်းက ပြောလိုက်၏။
ဦးရီးတော် နင်ချီကလည်း ခေါင်းညိတ်လိုက်သည်။
စော့ရွှမ်းက ပြောလိုက်၏။ “ဒါဆိုရင် ရှမ့်လန် ရေးထားတာလား”
ဦးရီးတော် နင်ချီက ပြောလိုက်သည်။ “အဲလို ဖြစ်နေမှာ စိုးရတယ်”
စော့ရွှမ်းက ပြောလိုက်၏။ “ဒီကောင်လေးက တကယ့်ကို ကြောက်စရာပါရမီနဲ့ လူပဲ။ ဟုတ်ပါ့မလား”
တော်ဝင် ဦးရီးတော် နင်ချီက ပြောလိုက်သည်။ “မာယာမျဉ်းပြိုင် ဝတ္ထုကို ရေးသားရုံနဲ့တင် လုံလောက်အောင် အံ့အားသင့်စရာ ကောင်းနေပြီလေ။ အခု သူက ထိတ်လန့်ဖွယ်ရာကောင်းတဲ့ စကားပြေနဲ့ ကဗျာကို ထပ်ပြီး ရေးထားသေးတယ်။ သူ့လို လူမျိုးက ရွှမ်ဝူအိမ်တော်မှာ ရှိနေတာ ပါရမီကို ဖြုန်းတီးသလို ဖြစ်နေတာ မဟုတ်ဘူးလား”
စော့ရွှမ်းက ပြောလိုက်၏။ “ရှမ့်လန်က အခု ဒီထဲမှာ ရှိနေတဲ့ မေးခွန်းတွေကို ကြိုပြီး ခန့်မှန်းနိုင်ခဲ့တာလား”
ဦးရီးတော် နင်ချီက ခေါင်းညိတ်လိုက်သည်။ ဤအရာ တစ်ခုတည်းသာလျှင် ရှိနေ၏။ ကျင်းမူကုန်းသည် မေးခွန်းကို ကြည့်ရှုပြီးသည့်နောက် ချက်ချင်းဆိုသလိုပင် ခေါင်းမဖော်ဘဲ ထိုင်ကာ ရေးနေခြင်းမှာ အံ့အားသင့်စရာ မရှိတော့ချေ။ တွေးတောရန် အချိန် ဟူ၍ မရှိသောကြောင့်ပင်။ ဤအရာကို မြင်သည်နှင့် တစ်ပြိုင်နက် သူသည် မှတ်ထားသမျှ အရာအားလုံး မေ့လျော့သွားမည့်သကဲ့သို့ ချက်ချင်း စိတ်လှုပ်ရှားစွာဖြင့် ရေးသားခဲ့ခြင်းပင် ဖြစ်သည်။
ဤအရာကို လိမ်လည်ကာ ဖြေဆိုခြင်း ဟူ၍ ထည့်တွက်၍ ရလေသည်လား။ ထည့်တွက်၍ မရနိုင်ချေ။ မေးခွန်းများကို ကြိုတင်ကာ ခန့်မှန်းခဲ့ခြင်းသာလျှင် ဖြစ်လေ၏။ ထိုအရာများ အားလုံးကို ကြိုတင်ကာ ခန့်မှန်းခဲ့ပြီးသည့်နောက် စကားပြေနှင့် ကဗျာများကို မှတ်သားထားသည့်အတိုင်း ရေးသားခဲ့ခြင်း သာလျှင် ဖြစ်၏။ အဘယ်သို့ လိမ်ညာလှည့်ဖြားကာ ဖြေဆိုခြင်း ဖြစ်မည်နည်း။ နန်းတွင်း စာမေးပွဲတွင် ဆိုလျှင်တောင်မှ ထိုအရာကို လက်သင့်ခံထား၏။
ရှမ့်လန် အနေနှင့် စာမေးပွဲဖြေဆိုနေသည့် အတောအတွင်း ဖြေရမည့် အဖြေများကို လာရောက်ကာ ပေးအပ်ခဲ့ခြင်း မဟုတ်ချေ။
