← Chapters

အပိုင်း (၁၆၂)

Vol. 12 Ch. 162

အပိုင်း (၁၆၂)

Vol. 12 Ch. 162

ဟောခန်းကြီးအတွင်းမှာတော့ ရှမ့်လန်နှင့် မူလန်တို့သည် ကောင်းကင်မှ သတ်မှတ်ပေးထားသော နတ်ဖက်သည့် စုံတွဲများကဲ့သို့ပင် လိုက်ဖက်ညီလွန်းလှ၏။ အထူးသဖြင့် ရှမ့်လန်သည် အခြားသော ဝတ်စုံတစ်ခုသို့ ပြောင်းလဲကာ ဝတ်ဆင်ခဲ့၏။ သူ၏ ဈေးအကြီးဆုံးသော ပိုးဝတ်စုံသည် ရွှေကြိုးမျှင်များဖြင့် ဖန်တီး သွန်းလုပ်ထားခဲ့သည်သာမက အလွန်ဈေးကြီးလှသည့် အခြားသော ပစ္စည်းများလည်း ပါဝင်လျက်ရှိ၏။

ထိုအရာသည် တိရစ္ဆာန်များ၏ အကြောပင် ဖြစ်၏။ တိရစ္ဆာန်များ၏ အကြောသည် အလွန်ပင် မာကျောပြီး လေးကြိုးအဖြစ် ပြုလုပ်သည့်အရာမျိုး ဖြစ်၏။ သို့ပေမည့် ထိုအရာကို ထူးခြားသည့်အရာများဖြင့် ဖန်တီး ပြောင်းလဲလိုက်မည်ဆိုပါက နေရောင်အောက်တွင် အလွန်တောက်ပသည့် အရာအဖြစ် ပြောင်းလဲသွားမည် ဖြစ်ပြီး ကြည့်ရှုလိုက်သည်နှင့် လူပေါင်းများစွာတို့ လိုချင်သည့် ဝတ်စုံအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤတိရစ္ဆာန်များ၏ အကြောသည် ရွှေနှင့် တူညီသည့် အလေးချိန်ရှိသည်ဆိုသော်လည်း တန်ကြေးမှာတော့ ရွှေဈေးထက် ဆယ်ဆလောက် ပိုမိုကာ ဈေးကြီး၏။ ရှမ့်လန်၏ ဝတ်စုံသစ်သည် တိရစ္ဆာန်အကြော အမျိုးအစားပေါင်း တစ်ဒါဇင်ကျော် ပါဝင်လျက်ရှိနေ၏။ မည်မျှ ဈေးကြီးသည့် ဝတ်စုံဖြစ်ကြောင်း အထူးတလည် ညွှန်းဆိုနေစရာပင် မလိုချေ။

ဤကဲ့သို့ ဟိတ်ဟန်ထုတ်လွန်းသည့် ရှမ့်လန်သည် လက်ရှိ နုကျန့်အမဲလိုက်မြေ တည်နေရာသို့ ရောက်ရှိပြီး သုံးရက်ကျော်အတွင်းမှာပင် ဝတ်စုံပေါင်း လေးစုံတိတိကို ပြောင်းလဲဝတ်ဆင်ခဲ့ပြီး ဖြစ်၏။ ယနေ့ဝတ်စုံသည် ဈေးအကြီးဆုံး ဖြစ်၏။ သူ၏ဝတ်စုံသည် ကြည့်ရှုသည်နှင့် အားလုံးသောသူတို့အား အံ့အားသင့်စေသည့် အရာ ဖြစ်လာခဲ့၏။

သူ မည်သူဖြစ်သနည်း။ နယ်စားကြီး၏ သားတော်တစ်ယောက်လား။ သို့မဟုတ် မင်းကြီးတစ်ပါး၏ သားတော်တစ်ယောက် ဖြစ်နေလေသည်လား။

မဟုတ်ပေ။ ရွှမ်ဝူအိမ်တော်၏ သမက်တစ်ယောက် သာလျှင် ဖြစ်၏။ သာမန်မိဘများမှ မွေးဖွားခဲ့သည့် လူလည်း ဖြစ်၏။ တခြားသော နည်းလမ်းမရှိချေ။ တချို့သော သူများသည် မိမိ၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရန်အတွက် တကယ့်ကို ဈေးကြီးလွန်းသည့် အဝတ်အစားများကို ဝတ်ဆင်ဖို့ လိုအပ်သည်။

