အပိုင်း (၁၆၆)
Vol. 12 Ch. 166
နှစ်နာရီခန့်အကြာမှာတော့ ကျန်းချုံးသည် နာမကျန်းဖြစ်နေသော ခန္ဓာကိုယ်နှင့်အတူ ကျင်းဟိုင်မြို့စား အိမ်တော်သို့ မြင်းလှည်းဖြင့် သွားရောက်ခဲ့သည်။
ယခုအချိန်၌ ကျင်းဟိုင်မြို့စားအိမ်တော်တစ်ခုလုံး ဖရိုဖရဲဖြစ်နေ၏။
မြို့စားထန်လွမ်သည် သူ၏ရင်ထဲမှ ဒေါသများကို ရူးသွပ်စွာ ဖောက်ခွဲထုတ်ရန်အတွက် လှပခန့်ညားသော ကျောက်ဆောင်တုကြီးကို သူ၏ဓားကြီးဖြင့် တိုက်ရိုက်ခုတ်ပိုင်းဖြိုချလိုက်သည်။ အဖိုးတန်သော နာမည်ကျော် ကြွေထည်ပစ္စည်းများကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ရိုက်ခွဲပစ်လိုက်၏။ နံရံပေါ်ရှိ စာလုံးအလှများနှင့် ပန်းချီကားများကို မီးရှို့ပစ်လိုက်သည်။ အိမ်တော်ထဲမှ အစေခံများသည် မနည်းကြိုးစား ရှောင်တိမ်းသည် ဆိုသော်လည်း ထန်လွမ်၏ လက်ချက်ဖြင့် ၄-၅ ယောက် သေဆုံးသွားပြီး အလောင်းများမှာ ထိုနေရာတွင် ပုံကျနေကာ မည်သူမျှ ကောက်ယူရန် မဝံ့ရဲကြပေ။
ကျန်းချုံး စာကြည့်ခန်းထဲသို့ ဝင်ရောက်လာချိန်မှာတော့ ကျင်းဟိုင်မြို့စား ထန်လွမ်သည် ဓားကြီးကို ဝှေ့ယမ်းကာ ပြေးထွက်လာပြီး ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။ “သေချင်နေတာလား။ ဘယ်သူမှ ဝင်မလာရဘူးလို့ ငါပြောထားတယ် မဟုတ်လား”
နောက်တစ်စက္ကန့်၌ သူသည် ကျန်းချုံးဖြစ်ကြောင်း သိရှိသွားပြီး ချက်ချင်းပင် မကျေမနပ်ဖြင့် ဓားကြီးကို ချလိုက်၏။ “အုပ်ချုပ်ရေးမှူးကျန်းပါလား။ ဘာကိစ္စရှိလို့လဲ”
ကျန်းချုံးက မေးလိုက်သည်။ “ကျင်းဟိုင်မြို့စားကို ကျုပ်မေးပါရစေ။ ခင်ဗျားမှာ ဘာအစီအစဉ်ရှိလဲ”
ထန်လွမ်က အေးစက်စွာ ပြောလိုက်၏။ “ဘာအစီအစဉ် ရှိနိုင်အုံးမှာလဲ။ သဘာဝအတိုင်းပဲ အချိန်ဆွဲထားပြီး မပေးဘူးပေါ့။ စာချုပ်ကို ကျုပ် လက်မှတ်ထိုးခဲ့တာ မှန်တယ်။ ဒါပေမဲ့ ကျင်းချန်ကျွန်းကို လက်လွှဲပေးခိုင်းတာ ကတော့ လုံးဝမဖြစ်နိုင်တဲ့ အိပ်မက်ပဲ”
ကျန်းချုံးက ပြောလိုက်သည်။ “ဒီလိုဆိုရင်တောင် ခင်ဗျား ဘယ်လောက်ကြာကြာ ဆွဲထားနိုင်မှာလဲ။ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကျလာတဲ့အခါ ခင်ဗျား ကျွန်းကို လက်လွှဲမပေးဘဲ နေနိုင်ပါ့မလား”
ထန်လွမ်သည် လှောင်ရယ်ကာ ပြောလိုက်၏။ “ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကျလာတဲ့အထိ စောင့်နေစရာလား။ ဘုရင်မင်းမြတ်က ရွှမ်ဝူမြို့စားအိမ်တော် သေသွားတာကို မြင်ချင်နေတာပဲ”
ကျန်းချုံးက ပြောလိုက်သည်။ “ကျင်းဟိုင်မြို့စား နားထောင်ကြည့်မလား”
“ပြော”
