← Chapters

အပိုင်း (၁၆၄)

Vol. 12 Ch. 164

အပိုင်း (၁၆၄)

Vol. 12 Ch. 164

ရွှမ်ဝူအိမ်တော်၏ မြောက်ဘက် ဆည်အတွင်းမှာတော့ .....။

မိုးသည် ရပ်တန့်သွားခဲ့ပြီ ဖြစ်၏။ လက်ရွေးစင် စစ်သည်တော် ငါးရာကျော်တို့သည် ရုတ်တရက် ရောက်ရှိလာခဲ့ကြ၏။ တချို့က ရန်သူများကို သုတ်သင်ရှင်းလင်းပစ်ရန် တာဝန်ယူထားကြ၏။ တချို့မှာတော့ ရွှမ်ဝူအိမ်တော်ဆီမှ စောင့်ကြပ်လျက် ရှိနေသည့် စစ်သည်များကို သတ်ဖြတ်ရန် တာဝန်ယူထားသည်။

နောက်ဆုံးကျန်ရှိသော လူတစ်ရာတို့သည် ဆည်ကို စတင်ကာ တူးလျက် ရှိ၏။ သို့ပေမည့် သူတို့ ရောက်ရှိသည့် အချိန်မှာတော့ ရွှမ်ဝူအိမ်တော်၏ အစောင့်မျှော်စင်ထဲတွင် မည်သူ တစ်ဦးတစ်ယောက်မှ မရှိချေ။

“မဟုတ်သေးပါဘူး။ အရင်တုန်းက ဒီနေရာမှာ လူတွေ ရှိနေတယ်။ ဘယ်လိုဖြစ်ဖြစ် မိုးသဲကြီးမဲကြီး ရွာတဲ့အချိန်ကျမှ အစောင့် မရှိရတော့တာလဲ”

ရွှမ်ဝူအိမ်တော်မှ လူများသည် သူတို့၏ အိမ်တော်ဆီမှ လာရောက်အကြောင်းကြားသောကြောင့် ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။

“ကျုပ်တို့ တွေ့ပြီ။ မြန်မြန် တူးကြတော့” ကျူးလန်ထင်က အမိန့်ပေးလိုက်သည်။

ပြီးသည့်နောက် လူတစ်ရာကျော်တို့သည် ပစ္စည်းပစ္စယပေါင်းများစွာကို ထုတ်ယူကာဖြင့် ရူးရူးမူးမူးဖြင့် တူးလျက် ရှိနေ၏။

ကျူးလန်ထင်သည် တကယ့်ကို ရည်မှန်းချက် ကြီးမားလွန်း၏။ သူသည် နှစ်ပေ သုံးပေခန့် ရှိသော အက်ကွဲကြောင်းကြီးတစ်ခုအဖြစ် စတင်ကာ တူးရန် ပြင်ဆင်လျက် ရှိနေ၏။ ထို့ကြောင့် သူသည် လူနှစ်ရာတို့ကို အားတက်သရောနှင့် တူးရန် ခိုင်းစေလိုက်သည်။

ကြီးမားလွန်းလှသည့် အပေါက်ကြီးနှင့် အက်ကွဲကြောင်းများ ဖြစ်တည်လာမှသာလျှင် ဆည်ကြီး တစ်ခုလုံးက ပျက်စီးသွားမှာ ဖြစ်၏။ သို့ပေမည့် လူအင်အား အများအပြားနှင့် အားကိုးပြီး တူးလျက် ရှိနေသည် ဆိုလျှင်တောင်မှ အလွန်ကြီးမားသည့် တွင်းကြီးတစ်ခုကို ဖြစ်တည်ဖို့ ဆိုသည်မှာတော့ ခက်ခဲလွန်း လှချေ၏။ ဆည်ကြီးသည် အလွန်ပင် ထူထဲလွန်းပြီး ဆယ်မီတာနီးပါးခန့် ရှိ၏။

“မြန်မြန် မြန်မြန်” ကျူးလန်ထင်က အော်ဟစ်လိုက်သည်။

လူနှစ်ရာတို့သည် စိတ်ဓာတ်တကျဖြင့် တူးလျက် ရှိနေ၏။ သူတို့သည် အားကုန်ထုတ်ကာ အသုံးပြုကြ၏။ ဆည်၏ ကျောက်များသည် တစ်ယောက်ပြီး တစ်ယောက်၏ လွင့်ပစ်ခြင်းကို ခံနေရ၏။ ကျူးလန်ထင်သည် ပျော်ရွှင်လျက် ရှိ၏။ ဤနှုန်းအတိုင်းဆိုလျှင် လေးနာရီကျော်ကြာမြင့်ပြီးနောက် အက်ကွဲကြောင်းတစ်ခုကို တူးနှက်နိုင်မှာ ဖြစ်၏။