မိုဟာမက်အလီ သို့မဟုတ် ပက်ကွီအိုတို့သည် ဈေးကြီးသည့် ဝတ်စုံများကို ဝတ်ဆင်စရာ မလိုအပ်ချေ။ ထိုသူတို့ အားလုံး၏ အသွင်အပြင် အမူအရာ၊ ဂုဏ်သိက္ခာကပင်လျှင် ဈေးကြီးသည့်အမှတ်တံဆိပ် ဖြစ်နေသည် မဟုတ်ပါလား။

ထို့ကြောင့် အစစ်အမှန်တရားမှာတော့ သိုသိုသိပ်သိပ်နှင့် နေထိုင်ခြင်းသည် အလွန်ဈေးကြီးသည့်အရာ ဖြစ်၏။ သို့ပေမည့် သာမန်လူတန်းစားများမှာတော့ ထိုကဲ့သို့ သိုသိုသိပ်သိပ် နေထိုင်ခြင်းကို မြင်ရသည်ဆိုပါက ကျိန်းသေပေါက် အထင်သေး ရှုတ်ချကြပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် ရှမ့်လန်သည် အလွန်ထူးခြားသည့် ဝတ်စုံများကို ဖန်တီးကာ ဝတ်ဆင်ခဲ့ခြင်း ဖြစ်၏။

သူ၏ ချောမောသည့် ရုပ်ရည်သွင်ပြင်နှင့် ယှဉ်တွဲလိုက်ချိန်မှာတော့ ထိုဝတ်စုံသည် အဆင့်တစ်ခုဆီသို့ ပြောင်းလဲသွားခဲ့၏။ ဤကဲ့သို့ ထူးခြားစွာဖြင့် ချောမောလျက်ရှိနေသည့် ရှမ့်လန်ကို မြင်ရသည် ဆိုလျှင်တောင်မှ အလွန်လှပသည့် မိန်းကလေးတော်တော်များများတို့သည် သူ၏မျက်နှာပေါ်တွင် ရှိနေသည့် ကိုက်ရာကြီးကိုသာ စူးစိုက်ကာ ကြည့်ရှုနေသည်။

‘အင်း… ငါ ကျင့်မူလန်ကို မနာလိုလိုက်တာ။ ဒီလိုချောမောတဲ့ မျက်နှာကို ငါလည်း ကိုက်ချင်တာပေါ့။ အာ… ငါသာ ဒီနေရာမှာဆိုရင် မျက်နှာမဟုတ်ဘူး၊ ဘယ်နေရာကို ကိုက်ရကိုက်ရ ကိုက်မှာပဲ’

ပြီးသည့်နောက် လွှဲပြောင်းခြင်း စာချုပ်ကို လက်မှတ်ထိုးရန်အတွက် စတင်ပြီဖြစ်၏။ ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် ထိုအရာကို မနှစ်မြို့သော်လည်း သူ့အနေနှင့် လက်မှတ်ရေးထိုးပြီး စည်းတံဆိပ်ကို ထုနှက် ပေးရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဤနေရာတွင် လူပေါင်းများစွာတို့ တည်ရှိနေသည့်အပြင် ဒိုင်အဖြစ် ပြုလုပ်သည့် ဂုဏ်သိက္ခာကြီးမားသော ဆရာကြီးသုံးယောက်တို့ကလည်း ရှိနေသောကြောင့်ပင်။

ထိုအချိန်၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်နေ၏။ မျက်လုံးထဲတွင် မျက်ရည်များ ဝေ့တက်လာခဲ့၏။ ကျင်းချန်ကျွန်းသည် သူတို့မိသားစု၏ အသက်သွေးကြောပင် ဖြစ်၏။ ဆယ်စုနှစ်ပေါင်းများစွာ ထိုအရာကို ပိုင်ဆိုင်ပြီး စီးပွားရေး ပြုလုပ်ခဲ့ကြ၏။ သို့ပေမည့် လက်ရှိအချိန်ထဲမှာတော့ ရန်သူ၏ လက်ထဲသို့ ရောက်ရှိသွား ခဲ့လေ၏။ ထိုအရာကို လက်ခံနိုင်ရန် ခက်ခဲလွန်းနေ၏။

