အပိုင်း (၁၆၃)
Vol. 12 Ch. 163
လန်ရှန်မြို့စားလေးအိမ်တော်၏ မြောက်ဘက် မိုင် ၂၀ အကွာအဝေးရှိ ရေကာတာမှာတော့ တော်တော်ကြီးကို သေးငယ်လွန်းလှ၏။ ထိုအရာသည် ကျင်းမိသားစု၏ ရေကာတာနှင့် နှိုင်းယှဉ်မည်ဆိုပါက အလွန်သေးငယ် လှသည့် ဆည်လေးပင် ဖြစ်၏။ ဤဆည်လေးသည် ကျူးမိသားစု သီးသန့်ပိုင်ဆိုင်သည့် အရာဖြစ်သည်။
နုကျန့်စီရင်စုဆီမှ စီးဆင်းလျက်ရှိနေသည့် နုမြစ်ကမ်းနှင့် ချိတ်ဆက်ထားခဲ့သည့် ဆည်တစ်ခုလည်း ဖြစ်ပြီး ထိုအရာသည် ဆည်အခွဲ တစ်ခုကဲ့သို့ပင် ဖြစ်၏။ အတိတ်တုန်းက ကျင်းမိသားစုသည် ရေတွက်၍ မရအောင် များပြားသည့် လူအရေအတွက်နှင့် ပစ္စည်းပစ္စယများကို အသုံးပြုပြီး ကျင်းမိသားစု၏ ဆည်ကြီးကို တည်ဆောက်ခဲ့၏။ ယခု ကျူးမိသားစု ပိုင်ဆိုင်သည့် ဆည်သည် ထိုဆည်ဆီမှ အခွဲတစ်ခုသာလျှင် ဖြစ်၏။
ဤနေရာရှိ တောင်ကြားကြီးသည် ကျူးလန်ထင်ပိုင်ဆိုင်သည့် မြေ၊ တောင်၊ မြင်းခြံများ တည်ရှိနေ၏။ စိုက်ခင်းတချို့လည်း ရှိ၏။ ဤအချိန်တွင် မိုးသည် သည်းသည်းမည်းမည်း ရွာသွန်းလျက် ရှိနေသည်ဆိုလျှင်တောင် ကျူးမိသားစုသည် ငြိမ်ငြိမ်သက်သက်ဖြင့် နေထိုင်နိုင်စွမ်းရှိသည်။
သူတို့၏ ရဲတိုက်ကြီးသည် ကျင်းမိသားစု၏ ရဲတိုက်ကြီးလောက် ကြီးမားခြင်း မရှိသော်လည်း အဖြူရောင် မာဘယ်ကျောက်များကို အသုံးပြု တည်ဆောက်ထား၏။ ထို့ကြောင့် မာကျောလွန်းလှ၏။ အပြင်ဘက်တွင် ကျောက်စိမ်းတချို့နှင့်လည်း ထွင်းထု အလှဆင်ထားသေး၏။ ထို့ကြောင့် အလွန်လှပသည့် ရဲတိုက်ကြီးအဖြစ် အားလုံးသော သူတို့က အသိအမှတ်ပြုကြ၏။
ကျင်းမိသားစု၏ ရဲတိုက်ကြီးသည် စစ်တပ်၏ ခံတပ်ကြီးတစ်ခုနှင့် ဆင်တူ၏။ ကျူးမိသားစု၏ ရဲတိုက်ကြီးမှာတော့ တော်ဝင်မျိုးနွယ်များ၏ ဂုဏ်သိက္ခာကို ဖော်ညွှန်းပြသနိုင်သည့် ရဲတိုက်ကြီးကဲ့သို့ပင်။ ဤနေရာတွင် ဥယျာဉ်ငယ်လေးပေါင်း အကြီးအငယ် တစ်ဒါဇင်ကျော်ခန့်တွင် ရှိ၏။ ဘုရင်မင်းမြတ်သည် ဤကဲ့သို့ တော်ဝင်မျိုးနွယ်များ၏ သဘောသဘာဝကို ချစ်မြတ်နိုး၏။ ကျင်းမိသားစုကဲ့သို့ ခံတပ်လို တည်ဆောက်ထားသည့် အဆောက်အအုံမျိုးကို သူ မနှစ်သက်ချေ။
ရွှမ်ဝူမြို့၏ ရာစုနှစ်ချီသော အခြေခံများသည် မြေပိုင်နက်များ၊ ဝမ်ကျားကျွန်း၊ ထို့အပြင် သီးသန့်စစ်တပ် ၂၀၀၀ ကျော်ပင် ဖြစ်၏။ သို့ပေမည့် လန်ရှန်မြို့စားလေး အိမ်တော်၏ အခြေခံမှာတော့ ဤတောင်ကြားလေး တစ်ခုတည်းသာလျှင် ရှိ၏။