သို့ပေမည့် ထိုအချိန်မှာပင် ရှိရှိသမျှသော ရေအမြင့်သည် ရုတ်တရက် ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားခဲ့၏။ ထို့ကြောင့် တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “ဘာတွေ ဖြစ်နေတာလဲ။ ရေအမြင့်က ဘယ်လိုဖြစ်ပြီး နိမ့်ကျသွားခဲ့ရတာလဲ”

အချက်အလက်အားဖြင့် ရေအမြင့်သည် ဖြည်းဖြည်းချင်း နိမ့်ကျလာနေ၏။ သာမန်မျက်စိနှင့်ပင် မြင်နိုင်စွမ်း ရှိနေ၏။ မိနစ်အနည်းငယ်အတွင်းမှာပဲ ရေများအားလုံး နောက်ဘက်ဆီသို့ စီးဆင်းသွားသည်ကို မြင်နိုင်၏။ ရေမျက်နှာပြင် တစ်ခုလုံးကလည်း လှုပ်ခါလျက် ရှိနေ၏။

ရှမ့်ဆယ့်သုံးသည် ဆည်ကို ဖောက်ခွဲပြီးသည့်နောက် ရေများကို ဆားငန်နယ်မြေထဲသို့ ဖောက်ထုတ် စီးဆင်းစေသောကြောင့် ရေအမြင့်သည် တဖြည်းဖြည်း လျော့ကျလာလျက်ရှိသည်။ သူတို့သည် ရေ၏ ခန့်မှန်းအမြင့်ဘောင်ကို ဖဲ့ထုတ်ပြီး အပေါက်၊ အက်ကွဲကြောင်း ဖြစ်စေရန် ကြိုးစားကြသည်။ သို့ပေမည့် ရေအမြင့်သည် တဖြည်းဖြည်း နိမ့်ကျလာခဲ့သည်။

ကျူးလန်ထင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဘာကြောင့်လဲ။ ဘာတွေ ဖြစ်နေတာလဲ။ ဘာ့ကြောင့် ဒီလို ဖြစ်နေရတာလဲ”

မိုးရွာခြင်းက ရပ်တန့်သွားခဲ့ပြီ ဆိုသော်လည်း ရေအမြင့်သည် ဤကဲ့သို့ မြန်မြန်ဆန်ဆန်နှင့် လျော့ကျမသွားသင့်ပေ။ အခု အဘယ့်ကြောင့် မြန်မြန်ဆန်ဆန်နှင့် လျော့ကျနေရသနည်း။

ဘေးတစ်ဖက်တွင်ရှိနေသည့် လူက ပြောလိုက်၏။ “တစ်စုံတစ်ယောက်က ရေကို တစ်ဖက်ခြမ်း ဖောက်ထုတ်လိုက်တာဆိုရင်ရော ... အဲတာကလွဲရင် တခြားမဟုတ်နိုင်ဘူး”

ထိုအရာကိုကြားသည့်အချိန်မှာတော့ ကျူးလန်ထင်သည် ကြက်သီးမွေးညှင်းများပင် ထသွားပြီး သူ၏ နှလုံးခုန်သံများကလည်း မြန်ဆန်သွားခဲ့၏။ သူသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖြစ်နိုင်ဖွယ်ရာ တစ်ခုကို တွေးတောထိုင်မိသောကြောင့်ပင် သူ၏ ဒူးခေါင်းတစ်ခုလုံး ကလည်း ခွေယိုင်သွားခဲ့သည်။

“သွား… သွား” ကျူးလန်ထင်သည် ကြမ်းကြမ်းတမ်းတမ်းနှင့် အော်ဟစ်လိုက်၏။

နုရှောင့်မြို့၏ သခင်လေးဖြစ်သော ချောင်ရှောင်းက ပြောလိုက်သည်။ “ဘယ်ကို သွားရမှာလဲ။ ရေအမြင့်က အောက်ကျသွားပြီဆိုတော့ ကျုပ်တို့ ဒါကို ထပ်ပြီး တူးရအုံးမယ်။ ဘာဖြစ်ဖြစ် ရွှမ်ဝူအိမ်တော်ကို ရေနစ်မြုပ်ပြီး သတ်ပစ်ရမယ်”