ကျန်းချုံးက ပြောလိုက်၏။ “ကျင်းချန်ကျွန်းကို ချက်ချင်းလက်လွှဲပေးလိုက်ပါ။ ချက်ချင်း လွှဲပြောင်းပေးပါ။ အတွင်းက သံရည်ကျိုအလုပ်ရုံတွေကို မဖျက်ဆီးပါနဲ့။ သတ္တုတွင်းဥမင်တွေကို မဖျက်ဆီးနဲ့။ ရွှမ်ဝူမြို့စား အိမ်တော်ကို အကုန်လုံး ပေးလိုက်ပါ”
ဤစကားကိုကြားချိန်မှာတော့ ကျင်းဟိုင်မြို့စား ထန်လွမ်သည် ဒေါသတကြီး ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူး ကျန်း … ခင်ဗျား ရူးနေတာလား”
ကျန်းချုံးက ရှင်းပြလိုက်၏။ “ဒီလိုဆိုရင် ရွှမ်ဝူမြို့စားအိမ်တော်က အရမ်းပျော်ရွှင်သွားပြီး ကျင်းချန်ကျွန်းကို တပ်အင်အားအများအပြား စေလွှတ်လိမ့်မယ်။ ဝမ်ကျားကျွန်းက သံရိုင်းတွေက အဆင့်အရမ်းနိမ့်နေတယ်။ ကျင်းမိသားစုကလည်း အကြွေးတွေတင်နေတယ်။ ဒါကြောင့် သူတို့က အချိန်တိုအတွင်းမှာ ကျင်းချန်ကျွန်းရဲ့ ထုတ်လုပ်မှုကို ပြန်စတင်ပြီး လူအင်အား၊ ပစ္စည်းအင်အား၊ ဘဏ္ဍာရေးအင်အားနဲ့ စစ်အင်အား အမြောက်အမြားကို ကျင်းချန်ကျွန်းပေါ်မှာ ရင်းနှီးမြှုပ်နှံလိမ့်မယ်”
ထန်လွမ်က ငေါ့တော့တော့ ပြောလိုက်သည်။ “ကျုပ်က ကျင်းချန်ကျွန်းကို သူ့ကို အကုန်ပေးပြီး သူ့သဘောအတိုင်း လိုက်ရမယ်ပေါ့။ အုပ်ချုပ်ရေးမှူး ကျန်း … ခင်ဗျားက ကျင်းကျိုးအတွက် စီစဉ်ပေးနေတာပဲ”
ကျန်းချုံးက မေးလိုက်၏။ “ကျင်းဟိုင်မြို့စား … ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေရဲ့ သံမဏိ လက်နက်တွေအားလုံးကို ခင်ဗျားရဲ့ ကျင်းချန်ကျွန်းက ထောက်ပံ့ပေးနေတာ မဟုတ်လား”
ကျင်းဟိုင်မြို့စား ထန်လွမ်က ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူး ကျန်း… ဒီကိစ္စက လျှောက်ပြောလို့မရဘူးနော်။ ဘာမှမဆိုင်ဘူး”
တကယ်ကို စိတ်ဝင်စားစရာကောင်းလှသည်။ ယခုအချိန်အထိ ခေါင်းကို သဲထဲစိုက်ပြီး ငြင်းနေသေးသည်လား။ ကျင်းဟိုင်မြို့စားအိမ်တော်နှင့် ပင်လယ်ဓားပြတို့ ရင်းနှီးကျွမ်းဝင်ကြသည်ကို မည်သူမသိဘဲ ရှိမည်နည်း။ ထန်လွမ် ကိုယ်တိုင်ကပင် ရွှဲ့တိုင်းပြည်ရှိ ချောင်ထျန်းဝေ၏ အစွယ်အပွားများထဲမှ တစ်ဦးဖြစ်သည် မဟုတ်ပါလား။
ကျန်းချုံးက ပြောလိုက်၏။ “ခင်ဗျား ကျင်းချန်ကျွန်းကို ကျင်းကျိုးမြို့စားဆီ ပေးပြီးတဲ့နောက် ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေနဲ့ လျှို့ဝှက်စာချုပ်ချုပ်ပြီး ကျင်းချန်ကျွန်းရဲ့ ၇၀ ရာခိုင်နှုန်းကို သူ့ကို ပေးလိုက်ပါ။ ဒါပေမဲ့ ကျင်းချန်ကျွန်းကို သိမ်းပိုက်ဖို့ တပ်လွှတ်ရမယ်လို့ ပြောရင် ချောင်ထျန်းဝေ လုပ်လိမ့်မယ်လို့ ခင်ဗျားထင်လား”
“သဘာဝအတိုင်းပဲ လုပ်မှာပေါ့”