ထို့အပြင် တခြားသော တည်နေရာတွင်ဆိုပါက ထန်လွမ်သည် ဤသဘောတူညီမှုစာချုပ်ကို တစ်ခါတည်း ဖျက်ဆီးပြီး လွှင့်ပစ်လိုက်မှာ သေချာ၏။ သို့ပေမည့် ယခုတော့ ပြုလုပ်၍ မရနိုင်ချေ။ ပြီးနောက် ရွှမ်ဝူ ကျင်းကျိုးသည် လက်မှတ် ရေးထိုးပြီး စည်းတံဆိပ်တုံးကို ထုနှိပ်လိုက်၏။ ဤစာချုပ်စာတမ်းများ၏ မိတ္တူကို နန်းမြို့တော်သို့ ပေးပို့ရမည်ဖြစ်ပြီး ဘုရင်မင်းမြတ်၏ စည်းတံဆိပ်တုံးကို ထုနှိပ်ရန် လိုအပ်သေးသည်။

အုပ်ချုပ်ရေးမှူး ကျူးကျွင်းလည်း ရောက်ရှိလာခဲ့၏။ တစ်ညအတွင်းမှာပင် သူသည် အတော်လေး ပိန်ကျ သွားခဲ့၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ဓားများ၊ ပုဆိန်များဖြင့် ခုတ်ပိုင်းခြင်းကို ခံထားရသကဲ့သို့ပင် စုတ်ပြတ်သတ်လျက် ရှိနေ၏။ သို့ပေမည့် သူ၏မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မရှိချေ။ ကျရှုံးမှု၏ တန်ပြန်သက်ရောက်မှုကို ခံစားရသည့်ပုံစံ မရှိချေ။

ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ ကျန်းချွင်းဟွာကို လှမ်းကာကြည့်ရှုလိုက်၏။ မနက်ခင်းမှ ယခုအချိန်အထိ ဤမြေခွေးမလေးသည် ရှမ့်လန်ကို ကြည့်ရှုခြင်းပင် မရှိခဲ့ချေ။ မိန်းကလေးများသည် ရှုံးနိမ့်၍ မဖြစ်ချေ။ ယခင်တုန်းက သူတို့မိသားစု အနိုင်ရရှိမည့် အချိန်တွင် နေ့စဉ်နေ့တိုင်းဆိုသလို သူ့ကို လာ၍ ကလူ၏၊ မြူဆွယ်၏ လုပ်၏။ သူ၏ ပေါင်ခွကြားသို့ ရောက်လာလုမတတ်ပင်။

သို့ပေမည့် သူ ရှမ့်လန် အနည်းငယ်လေးသာ အနိုင်ရရှိသေး၏။ တစ်ချက်ကလေးမှ ဂရုမစိုက်တော့ချေ။ ပိုမို၍ အရေးကြီးမားသည်မှာ ကျန်းချွင်းဟွာသည် ယနေ့အချိန်၌ အလွန်လှပစွာ ဝတ်ဆင်ထားခဲ့ခြင်းပင် ဖြစ်၏။ ယခင်တုန်းက သိုသိုသိပ်သိပ် ဝတ်ဆင်ထားတတ်သည့် သူမ၏ ဝတ်စုံများနှင့် ခြားနားလျက်ရှိနေ၏။ အလွန်တောက်ပလွန်းသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး သူမ၏ မျက်နှာနှင့် လိုက်ဖက်လွန်းလှချေ၏။

ရှမ့်လန်သည် သူမကို တစ်ချက်လှမ်းကြည့်လိုက်၏။ သို့ပေမည့် ကျန်းချွင်းဟွာက မတုံ့ပြန်ချေ။ ရှမ့်လန်သည် ဒုတိယအကြိမ်မြောက် ကြည့်လိုက်၏။ သို့ပေမည့် ကျန်းချွင်းဟွာသည် ခံစားချက်ကင်းမဲ့စွာဖြင့် မတုံ့ပြန်သေးချေ။ ရှမ့်လန်သည် တတိယအကြိမ်မြောက် ကြည့်လိုက်သည်။

“အ..”

သူ၏ ခါးဆီမှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ မူလန်၏ လက်သည်းသည် သူ၏ ခါးဆီသို့ ရောက်ရှိ လာခဲ့ခြင်းပင်။ ပြီးနောက် သူမသည် သူ၏ ခါးကို ဆွဲလိမ်ကာဖြင့် ၁၈၀ ဒီဂရီ လှည့်လိုက်၏။ ရှမ့်လန်သည် ချက်ချင်းပင် ငိုချင်လောက်သည်အထိ နာကျင်သွားခဲ့၏။ မူလန်၏ လှပသည့် မျက်နှာထက်တွင်တော့ အပြုံးတစ်ခုက တည်ရှိနေ၏။ သို့ပေမည့် လက်ဆီမှ အားအင်ကတော့ တစ်ချက်ကလေးမှ လျော့ကျခြင်း မရှိချေ။ ထို့အပြင် သူမသည် ကျန်းချွင်းဟွာကို အပိုင်းပိုင်း ခုတ်ဖြတ်ချင်သည့် မျက်လုံးများနှင့် ကြည့်ရှုလို့နေ ခဲ့၏။