လန်ရှန်မြို့စားလေး ကျူးလန်ထင်က ပြောလိုက်၏။ “မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး။ တစ်စုံတစ်ယောက်က ရေရဲ့ အနိမ့်ဆုံးနေရာကနေပြီးတော့ ဆည်ကို ဖောက်လိုက်တာပဲ ဖြစ်မယ်။ ဒါကြောင့် ရေရဲ့ အမြင့်က တဖြည်းဖြည်းနှင့် လျော့ကျလာခဲ့တာ။ ဒီ ရေအမြင့်တွေက တဖြည်းဖြည်း ကျဆင်းသွားတယ်ဆိုရင် ရွှမ်ဝူအိမ်တော်ရဲ့ မြေပိုင်နက်တွေကို ရေနှစ်မြုပ် သတ်ပစ်လို့မရနိုင်ဘူး”

ပြီးနောက် လန်ရှန်မြို့စားလေး ကျူးလန်ထင်သည် ရွှမ်ဝူအိမ်တော် ရေနစ်မြုပ်သည့် အကြောင်းကို စဉ်းစားတွေးတောရန် အချိန်မရှိတော့ချေ။ ရန်သူ၏ အခြေခံကို ဖျက်ဆီးရခြင်းအတွက် ကျေနပ်နှစ်သိမ့်မှုကို ခံစားရသည် ဆိုသော်လည်း သူ့ကိုယ်ပိုင်အိမ်၏ တည်နေရာကို ကာကွယ်ရန်က ပိုမိုကာအရေးကြီးသည်။

တခြား မည်သည့်စကားကိုမှ မဆိုတော့ဘဲ သူသည် စစ်မြင်းပေါ်သို့ အသာခုန်တက်ပြီး သူ၏ အဖွဲ့သားများနှင့်အတူ အိမ်ဆီသို့ ပြေးလေ၏။

‘ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ မလုပ်ပါနဲ့’

ကျူးလန်ထင်သည် ပြေးရင်းလွှားရင်း ဆုတောင်းလျက် ရှိနေ၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေဆိုးများ ဖြစ်မလာစေရန် သူက မျှော်လင့်နေမိ၏။ သူ၏ ဆည်ကြီးသာ ပြိုလဲသွားခဲ့ပြီ ဆိုလျှင် ကျိန်းသေပေါက် အနိမ့်နေရာတွင် ရှိနေသည့် သူ၏အိမ်တော်နှင့် သူပိုင်ဆိုင်သမျှ အရာအားလုံးကို ရေများက တိုက်စားသွားမှာ ဖြစ်၏။

ရှမ့်လန်သည် နတ်ဘုရားတစ်ယောက် မဟုတ်ချေ။ သူတို့၏ ဆည်ကို ချိုးဖျက်လိုက်ပါက ရွှမ်ဝူအိမ်တော် ရေနစ်မြုပ်သည့် အခြေအနေဆီမှ လွတ်မြောက်သွားနိုင်ကြောင်း အဘယ်သို့ သိရှိရသနည်း။

ထို့အပြင် ရှမ့်လန်သည် လက်ရှိအချိန်၌ နုကျန့် အမဲလိုက်မြေ တည်နေရာတွင် တည်ရှိနေတုန်းပင်။ ဤနေရာဆီသို့ ရောက်ရှိလာပြီး သူ့ကို ဒုက္ခပေးနိုင်ရန် အခွင့်အရေး မရှိချေ။ သူ ကြောက်လန့်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ သူ့ မိသားစု၏ ကျန်ရှိနေသေးသော အခြေခံတစ်ခုလုံးက အဆင်ပြေနေပေလိမ့်မည်။

ကျူးလန်ထင်သည် ဆက်တိုက်ဆိုသလိုပင် မိမိကိုယ်ကိုယ် နှစ်သိမ့်ပြီး သူ၏ မြင်းကို အတင်းနှင်လျက် ရှိနေ၏။ “မြန်မြန်… မြန်မြန်… မြန်မြန်”

ရွှမ်ဝူအိမ်တော်၏ စစ်သည်များသည် နုကျန့်အမဲလိုက်မြေ တည်နေရာဆီမှ အလွန်ခမ်းနားလွန်းသည့် ပုံစံမျိုးနှင့်ပင် ပြန်လည်ကာထွက်ခွာပြီး ရွှမ်ဝူမြို့ဆီသို့ ဦးတည်လျက် ရှိနေ၏။ ရှမ့်လန်၊ ကျင်းကျိုးနှင့် မူလန်တို့သည် ကြီးမားလွန်းသည့် ရထားလုံးကြီး၏ အထဲတွင် တည်ရှိနေ၏။

ကျင်းမူကုန်း.. ဝတုတ်မှာတော့ အလွန် လေးလံသောကြောင့် တခြားသော ရထားလုံးတစ်ခုနှင့် သက်သက် သွားရသည်။