ထန်လွမ်က ပြောလိုက်သည်။ “ချောင်ထျန်းဝေက ရက်စက်လောဘကြီးတဲ့ ငါးမန်းတစ်ကောင်ပဲ။ ကျုပ်သာ သူ့ကို ကျင်းချန်ကျွန်း ပေးမယ်ဆိုရင် ဒီလိုအဆီတုံးကြီးကို သူက ဘယ်လိုလုပ် လက်လွှတ်ခံမှာလဲ”
တကယ်တော့ ထန်လွမ်၌ မပြောသေးသော လျှို့ဝှက်ချက်တစ်ခု ရှိနေ၏။ ကျင်းချန်ကျွန်း၏ သံထုတ်လုပ်မှု ၃၀ ရာခိုင်နှုန်းသည် နှစ်စဉ် ချောင်ထျန်းဝေထံ ရောက်ရှိပြီး ယင်းမှာ အကာအကွယ်ကြေးအဖြစ် ပေးရခြင်းပင်။
ကျန်းချုံးက ပြောလိုက်၏။ “ချောင်ထျန်းဝေက တပ်ကိုဦးဆောင်ပြီး ကျင်းချန်ကျွန်းကို သိမ်းပိုက်ဖို့ ကြိုးစားရင် ရွှမ်ဝူမြို့စားအိမ်တော်နဲ့ စစ်ဖြစ်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဘုရင်မင်းမြတ်က ကျင်းကျိုးမြို့စားကို ပင်လယ် ဓားပြတွေ နှိမ်နင်းဖို့ ကူညီပေးတဲ့အနေနဲ့ စစ်ကူလွှတ်ပေးမယ့် အမိန့်ထုတ်ပြန်မယ်လို့ ထင်သလား”
ထန်လွမ်ကက စိတ်ဓာတ်တက်ကြွလာကာ ပြောလိုက်သည်။ “သဘာဝအတိုင်းပဲ မလွှတ်ဘူးပေါ့။ ဘုရင်မင်းမြတ်က ကျင်းကျိုးသေတာကို မြင်ချင်နေတာပဲ။ ချောင်ထျန်းဝေရဲ့တပ်က ကျင်းကျိုးထက် အဆပေါင်းများစွာ သာတယ်။ ဒါကြောင့် သူနိုင်မှာသေချာတယ်”
ကျန်းချုံးသည် အဓိကအချက်ကို ပြောလိုက်၏။ “ဒါပေမဲ့ အဲ့ဒီအချိန်မှာ ရွှမ်ဝူမြို့စားအိမ်တော်က ကျင်းချန်ကျွန်း ပေါ်မှာ လူအင်အား၊ စစ်အင်အားနဲ့ ဘဏ္ဍာရေးအင်အား အမြောက်အမြား ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်လိမ့်မယ်။ ချောင်ထျန်းဝေနဲ့ စစ်ဖြစ်တာနဲ့ လူဘယ်လောက်သေမလဲ။ ဘဏ္ဍာရေးဘယ်လောက်ဆုံးရှုံးမလဲ။ ကျင်းချန်ကျွန်းက ကျင်းကျိုးမြို့စားအတွက် အဆီတုံးမဟုတ်တော့ဘဲ အသားကြိတ်စက်တစ်ခု ဖြစ်သွားပြီး ကျင်းမိသားစုရဲ့ နောက်ဆုံးသွေးစက်ကိုပါ စုပ်ယူသွားလိမ့်မယ်”
ထန်လွမ်က အားတက်သရော ပြောလိုက်သည်။ “ပြီးတော့ ယင်ယွမ်အဖွဲ့က ကျင်းမိသားစုဆီက အကြွေး အမြောက်အမြားကို ပြန်တောင်းလိမ့်မယ်။ ဝမ်ကျားကျွန်းကို အပေါင်ထားဖို့ တောင်းဆိုပြီး ကျင်းမိသားစုကို အဆုံးသတ်စေလိမ့်မယ်။ ဒီလိုဆိုရင် ကျင်းမိသားစုက ကျင်းချန်ကျွန်းကို ပြန်ရတာက အသုံးမဝင်တဲ့အပြင် သူတို့ရဲ့ သေခြင်းကို ပိုပြီးအရှိန်မြှင့်ပေးလိုက်သလို ဖြစ်သွားမှာပေါ့”
စကားအရတော့ ဤကဲ့သို့ ပြောရမည်ဖြစ်၏။ သို့ပေမည့် ချောင်ထျန်းဝေလို လောဘကြီးသော ငါးမန်း တစ်ကောင်ကို ခေါ်သွင်းရန် ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားသည်။ ထို့အပြင် ဤပင်လယ်ဓားပြဘုရင်သည် ထိန်းချုပ်မရနိုင်သော အချက်တစ်ချက်ဖြစ်သည်။ နောက်ဆုံးမတတ်သာသည့်အခြေအနေမှလွဲ၍ ကျန်းချုံးသည် ဤအဆင့်သို့ မရောက်ရှိစေချင်ပေ။