ရှမ့်လန်သည် ထိုမိန်းမ၏ ခါးလေးကို အသာဖက်ပြီးနောက် သူမ၏ နှုတ်ခမ်းပါးလေးကို နမ်းလိုက်၏။ အားလုံးသောသူတို့က ကြည့်ရှုနေ၏။ အားလုံးသော သူတို့က တုန်လှုပ်သွားခဲ့ကြ၏။ ဤနေရာတွင် ရှိနေသည့် ယောကျ်ားများစွာတို့သည် နှလုံးသွေးများ အန်ထွက်လုမတတ် ဖြစ်လို့နေ၏။ စိတ်ထဲမှလည်း ကြိတ်ကာ ကြိတ်ဆဲလျက် ရှိနေသည်။ ‘ခွေးကောင်... အရှက်မဲ့တဲ့ခွေးကောင်’

မိန်းကလေးပေါင်းများစွာတို့၏ နှလုံးသားများကလည်း တုန်ယင်သွား၏။

‘ဘယ်လောက် ရဲရင့်လိုက်တဲ့ လူလဲ။ လူပေါင်းများစွာတို့ရဲ့ အရှေ့မှာ ငါ့ကို ဒီလိုလာနမ်းမယ်ဆိုရင် ငါ… လုံးဝကို အရည်ပျော်ကျသွားမှာပဲ’

မူလန်သည် ရှက်သွေးဖြာသွား၏။ သူမ၏လက်ကို လွှတ်လိုက်၏။ တချို့သော ပျော်ရွှင်သည့် စိတ်ခံစားချက်များ ကို ခံစားနေရသလို မြေပေါ်၌ တွင်းတစ်ခုတူးကာ ဝင်ပုန်းချင်စိတ်လည်း ပေါက်နေ၏။ ယောကျ်ားသည် အရှက်မဲ့လွန်းလှ၏။ သူမအနေနှင့် အရှက်မမဲ့ချင်ပေ။

ဦးရီးတော်နင်ချီသည် ထိုအရာကို မြင်၏။ သူသည် မမြင်သလို ဟန်ဆောင်ထားခဲ့လေ၏။ ဤကဲ့သို့ အရေးကြီးသည့် အခမ်းအနားမျိုးတွင် သုံးဦးသုံးဖလှယ်သည် လက်မှတ်များရေးထိုးခြင်း၊ စည်းတံဆိပ်တုံးများကို ထုနှိပ်ခြင်းများကို ပြုလုပ်ရပေမည်။ ဤအရာသည် ကျင်းမိသားစု၏ ကံကြမ္မာနှင့် အလုံးစုံ ပတ်သက်လျက် ရှိနေ၏။

‘ဒီလိုအချိန်မှာတောင် မိန်းမနဲ့ ကလူကျီဆယ် ရဲနေတယ်ပေါ့။ ဒီလောကမှာရှိတဲ့ လူငယ်မျိုးဆက်တွေ အကုန်လုံးရဲ့ စိတ်ခံစားချက်တွေက တဖြည်းဖြည်းနဲ့ ဆိုးဆိုးလာခဲ့ပြီ။’

.................

လက်မှတ်ရေးထိုးခြင်း အခမ်းအနား ပြီးဆုံးသွားခဲ့၏။ ကျင်းဟိုင်မြို့စားကြီးသည် ဦးရီးတော်နင်ချီနှင့် တခြားသော လူနှစ်ယောက်တို့ကို ဦးညွှတ်ကာ တိုက်ရိုက်ဆိုသလို ထွက်ခွာသွားခဲ့၏။ သူ့အနေနှင့် အခြားသော စကားများကို ပြောဆိုခြင်း မရှိချေ။ တချို့သော အရာများသည် ပြုလုပ်ခဲ့ပြီးပြီဖြစ်၏။ သို့ပေမည့် ပြောဆို၍ မဖြစ်နိုင်ချေ။