သခင်လေးလန်သည် ကောင်းမွန်သည့် လုပ်ဆောင်မှုပုံစံကို ထုတ်ဖော်ပြသခဲ့၏။ ထို့ကြောင့် သူသည် အရေးကြီးဆုံး လူတစ်ယောက် ဖြစ်လို့နေခဲ့၏။ သူသည် ကျင်းမိသားစု ပျက်စီးဆုံးရှုံးမည့်အခြေအနေ တစ်ခုလုံးကို ကယ်တင်ခဲ့သည့် ကယ်တင်ရှင် တစ်ယောက်ပင် ဖြစ်၏။

သူ၏ယောက္ခထီးက ပြောလိုက်သည်။ “ကျင်းဟိုင်မြို့စားကြီးက ကျင်းချန်ကျွန်းကို လွယ်လွယ်ကူကူနဲ့ ပေးပါ့မလား”

“မပေးဘူးလေ”

ရှမ့်လန်က ပြောလိုက်၏။ “အထူးသဖြင့် သူ ကျုပ်တို့ကို မပေးဖို့လည်း မျှော်လင့်မိတယ်”

ယောက္ခထီးကလည်း မေးမြန်းလိုက်သည်။ “ဘာ့ကြောင့်လဲ”

ရှမ့်လန်က ပြောလိုက်၏။ “အရေးကြီးဆုံးက ကျင်းချန်ကျွန်း တိုက်ပွဲကို အနိုင်ယူပြီးတဲ့နောက်မှ ကျင်းချန်ကျွန်းရဲ့ ပိုင်ဆိုင်မှုက တရားဝင် ဖြစ်လာဖို့ပဲ။ ကျုပ်တို့က အောင်မြင်သွားခဲ့ပြီဆိုရင်တောင်မှ ကျင်းချန်ကျွန်းကို မြန်မြန်ဆန်ဆန် ပြန်ရမှာ မဟုတ်ဘူး။ ပြန်ရနိုင်မယ် ဆိုရင်တောင်မှ သူတို့က ချက်ချင်းပေးမှာ မဟုတ်သေးဘူး။ တစ်နှစ်၊ နှစ်နှစ်လောက် အကျိုးကျေးဇူးရအောင် မှိန်းနေအုံးမှာ”

ကျင်းကျိူးက သဘောတူညီမိ၏။ ကျင်းချန်ကျွန်းတွင် ရှိနေသည့် မိုင်းတွင်းများအတွက် တည်ဆောက်ထားသည့် အဆောက်အအုံများသည် တည်ရှိနေသေး၏။ ထိုအရာများသည် အချိန်၊ လူ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ထည့်သွင်းထားရသည်။ ထို့ကြောင့် ထန်မိသားစုသည် ထိုအရာများ အားလုံးကို လွယ်လွယ်ကူကူနှင့် တစ်ခါတည်း ပေးအပ်လိုက်လိမ့်မည် မဟုတ်ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ကျန်းချုံးက တကယ့်… တကယ့်… တကယ့်ကို အံ့အားသင့်စရာ ကောင်းတဲ့လူ တစ်ယောက်ပဲ။ သူ့ရဲ့ ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ပညာအားအင်က ကြောက်မက်ဖွယ်ရာ ကောင်းတယ်။ ကစားပွဲကို ရှုံးနိမ့်သွားပြီ ဆိုတာနဲ့ သူက ဒီအရာကို ချက်ချင်း လျှော့ပေးလိုက်လိမ့်မယ်။ ပြီးတော့ နောက်တစ်ခုကို ရွေ့လျားလိမ့်မယ်။ ဒီတော့ သူက တချို့သော အကျိုးကျေးဇူးတွေကို စတေးဖြစ်ဖို့ ဆုံးဖြတ်မယ် ထင်တယ်”

ကျင်းကျိုးသည် ထိုအရာကို ခံစားမိ၏။ ကျန်းချုံးကို ယနေ့မနက် မြင်ရသည့်အချိန်တွင်လည်း ရှုံးနိမ့်သွားသည့် အရာမျိုးကို မတွေ့ရချေ။ ထို့အပြင် ထက်ရှသည့် ဓားသွားတစ်စင်းကဲ့သို့ ပြောင်းလဲသွားသလိုပင်။

