← Chapters

အပိုင်း (၁၆၀)

Vol. 12 Ch. 160

အပိုင်း (၁၆၀)

Vol. 12 Ch. 160

ရှမ့်လန်သည် မြေပုံကို ဖြန့်လိုက်ပြီး အားလုံး ရှင်းရှင်းလင်းလင်း ကြည့်ရှုလိုက်၏။ နုကျန့်မြစ်သည် ရွှမ်ဝူမြို့၏ မြောက်ဘက်တွင် တည်ရှိပြီး ပင်လယ်ထဲသို့ လျင်မြန်စွာ စီးဝင်သည်။ ရေကို သိုလှောင်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်းရာချီက နုကျန့်မြစ်၏ တောင်ဘက်တွင် ဆည်အချို့ကို တည်ဆောက်ခဲ့ပြီး သဘာဝသိုလှောင်ကန်တစ်ခု ဖြစ်ပေါ်စေခဲ့၏။ ရှမ့်လန်၏ အမြင်သည် မြေပုံပေါ်ရှိ ထောင့်တစ်နေရာသို့ ကျရောက်သွားသည်။

“အဖေ ဒီနေရာက လန်ရှန်မြို့စားလေးအိမ်တော် ဖြစ်ရမယ်” ရှမ့်လန်က မေးလိုက်၏။

ရွှမ်ဝူမြို့စားကြီး ခေါင်းညိတ်လိုက်သည်။ လန်ရှန်မြို့စားလေးအိမ်တော်သည် တောင်ကြား တစ်ခုတွင် တည်ရှိသည်။

ရှမ့်လန်က မေးလိုက်၏။ “ဒီတောင်ကြားထဲမှာ လန်ရှန်မြို့စားလေးရဲ့ စံအိမ် ရှိတာလား”

ရွှမ်ဝူမြို့စားကြီးက ခေါင်းညိတ်ပြီး ဖြေလိုက်သည်။ “ဟုတ်တယ်”

ရှမ့်လန်က ထပ်မေးလိုက်၏။ “တခြားအရပ်သားတွေရဲ့ လယ်ယာမြေနဲ့ အိမ်တွေ ရှိလား”

ရွှမ်ဝူမြို့စားကြီးက ပြောလိုက်သည်။ “မူလက ရွာအနည်းငယ် ရှိခဲ့ပေမဲ့ ကျူးလန်ထင်က စံအိမ်နဲ့ စစ်တပ် အာဏာကို လွှဲပြောင်းပေးပြီးနောက် ဘုရင်မင်းမြတ်က ဒီတောင်ကြားက လယ်ယာမြေ၊ တောင်တန်းဒေသ အားလုံးကို ကျူးလန်ထင်ကို ချီးမြှင့်ခဲ့တယ်။ သူ့အတွက် လျော်ကြေးအနေနဲ့ပေါ့၊ ဒါကြောင့် ကျူးလန်ထင်ရဲ့ စံအိမ်က အခု ငါတို့ထက် ပိုကြီးတယ်။ လယ်ယာမြေနဲ့ စိုက်ခင်း ဧက သောင်းချီရှိပြီး တခြားအရပ်သားတွေရဲ့ ရွာတွေ၊ မြို့ငယ်လေးတွေ မရှိဘူး”

ရှမ့်လန်က အမိန့်ပေးလိုက်၏။ “ကျင်းဟွေ့ ....ဝင်ခဲ့”

ခဏအကြာတွင် ကျင်းဟွေ့ ဝင်လာသည်။ ရှမ့်လန် မြေပုံကို ညွှန်ပြကာ အမိန့်ပေးလိုက်သည်။ “မင်း အမြန်ဆုံး အိမ်ပြန်ပြီး ရှမ့်ဆယ့်သုံးကိုခေါ်။ လန်ရှန်မြို့စားလေးအိမ်တော်ရဲ့ အထက်ဘက်က ဆည်ကို ဖျက်ဆီးပြီး ရေကို သူတို့မိသားစုရဲ့ ရဲတိုက်နဲ့ စံအိမ်ထဲကို စီးဝင်စေ၊ အားလုံးကို ရေမြုပ်ပစ်”

ဤစကားကို ကြားချိန်မှာတော့ အားလုံးတို့သည် ကြောက်လန့်သွားကြသည်။ ဤသမက်တော်သည် အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်လှ၏။

ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ရှမ့်ဆယ့်သုံးကို အရှေ့ဘက်က ရေငံရေကာတာဆီ သွားခိုင်း၊ အဲ့ဒီနေရာက ဆည်မှာ အပေါက်ကြီးကြီးတစ်ခု ဖောက်ပြီး ရေတွေကို အပြင် လွှဲထုတ်ခိုင်း၊ အဲဒီနေရာက ဆားငံမြေပြင်ဖြစ်ပြီး လူမနေဘူး။ ဒီလိုလုပ်မှသာ ကျုပ်တို့ ရွှမ်ဝူအိမ်တော် လုံးဝဘေးကင်းလုံခြုံပြီး ရေလွှမ်းမိုး ဘေးကနေ ကင်းဝေးလိမ့်မယ်”

“အဲ့ဒီဆားငံမြေနေရာက ဆည်ကို လုံးဝ မဖျက်ဆီးနဲ့၊ ရေလွှတ်ဖို့ အပေါက်ကြီးကြီးတစ်ခု ဖောက်ရင် ရပြီ။ လန်ရှန်မြို့စားလေးအိမ်တော် အထက်ဘက်က ဆည်ကိုတော့ အပေါက် သိပ်မကြီးစေနဲ့။ ကျူးလန်ထင်ရဲ့ စံအိမ်ကို ဖျက်ဆီးပြီး သူ့မိသားစုရဲ့ ရဲတိုက်ကို ရေလွှမ်းမိုးနိုင်ရုံပဲ။ ဒါပေမဲ့ ရေစီးအား သိပ်မပြင်းထန်စေနဲ့။ တောင်ကြားထဲမှာ ထွက်ပြေးဖို့ အချိန်အလုံအလောက် ရှိနေရမယ်။ ကျုပ် သတ်ချင်တာက ကျူးလန်ထင် မိသားစုတစ်ခုလုံးပဲ။ တခြား အပြစ်မဲ့ပြည်သူတွေကို ထိခိုက်နစ်နာမှု မဖြစ်စေနဲ့”

ကျင်းဟွေ့က ပြောလိုက်သည်။ “သမက်တော်.. ဒီဆည်တွေက ကျောက်တုံးရှည်တွေနဲ့ တည်ဆောက်ထားတာ၊ အပေါက်ဖောက်ဖို့ အရမ်းခက်ခဲတယ်။ လူအင်အား အများကြီး လိုအပ်တယ်။ ကျွန်တော်တို့ စစ်တပ်နဲ့ သွားရင်တောင် အချိန်မီမှာ မဟုတ်ဘူး၊ တူးဖော်ဖို့ အချိန်အကြာကြီး လိုတယ်”

ရှမ့်လန်က မေးလိုက်၏။ “ကျုပ်ရဲ့ မြေအောက်လျှို့ဝှက်ခန်း အမှတ် ၃ ကို မှတ်မိသေးလား”

ကျင်းဟွေ့ သိသည်။ ရှမ့်လန်တွင် ထူးဆန်းသောပစ္စည်းများရှိပြီး ရဲတိုက်အပြင်ဘက်ရှိ မြေအောက် လျှို့ဝှက်ခန်းတွင် ထားရှိ၏။

“ရှောင်ပင်းဆီက သော့တောင်းပြီး မြေအောက်လျှို့ဝှက်ခန်း အမှတ် ၃ ကို သွား၊ အထဲက သေတ္တာကို ယူ၊ ရေကာတာ ဆည်ရဲ့ ဘေးအောက်မှာ အပေါက်သေးသေးလေးတစ်ခု ဖောက်ပြီး သေတ္တာကို အထဲထည့်၊ မီးရှို့ကြိုးကို မီးညှိပြီး မင်း ချက်ချင်း ထွက်ပြေး။ ပြီးရင် ဆည်မှာ ပေါက်ကွဲသွားလိမ့်မယ်။ မှတ်ထား သေတ္တာထဲက ပစ္စည်းကို ဖွင့်မကြည့်နဲ့၊ တခြားသူတွေကို မမြင်စေနဲ့။ ဆည်ကို ဖောက်ခွဲတဲ့အခါ သဘာဝ မြေပြိုကျမှု ပုံစံအတု ဖန်တီးရမယ်။ သေတ္တာထဲက ပစ္စည်းတွေ အခုချိန်မှာ ပေါ်ထွက်လို့ မဖြစ်ဘူး။ မဟုတ်ရင် အားလုံး ဒုက္ခရောက်လိမ့်မယ်”

“ပြီးတော့ ရှမ့်ဆယ့်သုံးရဲ့ မိဘတွေကို ထိန်းသိမ်းထား။ ရဲတိုက်ထဲက တစ်လှမ်းမှ မခွာစေနဲ့။ သူ့ကို သေသေချာချာ ခိုင်း” ရှမ့်လန်က ဆက်တိုက်ဆိုသလိုပဲ အမိန့်ပေးလိုက်သည်။