ခရိုင်အုပ်ချုပ်ရေးမှူး ကျန်းချုံးသည် ရှေ့ဆီသို့ လှမ်းတက်ပြီး လက်သီးဆုပ်ကာဖြင့် ရွှမ်ဝူကို ဂါရဝပြုလိုက်၏။ ရွှမ်ဝူသည် ပြန်လည်ကာ အလေးပြုလိုက်၏။ ကျန်းချုံးနှင့် ရွှမ်ဝူတို့သည် အကြီးမားဆုံးသော ရန်သူများ ဖြစ်ကြောင်း ရှင်းလင်းလွန်း၏။ ရန်သူများသည် သေခြင်းရှင်ခြင်းသာလျှင် ရှိ၏။ ကျင်းမိသားစုသည် လက်ရှိအချိန်၌ အခြေအနေတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်၏။ သို့ပေမည့် နှစ်ဖက်သား မျက်နှာချင်းဆိုင် တွေ့ရသည့်အချိန်မှာတော့ အလွန်မင်း ယဉ်ကျေးရန် လိုအပ်နေ၏။

ကျန်းချုံးသည် တခြားသောဆရာကြီးသုံးယောက်တို့ကို အသာဦးညွှတ်ကာ ပြောလိုက်သည်။ “ချုံးက နှုတ်ဆက်ပါတယ်”

ဦးရီးတော်နင်ချီသည် အမှတ်မထင်ဆိုသလိုပဲ ပြန်လည်ကာ ဂါရဝပြုလိုက်၏။ “ဂရုစိုက်ပါ.. ကျန်းအုပ်ချုပ်ရေးမှူး”

ပြီးနောက် ကျန်းချုံးသည် သူ၏ ကလေးနှစ်ယောက်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

ဦးရီးတော်နင်ချီက ပြောလိုက်၏။ “ရွှမ်ဝူ… ကျုပ် အခုဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဘုရင်မင်းမြတ်ကို သတင်းပေးပို့ရမှာ။ ဒါပေမယ့်… ကျုပ်ပြောဖို့သင့်လားဆိုတဲ့ မသိတဲ့ အကြောင်းအရာတစ်ခုတော့ ရှိနေသေးတယ်”

ရွှမ်ဝူက ပြောလိုက်၏။ “ဦးရီးတော်... ကျေးဇူးပြုပြီး ပြောပါ”

နင်ချီက ပြောလိုက်သည်။ “အခြေအနေတစ်ခုလုံးကို အနိုင်ရတဲ့ အကြောင်းအရာလည်း ရှိသလို ရှုံးနိမ့်သွားတဲ့ အကြောင်းအရာလည်း ရှိတယ်။ ခင်ဗျားတို့ မိသားစုက ဒီပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တယ်ဆိုပေမယ့် အလုံးစုံသော အခြေအနေတွေ ပြောင်းလဲသွားတာမျိုး မဟုတ်မှာ ကျုပ်စိုးရိမ်မိတယ်။ ဒီတော့ စောစောစီးစီး ဦးညွှတ်ပြီး မိသားစုကို ကာကွယ်ပေးတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ အလုံးစုံ ဖျက်ဆီးခြင်းကို ခံရတဲ့အချိန်ကျမှ တောင်းပန်မယ်ဆိုရင် ဘာတစ်ခုမှ ဖြစ်လာနိုင်မှာ မဟုတ်တော့ဘူး။ ဘေးဒုက္ခတွေ ရောက်ရှိလာမှာကိုလည်း ကျုပ် စိုးရိမ်မိတယ်”

ဦးရီးတော်နင်ချီသည် ခြိမ်းခြောက်နေခြင်း မဟုတ်ချေ။ သူသည် ကြင်နာသည့် စကားလုံးများဖြင့် အကြံပြုနေခြင်းသာလျှင် ဖြစ်၏။ ရွှမ်ဝူကျင်းကျိုးသည် ကျူးလန်ထင်ကို ဥပမာပြုသင့်၏။ မိသားစု၏ မြေပိုင်နက်များနှင့် စစ်တပ်အင်အားများကို လွှဲပေးလိုက်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ထိုနည်းလမ်းနှင့်ဆိုလျှင် ဆိုလျှင် ဩဇာအာဏာ အနည်းငယ် နိမ့်ကျသွားမည်ဆိုလျှင်တောင်မှ ချမ်းသာကြွယ်ဝစွာ နေထိုင်နိုင်သေး၏။

ရွှမ်ဝူကျင်းကျိုးက ပြောလိုက်သည် “မိသားစုရဲ့ အခြေခံဆိုတာ ကျုပ်တို့ရဲ့ ဘိုးဘေးတွေ လွှဲအပ်ထားတဲ့ အရာတွေပါ။ ဒီကိစ္စကို ကျုပ်လက်ထက်ရောက်မှ ဖျက်ဆီးမခံနိုင်ဘူးလေ။ ဒီတော့ သေဆုံးသွားရတာထက်စာရင် ဒီလိုဖြစ်သွားတာ ပိုပြီးကောင်းပါလိမ့်မယ်”