“အင်း ... ကျန်းချုံးကတော့ မှားယွင်းခဲ့ပြီပဲ” ဦးရီးတော် နင်ချီက ပြောလိုက်သည်။
စော့ရွှမ်းကလည်း ခေါင်းညိတ်လိုက်၏။ “ဒီကျန်းချုံးက တကယ့်ကို အံ့အားသင့်စရာပဲ။ ဒါပေမဲ့ ကံဆိုးတာက လူသားတွေ ပြုလုပ်နိုင်တဲ့အရာထက် နတ်ဘုရားတွေက ပိုပြီး ပြုလုပ်နိုင်တယ်တဲ့”
အမတ်ကြီး စော့ရွှမ်းက ပြောလိုက်သည်။ “ကျုပ်တို့ ဘာလုပ်ရမလဲ”
ဟုတ်ပေ၏။ သူတို့ ဘာလုပ်ရမည်နည်း။ ကျင်းမူကုန်းသည် ထန်ယွင်ကိုသာ နိုင်ခဲ့သည်ဆိုပါက ကျိန်းသေပေါက် ရွှဲ့ပြည်နယ် တစ်ခုလုံး တုန်လှုပ်စရာ ဖြစ်ပေလိမ့်မည်။ ပိုမို၍ အရေးကြီးမားသည်မှာ ရွှမ်ဝူအိမ်တော်သည် ကျင်းချန်ကျွန်းတိုက်ပွဲကို အနိုင်ရရှိခြင်း ဟူသည့် အဓိပ္ပာယ်ပင် ဖြစ်၏။ ဤအရာသည် ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒနှင့် ဆန့်ကျင်လျက် ရှိနေ၏။
သူတို့အနေနှင့် ထိုသို့ဆိုလျှင် အရာအားလုံးကို လျစ်လျူရှုသွားပြီး ကျင်းမူကုန်းကို ရှုံးနိမ့်သွားရန် ပြုလုပ်ရမည်လား။ ထန်ယွင်ကို အနိုင်ပေးရမည်လား။ တခြားသော အဆင့်မြင့် အမှုထမ်းများသာ ဆိုပါက ထိုကဲ့သို့ လုပ်ကောင်းလုပ်နိုင်၏။ အနာဂတ်တွင် ဆဲဆိုခြင်းကို ခံရသည်ဆိုပါကလည်း ဘာဖြစ်မည်နည်း။
သို့ပေမည့် ဦးရီးတော်နင်ချီသည် အသက် ၇၈ နှစ် ရှိနေပြီဖြစ်ပြီး စော့ရွှမ်းမှာလည်း ၇၅ နှစ်ရှိနေ၏။ ၎င်းတို့သည် အသက်ရှင်နေထိုင်ရန် နှစ်မည်မျှ ကျန်မည်နည်း။ အောင်မြင်မှု၊ ချမ်းသာမှု ၊ ဂုဏ်သိက္ခာကြီးမားမှု၊ အရာအားလုံးကို သူတို့က ကြုံစုံခဲ့ပြီးသား ဖြစ်၏။ သူတို့ ဂရုစိုက်သည့် အရာတစ်ခုသည် သူတို့၏ နောက်တွင် ချန်ထားရမည့် ဂုဏ်သိက္ခာတရားသာလျှင် ဖြစ်၏။ သူတို့မျိုးဆက်များ၏ အနာဂတ်တွင် သူတို့သည် ကြီးမားသည့် ဂုဏ်သိက္ခာတရားနှင့် မှန်ကန်သည့် လူကြီးလူကောင်းများ ဖြစ်ကြောင်း သိရှိစေချင်ခြင်းပင် ဖြစ်၏။