ကျင်းဟွေ့သည် ညအချိန်၌ ရူးရူးမူးမူးနှင့် ပြေးလွှားလျက် ရှိနေ၏။ သူသည် မိုင် ၂၀၀ ခရီးကို သွားလာနိုင်ရန် အတွက် မြင်းငါးကောင်ကို လဲလှယ်ခဲ့ပြီးပြီဖြစ်၏။ နောက်ဆုံးမှာတော့ ကောင်းကင်ကြီးက တောက်ပလာသည့် အချိန်ကို ရောက်ရှိလာခဲ့၏။ ထိုအချိန်မှာတော့ သူသည် ကျူးမိသားစု၏ ဆည်ဆီသို့ ရောက်ရှိလာခဲ့၏။ ကြမ်းတမ်းသည့် တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရန် သူအလုံးစုံ ပြင်ဆင်ထားခဲ့ပြီဖြစ်၏။ သို့ပေမည့် ဆည်ဆီသို့ ရောက်သည့်အချိန်ထိ မည်သည့်တစ်ဦးတစ်ယောက်၏ အရိပ်အယောင်ကိုမှ သူ မမြင်ရချေ။
လန်ရှန်မြို့စားလေး အိမ်တော်၏ ဆည်အထက်တွင် ကင်းမျှော်စင်တစ်ခုက တည်ရှိနေ၏။ သို့ပေမည့် ကျင်းဟွေ့ ရောက်ရှိသွားသည့်အချိန်မှာတော့ စစ်သည်ငါးယောက်တို့သည် နှစ်နှစ်ခြိုက်ခြိုက်နှင့် အိပ်မောကျလျက်ရှိနေ၏။ အထူးသဖြင့် ယောကျ်ားနှစ်ယောက်သည် တူညီသည့် အိပ်ရာထက်တွင် ဖက်ကာ အိပ်လျက် ရှိနေခြင်းပင်။ ကိုယ်လုံးတီးလည်း ဖြစ်လို့နေ၏။ တစ်ယောက်သည် မုတ်ဆိတ်မွေးများနှင့် အရာရှိတစ်ယောက်ဖြစ်ပုံပေါ်ပြီး တစ်ဖက်ခြမ်းတွင်မှာတော့ ချောမောသည့် လူငယ်လေးတစ်ယောက် ဖြစ်၏။ မျက်လုံး၏ထောင့်တွင် မျက်ရည်များ ရစ်သိုင်းလျက်ရှိနေပြီး သူ၏အမူအရာသည် စိုးရိမ်ထိတ်လန့်ပြီး အိပ်မောကျသွားပုံပင်။
ကျင်းဟွေ့သည် ထိုအရာ၏ နောက်ကွယ်တွင် ရှိနေသည့် အကြောင်းအရာကို ဆက်လက်ကာ မတွေးတော ရဲတော့ချေ။ ထို့ကြောင့် သူ၏ ဓားကောက်ကြီးကို ထုတ်ယူကာ လျင်လျင်မြန်မြန်ပင် ခုတ်ပိုင်းလိုက်၏။ ချက်ချင်းပဲ အိပ်ရာထက်တွင် ရှိနေသော အမျိုးသားနှစ်ယောက်တို့၏ ခေါင်းများသည် ပိုင်းပြတ်သွားခဲ့၏။ ပြီးနောက် သူ ချက်ချင်းပင် ကျူးမိသားစု၏ တခြားသော စစ်သည်သုံးယောက်ကျော်တို့၏ အသက်ကို ယူဆောင်လိုက်၏။ ပြီးနောက် သူ တစ်ခုခု ပြုလုပ်ရပေလိမ့်မည်။
သို့ပေမည့် ရုတ်တရက်ဆိုသလိုပင် အနောက်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ကျင်းဟွေ့သည် လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်အဟုန်ဖြင့် လှမ်းသွား၏။ တစ်ဖက်လူ၏ လည်ကုတ်ပေါ်သို့ ဓားတင်ပြီးသည့်နောက် ရုတ်တရက် တစ်ဖက်လူ၏ ဦးခေါင်းကို ပိုင်းဖြတ်ရန် ပြင်လိုက်၏။ သို့ပေမည့် သူ ချက်ချင်းပင် ရပ်တန့်လိုက်မိ၏။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် မိန်းကလေးတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
သူမ၏ အဝတ်အစားများသည် ပြေတီပြေလျော့ ဖြစ်နေပြီး သူမ၏ လက်နှင့် ခြေထောက်များကိုလည်း ကြိုးချည် ထား၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ သူမသည် မည်ကဲ့သို့ အခြေအနေမျိုးကို ကြုံတွေ့ရသည်ဖြစ်ကြောင်း ဦးခေါင်းကို အသုံးမပြုဘဲ ခြေထောက်ကို အသုံးပြုမည် ဆိုလျှင်တောင်မှ ကောင်းကောင်းသိနိုင်၏။