ကျင်းဟွေ့ ဦးညွှတ်ကာ ပြောလိုက်၏။ “ကောင်းပါပြီ”

ထို့နောက် သူသည် မိုးကို မမှုဘဲ နုကျန့်အမဲလိုက်မြေမှ ထွက်ခွာသွားပြီး ရွှမ်ဝူအိမ်တော်သို့ မြင်းဖြင့် အမြန်ဆုံး ပြန်သွားလေသည်။ ရှမ့်လန်၏ အမိန့်ကို ထမ်းဆောင်ရန်ပင်။

……………

ကျင်းဟိုင် မြို့စားကြီး ထန်လွမ်နှင့် အခြားသူများသည် ဒေါသထွက်နေကြသည်။

“ဟွန်း ...... ဒီကျန်းချုံးက ဟန်ဆောင်နေတာပဲ။ အရင်ကတော့ သိပ်ကို ကြောက်စရာကောင်းတယ်၊ အရေးကြီးတဲ့အချိန်မှာ အသုံးမဝင်ဘူး။ ပြီးတော့ မဆင်မခြင် မလုပ်နဲ့တဲ့။ ရှမ့်လန်ရဲ့ ဓားက ကျုပ်တို့ လည်ပင်းပေါ် ရောက်လာတာကို စောင့်နေရမှာလား။ သူက အုပ်ချုပ်ရေးမှူးတစ်ယောက်ပဲ၊ ကျုပ်တို့လို တော်ဝင်မျိုးနွယ်တွေကို ညွှန်ကြားဖို့ ဘာအာဏာရှိလို့လဲ”

“ဟုတ်တယ်၊ ဟုတ်တယ်။ မစောင့်နိုင်ဘူး၊ လှုပ်ရှားရမယ်၊ လက်စားချေရမယ်”

ထိုအချိန်တွင် လန်ရှန်မြို့စားလေး ကျူးလန်ထင်က ခပ်အေးအေး ပြောလိုက်သည်။ “ကျုပ်မှာ ယုတ်မာတဲ့ အကြံတစ်ခု ရှိတယ်။ ရွှမ်ဝူအိမ်တော်တစ်ခုလုံးကို ဖျက်ဆီးနိုင်တယ်”

လူတစ်ယောက်က အံ့ဩစွာဖြင့် မေးလိုက်၏။ “ဘာ ယုတ်မာတဲ့ အကြံလဲ”

ကျူးလန်ထင်က ပြောလိုက်သည်။ “အခုလို မိုးသည်းထန်နေတဲ့အချိန်မှာ ဆည်ပြိုကျတာက သာမန်ကိစ္စပဲ။ အကယ်၍ ရွှမ်ဝူမြို့စားကြီး အိမ်တော်ရဲ့ မြောက်ဘက်က ဆည် ပြိုကျသွားရင် အဲဒီ ကြောက်စရာ ရေလွှမ်းမိုးမှုက ကျင်းမိသားစု စံအိမ်ထဲကို စီးဝင်သွားပြီး သူ့ရဲ့ စံအိမ်ကို...”

“အဲဒီအချိန်မှာ ကျင်းမိသားစုရဲ့ မရေမတွက်နိုင်တဲ့ မြေဩဇာကောင်းတဲ့ လယ်ယာမြေတွေ၊ ရွာတွေ၊ မြို့ငယ်တွေ၊ ရဲတိုက်တွေ ရေလွှမ်းမိုးခံရပြီး သေဆုံးဒဏ်ရာရသူတွေ မရေမတွက်နိုင်အောင် ဖြစ်သွားလိမ့်မယ်။ ဒါဆိုရင် ရွှမ်ဝူအိမ်တော်အတွက် အကြီးအကျယ် ထိခိုက်မှုတစ်ခု မဟုတ်ဘူးလား”

............

တစ်စုံတစ်ယောက်သည် အားပျော့စွာ ဝင်ရောက် ပြောဆိုလိုက်၏။ “ဒါက လောကကြီးတစ်ခုလုံး ဒုက္ခရောက်မယ့် ကိစ္စမဟုတ်လား”