စာမေးပွဲမေးခွန်း နှစ်ခုသည် လူသိရှင်ကြား ထုတ်ပြန်ရမှာ ဖြစ်လေ၏။ ဤစကားပြေနှစ်ခုနှင့် ကဗျာနှစ်ခု၏ကြား ကွာခြားချက်ကို လွယ်လွယ်ကူကူ မြင်နိုင်စွမ်းရှိ၏။ ကွာခြားချက်သည် ကြီးမားလွန်းသောကြောင့်ပင် ဖြစ်လေ၏။
၎င်းတို့၏ သိစိတ်ကို လျစ်လျူရှုပြီး ပြစ်စလက်ခတ်ဖြင့် အဖြေရလဒ်ကို ထုတ်ဖော်ပေးလိုက်၍ မဖြစ်နိုင်ချေ။
ထိုသို့ဆိုလျှင် ဤစာမေးပွဲကို ဖျက်ဆီးခဲ့ပြီး နောက်ထပ် မေးခွန်းအသစ်တစ်ခု ဖြေဆိုရန် အမိန့်ချပေးရမည်လား။ မဖြစ်နိုင်ချေ။ အရံမေးခွန်းကို အသုံးပြုခဲ့ပြီးသား ဖြစ်နေ၏။ ဒုတိယမေးခွန်းဟူ၍ မရှိတော့ချေ။
နင်ချီနှင့် စော့ရွှမ်းတို့သည် မေးခွန်းကိုလည်း မထုတ်ဖော်နိုင်ချေ။ ထုတ်ဖော်၍လည်း မဖြစ်နိုင်ပေ။ နန်းမြို့တော် ဆီသို့ သွားရောက်ပြီးနောက် ဘုရင်မင်းမြတ်ကို နောက်ထပ်မေးခွန်းတစ်ခု ဖန်တီးပေးပါရန် သွားရောက် တောင်းဆို၍လည်း မဖြစ်နိုင်တော့ပေ။ တကယ့်ကို ကြီးမားစရာ ရှက်ရွံမှု ဖြစ်ပေလိမ့်မည်။ ဘုရင်မင်းမြတ်၏ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်ပေလိမ့်မည်။ ဤအရာသည် ရယူနိုင်ခြင်းထက် ဆုံးရှုံးမှုက ပိုမိုကာ များပြား၏။
ထို့အပြင် ဘုရင်၏ ဦးရီးတော် နင်ချီသည် မူဝါဒသစ်နှင့် ပတ်သက်၍ အားတက်သရော ရှိလှသူတစ်ယောက် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူ့၌လည်း မြေပိုင်နက်များ ရှိနေ၏။ မကြီးမားဘူး ဆိုလျှင်တောင်မှ မြေပိုင်နက်က မြေပိုင်နက်ပင် ဖြစ်လေ၏။ ထို့အပြင် သူသည် တော်ဝင်မိသားစုတစ်ခု၏ အဖွဲ့ဝင် ဖြစ်၏။
မူဝါဒသစ်၏ ချုပ်ထိန်းမှုအောက်မှ လွတ်မြောက်နိုင်ခြင်းရှိသည့် လူတစ်ယောက် မဟုတ်ပေ။ သို့ပေမည့် ယနေ့အချိန်မှာတော့ ဘုရင်မင်းမြတ်သည် တော်ဝင်မျိုးနွယ်ဟောင်းများနှင့်ပတ်သက်၍ လှုပ်ရှားမှုကို ပြုလုပ်ခဲ့၏။ အနာဂတ်တွင် သူ၏ မြေပိုင်နက်များ အားလုံးသည်လည်း ပေးအပ်ရမှာ သေချာသည်။
အမတ်ကြီး စော့ရွှမ်းက ပြောလိုက်၏။ “အရာအားလုံးက ဦးရီးတော်ပဲ ဆုံးဖြတ်ပါတော့”
“ကောင်းပြီ။ ကျုပ် ဆုံးဖြတ်မယ်”