ဤသားရဲတိရစ္ဆာန်များသည် ဤမိန်းကလေးကို ဖမ်းဆီးပြီး မတရားပြုကျင့်ခဲ့ပုံ ပေါ်၏။ သူ ဘာလုပ်သင့်သနည်း။ သူမကို သတ်ပစ်ရမည်လား။ ကျင်းဟွေ့သည် ထိုအရာကို ပြုလုပ်ရန်အတွက် အကြိမ်ပေါင်း များစွာ စဉ်းစားကြည့်ခဲ့၏။ သို့ပေမည့် အဆုံးသတ်မှာတော့ မပြုလုပ်နိုင်ခဲ့ချေ။
ဓားကို တစ်ချက်ဝှေ့ယမ်းပြီးနောက် သူမ၏ ပါးစပ်ကို ချည်နှောင်ထားခဲ့သည့် အဝတ်အစားများကို ဖယ်ပေး လိုက်၏။ ဤအမျိုးသမီးသည် အလွန်လှပလွန်း၏။ နှုတ်ခမ်းသားများသည် ကော့လျက်ရှိနေလေပြီး မျက်လုံးများမှာလည်း အလွန်မကြီးလှချေ။ ဆွဲဆောင်မှု ရှိလွန်းလှချေ၏။ သူမသည် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ သို့ကြောင့် သူမ၏ နောက်ခံသည် ဆိုးဝါးလိမ့်မည် မဟုတ်ကြောင်း သိသာထင်ရှား၏။
“ထွက်ပြေးဖို့ မစဉ်းစားနဲ့။ ငါမင်းကို ခဏနေကျရင် ခေါ်ပြေးမယ်” ကျင်းဟွေ့က ပြောလိုက်၏။ ပြီးနောက် သူသည် သူမ၏ လက်အား ချည်နှောင်ထားခဲ့သည့် ကြိုးများကို ဖြတ်တောက်လိုက်သည်။
“ကျုပ် ဘာပဲလုပ်လုပ် ခင်ဗျား မမြင်သလိုနေရမယ်”
ကျင်းဟွေ့က ပြောလိုက်၏။ “ဒါတွေအားလုံးပြီးသွားရင် ခင်ဗျားကို နေရာတစ်ခုဆီခေါ်သွားမယ်။ ခင်ဗျားရဲ့ သေခြင်းရှင်ခြင်းကို ကျုပ်ဆုံးဖြတ်ပေးမယ်”
ထိုအချိန်မှာတော့ အမျိုးသမီးသည် ရူးသွပ်သွားသည့်ပုံ ပေါက်၏။ ချက်ချင်းဆိုသလိုပဲ ကင်းမျှော်စင်ရှိ စစ်သားများဆီသို့ လေးဘက်ထောက် တွားသွား၏။ ပြီးနောက် မြေပေါ်တွင် ရှိနေသည့် ကျောက်တုံးတစ်ခုကို ကောက်ယူကာဖြင့် ကျူးမိသားစု၏ စစ်သည်သုံးယောက်တို့၏ ဦးခေါင်းများကို အညှာအတာ ကင်းမဲ့စွာဖြင့် ထုနှက်လျက်ရှိနေသည်။
သေဆုံးပြီးသား လူများ၏ ဦးခေါင်းကို တဘုန်းဘုန်းဖြင့် ထုနှက်လျက်ရှိနေခြင်းမှာ မည်မျှနာကျဉ်းသည့် ခံစားချက်များ ရှိနေကြောင်း သိသာထင်ရှားလှ၏။ နောက်ဆုံးမှာတော့ သူမသည် လက်ထဲတွင် ရှိနေသည့် ကျောက်တုံးကို မြှောက်ကာဖြင့် သူမ၏ ဦးခေါင်းကို ထုနှက်ရန် ပြင်ဆင်လိုက်၏။ တကယ့်ကို ကြောက်မက်ဖွယ်ရာပင်။ သံမဏိကဲ့သို့ မာကျောသည့် စိတ်ဓာတ်ပိုင်ရှင်မျိုးပင်။
ထိုအချိန်မှာတော့ ကျင်းဟွေ့၏ နှလုံးသားတစ်ခုလုံးက တုန်ယင်သွားခဲ့၏။ အဘယ့်ကြောင့်မှန်း သူမသိချေ။ ခန္ဓာကိုယ် တစ်ခုလုံးက ထုံကျင်သွားခဲ့သလိုပင်။ နောက်တစ်စက္ကန့်အတွင်းမှာပင် သူသည် ထိုမိန်းကလေး၏ လက်ထဲတွင် ရှိနေသည့် ကျောက်တုံးကို ကန်ထုတ်လိုက်၏။ ပြီးနောက် သူမ၏ နောက်ကြော လည်ကုတ်ဆီသို့ လက်ဝါးစောင်းနှင့် ခုတ်ချလိုက်၏။ ချက်ချင်းပင် အမျိုးသမီးက သတိလစ်မေ့မြောသွား၏။