အားလုံးသော သူတို့သည် ထိုသူကို လှည့်ကာ ကြည့်ရှုလိုက်သည်။

သူတို့၏ ကြားထဲတွင် အဘယ်သို့ သောက်ရူးတစ်ယောက်က ဝင်ရောက် ရောက်ရှိနေသနည်း။ ကလေးဆန်လွန်းလှချေ၏။ အခုအချိန်ထိ အဘယ်သို့ အသက်ရှင် နေထိုင်ရသနည်း။ သူတို့၏ အသိုင်းအဝိုင်းထဲသို့ အဘယ်သို့ ရောက်ရှိနေရသနည်း။ အဆုံးစွန်အထိ တိုက်ခိုက်မှုဆိုသည်မှာ တခြားသောသူများကို ကြည့်ရှုနေရန် မလိုအပ်ဘူးဆိုသည့် စည်းမျဉ်းကို မသိရှိလေသလား။

“ရွှမ်ဝူအိမ်တော်ရဲ့ မြောက်ဘက်ပိုင်းမှာ ရှိနေတဲ့ ဆည်က မြေပိုင်နက်ထဲမှာ ရှိနေတဲ့ လယ်သမားတွေ အကုန်လုံးအတွက် ရေပေးတဲ့ အရာပဲ။ အဲ့ဒီ ရေကာတာဆည်သာ ကျိုးပြတ်သွားမယ်ဆိုရင် ရွှမ်ဝူအိမ်တော်က ရေလွှမ်းမိုးရုံတင်မကဘူး ရွှမ်ဝူအိမ်တော်ရဲ့ မြေပိုင်နက်ထဲမှာရှိတဲ့ လူပေါင်းများစွာ၊ ရွာပေါင်းများစွာတွေ အကုန်လုံးက ရေလွှမ်းမိုးပြီး လူပေါင်းများစွာတို့ သေကုန်လိမ့်မယ်” ထိုသူက လေးလေးနက်နက် ပြောလိုက်၏။

ကျင်းဟိုင်မြို့စားကြီးက မေးလိုက်သည်။ “အဲနယ်မြေထဲမှာ ခင်ဗျားတို့ရဲ့ မိဘတွေ၊ မိသားစုတွေ ရှိလား”

ထိုလူက ပြောလိုက်၏။ “မရှိဘူး”

ကျင်းဟိုင်မြို့စားကြီးက မေးလိုက်သည်။ “ဒါဆိုရင် အဲ့ဒီလူတွေထဲမှာ ခင်ဗျားရဲ့ မိန်းမ ဒါမှမဟုတ် တရားမဝင် ကလေးတွေ ရှိလား”

ထိုလူက ပြောလိုက်၏။ “မရှိဘူး”

ကျင်းဟိုင်မြို့စားကြီးက ပြောလိုက်သည်။ “ဒါဆိုရင် အဲ့ဒီလူတွေ သေတဲ့ကိစ္စကို ခင်ဗျား ဘာကိစ္စ ဂရုစိုက် နေရတာလဲ”

မြို့စားလေး ကျူးလန်ထင်က ပြောလိုက်၏။ “ရေလွှမ်းမိုးတဲ့နေရာ တော်တော်များများက ရွှမ်ဝူအိမ်တော်ရဲ့ မြေပိုင်နက်ထဲမှာ ရှိနေတဲ့ လူတွေပဲ။ ဒါပြီးရင် တောင်တွေက ကာကွယ်ထားတယ်။ ရွှမ်ဝူမြို့ထဲကို ရောက်မှာ မဟုတ်ဘူး။ ဒီတော့ မိုးကလည်း အရမ်းရွာနေတယ်။ ဆည်ကြီး ကျိုးသွားတယ်ဆိုတာ သာမန်ကိစ္စတစ်ခုပဲ။ အားလုံးက ကျုပ်တို့ လုပ်ခဲ့တယ်ဆိုတာ သံသယဝင်မှာ မဟုတ်ဘူး”

“ရွှမ်ဝူအိမ်တော်က လူတွေ အကုန်လုံးက ဆည်ကို စောင့်ကြပ်ဖို့ လူတွေ စေလွှတ်လိုက်မှာ စိုးရတယ်” ဘေးတစ်ဖက်တွင် ရှိနေသည့် လူက ပြောလိုက်သည်။

ဤအရာမှာ သေချာ၏။ မိုးများ သည်းကြီးမည်းကြီး ရွာသွန်းသည့် နှစ်တိုင်းတွင် ရွှမ်ဝူအိမ်တော်သည် သူတို့၏ လူများကို စေလွှတ်ကာဖြင့် ထိုဆည်များကို စောင့်ကြည့်ရန် အစောင့်ချလေ့ရှိ၏။