နင်ချီက ပြောလိုက်သည်။ “ဘာပဲပြောပြော ဒီအဘိုးကြီးက အသက်ရှင် နေထိုင်ရလည်း နှစ်အနည်းငယ်လောက်ပေါ့။ ဒီတစ်ကြိမ်မှာ ကျုပ်က အကြီးအကဲဆိုတဲ့ အရာတစ်ခုကို အခွင့်အရေးယူပြီးတော့ တခြားသောသူတွေကို ဒုက္ခမပေးတော့ပါဘူး။ စာမေးပွဲ အဖြေလွှာတွေကို ဖွင့်မယ်”
ထိုအရာကို ဖွင့်ပြီးသည့်နောက် သူသည် အံ့အားသင့်စရာ ကောင်းသည့် စာမေးပွဲအဖြေလွှာမှာ ကျင်းမူကုန်း၏ အဖြေလွှာဖြစ်ကြောင်းကို သိရှိခဲ့၏။ သူသည် မူရင်း စာမေးပွဲ အဖြေလွှာများကို ထုတ်ယူပြီးနောက် တစ်ခုနှင့် တစ်ခု နှိုင်းယှဉ်၏။ စာလုံးတစ်လုံးချင်းစီတိုင်းကိုလည်း သေသေချာချာ ကြည့်ရှု၏။ ကျင်းမူကုန်း၏ လက်ရေးလက်သား သည် အလွန်ကောင်းမွန်ကြောင်း မြင်ရတော့ ဦးရီးတော် နင်ချီသည် အံ့အားသင့်သွားမိ၏။ တကယ့်ကို ကောင်းမွန်လွန်းလှချေ၏။ ကောလာဟလများက ပြောသလို အသုံးမဝင်သည့် လူတစ်ယောက်တော့ မဟုတ်နိုင်ပေ။
“ဒီလက်ရေးလှက မဆိုးဘူး။ ၁၀ နှစ်၊ နှစ် ၂၀ လောက်ကြာရင် သူက ကျိန်းသေပေါက် လက်ရေးလှနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာမှာပဲ” နင်ချီက ပြောလိုက်၏။
စော့ရွှမ်းကလည်း ထိုအရာကို ယူပြီးသည့်နောက် သေသေချာချာ ကြည့်ရှုလိုက်သည်။ “တကယ် ကောင်းကောင်းလုပ်ခဲ့တာပဲ။ လက်ရေးလှ အနုပညာမှာ လုံလောက်အောင် မထက်မြက်သေးဘူး ဆိုပေမဲ့ လူတစ်ယောက်ရဲ့ စိတ်ဆန္ဒတွေ အပြည့်အစုံ ပါဝင်နေသေးတယ်။ တကယ့်ကို ကောင်းမွန်တဲ့ အရာတစ်ခုပဲ။ အဆုံးစွန်ထိ ကြိုးစားပြီး ရေးထားတာပဲ။ သူက တစ်ချိန်ချိန်မှာ ကျိန်းသေပေါက် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာလိမ့်မယ်”
နင်ချီကလည်း ပြောလိုက်၏။ “အင်း.... ဒီကျင်းမူကုန်းက နည်းနည်းလေး ညံ့ဖျင်းတယ်။ ဒါပေမဲ့ သူ့ရဲ့ ဇွဲကတော့ ကတော့ ကျင်းကျိုးနဲ့ တူတူပဲ”
သူသည် အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက် ပြောလိုက်၏။ “ဒါဆိုရင် ဒီအတတ်ပညာတိုက်ပွဲအတွက် ရလဒ်ကို ဆုံးဖြတ်လိုက်ကြတာပေါ့”
“ဆုံးဖြတ်ပြီး သွားပါပြီ”
.............