ကျင်းချန်ကျွန်းတိုက်ပွဲတွင် ရှမ့်လန်နှင့် ကျန်းချုံးတို့သည် တကယ်တမ်း တိုက်ခိုက်ပြီးသည့်နောက် သရေကျ ခဲ့သည်ဟု ပြောရပေမည်။ ရှမ့်လန်ဘက်တွင် ကံတရား တည်ရှိနေသောကြောင့် ကျန်းချုံးက ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။ မဟုတ်ပါက မည်သူနိုင်မည်ဆိုသည်ကို ပြောဆိုရန် ခက်ခဲလှချေ၏။ ဤအုပ်ချုပ်ရေးမှူးသည် တကယ့်ကို အမြင်ကောင်းမွန်လွန်းပြီး နည်းပညာ၊ စိတ်ဓာတ်ခိုင်မာမှုနှင့် အတွေးအခေါ်၊ အကြံအစည် အရာအားလုံးက လိုအပ်ချက် ရှိနေသည် မဟုတ်ချေ။

ပိုမို၍ အရေးကြီးသည်မှာ သူသည် ရှမ့်လန်၊ ရွှမ်ဝူကို ကြည့်ရှုပြီးနောက် မျက်လုံးထဲတွင် တည်ငြိမ်မှုများသာ ရှိနေပြီး မည်သည့် မုန်းတီးမှုမှ မရှိချေ။ ကျင်းဟိုင်မြို့စားကြီး၊ ချင်းကန် ထို့အပြင် တခြားသောသူများ အားလုံးတို့နှင့် မတူညီစွာပင်။ ထိုသူတို့အားလုံးသည် ရှမ့်လန်ကို ကြည့်ရှုသည့်အကြည့်ထဲတွင် အလွန်များပြားသည့် အမုန်းတရားများ ပါဝင်လျက် ရှိနေ၏။

သို့ပေမည့် အမုန်းတရားများပြည့်နှက်နေသည့် လူတစ်ယောက်ကို ရင်ဆိုင်ရသည်မှာ လွယ်ကူသည်။ ကြောက်စရာ မကောင်းပေ။ ကျန်းချုံးကဲ့သို့သော လူတစ်ယောက်မှာတော့ မည်သည့်အချိန်တွင် ဓားနှင့် ထကာ ခုတ်ပိုင်းမည် ဖြစ်ကြောင်းကိုပင် ခန့်မှန်း၍ မရနိုင်ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ကျင်းချန်ကျွန်းတိုက်ပွဲမှာ ကျုပ်တို့ အနိုင်ရရှိတယ် ဆိုပေမဲ့ ကျုပ်သာ အုပ်ချုပ်ရေးမှူး ကျန်းချုံးဖြစ်မယ် ဆိုရင် ရွှမ်ဝူအိမ်တော်ကို ဘယ်လို ဖျက်ဆီးမလဲ”

ရှမ့်လန်သည် ကျန်းချုံး၏ နေရာ၌ အစားထိုး ဝင်ရောက်ကာဖြင့် စဉ်းစားလျက် ရှိနေ၏။ “ပထမဦးဆုံး အနေနဲ့ ကျင်းဟိုင်မြို့စားကြီးဆီကို သွားပြီးတော့ ရှိရှိသမျှ အရာအားလုံးကို လက်လွှဲပေးလိုက်ဖို့အတွက် ဆွေးနွေးမယ်။ တစ်ချက်ကလေးမှ နှောင့်နှေးခြင်း မရှိဘဲပေါ့”

ရွှမ်ဝူသည် အံ့အားသင့်စွာဖြင့် မေးလိုက်၏။ “ဟုတ်လား။ ဘာ့ကြောင့်လဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ကျင်းချန်ကျွန်းကို လူသတ်ကွင်းတစ်ခုအဖြစ် ပြောင်းလဲဖို့ပေါ့။ နောက်ဆုံး သွေးတစ်စက်ကျန်တဲ့အထိ သူတို့အားလုံး ဒုက္ခရောက်အောင် လုပ်ရမယ်”

ရွှမ်ဝူက ပြောလိုက်၏။ “လန်အာ… အသေးစိတ် ပြောပြအုံး”

ရှမ့်လန်က ပြောလိုက်သည်။ “ထန်ကလန်က ကျင်းချန်ကျွန်း တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီ‌ေဆိုရင် အထဲမှာ ရှိနေတဲ့ ပစ္စည်းပစ္စယအားလုံးကို တစ်ချက်ကလေးမှ ထိခိုက်မှု မရှိဘဲ ကျုပ်တို့ကို ပေးမှာ မဟုတ်ဘူး။ သူတို့က ဖြစ်နိုင်သမျှ လူတွေကို စေလွှတ်ပြီး ချက်ချင်း ကျွန်းထဲမှာ ရှိတဲ့ အရာအားလုံးကို တူးထုတ်ကြတော့မယ်။ ဒါ ထန်ကလန် ပြုလုပ်မယ့် အရာပဲ”