ကျန်းချုံးက တိုက်တွန်းလိုက်သည်။ “ဒါကြောင့် ကျင်းဟိုင်မြို့စား …. ကျင်းချန်ကျွန်းကို အပြီးအပိုင် လက်လွှဲပေးပြီး ကျင်းမိသားစုကို ပေးလိုက်ပါ”
ကျင်းဟိုင်မြို့စား ထန်လွမ်က မျက်မှောင်ကြုတ်ကာ အေးစက်သောအသံဖြင့် ပြောလိုက်၏။ “ကျုပ်က ဘာလို့ လက်လွှဲပေးရမှာလဲ။ ကျင်းမိသားစုကို ဖျက်ဆီးလိုက်လို့ ကျုပ်အတွက် ဘာအကျိုးအမြတ်ရှိလို့လဲ။ ကျုပ်က လက်မလွှဲဘဲ တစ်နှစ်၊ နှစ်နှစ်လောက် ဆွဲထားလိုက်ရင် ကျင်းမိသားစု ပျက်စီးသွားပြီး ကျင်းချန်ကျွန်းက ကျုပ်လက်ထဲမှာပဲ ရှိနေမှာပဲ”
ဤသည်မှာ အချောင်နှိုက်ခြင်းပင်။ ‘ရွှမ်ဝူမြို့စားအိမ်တော်ကို ဖျက်ဆီးတာ ကျုပ်သဘောတူတယ်။ ဒါပေမဲ့ ကျုပ်ကို ကျင်းချန်ကျွန်းဆိုတဲ့ တန်ဖိုးကို ပေးဆပ်ခိုင်းဖို့ မစဉ်းစားနဲ့။ မူဝါဒသစ်က ကျုပ်နဲ့ ဘာမှမဆိုင်ဘူး၊ ရွှမ်ဝူမြို့စားအိမ်တော်ကို ဖျက်ဆီးတာက ခင်ဗျား ကျန်းချုံးရဲ့ တာဝန်ပဲ’
ကျန်းချုံး မျက်မှောင်ကြုတ်လိုက်သည်။ ဤကျင်းဟိုင်မြို့စားနှင့် ရွှမ်ဝူမြို့စားတို့၏ ကိုယ်ကျင့်တရားသည် အမှန်ပင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြား၏။ တစ်ယောက်က ရိုးသားဖြောင့်မတ်ပြီး အကျင့်သီလ မြင့်မြတ်သည်။ တစ်ယောက်ကမူ ရက်စက်၊ လှည့်ဖျားတတ်ပြီး လောဘကြီးကာ တစ်ကိုယ်ကောင်းဆန်၏။
ကျန်းချုံးက ညင်သာစွာ ပြောလိုက်သည်။ “ကျင်းဟိုင်မြို့စား…. ခင်ဗျား ကျင်းချန်ကျွန်းကို အပြီးအပိုင် လက်လွှဲပေးရမယ်။ ပြီးတော့ အချိန်တိုအတွင်းမှာ လွှဲပြောင်းပေးဖို့လိုတယ်”
ကျင်းဟိုင်မြို့စားက ထိုစကားကိုကြားပြီး ရယ်မောကာ ပြောလိုက်၏။ “အိုး.. ကျုပ်က ဘာလို့ ခင်ဗျားရဲ့အမိန့်ကို နာခံရမှာလဲဆိုတာ တကယ်သိချင်နေပြီ။ ခင်ဗျားရဲ့ ဒီနုကျန့်ခရိုင်အုပ်ချုပ်ရေးမှူးရာထူးက ကျုပ်ရဲ့ ကျင်းဟိုင်မြို့စား အိမ်တော်ကို စီမံခန့်ခွဲနိုင်လို့လား”
ကျန်းချုံးက ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျုပ်က ဘုရင်မင်းမြတ်ကို သံတော်ဦးတင်ပြီး ခင်ဗျားကို လက်လွှဲပေးဖို့ ဖိအားပေးနိုင်လို့ပဲ။ ခင်ဗျား မပေးဘူးဆိုရင်လည်း ရတယ်။ ကျုပ်က ရွှမ်ဝူမြို့စားအိမ်တော်ကို တိုက်ခိုက်စရာ မလိုတော့ဘူး။ ကျုပ်ရဲ့ မူဝါဒသစ်လက်သီးနဲ့ ခင်ဗျားကိုပဲ တည့်တည့်ထိုးလိုက်မယ်။ ခင်ဗျားတို့ ထန်မိသားစုကို အရင်ဆုံး ရှင်းပစ်လိုက်မယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ကလည်း တော်ဝင်မျိုးနွယ်ပဲ မဟုတ်လား”
ဤစကားကိုကြားချိန်မှာတော့ ကျင်းဟိုင်မြို့စား၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် ဒေါသတကြီး ပြောလိုက်၏။ “ကျန်းချုံး …. ခင်ဗျား ရဲလှချည်လား”