ကျင်းဟွေ့သည် သူမ နောက်တစ်ကြိမ် သေလမ်းရှာမည်ကို စိုးရိမ်မိ၏။ ထို့ကြောင့် အမြန်ဆန်ဆုံးသော နှုန်းဖြင့် သူမကို ကြိုးများနှင့် ပြန်လည်ချည်နှောင်လိုက်၏။ မိမိ၏ လျှာကို မိမိကိုက်ကာ သတ်သေခြင်း မပြုလုပ်နိုင်ရန် အတွက် သူမ၏ ပါးစပ်ကိုလည်း စည်းနှောင်ထားလိုက်သည်။
........…
အထက်မကောင်းလျှင် အောက်ကောင်းလိမ့်မည် မဟုတ်ချေ။ ကျူးမိသားစုတွင် လူကောင်းဟူ၍ တစ်ယောက်မှ မရှိချေ။ သူ ကျင်းဟွေ့သည် လူအများ၏ လုံခြုံရေးအတွက် ဤအရာများကို ပြုလုပ်နေခြင်း ဖြစ်၏။ ကျင်းဟွေ့၏ ခန္ဓာကိုယ်တစ်ခုလုံးက ဆူဝေလျက်ရှိနေ၏။ သူ၏ စိတ်ထဲတွင်တော့ ဒဏ်ရာများ ဗရဗွဖြစ်နေသည့် လှပသည့် အမျိုးသမီးသည် ပုံရိပ်များအဖြစ် ပေါ်ပေါက်လာလျက် ရှိနေ၏။ မိမိ၏ ဦးခေါင်းကို မိမိ ကျောက်ခဲနှင့် ထုနှက်ပြီး သေဆုံးရန် အဆင်သင့်ရှိနေသည့် မိန်းကလေးအကြောင်းကို သူသေချာတွေးမိ၏။ ‘ဒီခွေးကောင်၊ ဒီခွေးကောင်တွေ’
သူသည် ကျူးမိသားစု၏ ဆည်ဘေးတွင် ကြီးမားသည့် တွင်းကြီးတစ်ခုကို တူးလျက် ရှိ၏။ လုံလုံလောက်လောက် ကြီးမား၏။ တော်တော်လည်း နက်၏။ ပြီးနောက် ကျင်းဟွေ့သည် သေတ္တာကြီးကို အထဲတွင် ထည့်လိုက်၏။ သေတ္တာကိုတော့ မဖွင့်ချေ။ အထဲတွင် ရှိနေသည့် ကြိုးစကို အသာထုတ်ယူပြီးသည့်နောက် ထိုအရာကို မီးရှို့လိုက်သည်။
ပြီးနောက် ကျင်းဟွေ့က မြန်မြန်ဆန်ဆန် ထွက်ပြေးလာခဲ့၏။ သူသည် ပခုံးထက်ဆီသို့ သူကယ်တင်ထားခဲ့သည့် မိန်းကလေးကို ကောက်တင်ကာဖြင့် အမြန်ဆုံးနှုန်းနှင့် ပြေးလျက် ရှိ၏။
‘ပြေး… ပြေး… အမြန်ဆုံးပြေး…’
တစ်မိနစ် မကြာခင်မှာပင် ကျင်းဟွေ့သည် နှစ်မိုင်နီးပါးခန့်သို့ပင် ရောက်ရှိနေပြီဖြစ်၏။ ပြီးနောက် သူသည် ခန္ဓာကိုယ်ကို အသာလှည့်ပြီး မြင်းပေါ်သို့ ခုန်တက်လိုက်၏။ တောင်ပေါ်သို့ အလျင်အမြန်နှင့် မြင်းကို မောင်းနှင်လိုက်၏။ သေတ္တာထဲတွင် ဘာရှိမှန်း သူမသိချေ။ သို့ပေမည့် သမက်တော်ပြုလုပ်ထားသည် ဆိုမှတော့ ထိုအရာသည် ကောင်းမွန်သည့်အရာ ဖြစ်မည်မဟုတ်ကြောင်း ကောင်းကောင်းသိရှိ၏။ သမက်တော် ဖန်တီးသည့်အရာများသည် ဖျက်ဆီးခြင်းများနှင့် ပြည့်နှက်လျက်ရှိနေသော အရာသာ ဖြစ်ပေလိမ့်မည်။
အဆုံးသတ်မှာတော့ မီးထွန်းညှိထားသည့် ကြိုးသည် တဖြည်းဖြည်းနှင့် လောင်ကျွမ်းသွားခဲ့သည်။ ထိုအချိန်မှာတော့ ကောင်းကင်ယံထက်ရှိ သည်းသည်းမဲမဲ ရွာသွန်းလျက်ရှိနေသည့် မိုးသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ပြီးနောက် .....