ရွှမ်ဝူမြို့စားကြီးက ပြောလိုက်၏။ “ကျိန်းသေပေါက် သူတို့ အဲ့လိုလုပ်မှာပေါ့။ သူတို့က မိုင်းတွင်းလုပ်သားတွေ၊ သံမဏိ တွင်းလုပ်သားတွေ အကုန်လုံးကို ဝမ်ကျားကျွန်းကနေ ကျင်းချန်ကျွန်းကို ပို့မယ်။ ပြီးရင် ကျင်းချန်ကျွန်းမှာ ရှိနေတဲ့ သံမဏိထုတ်လုပ်မှုကို အရှိန်တိုးမယ်။ ဒါတွေ မကသေးဘူး။ ကျင်းချန်ကျွန်းမှာ ရှိတဲ့ မိုင်းတွင်းတွေ စောင့်ကြပ်ဖို့အတွက် စစ်သည်တွေကို စေလွှတ်လိမ့်မယ်”

“ဟုတ်တယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်တို့ မိသားစုတွေလည်း ကျင်းချန်ကျွန်းကို မြန်မြန်ပိုင်ဆိုင်ခဲ့ရင် ဒီလိုလုပ်မှာပဲ။ ဒီတော့ ဒီလိုသာလုပ်မယ်ဆိုရင် ကျန်းချုံးရဲ့ မိစ္ဆာထောင်ချောက်ထဲကို ကျရောက်သွားလိမ့်မယ်”

ရွှမ်ဝူက ပြောလိုက်၏။ “ငါ အသေးစိတ် ကြားချင်တယ်”

ရှမ့်လန်က ပြောလိုက်သည်။ “တကယ်လို့ ကျုပ်သာ ကျန်းချုံးသာဆိုရင် ကျင်းဟိုင်မြို့စားကြီးကို ကျင်းချန်ကျွန်းကို မြန်မြန်ဆန်ဆန် ပေးလိုက်ဖို့ ပြောလိမ့်မယ်။ ပြီးတော့ ကျုပ်တို့ကို ပေးရုံတင်မကဘူး။ ချောင်ထျန်းဝေကိုလည်း ပေးလိမ့်မယ်။ ချောင်ထျန်းဝေက ဒီလို အကျိုးအမြတ်အများကြီးရတဲ့ အရာကို လက်လွှတ်ပေးမှာလား”

ရွှမ်ဝူက ပြောလိုက်၏။ “သူ လက်လွှတ်ပေးမှာ မဟုတ်ဘူး။ ပင်လယ်ဓားပြ ချောင်ထျန်းဝေက တကယ့်ကို လောဘကြီးတဲ့ လူတစ်ယောက်။ သူ့ဆီမှာ ပိုက်ဆံ လိုအပ်နေတာတော့ မဟုတ်ဘူး။ သူ လိုအပ်နေတာ သံမဏိနဲ့ လက်နက်တွေပဲ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ လေ့ကျိုးကျွန်းစုမှာ ဘာသံမဏိမှ မထွက်လို့ပဲ။ သူတို့ရဲ့ လက်နက်နဲ့ သံမဏိတွေက ထန်မိသားစုနဲ့ ကုန်သွယ်ရင်း ရရှိခဲ့တဲ့ အရာတွေ”

ရှမ့်လန်က ပြောလိုက်သည်။ “အဲတာဆိုရင် ပင်လယ်ဓားပြ ချောင်ထျန်းဝေက စစ်သည်တော်တော်များများကို ခေါ်ဆောင်လာခဲ့ပြီး ကျင်းချန်ကျွန်းကို ရောက်ရှိလာလိမ့်မယ်။ ပြီးတော့ ကျင်းချန်ကျွန်းကို ရူးရူးမူးမူး လာပြီး တိုက်ခိုက်လိမ့်မယ်။ အဲလိုအချိန်ရောက်လာပြီဆိုရင် ဘုရင်မင်းမြတ်က သူ့ရဲ့ စစ်သည်တွေကို စေလွှတ်ပြီးတော့ ပင်လယ်ဓားပြတွေကို သုတ်သင်ရှင်းလင်းဖို့ ကျုပ်တို့ကို ကူညီလိမ့်မယ်လို့ ထင်လား”

ကူညီလိမ့်မည် မဟုတ်ချေ။ ဘုရင်မင်းမြတ်သည် ချောင်ထျန်းဝေ၏ ဓားကိုငှားကာဖြင့် တစ်ခါတည်း သတ်ဖြတ်ရန်ပင် စီစဉ်ပေလိမ့်မည်။