ကျန်းချုံးက ပြောလိုက်သည်။ “သံတော်ဦးတင်လွှာကို ကျုပ် မြို့တော်ဆီ ပို့ထားပြီးပြီ။ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်က မကြာခင် ကျလာတော့မှာပဲ။ ခင်ဗျားမှာ သတ္တိရှိရင် အမိန့်တော်ကို ဆန့်ကျင်ပြီး ကျွန်းကို မပေးဘဲ စမ်းကြည့်လိုက်လေ။ ခင်ဗျားမှာ ကျင်းကျိုးမြို့စားလို မာကျောတဲ့ အရိုးရှိမရှိ ကျုပ် ကြည့်ချင်သေးတယ်”
ထန်လွမ်၏ အရိုးသည် ကျင်းကျိုးလောက် မမာကျောပေ။ မဟုတ်ပါက သူသည် တော်ဝင်မျိုးနွယ်များကို သစ္စာဖောက်ပြီး ဘုရင်မင်းမြတ်လက်အောက်သို့ ဝင်ရောက်မည်မဟုတ်ပေ။
“ကျန်းချုံး… ခင်ဗျား တော်တော်ရက်စက်တာပဲ... အာ...” ထန်လွမ်သည် ကျန်းချုံးကို လက်ညှိုးထိုးကာ တုန်ယင်သောအသံဖြင့် ပြောလိုက်၏။
ကျန်းချုံးက ပြောလိုက်သည်။ “အရင်ဆုံး စည်းကမ်းသတ်မှတ်ပြီး နောက်မှ ယဉ်ကျေးပြတာက ပိုကောင်းတယ်လို့ စကားပုံရှိတယ်လေ။ ထန်လွမ်မြို့စား… ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် ဘုရင်မင်းမြတ်ရဲ့ အမိန့်တော် ကျလာတဲ့အထိ မစောင့်ဘဲ ကျင်းချန်ကျွန်းကို ကြိုတင်လက်လွှဲပေးလိုက်မှာပဲ။ ဒါမှ သစ္စာရှိစွာ ပူးပေါင်း ဆောင်ရွက်ကြောင်း ပြသရာ ရောက်လိမ့်မယ်”
ကျင်းဟိုင်မြို့စား ထန်လွမ်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “ကျုပ် ပေးမယ်၊ ကျုပ်ပေးမယ်၊ ပေးမယ်......”
‘ကျန်းချုံး၊ မင်းအမေ ငါ ...’
…….
လန်ရှန်မြို့စားလေးအိမ်တော်မှ ကျူးလန်ထင်သည် ရူးသွပ်စွာ ပြေးလွှားနေသည်။ မိုင်တစ်ရာကျော်ခရီး၌ သူသည် မြင်းအများအပြား လဲလှယ်စီးနင်းခဲ့၏။ အိမ်နှင့် ပိုနီးကပ်လာလေလေ၊ သူ၏နှလုံးသားက ပိုခုန်မြန်လာလေလေ၊ ရင်ဘတ်တစ်ခုလုံး နာကျင်လာလေလေ ဖြစ်၏။ ထို့အပြင် အိမ်နှင့် ပိုနီးကပ်လာချိန်မှာတော့ ကျူးလန်ထင်သည် အသက်ရှူရကြပ်ပြီး မောဟိုက်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ အလွန်အမင်း စိုးရိမ်နေသောကြောင့်ပင်။
ကျင်းမိသားစုတွင် စံအိမ်များ၊ ဝမ်ကျားကျွန်း၊ ရဲတိုက်များ ရှိသေးသည်။ သို့ပေမည့် သူ ကျူးလန်ထင်တွင်မူ မိသားစု စံအိမ်တစ်ခုသာ ရှိသည်။ ထိုနေရာတွင် ဧကသောင်းချီသော လယ်ကွင်းများနှင့် စိုက်ခင်းများ၊ လှပခန့်ညားသော ရုက္ခဗေဒဥယျာဉ်၊ မရေမတွက်နိုင်သော အလုပ်ရုံများရှိ၏။
ဤသည်မှာ သူတို့ ကျူးမိသားစု၏ တစ်ခုတည်းသော လုပ်ငန်းပင်ဖြစ်သည်။ နှစ်ပေါင်းရာချီ စုဆောင်းခဲ့သော မိသားစုပိုင်ဆိုင်မှုများဖြစ်၏။ အကယ်၍ မတော်တဆမှုတစ်ခုခု ဖြစ်ပွားခဲ့လျှင် သူ၏မိသားစုဘဝ အဆုံးသတ် သွားပြီဖြစ်သည်။