ဦးရီးတော်နင်ချီသည် မည်သည့် စကားကိုမှ မဆိုတော့ချေ။ ဤရွှမ်ဝူသည် ဖြောင့်မတ်မှန်ကန်ပြီး ရှေးရိုးစွဲ ဆန်လှ၏။ သူ၏ စကားလုံးထဲတွင် များပြားသည့် အဓိပ္ပာယ်များ ပါဝင်လျက်ရှိနေသည်ကို တစ်ဖက်လူက ကောင်းကောင်းသိရှိမှာ ဖြစ်၏။ သို့ပေမည့် ရွှမ်ဝူသည် လိပ်၏အခွံထဲတွင် နေထိုင်သကဲ့သို့ပင် ခိုင်ခိုင်မာမာ ကြံ့ကြံ့ခံလျက် ခုခံရန် စဉ်းစားထားလေသည်။

“ဂရုစိုက်ပါ” ဦးရီးတော်နင်ချီက ပြောလိုက်၏။

ပြီးနောက် ဆရာကြီး သုံးယောက်တို့သည် ထွက်ခွာသွားခဲ့၏။ အစမှ အဆုံးထိ ဝူဝေမင်းကြီးနှင့် စော့ရွှမ်းတို့သည် ရွှမ်ဝူကို တစ်ချက်ကလေးမှ မနှုတ်ဆက်ခဲ့ချေ။ အမတ်ကြီး စော့ရွှမ်း၏ နေထိုင်မှုပုံစံသည် ခြားနားလွန်းလှချေ၏။ ဝူဝေမင်းကြီး ပျံ့ရှောင်မှာတော့ အလုံးစုံ မာန်မာနတက်သည့် လူတစ်ယောက်ဖြစ်၏။ ရွှမ်ဝူကျင်းကျိုးသည် သူ၏ မျက်လုံးထဲတွင် မရှိချေ။

............…

အချိန်များကို နာရီအနည်းငယ်ဆီသို့ ပြန်လည်ကာ သွားရမည်ဆိုလျှင် မိုင် ၂၀၀ အကွာဝေးမှာတော့ မြို့စားလေး ကျူးလန်ထင်နှင့် ချောင်ရှောင်းတို့သည် လက်ရွေးစဉ် စစ်သည် ၂၀၀ ကျော်တို့ကို ဦးဆောင်၍ ရွှမ်ဝူမြို့ဆီသို့ အသော့နှင်လျက်ရှိနေ၏။ သို့ပေမည့် သူတို့သည် မြောက်ဘက်ပိုင်းရှိ ရေကာတာဆီသို့ အလျင်စလို သွားရောက်ရန် မစဉ်းစားခဲ့ချေ။ ထို့အစား သူတို့၏ လူနှင့်မြင်းများကို ထပ်မံကာ စုစည်းခဲ့၏။ ချောင်ရှောင်း သည် ပင်လယ်ဓားမြ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်တို့ကို အလျင်အမြန် စုစည်းခဲ့၏။

ကျူးလန်ထင်ကတော့ သူ၏အစောင့်အချို့ကို ရွှမ်ဝူမြို့စားအိမ်တော်၌ ထားရစ်ခဲ့၏။ သူတို့ နှစ်ယောက်သည် လက်ရွေးစင် စစ်သည်ပေါင်း ၅၀၀ ကျော်တို့ကို စုစည်းပြီး ရွှမ်ဝူ အိမ်တော်၏ မြောက်ဘက် ဆည်ဆီသို့ ဦးတည်လျက်ရှိ၏။ ဤအချိန်မှာတော့ ကောင်းကင်ယံတစ်ခုလုံးသည် တောက်ပလာတော့မည် ဖြစ်၏။ သို့ပေမည့် မိုးများမှာတော့ အဆက်မပြတ် ရွာသွန်းလျက် ရှိနေတုန်းပင်။