မြို့စားလေး ကျူးလန်ထင်က ပြောလိုက်သည်။ “ရွှမ်ဝူအိမ်တော်ရဲ့ အဓိက လက်ရွေးစင် တပ်ဖွဲ့တွေ အကုန်လုံးက ဒီနေရာကို ရောက်နေတာလေ။ မြေပိုင်နက်ထဲမှာ ခေါင်းဆောင်ဆိုတာတောင် မရှိဘူး။ ကျုပ်တို့ရဲ့ ပုန်းလျှိုးကွယ်လျှိုး ပြုလုပ်မယ့် စစ်သည်တော်တွေကို ဘယ်လိုလုပ် ရပ်တန့်လို့ ရနိုင်မှာလဲ”

ကျင်းဟိုင်မြို့စားကြီးသည် စားပွဲခုံကို ထရိုက်ကာ ပြောလိုက်၏။ “ကဲ .... ကျုပ်တို့ လုပ်ကြမယ်”

ချင်းကန်မြို့စားသည် စားပွဲခုံကိုသာ ခေါက်လျက်ရှိ၏။ သူသည် မည်သည့်စကားကိုမှ မဆိုချေ။ သူ၏ ဆိုလိုရင်းက ရှင်းလင်းနေပြီးသား ဖြစ်၏။ သူတို့ လုပ်ပေလိမ့်မည်။ သူနှင့် ရှမ့်လန်တို့သည် သေမျိုးရန်သူများပင် ဖြစ်၏။ ရှမ့်လန်သည် လင်းကျိုးကို ကြောက်စရာကောင်းလှသည့် ရောဂါပိုးကို ကူးစက်စေခဲ့ပြီး ချင်းကန်မြို့စား တစ်အိမ်လုံးကို ရောဂါ ပျံ့နှံ့စေခဲ့၏။ မိသားစုထဲတွင် ရှိနေသည့် ရာဂဏန်းနီးပါးသော လူများသည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ကြသည်။

ဟုတ်ပေ၏။ မည်မျှ သေဆုံးသည်ဖြစ်ကြောင်းကို သူ ဂရုမစိုက်လှချေ။ အဓိက သော့ချက်အားဖြင့် သူ၏ ဒုတိယသားနှင့် ပဉ္စမသားတို့ သေဆုံးသွားခဲ့ခြင်းပင်။

ဝူကျောက်ကျုံးသည် သူ၏ လက်ဖြင့် သူ၏ သားများကို သတ်ဖြတ်ပစ်ခဲ့ရ၏။ ဤကဲ့သို့ နက်ရှိုင်းလှသည့် အမုန်းတရားသည် ကျိန်းသေပေါက် ဆယ်ဆပြန်ပေးရမည်။ မဟုတ်သေးပေ။ အဆတစ်ရာ ပြန်လည်ကာ ပေးဆပ်ရပေလိမ့်မည်။

လူပေါင်းများစွာတို့သည် ကျန်းပေနယ်စားကြီး၏ ဒုတိယသား နန်းကုန်းဖျင်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။

ဤဒုတိယသခင်လေးသည် အနည်းငယ် နောင်တရသလို ခံစားနေမိ၏။ သူအနေနှင့် ဤကဲ့သို့ ရှုပ်ထွေးလှသည့် အကြောင်းအရာထဲတွင် ပါဝင်ပတ်သက်ချင်စိတ် မရှိချင်ပေ။ ထို့အပြင် သူ၏ မိသားစုသည် ရွှမ်ဝူအိမ်တော်ဆီမှ အကျိုးအမြတ်များကို ရယူရန် မလိုအပ်ချေ။ သို့ပေမည့် သူတို့၏ စစ်တပ်အင်အားနှင့် အနာဂတ် သူ၏ အောင်မြင်မှုများအတွက် သူ၏ အစ်ကိုအကြီးဆုံး နန်းကုန်းရှဲ့၊ သူ၏အဖေတို့သည် ရွှမ်ဝူအိမ်တော် အား အမဲဖျက်သည့် နေရာတွင် သူ့ကို ပါဝင်စေခဲ့ခြင်း ဖြစ်သည်။

ဤလူများ ဆွေးနွေးနေသည့် အကြောင်းအရာသည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး အန္တရာယ် များသည့် အရာလည်း ဖြစ်၏။ ထို့ကြောင့် နန်းကုန်းဖျင်၏ ဝိညာဉ်တစ်ခုလုံးသည် ကောင်းကင်ယံဆီသို့ ပျံတက် သွားခဲ့သကဲ့သို့ပင်။ သူသည် ဘာတစ်ခုကိုမှ မကြားနိုင်တော့သလို နားများပင် အူဝေလို့နေလေ၏။

“ကျင်းဟိုင်မြို့စားကြီးက ပြောလိုက်သည်။ “ကျုပ်တို့ ဒီလိုလုပ်မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ အားလုံးက ကိုယ့်တာဝန် ကိုယ်ယူမှ ဖြစ်မယ်။ မိသားစုတွေ အားလုံးက ကျွမ်းကျင်သူတွေကို စေလွှတ်မှ ဖြစ်မယ်”