“သေချာပေါက် ဘာမှဖြစ်မှာမဟုတ်ပါဘူး၊ မဖြစ်နိုင်ပါဘူး။ ငါ အစိုးရိမ်လွန်နေတာပဲ ဖြစ်မှာပါ”
ရှေ့မှ တောင်ကို ကျော်လိုက်လျှင် ကျူးမိသားစုစံအိမ်ရှိရာ တောင်ကြားသို့ ရောက်ရှိမည်ဖြစ်၏။ သို့ပေမည့် ကျူးလန်ထင်သည် မစောင့်နိုင်တော့ဘဲ စစ်မြင်းကို စွန့်ပစ်ကာ သူ၏ ကိုယ်ဖော့သိုင်းပညာဖြင့် တောင်ပေါ် တက်ခဲ့သည်။ သူသည် ကိုယ်ခံပညာကို နှစ်ပေါင်းများစွာ မသုံးခဲ့သော်လည်း ယခုအခါ တောင်တက်ရန် အတွက် အံ့အားသင့်ဖွယ် အသုံးပြုနေရ၏။
“မြန်မြန်၊ မြန်မြန်၊ မြန်မြန်......”
သူသည် အားအင်အကုန်သုံးကာ တက်နေသည်။ စစ်မြေပြင်တွင်ပင် မြို့စားလေး ကျူးလန်ထင်သည် ဤမျှလောက် ကြိုးစားအားထုတ်ခဲ့ဖူးခြင်းမရှိပေ။ နောက်ဆုံးတွင် တောင်ပေါ်သို့ တက်ရောက်နိုင်ခဲ့သည်။ သို့ဖြင့် အောက်သို့ မောပန်းတကြီး ကြည့်လိုက်သည်။
တောင်ကြားထဲမှာတော့ ရေပြင်ကျယ်ကြီး ဖြစ်လို့နေပြီး သူ၏ ကျူးမိသားစုရဲ့ စံအိမ်၊ ရဲတိုက်၊ အလုပ်ရုံ၊ လယ်ကွင်းနှင့် စိုက်ခင်းတွေအားလုံး ရေလွှမ်းမိုးခြင်းကို လုံးလုံးခံလိုက်ရပြီဖြစ်၏။ မိသားစုရဲတိုက်၏ အမြင့်ဆုံး မျှော်စင်သည် ယခုအခါ ရေမျက်နှာပြင်ပေါ်တွင် ထိပ်ချွန်လေးသာ ပေါ်ထွက်နေ၏။ ယခုအခါ ရေကျသွားပြီး နစ်မြုပ်နေသည့်အခြေအနေမျိုးပင်။ ရေမျက်နှာပြင်အထက်တွင် အပျက်အစီးအမျိုးမျိုး မျောပါနေသည်။
“အဆုံးသတ်သွားပြီ။ အားလုံး အဆုံးသတ်သွားပြီ။ ကျူးမိသားစုရဲ့ တစ်ခုတည်းသော လုပ်ငန်း၊ ပျက်စီးသွားပြီ။ နှစ်ပေါင်းရာချီတဲ့ မိသားစုပိုင်ဆိုင်မှုတွေ … ၊ ကျူးမိသားစု၏ ကြွယ်ဝချမ်းသာမှုတွေက လုံးလုံး အဆုံးသတ်သွားပြီ။ ပျက်စီးသွားပြီ။ အား... အား... အား...”
မြို့စားလေး ကျူးလန်ထင်သည် နာကျင်စွာ အော်ဟစ်လိုက်၏။ ဒဏ်ရာရနေသော တောခွေးတစ်ကောင်နှင့် တူသည်။ မကြုံစဖူး သနားစရာကောင်းပြီး မကြုံစဖူး ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှချေသည်။
“ရှမ့်လန်၊ မင်းအမေကို ...။ ရှမ့်လန်… မင်းကို ငါ အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်၊ အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်......”
ချက်ချင်းပင် မြို့စားလေး ကျူးလန်ထင်သည် ကြီးမားသော ထိုးနှက်မှုကို မခံနိုင်တော့ချေ။ ထို့အပြင် ဤအော်ဟစ်မှုကြောင့် သူ၏ အတွင်းအားများ ကုန်ဆုံးသွားပြီး ရင်ဘတ်ကို စုတ်ဖြဲပစ်လိုက်သလို ဖြစ်သွား၏။ ပြင်းထန်သော နာကျင်မှုကြောင့် သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။ မြို့စားလေး ကျူးလန်ထင်၏ ခန္ဓာကိုယ်သည် အားကုန်ပြတ်လပ်စွာ လဲကျသွားပြီး တောင်စောင်းအတိုင်း လိမ့်ဆင်းသွားတော့၏။
……………..