“ဘုန်း”
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့၏။ မြေပြင်တစ်ခုလုံး တုန်ယင်လျက်ရှိနေ၏။
ကျူးမိသားစု၏ ဆည်သည် တဝုန်းဝုန်းနှင့် လှုပ်ခါလျက်ရှိနေပြီး လေပေါ်သို့ ရေတွက်လို့မရအောင် များပြားသည့် ကျောက်တုံးများ လွင့်စင်သွားခဲ့၏။ ဆည်မျက်နှာပြင်ထက်တွင် ကြီးမားလွန်းသော အက်ကွဲကြောင်းကြီးတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ထိုအရာဆီသို့ တစ်နေ့နှင့် တစ်ညလုံးလုံး ရွာသွန်းထားသော မိုးရေများက ဦးတည်လာခဲ့လေ၏။ ထိုရေများသည် တကယ့်ကို ခန့်ညားပြီး ကြီးမားလွန်းလှသည့် နဂါးကြီး တစ်ကောင်ကဲ့သို့ပင် ဦးခေါင်းဖြင့် ဝင်ကာ တိုးလျက်ရှိနေသည်။
ပြီးနောက် ဆည်ကြီးသည် ကွဲအက်ပြီး ပျက်စီးသွားခဲ့၏။ ထိုရေကာတာကြီးဆီမှ စီးဆင်းသွားခဲ့သည့် ရေများသည် ကျူးမိသားစု၏ ရဲတိုက်၊ ကျူးမိသားစုပိုင်ဆိုင်ရာ မြေပိုင်နက်၊ နန်းဆောင်၊ မွေးမြူရေးအဆောင်များနှင့် စိုက်ခင်းအားလုံးကို ဖျက်ဆီးသွားခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် ဖျက်ဆီးခြင်းအားအင်များ ပါဝင်လျက် ရှိနေသည့် အရာမျိုးပင်။
ကျင်းဟွေ့သည် အလုံးစုံ ကြောင်အသွားခဲ့မိ၏။ သမက်တော် ဖန်တီးထားခဲ့သည့် လျှို့ဝှက်လက်နက်သည် အလွန် အစွမ်းထက်ကြောင်း သူ သိရှိ၏။ သို့ပေမည့် ဤမျှ အစွမ်းထက်လိမ့်မည်ဟုတော့ သူ မထင်မှတ်ခဲ့ချေ။ တကယ်ကို တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းလွန်းလှ၏။
ဆည်သည် ကျောက်တုံးကြီးများဖြင့် ပြုလုပ်ထားခဲ့ခြင်း ဖြစ်၏။ အလွန်တရာ မာကျောလှပြီး နှစ်ပေါင်း တစ်ထောင် ကြာသည်အထိ ဆွေးမြေ့ပျက်စီးသွားလိမ့်မည် မဟုတ်ချေ။ ဤအရာကြီးကို လူအင်အားကို အသုံးပြုကာဖြင့် တူးထုတ်ဖို့ ဆိုသည်မှာ အဓိပ္ပာယ်ရှိသည့် ကိစ္စမျိုး မဟုတ်ချေ။
စစ်သည်တော်ပေါင်း တစ်ရာကျော်လောက်ကိုသာ အသုံးပြုသည်ဆိုပါက ယောကျာ်းအားအင်၊ ကောင်းမွန်လွန်း သည့် လက်နက် ပစ္စည်းများကို အသုံးပြု၍ တူးထုတ်မည်ဆိုလျှင်တောင် အချိန်အတော်ကြာ ယူရမှာ ဖြစ်၏။ သို့ပေမည့် လက်ရှိအချိန်မှာတော့ သမက်တော်၏ လျှို့ဝှက်လက်နက်သည် ချက်ချင်းဆိုသလိုပင် ကြီးမားသည့် အပေါက်ကြီးတစ်ခုကို ဖြစ်စေခဲ့ပြီး ဆည်ကြီး တစ်ခုလုံးကို ကွဲအက်ပြိုကျသွားစေခဲ့၏။
သမက်တော်သည် အနှိုင်းမဲ့ ဖြစ်တည်နေလေသည်လား။ ပြီးသည့်နောက် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းသည့် မြင်ကွင်းသည် သူ၏ မျက်စိရှေ့တွင် ပေါ်ပေါက်လာခဲ့၏။ များပြားလွန်းလှသည့် ရေလွှမ်းမိုးမှုသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး မြင်းများ အရှိန်ဟုန်ပြင်းပြင်းနှင့် ပြေးလာသကဲ့သို့ပင် ကောင်းကင် နှင့် မြေပြင် တစ်ခုလုံးကို တဝုန်းဝုန်းနှင့် တုန်ခါစေခဲ့သည်။
ဤအရာ၏ အားအင်အဆင့်သည် တိုင်းတာ၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။ မြေပြင်တစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ယင်လျက် ရှိနေ၏။ ကျင်းဟွေ့ စီးနင်းလျက် ရှိနေသည့် စစ်မြင်းကြီးပင်လျှင် တုန်ယင်လျက် ရှိနေ၏။ မြေပေါ်သို့ ဒူးထောက် ကျလုမတတ်ပင် ။ မြင်းသည် ရှေ့သို့ ရွေလျားသွားရန်လည်း ငြင်းပယ်လျက် ရှိနေ၏။