ဤအရာသည် အမှုတွဲခေါ်ခြင်းပင် ဖြစ်၏။ အားလုံးသော သူတို့သည် ဆိုးရွားသည့် အရာများကို အတူတူ ပြုလုပ်ကြ၏။ ထိုသို့ဆိုလျှင် မည်သူက သစ္စာဖောက်တော့မည်နည်း။ ဤကိစ္စသည် အလွန်ကြီးမားသည့် ကိစ္စရပ်တစ်ခု ဖြစ်၏။ ပေါက်ကြားသွားသည် ဆိုပါက ကြီးမားလွန်းသည့် အကျိုးဆက်ကို ခံစားရမှာ ဖြစ်၏။

“အင်း ဒီကိစ္စထဲမှာ မပါဝင်တဲ့ လူတွေက ဒီနေ့ ကျုပ်ရဲ့ အခန်းတံခါးကနေ အပြင်ဘက်ကို လျှောက်ထွက်သွားဖို့ မပြင်နဲ့တော့”

ချင်းကန်မြို့စားကြီးက အေးစက်စက်ပြောလိုက်သည်။ “မြို့စားလေး ကျူးလန်ထင် ... ခင်ဗျား ဒီအကြံအစည်ကို စပြီးပေးပြီဆိုမှတော့ ခင်ဗျား ရှေ့ကနေ ဦးဆောင်ပြီး လုပ်သင့်တယ်”

ကျူးလန်ထင်က ကြောင်သွား၏။ “ကျုပ် အရာအားလုံးကို လုပ်ရမှာလား”

ကျင်းဟိုင်မြို့စားကြီးက အေးစက်စက် ပြောလိုက်သည်။ “ကျူးလန်ထင်.. ခင်ဗျား စတုတ္ထမင်းသားရဲ့ စားပွဲမှာ ရှမ့်လန်ကို ဒုက္ခပေးခဲ့တယ်မလား။ အခု ကျင်းချန်ကျွန်း တိုက်ပွဲက ပြီးသွားပြီ။ သူ ခင်ဗျားကို လက်လွှတ်ပေးမယ်လို့ ထင်နေတာလား”

မြို့စားလေး ကျူးလန်ထင်က ပြောလိုက်၏။ “ဒါဆိုရင် သူ ကျုပ်ကို ဘာလုပ်နိုင်မှာလဲ”

ပြီးနောက် သူက ပြောလိုက်သည်။ “ကျုပ် အရာအားလုံး လုပ်နိုင်တယ်။ ဒါပေမယ့် ဘာတစ်ခုကိုမှလည်း မလုပ်နိုင်ပြန်ဘူး”

ကျင်းဟိုင်မြို့စားကြီးက ပြောလိုက်၏။ “ကျုပ်တို့ ခင်ဗျားကို ရွက်သင်္ဘော နှစ်စင်းပေးမယ်။ ပြီးတော့ အဲ့ဒီ ရွက်သင်္ဘောတွေနဲ့အတူ ခင်ဗျားတို့ လမ်းကြောင်းရှာပြီး တခြားနိုင်ငံတွေနဲ့ ကုန်သွယ်လို့လည်း ရတယ်။ ကုန်သွယ်ခွင့်ကိုလည်း ပေးမယ်။”

ကျူးလန်ထင်က ပျော်ရွှင်သွား၏။ ဤကဲ့သို့သော အလဲအထပ်သည် တကယ့်ကို ကောင်းမွန်လွန်းသည့် အရာဖြစ်၏။ သင်္ဘောများသည် တန်ဖိုးကြီးသည့် အရာမျိုး မဟုတ်ချေ။ သို့ပေမည့် ကုန်သွယ်ခွင့်ဆိုသည့် အခွင့်အရေးမှာတော့ တန်ဖိုးကြီးမားလွန်းလှ၏။ ကုန်သွယ်ခွင့်အခွင့်အရေးကို ရရှိဖို့ဆိုသည်မှာ အလွန်ရှုပ်ထွေး ၏။ အချို့သော အကြောင်းအရာများသည် တော်ဝင်မျိုးနွယ်များ၊ နန်းတွင်း အရာရှိကြီးများ၏ လက်ထဲတွင် ရောက်ရှိနေသည့် အရာဖြစ်၏။ ထို့အပြင် တခြားသော အစိတ်ပိုင်းများမှာတော့ နုရှောင့်မြို့၏ လက်ထဲတွင် တည်ရှိနေသည်။