တစ်နေ့လုံးကုန်လွန်ပြီးနောက် ရှမ့်လန်နှင့် အဖွဲ့သည် ရွှမ်ဝူမြို့စားအိမ်တော်သို့ ပြန်လည်ရောက်ရှိလာကြသည်။ ယောက္ခမကြီးသည် လူတစ်စုနှင့်အတူ ရဲတိုက်၏ ဝင်ပေါက်တွင် စောင့်နေ၏။ ရှမ့်လန်တို့အဖွဲ့၏ ပုံသဏ္ဌာန်ကို မြင်သည်နှင့် သူမသည် ချက်ချင်း ပြေးထွက်လာခဲ့သည်။
ကျင်းကျိုးမြို့စားသည် စိတ်လှုပ်ရှားနေပြီး သူ၏စိတ်ထဲမှ ထိန်းချုပ်မှုကို ရှားရှားပါးပါး ချိုးဖျက်ကာ သူ၏ အချစ်ဆုံး မိန်းမကို သတင်းကောင်းပြောပြရန် အသင့်ပြင်လိုက်၏။
ကျင်းမူကုန်းသည်လည်း ပြေးထွက်လာခဲ့သည်။ သူသည် သူ၏အမေကို ဂုဏ်ယူစွာ ပြောပြရမည်။ ဤတစ်ကြိမ်တွင် သူသည် အခြေအနေကို ပြောင်းလဲစေခဲ့ပြီး ကျင်းချန်ကျွန်းပြိုင်ပွဲကို နိုင်ခဲ့၏။ ထို့အပြင် သူသည် ထန်ယွင်ကို အနိုင်ယူခဲ့သည်။
“အမေ …. သားက အသုံးမကျတဲ့သူမဟုတ်ဘူး၊ သားက မိသားစုအတွက် အကျိုးပြုခဲ့တယ်ဆိုတာ အမေ့ကို သိစေရမယ်”
သို့ပေမည့် ကျင်းကျိုးမြို့စားသည် လက်ဗလာဖြင့် ကျန်ရစ်ခဲ့၏။
ကျင်းမူကုန်းသည် သူ၏လက်များကို ရှက်ရွံ့စွာ ဆန့်တန်းထားရင်း လေဟာနယ်ကိုသာ ပွေ့ဖက်လိုက်ရသည်။
မြို့စားကတော်သည် ရှမ့်လန်၏ ရှေ့သို့ပြေးသွားပြီး ပခုံးကို ပွေ့ဖက်ကာ ပြောလိုက်သည်။ “အို... အမေ့ရဲ့ သားလေး၊ အမေ့ရဲ့ လန်အာလေး… ငါ့သားက တကယ်ကို ထူးချွန်တာပဲ။ ငါ့သားက တကယ်ကို တော်တာပဲ။ ဒီကျင်းချန်ကျွန်းပြိုင်ပွဲမှာ ငါတို့မိသားစု အပြည့်အဝ အောင်နိုင်တာက ငါ့သား ရှမ့်လန်ရဲ့ ကျေးဇူးချည်းပဲ။ ငါ့သားရှိလို့ တော်သေးတယ်၊ မဟုတ်ရင် မင်းအဖေနဲ့ ကျင်းမူကုန်းနဲ့ဆိုရင် ဘယ်လိုပုံစံနဲ့ ရှုံးသွားမလဲတောင် မသိဘူး။ အမေ့ကို သေချာကြည့်ခွင့်ပေးအုံး”
ယောက္ခမကြီးသည် ရှမ့်လန်၏ မျက်နှာကို စိုက်ကြည့်ရင်း သွားရာတစ်ခုကို တွေ့ရှိသွားပြီး အံ့အားသင့်စွာ အော်ဟစ်ချင်စိတ်ပေါက်သွားသော်လည်း ချက်ချင်းပင် ထိုစိတ်ကိုမျိုချပြီး ချစ်ခင်စွာ ပြောလိုက်၏။ “ဒီနှစ်ရက်အတွင်းမှာ ငါ့သားလေး ပိန်သွားလိုက်တာ”
ဤသွားရာသည် လူငယ်စုံတွဲတို့၏ ချစ်ခြင်းအမှတ်အသား ဖြစ်နိုင်သည် မဟုတ်ပါလား။ မူလန်၏ ခန္ဓာကိုယ် ပေါ်တွင် ရှိနိုင်သော်လည်း အပြင်မှ မမြင်နိုင်ပေ။
‘ဒီကိစ္စကို ငါ ယောက္ခမတစ်ယောက်အနေနဲ့ ဝင်မစွက်ဖက်သင့်ဘူး’