ကျင်းဟွေ့သည် အလျင်အမြန်ဖြင့် ဖနောင့်နှင့် ပေါက်ကာဖြင့် မြင်းကို တောင်ပေါ်ဆီသို့ အသော့နှင်ခိုင်း၏။ သို့ပေမည့် မြင်းက ငြင်းပယ်လျက် ရှိ၏။ ကျင်းဟွေ့သည် မြင်းပေါ်မှာ ခုန်ချပြီး လက်ထဲတွင် အမျိုးသမီးကို ပွေ့ပိုက်ကာဖြင့် တောင်ပေါ်သို့ ပြေးတက်၏။ အရှိန်ဟုန်ပြင်းပြင်းနှင့် လှုပ်ရမ်းမှုကြောင့် လှပသည့် အမျိုးသမီးသည် ရုတ်တရက် နိုးထလာခဲ့သည်။
ရေလွှမ်းမိုးမှုတို့သည် တောင်ကြားတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် မြင်ကွင်းမျိုး ဖြစ်တည်နေခဲ့၏။ ရေ၏စီးဆင်းမှုသည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှစွာဖြင့် မြန်ဆန်လျက် ရှိနေပြီး ဤအရာကို မြင်သည့် လူများသည် ဒူးများပင် ခွေကျသွားမှာ သေချာလေ၏။
မနက်ခင်း အရုဏ်တက်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ကျူးမိသားစုတွင် ရှိနေသည့် အဖွဲ့ဝင်များသည် ၎င်းတို့ အိပ်ရာထက်တွင် နှစ်နှစ်ခြိုက်ခြိုက်နှင့် အိပ်မောကျလျက် ရှိနေ၏။ သို့ပေမည့် အစေခံများမှာတော့ နိုးထလျက် ရှိနေပြီး အလုပ်လုပ်ရန် ပြင်ဆင်နေကြသည်။
ရဲတိုက်ကြီးတစ်ခုလုံးတွင် ကျေးကျွန်၊ အစေခံနှင့် အဖွဲ့ဝင် တစ်ထောင်နီးပါးခန့် ရှိ၏။ ချက်ချင်း ဆိုသလိုပဲ လွန်စွာ ကျယ်လောင်လွန်းသည့် အသံများကို ကြားလိုက်ရ၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် မြင်ကွင်းသည် သူတို့၏ ရှေ့၌ ပေါ်ပေါက်လာခဲ့၏။ တောင်ကြားကြီး တစ်ခုလုံးတွင် ရေများ ဖုံးလွှမ်းလျက် ရှိနေခြင်းပင်။
“ရေတွေ တက်လာပြီ။ ရေတွေ တက်လာပြီကွ။ ပြေးကြ ပြေးကြတော့” အစေခံနှင့် ကျေးကျွန်ပေါင်း များစွာတို့သည် သူတို့၏ လက်ထဲတွင် ရှိနေသည့် အရာအားလုံးကို ပစ်ချ၊ လွှတ်ချပြီးသည့်နောက် တောင်ပေါ်သို့ အလျင်အမြန်ဖြင့် ပြေးတက်ကြ၏။
သာမန်အလုပ်သမားများ၊ ရွာထဲတွင် ရှိနေသည့် လူများသာ ဆိုပါက ၎င်းတို့၏ ပစ္စည်းများကို သိမ်းဆည်းကာ ပြေးကြမှာ သေချာ၏။ သို့ပေမည့် ဤနေရာတွင် ကျေးကျွန်၊ အစေခံများသာလျှင် ရှိ၏။ ထို့ကြောင့် မည်သည့်အရာကိုမှ ယူဆောင် သွားခြင်း မရှိကြချေ။ သို့ပေမည့် ကျူးမိသားစု၏ တချို့သော ပိုက်ဆံအနည်းငယ်ကိုတော့ ခိုးယူကာ ထွက်ပြေးသည့် အစေခံများ ရှိကြသည်။
မြို့စား အိမ်တော်ထဲတွင် ရှိနေသည့် ကျေးကျွန်အားလုံးတို့သည် ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကွယ် သွားကြခဲ့၏။ သူတို့သည် တောင်ပေါ်သို့ အလူးအလဲဖြင့် ပြေးတက်လျက် ရှိနေ၏။ အချိန်အနည်းငယ် ကြာမြင့် သွားခဲ့ပြီးနောက် ရေသည် မိုင်အနည်းငယ် အဝေးဆီမှ စီးဆင်းလာသည်ကို သူတို့ မြင်တွေ့ရသောကြောင့်ပင်။
လန်ရှန် မြို့စားလေး ကျူးလန်ထင်၏ သား ကျူးဝမ်ထိုင်သည် သူ၏ မယားငယ်ကို အသာဖက်ကာဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေ၏။ ရုတ်တရက် မြေပြင်တစ်ခုလုံးက တုန်ခါသွားသလို သူက ခံစားမိ၏။ ငလျင်လှုပ်လေသည်လား။