လမ်းတွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိချေ။ ချောင်ရှောင်း၊ မြို့စားလေး ကျူးလန်ထင်သည် လူ ၅၀၀ ကျော်တို့ကို ဓားပြဝတ်စုံများ ပြောင်းလဲဝတ်ဆင်စေ၏။ သူတို့သည် များပြားလှသည့် ဓားပြ ဝတ်စုံများကို အဘယ်သို့ ရရှိခဲ့သနည်း။ ရိုးရှင်းစွာပင် လယ်သာချပ်ဝတ်များကို တစ်ခါတည်း စွဲဖြဲလိုက်ခြင်းပင် ဖြစ်၏။ မျက်နှာသွင်ပြင်တစ်ခုလုံးကို အမဲရောင်အဝတ်များနှင့် အုပ်ချည်လိုက်၏။ မျက်လုံးနှင့် နှာခေါင်း သာလျှင် သူတို့၌ ပေါ်တော့သည်။

ညအချိန်တွင် လူ ၅၀၀ ကျော်တို့သည် မိုင်ဒါဇင်ချီသည့် အဝေးဆီသို့ ပြေးလွှားကာ သွားခဲ့ကြ၏။ နောက်ဆုံး မှာတော့ ရွှမ်ဝူအိမ်တော်၏ မြောက်ဘက် မိုင် ၃၀ အကွာအဝေးရှိ ဆည်ဆီသို့ ရောက်ရှိလာခဲ့၏။ အကြီးမားဆုံး နှင့် အရှည်လျားဆုံးသော ရေကာတာကြီးတစ်ခု ဖြစ်၏။ တောင်နှစ်ခုကြားထဲတွင် တည်ဆောက်ထားသည့် ဆည်ပင်ဖြစ်ပြီး ပေ ၃၀၀ နီးပါးခန့် နက်၏။

ကျင်းမိသားစုအနေနှင့် ဤဆည်ကြီးကို လွန်ခဲ့သည့် နှစ်သုံးရာတုန်းက စတင်တည်ဆောက်ခဲ့ပြီး လူအင်အား တစ်သောင်းကျော်ကို အသုံးပြုခဲ့ရ၏။ ယခု သမိုင်း၏မှတ်တမ်းထဲတွင် နှစ် ၂၀၀ ကျော်သွားခဲ့ပြီ ဖြစ်သော်လည်း အလွန်အားကောင်းသည့် အရာတစ်ခု အဖြစ် ကျန်ရှိနေတုန်းပင်။

ရွှမ်ဝူမြို့စား၏ ဆက်ခံသူမအားလုံးတို့သည် ထိုဆည်ကြီးကို သေသေချာချာ ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ခဲ့ကြ၏။ ရေများ ယိုထွက်ခြင်း၊ ပြည့်လျှံခြင်းများ မဖြစ်သွားအောင် အထူးပင် ဂရုစိုက်ခဲ့ကြ၏။ ဤဆည်ကြီးကို စစ်သည် တစ်ဖွဲ့သည် အချိန်ပြည့်စောင့်ကျပ်လျက် ရှိနေ၏။ တစ်ခါတစ်ရံ လူ ၂၀ ကျော်ရှိပြီး တစ်ခါတစ်ရံမှာတော့ ခုနစ်ယောက်၊ ရှစ်ယောက် နီးပါးခန့်ရှိ၏။

ချောင်ရှောင်း၊ မြို့စားလေး ကျူးလန်ထင်သည် အလွန်ကြီးမားသည့် ဆည်ကြီးကို လှမ်းကြည့်ရင်း သူ၏ နှလုံးသားထဲတွင် မနာလိုများဖြင့် ပြည့်နှက်လျက်ရှိနေ၏။ အဘယ့်ကြောင့် ကျင်းမိသားစုသည် သူ့ထက် ပိုမိုကာ ချမ်းသာရသနည်း။

သို့ပေမည့် ဤဆည်ကြီး၏ ဆောက်လုပ်ထားမှုက ပိုမိုကာ ဆန်းကြယ်၏။ ပျက်စီးသွားသည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် တုန်လှုပ်မှု၊ ထိတ်လန့်မှုကလည်း ကြောက်မက်ဖွယ်ရာ ကောင်းပေလိမ့်မည်။