ပင်လယ်ဓားပြ ချောင်ထျန်းဝေသည် အရှေ့ဘက်ပင်လယ်၏ ကုန်သွယ်ခွင့်အားလုံးကို ထိန်းချုပ်ထားသည့် လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့်ပင်လျှင် သူ၏ သားဖြစ်သော ချောင်ရှောင်းသည် တော်ဝင်မျိုးနွယ်များ၏ အိမ်ထဲသို့ပင် ဝင်ထွက်သွားလာနိုင်ခြင်း ဖြစ်၏။ ဤကဲ့သို့သောအခြေအနေမျိုးကို မပိုင်ဆိုင်သည်ဆိုပါက အဘယ်သို့ လာရောက်နိုင်စွမ်း ရှိမည်နည်း။

ဟုတ်ပေ၏။ ရွှမ်ဝူအိမ်တော်သည်လည်း ကုန်သွယ်ခွင့် တချို့တလေကို ထိန်းချုပ်ထား၏။ မိသားစု၏ ဆားတွင်းများဆီမှ ကုန်ချောများကို ပင်လယ်ပြင်မှတစ်ဆင့် ကုန်သွယ်ကြ၏။

ဘုရင်မင်းမြတ်၏ မူဝါဒသစ်သည် ဆားနှင့် အရာအားလုံးကို မောင်ပိုင်စီးရန် ရည်ရွယ်ချက်လည်း ပါဝင်လို့နေခဲ့၏။ ဤအရင်းအမြစ် နှစ်ခုကို တော်ဝင်မျိုးနွယ်၏ လက်ထဲမှ ပြန်လည်ကာ ရယူချင်စိတ်လည်း ရှိသည်။

“ကောင်းပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်က ရှေ့ကနေ ဦးဆောင်မယ်”

မြို့စားလေး ကျူးလန်ထင်က ပြောလိုက်၏။ “သခင်လေး ချောင်ရှောင်း ... ကျုပ် စိုးရိမ်တာ မနက်ဖြန် ကျုပ်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ နာမည်ကို ငှားရကောင်း ငှားရလိမ့်မယ်”

ချောင်ရှောင်းသည် စပ်ဖြီးဖြီးနှင့် ပြောလိုက်သည်။ “သေချာတာပေါ့။ ရှမ့်လန်က ကျုပ်မိန်းမကို ခိုးခဲ့ပြီးတော့ ကျုပ်လူတွေကိုလည်း သတ်ခဲ့တယ်။ ကျုပ် သူတို့ရဲ့ လူတစ်သောင်းလောက်ကို ပြန်ပြီး သတ်ချင်တယ်။ ဒါမှမဟုတ် တစ်သိန်းလောက်ပေါ့”

ကျင်းဟိုင်မြို့စားကြီးက ပြောလိုက်၏။ “ကျုပ်တို့ မြန်မြန်လုပ်မှ ဖြစ်မယ်။ မိုးက ဘယ်အချိန်မှာ ရပ်သွားမလဲ မသိဘူး။ ရေရဲ့ အမြင့်ကသာ လျော့ကျသွားမယ်ဆိုရင် ရေလွှမ်းမိုးနိုင်မှုဆိုတဲ့ အခြေအနေတစ်ခုက အားနည်းသွားလိမ့်မယ်လေ။ ဒါဆိုရင် ရွှမ်ဝူအိမ်တော်က လွတ်ပေါက်တွေ့သွားလိမ့်မယ်”

ပြီးသည့်နောက် တည်ရှိနေခဲ့သည့် တော်ဝင်မျိုးနွယ်များ၊ ကျန်းပေနယ်စားအိမ်တော်ဆီမှ လူမှလွဲလျှင် ကျန်သည့် လူများအားလုံးတို့သည် လက်ရွေးစင် စစ်သည်တစ်ဒါဇင်ကျော်ကို ပေးပို့ကြ၏။ လန်ရှန်မြို့စားလေး ကျူးလန်ထင်နှင့် ပင်လယ်ဓားပြ ချောင်ရှောင်းတို့သည် စစ်သည်တော် လက်ရွေးစင် စစ်သည်တော် ၂၀၀ ခန့်ကို ဦးဆောင်လိုက်ကြ၏။

၎င်းတို့သည် ကြီးမားပြင်းထန်လွန်းလှသည့် မိုးများအောက်တွင် ရဲရဲဝံ့ဝံ့နှင့် ရွှမ်ဝူမြို့ဆီသို့ အလျင်အမြန်နှင့် သုတ်ခြေတင်လျက်ရှိနေ၏။ သူတို့သည် ညကြီး အချိန်မတော်တွင် အရေးကြီးသည့် အရာတစ်ခုကို ပြုလုပ်ရန် ပြင်ဆင်နေသည်။