အပြင်ဘက်တွင်တော့ မိုးများ သဲကြီးမဲကြီးနှင့် ရွာချလျက်ရှိနေ၏။ ကောင်းကင်ယံ တစ်ခုလုံးက မဲမှောင်လျက် ရှိနေ၏။ လူပေါင်း ၁၀၀ ကျော်တို့သည် ထိုနေရာတွင် စောင့်စားလျက် ရှိနေကြသည်။ ဖြစ်ပေါ်လာမည့် ရလဒ်ကို စောင့်မျှော်နေ၏။
ကျင်းဟိုင်မြို့စားကြီး၊ ရွှမ်ဝူအိမ်တော်။ ထို့အပြင် ဂုဏ်သိက္ခာ ထည်ဝါလွန်းလှသည့် တော်ဝင်မျိုးနွယ်များလည်း ပါဝင်လျက် ရှိနေ၏။ ထိုသူများတင် မကချေ၊ ရွှမ်ဝူအိမ်တော်၏ အလောင်းကောင် များကို စားသုံးရန် စောင့်မျှော်လျက် ရှိနေသည့် မူဝါဒသစ်မှ အဖွဲ့ဝင်များ၊ အရာရှိများနှင့် တော်ဝင်မျိုးနွယ်တစ်ချို့ကလည်း ရှိနေသေးသည်။
သို့ပေမည့် ရှမ့်လန်သည် တည်နေရာတွင် မရှိချေ။ ထို့အတူ ထန်ယွင်ကလည်း မရှိချေ။ ရှမ့်လန်သည် အပြင်ဘက်တွင် စောင့်ပြီး ရလဒ်ကို စောင့်စားရခြင်း ဆိုသည်မှာ အလွန် ညံ့ဖျင်းပြီး ကြောင်တောင်တောင် နိုင်လွန်းလှသည်ဟု ခန့်မှန်းမိ၏။
ထန်ယွင်မှာတော့ ကျိန်းသေပေါက် အနိုင်ရရှိမည်ဟု တွေးခဲ့၏။ ထို့ကြောင့် သူသည် ရလဒ်ကို နားထောင်စရာ အကြောင်းရင်း မရှိချေ။
တခြားသော သူတစ်ယောက်သည် သူ ကျင်းမူကုန်းကို ရှုံးနိမ့်သည်ဟု လာရောက်ကာ အော်ဟစ်သည်ဆိုပါက ဤအရာသည် အရှက်ခွဲမှုတစ်ခု ဖြစ်ပေလိမ့်မည်။ ကျင်းမူကုန်းသည် သူနှင့် ယှဉ်ပြိုင်နိုင်ရန် အတွက် အဘယ်သို့ အရည်အချင်းရှိမည်နည်း။
သို့ပေမည့် ကျင်းဟိုင်မြို့စားကြီးထန်လွမ်မှာတော့ ဤရလဒ်နှင့် ပတ်သက်၍ အလွန်အမင်း မျှော်လင့်လျက် ရှိနေ၏။ သူသည် နန်းတွင်းဝတ်စုံကို အပြည့်အစုံ ဝတ်ဆင်ပြီး လက်နက်ကိုလည်း ကိုင်ဆောင်ထားခဲ့၏။
တတိယမြောက်တိုက်ပွဲ၏ ရလဒ်ထွက်ပေါ်လာခဲ့ပြီး ထန်ယွင်သည် ကျင်းမူကုန်းကို အနိုင်ရရှိသည်ဆိုပါက ချက်ချင်းပဲ ထပ်တိုးတိုက်ပွဲတစ်ခုကို ရင်ဆိုင်ရမှာ ဖြစ်၏။ ကျင်းဟိုင်မြို့စားကြီးနှင့် ရွှမ်ဝူ မိသားစုနှစ်ခု၏ ခေါင်းဆောင်များသည် တစ်ကြိမ်လောက် တိုက်ခိုက်ရပေတော့မည်။
ဝတ်စုံကို သေသေချာချာ ဝတ်ဆင်ထားခဲ့သည့် ရွှမ်ဝူကို မြင်ရသည့် အချိန်မှာ ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ရယ်မောလိုက်၏။ “အစ်ကိုတော်ကျင်းကျိုး... ခင်ဗျား ဘာကြောင့် အဝတ်မလဲသေးတာလဲ။ ဒါပြီးရင် ကျုပ်တို့ တိုက်ခိုက်ရမှာလေ။ ဒီလို ဝတ်စုံမျိုးနဲ့ တိုက်ခိုက်ဖို့ မသင့်တော်ဘူး”