ရုတ်တရက် အိပ်ရာမှ ထကာဖြင့် ပြတင်းပေါက်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ လုံးဝ မေ့ပျောက်၍ မရနိုင်တော့သော မြင်ကွင်းတစ်ခုသည် သူ၏ ရှေ့တွင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။ အရှိန်ဟုန် ကောင်းကောင်းနှင့် ရေများသည် တောင်ကြားထဲဆီသို့ စီးဆင်းလာခဲ့ခြင်းပင်။ လမ်းတစ်လျှောက်တွင် ရှိနေသည့် သစ်ပင်များ၊ အရာအားလုံးတို့ကို တိုက်စားကာဖြင့် စီးဆင်းလာခဲ့၏။
ကျူးမိသားစု၏ ဝိုင်ချက်သည့် တည်နေရာ၊ မြင်းခြံနှင့် တခြား အလုပ်ရုံပေါင်းများစွာတို့သည် ရေနှင့်အတူ မျောကာ ပါလာခဲ့၏။ အိမ်များအားလုံးသည်လည်း ပျက်စီးလျက် ရှိနေ၏။ သူသည် အဝတ်အစားကို ကောက်ကာ ဝတ်ဆင်ခြင်းပင် မပြုခဲ့ချေ။ တောင်ပေါ်သို့ အလျှင်အမြန် ပြေးလိုက်သည်။
ဂျိန်း… ဂျိန်း…
နောက်ဆုံးမှာတော့ တုန်လှုပ် ၊ ခြောက်ခြားစရာကောင်းသည့် ရေတက်မှုသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်း သွားခဲ့ပြီ ဖြစ်၏။ အပျက်အစီးများသည် ရေနှင့်အတူ ပါလာခဲ့၏။ ကျူးကလန်၏ လှပလွန်းသည့် ရဲတိုက်ကြီး တစ်ခုလုံးသည် ရေအောက်တွင် ပျက်စီးထားခဲ့ပြီ ဖြစ်၏။ သေးငယ်လှသည့် တံတားလေးသည်လည်း ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ သေသေသပ်သပ်နှင့် ဖန်တီးပြုလုပ်ထားခဲ့သည့် ကျောက်စိမ်းနံရံများသည်လည်း ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
ကျူးမိသားစု၏ နန်းဆောင်များသည်လည်း ပျက်စီးသွားခဲ့ပြီဖြစ်ပြီး ပန်းခြံများ၊ သိုလှောင်ရုံများ၊ မြင်းခြံများ အရာအားလုံးတို့သည် ရေ၏ တိုက်စားခြင်းကို ခံခဲ့ရ၏။ ကျူးကလန်မှ အဖွဲ့ဝင်များသည် ရေဆင်းသက် လာသည်ကို ခပ်ဝေးဝေးဆီမှာ လှမ်းကာ မြင်ခဲ့သောကြောင့် အသက်ချမ်းသာရာ ရခဲ့ခြင်းဖြစ်၏။ မဟုတ်ပါက ငြိမ်ငြိမ်သက်သက်နှင့်သာ ရေများ စီးဆင်းလာသည် ဆိုလျှင် ၎င်းတို့သည် အိပ်ရာမှ နိုးထလိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် တစ်ခါတည်း သေဆုံးသွားနိုင်၏။
ကျူးဝမ်ထိုင်နှင့် လန်ရှန် မြို့စားလေးကတော်တို့သည် တောင်၏ ထိပ်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး သူတို့၏ ရှေ့တွင် ရှိနေသည့် မြင်ကွင်းကို ကြည့်ရှုနေမိသည်။ “သွားပြီ… အကုန် ကုန်ပြီပဲ”
ကျူးကလန်သည် သူတို့၏ မြေပိုင်နက်များကို ဘုရင်မင်းမြတ်ဆီသို့ ဆက်သခဲ့ပြီးသည့်နောက် ရှေ့တွင် ရှိနေသည့် မြေအနည်းငယ်သာလျှင် ကျန်ရှိခဲ့ခြင်း ဖြစ်၏။ ယခု ထိုအရာအားလုံးက ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ဤအရာ အားလုံးတို့သည် နှစ်တစ်ရာကျော် ရှိနေသည့် အခြေခံများပင် ဖြစ်၏။ အားလုံးသော အရာများသည် ရေ၏ တိုက်စားခြင်းကို ခံခဲ့ရပြီး ပျက်စီးကုန်၏။
ကျူးလန်ထင်၏ မိန်းမသည် ပထမတုန်းကတော့ တွေဝေငေးငိုင်စွာနှင့် ကြည့်ရှုနေ၏။ ပြီးနောက် မျက်လုံးဆီမှ မျက်ရည်များ စီးကျလာခဲ့သည်။
“ကောင်းကင်ဘုံ… ဘာ့ကြောင့် ကျွန်မတို့ ကျူးကလန်ကို ဒီလိုမျိုး လုပ်ရတာလဲ”
………….