ရွှမ်ဝူအိမ်တော် တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ထို့အပြင် ကျင်းမိသားစု ပိုင်ဆိုင်သည့် မြေပိုင်နက် ထဲတွင် ရှိနေသော လူပေါင်းများစွာတို့ကို ရေနှစ်မြှုပ် သတ်ဖြတ်ရန်ပင် ဖြစ်၏။ တစ်စုံတစ်ယောက်၏ သွေးများ ဆူဝေလောက်သည့်အထိ စိတ်လှုပ်ရှားစရာ ကိစ္စရပ်မျိုးပင်။

..............

ညနက်သန်းခေါင်ယံ ပြတင်းပေါက်၏ အပြင်ဘက်တွင် မိုးများသည် သည်းသည်းမည်းမည်းနှင့် ရွာသွန်းလျက် ရှိနေ၏။ ဤကဲ့သို့သော ရွာသွန်းလျက် ရှိနေသည့် မိုးသည် မိစ္ဆာဆန်လွန်း လှချေ၏။ ဤကဲ့သို့သော ရာသီဥတုအောက်တွင် လူပေါင်းများစွာတို့၏ မိစ္ဆာကဲ့သို့သော အတွေးများသည် ပေါ်ပေါက်လာနိုင်၏။

မူလန်သည် ပိုးထည် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး အိပ်ရာ၏ ရှေ့တွင် မတ်တပ်ရပ်လျက် ရှိနေ၏။ သူမသည် ရှမ့်လန်၏ ရင်ခွင်ထဲတွင် ခိုဝင်လျက် ရှိနေ၏။ ပိုးညအိပ်ဝတ်စုံသည် ပြေတိပြေလျော့နှင့်ပင်။ သို့ပေမည့် သူမ၏ ခန္ဓာကိုယ်ကြောင့် ဝတ်စုံသည် တင်းတင်းကျပ်ကျပ်နှင့် ဖြစ်လို့နေ၏။ သူမ၏ ခန္ဓာကိုယ်သည် တကယ့်ကို လှပလွန်းလှချေသည်။

“ယောက်ျား... နောက်လာမယ့် တိုက်ပွဲက ပိုပြီး ကြမ်းတမ်းတယ်လို့ ပြောခဲ့တယ်နော်” မူလန်က မေးမြန်းလိုက်၏။

ရှမ့်လန်၏ လက်များသည် သူ့မိန်းမ၏ ခါးသေးသေးလေးဆီသို့ ရောက်ရှိသွား၏။ ပြီးနောက် ခဏလောက် ရပ်တန့်ပြီးသည့်နောက် ညဝတ်အင်္ကျီ၏ အောက်ထဲသို့ လက်က ရောက်သွား၏။ မူလန်သည် သူ့ကို မတားဆီးချေ။ ရှမ့်လန်၏ လက်ချောင်းများသည် မူလန်၏ ခါးသေးသေးလေးဆီမှ အပေါ်ဆီသို့ တဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့၏။ တကယ့်ကို ပိုးထည်တစ်ခုကို ကိုင်နေရသလိုပင် နူးညံ့လွန်းလှချေသည်။

“လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဆီမှာ အထိတွေ့ အထိတွေ့ မခံနိုင်ဆုံး နေရာ သုံးနေရာ ရှိတယ်။ ဘယ်နေရာလဲ ဆိုတာ သိလား” ရှမ့်လန်က မေးမြန်းလိုက်၏။

မူလန်က ပြောလိုက်သည်။ “သိတယ်။ ဒါပေမယ့် မဖြေဘူး”

ရှမ့်လန်က ပြောလိုက်၏။ “နှုတ်ခမ်း၊ လက် ပြီးတော့ ဒီနေရာပဲ။ ဒီတော့ ငါတို့က အခု ချစ်နေကြပြီလို့ အဓိပ္ပာယ် သက်ရောက်လား”

“အင်း” မူလန်က ပြောလိုက်သည်။

ရှမ့်လန်သည် သူ့မိန်းမ၏ နားထင်လေးကို အသာနမ်းလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “လာမယ့် နောက် တိုက်ပွဲက အရမ်းကို ကြမ်းတမ်းတယ်။ လူတော်တော်များများကလည်း သေသွားလိမ့်မယ်။ ငါတို့ရဲ့ ရန်သူတွေ အကုန်လုံး သေသွားလိမ့်မယ်”

All Chapters