ရွှမ်ဝူသည် လက်သီးကိုအသာဆုပ်ကာဖြင့် မည်သည့် စကားကိုမှ မဆိုချေ။ သူ့အနေနှင့် ဤကဲ့သို့ ပေါက်ပန်းလေးဆယ်များ ပြောဆိုရခြင်းကို နှစ်သက်သည် မဟုတ်ချေ။
ကျင်းဟိုင်မြို့စားကြီးမှာတော့ နှစ်လိုဖွယ်ရာ ရယ်မောကာ ပြောလိုက်၏။ “အစ်ကိုတော်ကျင်းကျိုး... အရမ်းကို ဂရုစိုက်ဖို့ သင့်တယ်။ ခင်ဗျားက ကျုပ်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး ဆိုတာ သိတယ် မဟုတ်လား။ ဒီတော့ ခင်ဗျား အဝတ်အစားတွေ ဝတ်နေလည်း အလကားပါပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကျုပ်တို့က သုံးကြိမ်တိတိ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့တယ်။ အကြိမ်တိုင်း ခင်ဗျားက ကျုပ်ရဲ့ ဓားအောက်မှာ ရှုံးနိမ့်ခဲ့တာပဲ။ တစ်ချက်ကလေးမှတောင် ခုခံနိုင်ခြင်း မရှိခဲ့ဘူး”
ရွှမ်ဝူသည် လက်သီးကို ဆုပ်ကာဖြင့် မည်သည့် စကားမှ မဆိုချေ။ ကျင်းဟိုင်မြို့စားကြီးသည် ဤကဲ့သို့ ဟိတ်ဟန်အပြည့် ပြောဆိုနေခြင်းနှင့်ပတ်သက်၍ သူ အံ့အားသင့်မှုတော့ မရှိချေ။ အဘယ်ကြောင့်ဆိုသော် အမှန်တရား ဖြစ်သောကြောင့်ပင်။ သူ့အနေနှင့် ထိုအရာကို ငြင်းပယ်၍ မရနိုင်ချေ။ သူ၏ စွမ်းရည်သည် တစ်ဖက်လူလောက် မကောင်းသည် ဖြစ်သောကြောင့် တစ်ဖက်လူ၏ ရှုတ်ချခြင်းကို ခံနေရသည်ဆိုခြင်းမှာ သဘာဝပင် ဖြစ်၏။ ခွန်းတုန့်ပြန်စရာ အကြောင်း မရှိချေ။
အနားတွင် ရှိနေသည့် လူများက အကြံပြုလိုက်၏။ “ကျင်းဟိုင်မြို့စားကြီး... ခင်ဗျား ခဏ ပြန်နားသင့်တယ်။ အတတ်ပညာပြိုင်ပွဲရလဒ်က အစောကြီးတည်းက ထင်ပေါ်နေပြီးသား။ ဒီနေရာမှာ စောင့်နေဖို့ မလိုလောက်ဘူး”
“ဟုတ်တယ်... ဆက်ခံသူ ထန်ယွင်က နန်းတွင်း စာမေးပွဲမှာ တတိယအဆင့်ပဲ ရခဲ့တယ် ဆိုပေမဲ့ ကျင်းမူကုန်းက တကယ့်ကို ညံ့ဖျင်းလွန်းတဲ့ ဝတုတ်တစ်ကောင်ပဲလေ။ နောက်ဘက်က နေထွက်လာမှသာ ဆက်ခံသူထန်ကို ယှဉ်ပြိုင်နိုင်မှာပေါ့”
“တခြား အကြောင်းအရာ မရှိနိုင်တော့ဘူး။ ဆက်ခံသူ ထန်ယွင်အနေနဲ့ သေသေချာချာ ယှဉ်ပြိုင်ဖို့တောင် လိုမယ် မထင်ဘူး”
“ကျင်းဟိုင်မြို့စားကြီး အိမ်တော်မှာ ရှိနေတဲ့ ဆယ်နှစ်သား ကလေးတစ်ယောက်ကို ခေါ်ပြီးတော့ ယှဉ်ပြိုင်ခိုင်း ရင်တောင် ကျင်းမူကုန်းကို ကောင်းကောင်းနိုင်တယ်”
“ဟား ဟား ဟား ဟား ဟား ဟား” လူပေါင်းများစွာတို့သည် အားရပါးရ ရယ်မောလျက် ရှိနေ၏။