တစ်နေ့နှင့် တစ်ညလုံးလုံး မိုးများ ရွာသွန်းလျက်ရှိနေပြီး ဆည်ကြီးထဲတွင် ရှိနေသည့် ရေ၏အမြင့်သည် တဖြည်းဖြည်းနှင့် မြင့်တက်လာခဲ့၏။ ကြီးမားသည့် ရေ၏ဖိအားအောက်မှာတော့ သူသည် ဆည်ကြီး၏ အောက်နားတွင် အပေါက်တစ်ခုကို ဖန်တီးရန်သာ လိုအပ်၏။ များပြားလွန်းသည့် ရေများသည် ထိုအပေါက်ဆီမှ စိမ့်ဝင်ခဲ့ပြီးသည့်နောက် တဖြည်းဖြည်းနှင့် ဆည်ကြီး ပျက်စီးသွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် ကျင်းမိသားစု ပိုင်ဆိုင်ခဲ့သည့် မြေပိုင်နက်ထဲတွင် ရှိနေသော မိသားစုများ၊ ရွာများ၊ လူများ၊ အရာ အားလုံးတို့က သေဆုံးသွားမှာ ဖြစ်၏။ လူဘယ်လောက် သေဆုံးမည်ဆိုသည်ကိုတော့ နတ်ဘုရားများ သာလျှင် သိရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကျင်းမိသားစုအနေနှင့် ပိုက်ဆံမည်မျှ ဆုံးရှုံးမည်နည်း။ ထိုအရာကိုလည်း နတ်ဘုရားများသာ သိပေလိမ့်မည်။

သို့ပေမည့် ကျင်းချန်ကျွန်းကို ပြန်လည်ရရှိခဲ့ပြီးသည့်နောက် အောင်ပွဲပင် လုံးလုံးမခံရဘဲ ဒုက္ခရောက်မည့် အခြေအနေမျိုး ဖြစ်လာမှာတော့ သေချာ၏။ ထိုအခြင်းအရာသည် ကျင်းမိသားစုတစ်ခုလုံးကို ဖျက်ဆီးရန် လုံလောက်၏။ နတ်ဘုရားများသည် သူ့ကို ကူညီကယ်တင်လျက် ရှိနေ၏။ မိုးသည် တစ်နေ့နှင့် တစ်ညလုံးလုံး ရွာသွန်းလျက် ရှိနေသည်။ ယခုအချိန်ထိ မစဲသေးချေ။ ဤအခွင့်အရေးကို အရယူပြီးနောက် ကျင်းမိသားစုကို သူက ဖျက်ဆီးပစ်ရလိမ့်မည်။

‘မင်း… ထိတွေ့လို့မရတဲ့ ငါ့ကို လာပြီးထိတွေ့တာ။ ငါ့ကို အပြစ်မတင်နဲ့တော့’ ကျူးလန်ထင်သည် ကြိတ်ကာ ဆဲဆိုလျက် ရှိနေ၏။ တစ်စုံတစ်ယောက်ကို အပြစ်တင်မည်ဆိုပါက မောက်မာရိုင်းစိုင်းလွန်းသည့် ကျင်းမိသားစုဆီမှ လူများကိုသာ အပြစ်တင်ရပေလိမ့်မည်။

“အင်း… လုပ်မယ့် ပစ္စည်းပစ္စယတွေအကုန်လုံး အဆင်သင့်ဖြစ်ပြီလား” ကျူးလန်ထင်က မေးမြန်းလိုက်၏။

“အရာအားလုံး အဆင်သင့်ပါပဲ” ကျူးလန်ထင်က ပြန်လည်ကာ ပြောဆိုလိုက်သည်။

“ဒါဆိုရင် စစ်သည် ၃၀၀ ကျော်တို့ကို ဒီနားတစ်ဝိုက်မှာ လှည့်ပြီးတော့ ကြည့်ရှုခိုင်းထား။ တွေ့တဲ့လူအကုန်လုံးကို သတ်ပစ်လိုက်။ လူ ၅၀ ကတော့ ရေကာတာကြီးရဲ့ အပြင်ဘက် တည်နေရာကို ချိုးဖျက်ပြီး ဝင်ရောက်ကြမယ်။ ကျင်းမိသားစုရဲ့ အစောင့်အဖွဲ့ အဲမှာရှိတယ်။ အဲ့လူတွေအကုန်လုံးကို သတ်ပစ်ရမယ်”

“ကျန်တဲ့ လူ ၁၅၀ က ကျုပ်နဲ့အတူလိုက်ပြီးတော့ ဆည်ကြီးကို တူးရမယ်။ ကျင်းမိသားစုရဲ့ ရာစုနှစ်ချီတဲ့ အခြေခံအကုန်လုံးကို ဖျက်ဆီးပစ်ရမယ်။ ရွှမ်ဝူအိမ်တော် မြေပိုင်နက်ထဲမှာရှိနေတဲ့ လူပေါင်းများစွာတို့က စိတ်ပျက်လက်ပျက်နဲ့ သေဆုံးရမယ်။ ကျင်းမိသားစုနဲ့ မိစ္ဆာကောင်ရှမ့်လန်ကို တစ်ခါတည်း သုတ်သင်ပစ်ရမယ်”

All Chapters