ရှမ့်ဆယ့်သုံးသည် လမ်းတစ်လျှောက်တွင် မြင်းခြောက်ကောင်ကို လဲလှယ်ပြီး ဆားငန်ကုန်းမြေဆီသို့ ရောက်ရှိလာခဲ့၏။ ရေငန်ဆည်သည် ဆားငန်ကုန်းမြေနှင့် နီးစပ်လျက် ရှိနေ၏။ ဆည်ထဲမှ ရေများ ဆားငန်ကုန်းမြေထဲသို့ စီးဝင်သွားပါက ဘာတစ်ခုမှ ထူးထူးခြားခြား သက်ရောက်မည် မဟုတ်ချေ။ အစောတည်းက စွန့်ပစ်မြေလို ဖြစ်နေသောကြောင့်ပင်။
လမ်းတစ်လျှောက်တွင်တော့ ရှမ့်ဆယ့်သုံးသည် ခန့်မှန်း၍ မရနိုင်သည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်တွေ့နိုင်သည်ဟု တွေးတောထားခဲ့သည်။ သို့ပေမဲ့ မည်သူ တစ်ဦးတစ်ယောက်ကိုမှ မတွေ့ချေ။ သူ ပြုလုပ်ရမည့် အလုပ်သည် ရွှမ်ဝူအိမ်တော် အသက်ရှင်ရပ်တည်ရေးနှင့် သက်ဆိုင်နေသည့် အရာပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် မည်သည့်အခက်အခဲကို ဖြစ်ဖြစ် ကျော်ဖြတ်သွားရပေမည်။
‘ရှမ့်လန်… ငါ ဘယ်လောက် အားကောင်းလဲဆိုတာ ပြမယ်။ ငါ့ကို လျစ်လျူရှုထားတဲ့အတွက် နောင်တရစေရမယ်’
လမ်းတစ်လျှောက်မှာတော့ ရှမ့်ဆယ့်သုံးသည် တလျှောက်လုံး ကြွေးကြော်ခဲ့သည်။
ဆားရေငန်ကုန်းမြေဆီသို့ ရောက်ရှိသည့် အချိန်မှာတော့ သူသည် ဤနေရာကို သေသေချာချာ တိုင်းတာလိုက်၏။ ပြီးနောက် သူ၏အားဖြင့် စတင်ကာ တူး၏။ ကြီးမားသည့် တွင်းကြီးတစ်ခုကို တူးပြီးနောက် သေတ္တာကြီးကို အထဲသို့ ထည့်သွင်းလိုက်၏။ ပြီးနောက် ကြိုးစကို အသာထုတ်ကာဖြင့် မီးညှိ၏။ ပြီးနောက် ထွက်ပြေးလိုက်၏။
နှစ်မိနစ်ခန့် ကြာမြင်ပြီးသည့်နောက်…
ဘုန်း…
ကျယ်လောင်ထားသော အသံကြီး ထွက်ပေါ်လာခဲ့လေ၏။ ကြီးမားလှသည့် အက်ကွဲကြောင်းကြီးသည် ဆည်ကြီး၏ ထိပ်တွင် ပေါ်ပေါက်လာခဲ့၏။ နုကျန့်မြစ်ဆီမှ သိုလှောင်ထားခဲ့သည့် ရေများသည် အရှိန်ဟုန် ပြင်းပြင်းဖြင့် ဆားငန်ကုန်းမြေထဲသို့ စီးဆင်းသွားခဲ့၏။ ပြောရမည် ဆိုလျှင် မိုးရွာခြင်းကလည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် နုကျန့်မြစ်ဆီမှ စီးဆင်းလျက် ရှိနေသည့် ဆည်မှာ ရေများသည် တဖြည်းဖြည်းနှင့် နိမ့်ကျသွားခဲ့၏။