ကျင်းမူကုန်းသည် ထိုအရာများကို ကြားသည့် အချိန်မှာတော့ ဒေါသတကြီးဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ သို့ပေမည့် သူသည်းခံရပေမည်။ ရလဒ်ထွက်ပေါ်လာသည့် အချိန်တွင် ဤလူများ အားလုံးတို့၏ မျက်နှာကို ရောင်ကိုင်းသွားအောင် ရိုက်နှက်ပြီးသား ဖြစ်ပေလိမ့်မည်။
သူကျင်းမူကုန်းသည် ရှုံးနိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် သူ့၏ ယောက်ဖသည် အလွန်အားကောင်းသောကြောင့်ပင်။ ဤကဲ့သို့သော ယောက်ဖမျိုးကို ပိုင်ဆိုင် ားသည့် လူတစ်ယောက်အနေနှင့် အဘယ်သို့ တခြားသော သူများကို ကြောက်ရွံ့ရမည်နည်း။
သူ၏ ယောက်ဖကို ပိုင်ဆိုင်သူသည် သူ့၏ အစ်မ ဖြစ်သည်။ သူ၏ အစ်မကို ပိုင်ဆိုင်သူသည် သူ၏ အဖေ ဖြစ်သည်။ သူ၏ အဖေကို ပိုင်ဆိုင်သူသည် သူ ဖြစ်၏။ ထို့ကြောင့် သူ၏ ယောက်ဖသည် သူ ပိုင်ဆိုင်သည့် အရာတစ်ခု ဖြစ်၏။ ကျင်းမူကုန်းသည် ထိုအရာနှင့် ပတ်သက်၍ ရှက်ရွံ့ခြင်း လုံးဝ မရှိချေ။
လူများ၏ စကားများကို ကြားရသည့် အချိန်မှာတော့ ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပျော်ရွှင်သွားမိ၏။ သူက ပြုံးလိုက်မိ၏။ “ရလဒ် ဘယ်လိုထွက်ပေါ်လာမယ် ဆိုတာ ကျုပ် သိပြီးသားပါ။ ဒါပေမဲ့ အစ်ကိုတော် ကျင်းကျိုးနဲ့ တိုက်ခိုက်ဖို့ ကျုပ် ဒီနေရာမှာ စောင့်နေတာလေ။ နည်းနည်း နောက်ကျနေပြီ။ အပြင်မှာ မိုးတွေ သဲကြီးမဲမဲ ရွာနေတယ် ဆိုပေမဲ့ ရလဒ်ထွက်ပေါ်လာပြီးပြီ ဆိုတာနဲ့ ကျင်းချန်ကျွန်းတိုက်ပွဲအတွက် တစ်ခါတည်း တိုက်ခိုက်လိုက်ရင် ကောင်းမယ်။ ဒါမှ အားလုံး ရှင်းရှင်းလင်းလင်း တစ်ခါတည်း ပြီးသွားတာပေါ့”
“ဟုတ်တယ်။ ကျုပ်တို့ ဒီနေရာကို ရောက်နေတာ နှစ်ရက် ရှိပြီ။ လုံလောက်ပြီလို့ ထင်တယ်။ ပထမဦးဆုံး ကျင်းချန်ကျွန်းအတွက် ပိုင်ဆိုင်မှုကို ရရှိတဲ့အတွက် ကျင်းဟိုင်မြို့စားကြီးကို ကျုပ် ဂုဏ်ပြုချင်တယ်၊ ဒီနေ့ကစပြီး ထန်မိသားစုက ပိုပြီးတော့ အားကောင်းလာတော့မှာပဲ”
ရုတ်တရက် တစ်စုံတစ်ယောက်က ပြောလိုက်၏။ “ရွှမ်ဝူ... စိတ်ဓာတ် မကျနဲ့။ ခင်ဗျား ရှုံးသွားပြီဆိုရင်တောင်မှ အဆင်ပြေသေးတယ်။ ဘာပဲပြောပြော ကျင်းချန်ကျွန်းက အစောကြီးတည်းက ခင်ဗျားလက်ထဲမှာ ရှိခဲ့တဲ့ အရာမှ မဟုတ်တာ”
ဤအရာသည် နှစ်သိမ့်ဆွေးနွေးပေးခြင်းလား၊ သို့မဟုတ် လှောင်ရယ် လှောင်ရယ်ရယ်မောနေခြင်းလားတော့ မသိနိုင်ချေ။ ဤလူကို ကြည့်ရသည်မှာ တော်ဝင်မျိုးနွယ်တစ်ယောက် ဟုတ်ပုံမပေါ်ချေ။ လွတ်လပ်မှု ကင်းစွာဖြင့် ဝေဖန် ကဲ့ရဲ့လျက် ရှိနေသည်။