အနီးရှိ ကျင်းကျိုးမြို့စားကြီးသည် စကားမပြောနိုင်ဖြစ်နေသည်။ ကျင်းမူကုန်းသည် တကယ်ကို ငိုချင်နေပြီဖြစ်၏။
‘ငါ အကျိုးပြုခဲ့တာ ထင်ရှားနေတာပဲ။ ငါ့ကို ချီးကျူးစကားပြောမယ့်သူက ဘယ်သူလဲ။ ဘာလို့ ငါ့ကို လျစ်လျူရှုနိုင်ရတာလဲ။ ငါက ကောက်ရထားတဲ့ကလေးလား။ ရှမ့်လန်က ချီးကျူးစကားတွေ လိုအပ်နေလို့လား။ သူက အာရုံစိုက်မှုတွေ လိုအပ်နေလို့လား။ သူက နုကျန့်မြစ်အမဲလိုက်မြေနေရာမှာ တခြားမိန်းမတစ်ယောက်နဲ့ ကလူကျီစယ်ခဲ့တာလေ။ ငါက ပြီးခဲ့တဲ့လတစ်လလုံး စာအုပ်တွေကူး၊ အလွတ်ကျက်ပြီး အသေအလဲ ကြိုးစားခဲ့ရတာ၊ ငါ့အတွက် လွယ်နေတယ်လို့ ထင်နေလား’
ထိုဝတုတ်လေး အလွန်သနားစရာကောင်းသည်ကို မြင်ရချိန်မှာတော့ ကျောက်ခဲနှလုံးသားကို ပိုင်ဆိုင်သော ကျင်းကျိုးမြို့စားပင်လျှင် သူ၏ထိန်းချုပ်ထားမှုကို လျှော့ချကာ ရှေ့တိုးပြီး ကျင်းမူကုန်း၏ ကျောကို ပုတ်ကာ ပြောလိုက်သည်။ “မင်းလည်း ပင်ပန်းသွားပြီ”
ချက်ချင်းပဲ ဝတုတ်လေးသည် မျက်ရည်များ တသွင်သွင် စီးကျလာ၏။ “အဖေ.. လွန်ခဲ့တဲ့ဆယ်နှစ်က ကျုပ်ကို မိန်းမရပြီလို့ ပြောခဲ့တယ်လေ။ အခု ကျုပ်မိန်းမ ဘယ်မှာလဲ။ ဘယ်မှာလဲ”
………….
ကျင်းဟွေ့နှင့် ရှမ့်ဆယ့်သုံးတို့သည် ပြန်ရောက်လာကြပြီးနောက် မြေပြင်ပေါ်တွင် တည်ငြိမ်စွာ ဒူးထောက်နေကြသည်။ “သခင်လေး.. ကံကောင်းစွာနဲ့ တာဝန်ကို ကျေပွန်ခဲ့ပါတယ်။ ကျုပ်နဲ့ ရှမ့်ဆယ့်သုံး တာဝန် ပြီးမြောက်ခဲ့ပါပြီ”
ရှမ့်လန် ခေါင်းညိတ်လိုက်၏။ မျက်စိရှေ့တွင် တစ်စုံတစ်ခု မှားယွင်းနေသည်။ အဘယ်ကြောင့်ဆိုသော် ကျင်းဟွေ့၏ ဘေးတွင် လှပသော အမျိုးသမီးတစ်ယောက် ပါလာသောကြောင့်ပင်။
ဤအမျိုးသမီးသည် တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသည်။ ရုပ်ရည်မှာ လှပသော်လည်း အလွန်ခေါင်းမာမည့် ပုံပန်းသွင်ပြင်မျိုးပေါက်၏။ ထို့အပြင် သူ့အား မျက်လွှာမချဘဲ စူးစိုက်ကြည့်နေ၏။ အဓိကအချက်မှာ သူမ၏ လက်နှစ်ဖက်၊ ခြေနှစ်ဖက်ကို ကြိုးဖြင့်တုပ်နှောင်ထားပြီး ပါးစပ်ကိုလည်း အဝတ်စဖြင့် ပိတ်ထားခြင်းဖြစ်သည်။
ရှမ့်လန်က မေးလိုက်၏။ “ကျင်းဟွေ့.. မင်း မိန်းမ မရနိုင်လို့ အခွင့်အရေးရတုန်း လု လာတာလား။”