ရှမ့်လန်က ပြောလိုက်၏။ “အဖေ… ချောင်ထျန်းဝေဆီမှာ စစ်သည် ဘယ်လောက်လောက် ရှိလဲ”

“နှစ်သောင်းလောက်ပေါ့” ရွှမ်ဝူက ပြောလိုက်၏။

ထိုသူ၏ အမိန့်ပေးမှုအောက်တွင် ရှိနေသည့် ပင်လယ်ဓားပြများကို ထည့်ကာတွက်မည်ဆိုပါက ထိုထက် အနည်းငယ် နည်းပါးနိုင်၏။ ရွှမ်ဝူအိမ်တော်၏ ယခင်မြို့စားသည် စစ်သည်ပေါင်း သုံးထောင်ကျော်ကို ငှားရမ်းခဲ့နောက် ရေတပ်အင်အားများများနှင့် ချောင်ထျန်းဝေ၏ တပ်ကြီးကို တိုက်ခိုက်ရန် ပြင်ဆင်ခဲ့၏။ အဆုံးသတ်မှာတော့ အားလုံးက ကျဆုံးပြီး သေဆုံးသွားခဲ့ကြသည်။

သို့ပေမည့် ယခု ချောင်ထျန်းဝေသည် နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာမြင့်ပြီးသည့်နောက် ပိုမို အားကောင်းသည့် ပင်လယ်ဓားပြများကို စုဆောင်းနိုင်ခဲ့ပြီ ဖြစ်၏။ ထို့အပြင် အရှေ့ဘက် ပင်လယ်တစ်လျှောက်တွင် ရှိနေသည့် ကျွန်းတော်တော်များများကို အပိုင်သိမ်းနိုင်ခဲ့ပြီး လေ့ကျိုးကျွန်းစု တည်နေရာတစ်ခုလုံးသည် သူ၏ ပိုင်ဆိုင်ရာ နေရာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

စတုရန်းမီတာပေါင်း ငါးထောင်ကျော်ကို ပိုင်ဆိုင်ခဲ့ပြီး သူသည် နုရှောင့်မြို့ပေါ်တွင် ကြီးမားလွန်းသည့် ခံတပ်ကြီးကို ဆောက်လုပ်ကာ နေထိုင်၏။ ထို့အပြင် ချောင်ထျန်းဝေသည် ပင်လယ်ဓားပြတစ်ယောက် ဖြစ်သည် ဆိုသော်လည်း သူ၏အားအင်အဆင့်သည် ရွှမ်ဝူအိမ်တော်ထက် သာလွန်၏။ မဟုတ်ပါက ရွှဲ့ပြည်နယ်၏ အရှေ့ဘက်ပင်လယ် တစ်ခုလုံးကို သိမ်းဆည်းထားနိုင်လိမ့်မည် မဟုတ်ချေ။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ကျင်းချန်ကျွန်းက ကျုပ်တို့ရဲ့ မြေတည်နေရာ မဟုတ်ဘူး။ ထန်မိသားစုက ဒီနေရာမှာ ဆယ်စုနှစ်ပေါင်းများစွာကြာ စီးပွားရေး လုပ်ကိုင်ခဲ့တာလေ။ ထန်မိသားစုနှင့် ချောင်ထျန်းဝေသာ ပူးပေါင်းလိုက်မယ်ဆိုရင် ကျင်းချန်ကျွန်းကို ကျုပ်တို့ ရနိုင်မယ့် ကိစ္စက ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာလဲ”

ရွှမ်ဝူသည် ခေါင်းကို ခါယမ်းလိုက်၏။ “ဟုတ်တယ်။ ကျိန်းသေပေါက် မဖြစ်နိုင်ဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်တို့ ကျင်းချန်ကျွန်းကို ရပြီဆိုတာနဲ့ ကျုပ်တို့ မိသားစုတွေ အကုန်လုံးက ဒီထဲမှာ နစ်မြုပ်ရတော့မယ်။ အဆုံးသတ်မှာတော့ ကျုပ်တို့ ကျင်းချန်ကျွန်းကို ပြန်ပြီးတော့ ရှုံးနိမ့်ရလိမ့်မယ်။ ဒါဆိုရင် ယင်ယွမ်အဖွဲ့အစည်းက ကျုပ်တို့ကို အကြွေးတွေ လာတောင်းအုံးမှာပဲ။ အကြွေးကို ကျုပ်တို့ ပြန်ပေးနိုင်မှာ မဟုတ်ဘူး။ ရှိသမျှ အရင်းအမြစ်တွေ အားအင်တွေကို ကျင်းချန်ကျွန်းဆီမှာ မြှုပ်နှံထားခဲ့လို့ပဲ။ အချိန်ရောက်လာပြီ ဆိုရင် ဘုရင်မင်းမြတ်ကလည်း ယင်ယွမ်အဖွဲ့အစည်းဆီ ဝမ်ကျားကျွန်းကို ကမ်းပေးလိုက်လိမ့်မယ်။ သူတို့အနေနဲ့ ဘာမှ လုပ်စရာမရှိဘူး”

ရွှမ်ဝူသည် အဆုံးသတ်ကို တွေးတောပြီးသည့်နောက် ပခုံးပင် တွန့်လိုက်မိ၏။ ထိုအချိန်တွင် ရွှမ်ဝူ၏ ကိုယ်ပိုင် စစ်တပ်ကြီးတစ်ခုလုံးသည် ကျင်းချန်ကျွန်းပေါ်တွင် သေဆုံးသွားခဲ့မည် ဖြစ်၏။ ထို့အပြင် ဝမ်ကျားကျွန်းကိုလည်း ဆုံးရှုံးရပေလိမ့်မည်။ ကျင်းမိသားစုသည် အလုံးစုံ ပျက်စီးခြင်း ခံစားရပေလိမ့်မည်။

မူလန်က ပြောလိုက်၏။ “ယောက်ျား… တကယ်လို့ ကျွန်မတို့ ကျင်းချန်ကျွန်းကို ရမယ်ဆိုရင်တောင် အသုံးမဝင်ရုံတင် မကဘူး။ တကယ့်ကို ကြီးကြီးမားမား ပြဿနာတက်မှာပဲ”

“မဟုတ်သေးဘူး။ ဒါက အသုံးဝင်သေးတယ်”

ရှမ့်လန်သည် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။ “ပထမဦးဆုံး ကျင်းချန်ကျွန်းမှာ ရှိနေတဲ့ အစစ်အမှန် ပိုင်ဆိုင်မှုကို ကျုပ်တို့ လက်ထဲ ရောက်ဖို့ လိုတယ်။ ဒါ အရမ်းကို အရေးကြီးတယ်။ ရာစုနှစ်ပေါင်းများစွာ ရှိတဲ့ ရွှမ်ဝူအိမ်တော်ရဲ့ အခြေခံ မဟုတ်လား”

“ဒုတိယအားဖြင့် ကျင်းချန်ကျွန်းကို အသုံးပြုပြီး ပင်လယ်ဓားပြ ချောင်ထျန်းဝေကို ဆွဲဆောင်ရမယ်။ ပြီးရင် ကျင်းချန်ကျွန်းဆီမှာ စစ်တပ်ကြီးတစ်ခုလုံးကို အခြေချစေရမယ်။ ပြီးတော့ ကျုပ်တို့ ဝမ်ကျားကျွန်း အစီအစဉ်က လောကကြီးတစ်ခုလုံးကို တုန်လှုပ်နိုင်တဲ့ အရာမျိုးအဖြစ် ဖြစ်လာလိမ့်မယ်။ ဝမ်ကျားကျွန်းပေါ်မှာ ကျုပ်တို့က ရွှေတွေ ထွက်တယ် ဆိုတဲ့ အရာမျိုးကို ဖန်တီးရမယ်”

“ယင်ယွမ် အဖွဲ့အစည်းကို ကျုပ်တို့က အကြွေးတွေ ပြန်လည် ပေးရုံနိုင်ရုံတင် မကဘူး။ ပိုပြီးတော့ များပြားတဲ့ အကျိုးအမြတ်တွေကို ရရှိနိုင်တယ်။ ပြီးတော့ ဝမ်ကျားကျွန်းက လောကကြီး တစ်ခုလုံးမှာ ကျော်ကြားသွား လိမ့်မယ်။ ရွှေတွေ ဆက်တိုက်ထွက်နေတဲ့ ကျွန်းတစ်ခုလိုမျိုး အားလုံးသော သူတို့က တုန်လှုပ်သွားရမယ်။ ဝမ်ကျားကျွန်း ကျော်ကြားလာခဲ့တဲ့ အချိန်မှာ ရွှေကျွန်းကြီးတစ်ကျွန်းအဖြစ် အားလုံးက သတ်မှတ်လိမ့်မယ်။ ဒါဆိုရင် လူပေါင်းများစွာတို့က ဒါကို စိတ်ဝင်စားကြမှာပဲ။ ကျုပ်တို့က ဒီနည်းလမ်းကို အသုံးပြုပြီးတော့ အရက်စက်ဆုံး နည်းလမ်းနှင့် ပင်လယ်ဓားပြ ချောင်ထျန်းဝေရဲ့သား ချောင်ရှောင်းကို သတ်ပစ်ရမယ်”

All Chapters